စတုတ္ထမြောက်လျှို့ဝှက်အတတ်
Vol. 167 Ch. 2500
တကယ်တော့ ထိုကန့်သတ်ချက်က သိသာထင်ရှားမှုမရှိသလောက်နီးပါးဖြစ်ပြီး ဆူဇီမိုက သေချာမပြောနိုင်ပေ။
ဤပြောင်းလဲမှုသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကြောင့်ဖြစ်လာခြင်း ဟုတ်သည့်ပုံမပေါ်ပေ။
သူသည် အင်မော်တယ်ဆေးပင်များနှင့် စိတ်ဝိညာဉ်သစ်သားများကဲ့သို့ ဝါးမျိုနိုင်သော စွမ်းအားနှင့်ကြုံတွေ့ရမည်ဆိုလျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက သိသာထင်ရှားစွာတုံ့ပြန်လာပေလိမ့်မည်။ သို့သော်လည်း အဆူရာတိုက်ပွဲမြေမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အလွန်တရာငြိမ်သက်နေ၏။
ဆိုးယုတ်သွေးချီသည် အစွယ်ခြောက်ချောင်းနတ်ဆင်နှင့် ဧရာမရွှေငှက်တောင်ပံများကို ချိပ်ပိတ်ထားလိုက်၏။
သို့သော်လည်း ၎င်းသည် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်၊ ကောင်းကင်ဘုံပကတိရေနှင့် တောင်ပိုင်းမင်းလီမီးတို့ကို ချိပ်ပိတ်မထားနိုင်ပေ။ ဖြစ်နိုင်ခြေရှိသည့်အကြောင်းအရင်းမှာ ထိုလျှို့ဝှက်အတတ်သုံးခုသည် ငရဲဖိနှိမ်မီးဖိုကနေ ဆင်းသက်လာခဲ့သောကြောင့်ဖြစ်ပေမည်။ သို့သော်လည်း နောက်ထပ်ဖြစ်နိုင်ခြေရှိသော အကြောင်းပြချက်တစ်ခုရှိနေသေး၏။
လျှို့ဝှက်အတတ်သုံးခုသည် အထွတ်အမြတ်တောကောင်သုံးကောင်ထံမှ ဆင်းသက်လာခဲ့လေသည်။
ဆူဇီမိုက ရင်တစ်ချက်ထိတ်၍ သူ၏ မျက်လုံးက ဝင်းလက်သွား၏။
ရုတ်တရက်သူက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွား၏။
ဆိုးယုတ်သွေးချီသည် အထွတ်အမြတ်တောကောင်ကျားဖြူနှင့် တစ်နည်းတစ်ဖုံပတ်သက်နေတာဖြစ်နိုင်သည်။
ထို့ကြောင့်သာ ဆိုးယုတ်သွေးချီက သားရဲတောကောင်အများစု၏ စွမ်းအားကို ချိပ်ပိတ်ထားနိုင်ခြင်းဖြစ်ပေမည်။
ဒဏ္ဍာရီအရ အထွတ်အမြတ်တောကောင်လေးကောင်သည် နဂါး၊ ဖီးနစ်၊ ကျားနှင့် လိပ်မျိုးနွယ်တို့၏ ဘိုးဘေးများဖြစ်ကြ၏။ ကစဥ့်ကလျားမှာ မွေးဖွားလာပြီး သူတို့က အခြားသော သက်ရှိများအားလုံးကို အုပ်စိုးခဲ့ကြသည်။
မျိုးဆက်သွေးအရာမှာ အထွတ်အမြတ်တောကောင်များက တဗူးများထက်ပင် သာလွန်လေသည်။
နဂါးအသူတရာချောက်နက်ကြယ်မှာတုန်းက ငရဲဖိနှိမ်မီးဖိုပေါ်ရှိ မိုးပြာနဂါးအထွတ်အမြတ်ဝိညာဉ်က နိုးထလာစဉ် ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်မှာ နဂါးဖီးနစ်အမြုတေစိတ်ဝိညာဉ်အပိုင်းက ဖိနှိမ်မှုကို ခံစားခဲ့ရ၏။
အထွတ်တောကောင်လေးကောင်က ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲသိသာလေသည်။
အဆူရာတိုက်ပွဲမြေမှ ဆိုးယုတ်သွေးချီသည် အထွတ်အမြတ်တောကောင် ကျားဖြူထံမှ လာခြင်းဖြစ်သည်ဆိုလျှင် ကိစ္စများစွာကို ရှင်းပြလာနိုင်ပေမည်။
ကျားဖြူသည် အနောက်အရပ်မှာနေထိုင်ပြီး သတ်ဖြတ်ခြင်းတွင်အထူးပြုကာ ဆိုးယုတ်အော်ရာတစ်ခုကို ပိုင်ဆိုင်ထား၏။
ထိုဆိုးယုတ်အော်ရာမှာ သတ်ဖြတ်ခြင်း၊ ပေါက်ကွဲခြင်းနှင့် ကြမ်းကြုတ်ခက်ထန်သော စိတ်ခံစားချက်များပါဝင်နေ၏။ ကျင့်ကြံသူတစ်ယောက်၏ တာအိုနှလုံးသားက တည်ငြိမ်မှုမရှိလျှင် သူတို့်သည် ဆိုးယုတ်သွေးချီဖြင့် ကျူးကျော်ခံရပြီး သူတို့၏ စိတ်များက လွတ်သွားပေလိမ့်မည်။
တိုက်ပွဲမြေမှာ သေဆုံးခဲ့သော အဆူရာ၊ ယက္ခနှင့် အခြားသောသားရဲတောကောင်များကတော့ သူတို့သည်လည်းပဲ ဆိုးယုတ်အော်ရာဖြင့် ထိန်းချုပ်ခံရပြီး ဘယ်လိုသတ်ဖြတ်ရမလဲကိုသာသိလေသည်။ ထို့ကြောင့်ပင် သူတို့သည် ဆူဇီမိုနှင့် အခြားသူများကို အရူးအမူးလိုက်လံတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
ဤနေရာမှာ နောက်ထပ်အရေးကြီးသောတစ်စုံတစ်ရာရှိနေ၏။
သူ့အသားသည် တိုက်ပွဲမြေ၏ ဆိုးယုတ်သွေးချီကို စုပ်ယူနိုင်သည့် အကြောင်းအရင်းမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကြောင့် မဟုတ်ပေ။
အဲဒါသည် ငရဲဖိနှိမ်မီးဖို၏ စတုတ္ထမြောက်နံရံပေါ်မှ လျှို့ဝှက်အတတ်ကြောင့် ဖြစ်ဖို့များ၏။
ထိုလျှို့ဝှက်အတတ်သည် ကျားဖြူအထွတ်အမြတ်ဝိညာဉ်မှ အမွေဆက်ခံရရှိလာခဲ့၏။
ငရဲဖိနှိမ်မီးဖိုကို ပြန်လည်ပြင်ဆင်ပြီးနောက် သူသည် ဤလျှို့ဝှက်အတတ်၏ အမွေအနှစ်ကို ရရှိထားခဲ့ပြီဖြစ်၏။ သို့သော်လည်း ဤနှစ်များမှာ သူက အဲဒါကို ဘယ်လိုကျင့်ကြံရမလဲ စဉ်းစားမရပေ။
တကယ်တမ်းမှာ လူသားများအနေဖြင့် ငရဲဖိနှိမ်မီးဖိုနှင့် အထွတ်အမြတ်ဝိညာဉ်လေးခု၏ လျှို့ဝှက်အတတ်များကို ကျင့်ကြံဖို့က မလွယ်ကူပေ။
ဆူဇီမိုသည် ပထမဆုံးလျှို့ဝှက်အတတ်တစ်ခုကို ကျင့်ကြံရာမှာ အဟန့်အတားများစွာနှင့် မကြုံတွေ့ခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ သူသည် မျိုးနွယ်စုသုံးစုမှ အမွေအနှစ်များစွာကို ရရှိထားခဲ့သောကြောင့်ဖြစ်၏။
သူသည် တစ်ခါက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို တည်ဆောက်ခဲ့၏။ ထို့ကြောင့် သူ့အနေဖြင့် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်နှင့် တောင်ပိုင်းမင်းလီမီးကို ကျင့်ကြံရာမှာ အခက်အခဲများစွာမရှိခဲ့ပေ။
မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဉ်မှ ကောင်းကင်ဘုံပကတိရေကတော့ သူသည် သားရဲဘုရင် ၁၂ပါး၏ ဂမ္ဘီရကျင့်စဉ်မှ စိတ်ဝိညာဉ်လိပ်ဒိုင်းကာ ပင်ကိုနတ်ဘုရားစွမ်းအားအမွေအနှစ်ကို ရရှိထားခဲ့၏။ ထို့ကြောင့် အဲဒါကို ကျင့်ကြံဖို့ကလည်း အခက်အခဲလုံးဝမရှိခဲ့ပေ။
သို့သော်လည်း စတုတ္ထမြောက် လျှို့ဝှက်အတတ်သည် ကျားဖြူအထွတ်အမြတ်ဝိညာဉ်ထံမှ လာခြင်းဖြစ်လေသည်။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် ကျားဖြူကို မပြောနှင့် ကျားမျိုးနွယ်မှ မည်သည့်ကျင့်ကြံရေးနည်းစနစ် သို့မဟုတ် မည်သည့်လျှို့ဝှက်အတတ်ကိုမှ မကျင့်ကြံခဲ့ဖူးပေ။
ထို့ကြောင့် သူသည် နှစ်ပေါင်းများစွာကြာသည့်အထိ စတုတ္ထမြောက် အမွေအနှစ်လျှို့ဝှက်အတတ်ကို အောင်မြင်အောင်ကျင့်ကြံနိုင်ခဲ့ခြင်းမရှိပေ။
အောက်ဘုံလောကမှ သူ၏ညီ စိတ်ဝိညာဉ်ကျားက သူ့ဘေးကို ရောက်ရှိလာမည်ဆိုလျှင်တော့ ထိုသူက သူ့ကို အကူအညီတချို့ပေးကောင်းပေးနိုင်မည်ဟုပင် ဆူဇီမိုတွေးမိခဲ့၏။
သို့သော်လည်း မျောက်၊ စိတ်ဝိညာဉ်ကျား၊ မြေခွေးလေးနှင့် အခြားသူများသည် တက်လှမ်းသွားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး သူတို့က ကောင်းကင်ဘုံကမ္ဘာသို့ သေချာပေါက်ရောက်ရှိမလာခဲ့ပေ။
“ညီကိုဆူ...”
ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေသည်ကို တွေ့မြင်သောအခါ ရှဲ့ချင်းချန်က အကဲစမ်းသည့်ပုံဖြင့် ဘေးကနေ နောက်တစ်ဖန်ခေါ်လိုက်၏။
“အာ...”
ဆူဇီမိုက ငေးငိုင်ရာကနေ သတိဝင်လာပြီး တောင်းပန်သလိုပြုံးပြလိုက်၏။
“ဘာရယ်မဟုတ်ပါဘူး”
ခဏမျှစဉ်းစားပြီးနောက် ဆူဇီမိုက ပြောလိုက်၏။
“ချိပ်စည်းအတွက် နောက်ဆုံးတိုက်ပွဲကိုရောက်ဖို့ ရက်၂၀ ကျော်လိုသေးတယ်... ဒီအချိန်အတောအတွင်းမှာ ဘာမဆိုဖြစ်လာနိုင်တယ်”
ဆူဇီမိုက တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောနေခြင်းဖြစ်ကြောင်း ရှဲ့ချင်းချန်က သတိထားမိလေသည်။
ဆူဇီမိုက ပြောလိုက်၏။
“ဒီအချိန်အတောအတွင်း ကျုပ်တစ်ခုခုဖြစ်သွားမယ်ဆိုရင် ဘာမှမပူနဲ့... နောက်ဆုံးအချိန်ထိ လက်မလျှော့လိုက်နဲ့”
ဆိုးယုတ်သွေးချီကိစ္စက သူ၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်သာဖြစ်ပြီး တိကျသေချာမှုမရှိပေ။ ထို့ကြောင့် သူက ထိုအကြောင်းနှင့်ပတ်သက်ပြီး ရှဲ့ချင်းချန်ကို ရှင်းပြမနေပေ။
“ကောင်းပါပြီ”
ရှဲ့ချင်းချန်က ထပ်မံ၍မေးမြန်းမနေတော့ပေ။ ထိုအစား အသက်တစ်ချက်ရှိုက်ပြီး သဘောတူလက်ခံလိုက်၏။
သူတို့အုပ်စုက ရှေးဟောင်းမြို့တော်၏ လမ်းတစ်လျှောက် ဆက်လျှောက်လာခဲ့ကြ၏။ ဘေးပတ်ဝန်းကျင်မှာရှိသော အဆောက်အအုံများက ယွိင်းပျက်စီးနေခဲ့ပြီဖြစ်လေသည်။
သို့သော်လည်း အဆောက်အအုံများ၏ ပုံပန်းသဏ္ဌာန်အရ အရင်တုန်းက ဤရှေးဟောင်းမြို့တော်မှာ သူတို့ကဲ့သို့ လူသားကျင့်ကြံသူများ နေထိုင်ခဲ့သည်ကို ခန့်မှန်းကြည့်ဖို့မခက်ခဲပေ။
နောက်ထပ်ခဏကြာလျှောက်လှမ်းလာပြီးနောက် ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားကာ ခပ်ဖျော့ဖျော့အမြုတေအတက်အကျတစ်ခုကို အာရုံခံမိလိုက်၏။
သူက လမ်း၏ မလှမ်းမကမ်းမှာရှိသော ဂေဟာတစ်ခုကို တစ်ချက်လှမ်းကြည့်လိုက်၏။
ထိုဂေဟာက အတော်အတန်အကောင်းတိုင်းကျန်ရှိနေသေးသည့်ပုံပေါ်၏။
“ဟိုနေရာကို တစ်ခုလောက်သွားကြည့်ရအောင်”
ဆူဇီမိုက လက်ညှိုးထိုးပြပြီး ရှဲ့ချင်းချန်နှင့်အတူ ဂေဟာရှိရာသို့ ဦးတည်လိုက်၏။
အနားသို့ရောက်သောအခါ ဆူဇီမိုက တုံ့ဆိုင်းမနေဘဲ တံခါးကို တွန်ဖွင့်လိုက်၏။ ပြင်ပအားကို ခံနိုင်ရည်မရှိဘဲ တံခါးက ပြိုကျ၍ ဖုန်များတထောင်းထောင်းထသွား၏။
လူတိုင်းက ဖယ်ရှားရှင်းလင်းခြင်းနည်းစနစ်တချို့ကို သာမန်ကာလျှံကာ ထုတ်ဖော်ပြီး ဘေးပတ်ဝန်ကျင်မှာရှိသောဖုန်မှုန့်များကို ဖယ်ရှားရှင်းလင်းလိုက်၏။
“ဒီနေရာမှာ လောလောဆယ်နေကြမယ်ဆိုရင် ဘယ်လိုလဲ”
ရှဲ့ချင်းချန်က ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်၏။ ဂေဟာက မသေးငယ်ဘဲ လူတိုင်းကောင်းကောင်းအနားယူအထိုင်ချဖို့အတွက် အိမ်ဆယ်လုံးကျော်ရှိနေ၏။
ဆူဇီမိုက ကန့်ကွက်ခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်၏။
သူက ခပ်ဖျော့ဖျော့ အမြုတေချီအတက်အကျနောက်သို့ လိုက်သွားပြီး အခန်းတစ်ခန်းရှေ့သို့ ရောက်ရှိလာကာ တံခါးကိုညင်သာစွာ တွန်းဖွင့်လိုက်၏။
တံခါးက မကြီးမားဘဲ အထဲမှာ စားပွဲများ၊ ကုလားထိုင်များ၊ ကုတင်နှင့် မီးဖိုချောင်သုံးပစ္စည်းတချို့ရှိနေပြီး တစ်ချက်ကြည့်ရုံဖြင့် အကုန်လုံးကို ရှင်းရှင်းလင်းလင်းတွေ့မြင်ရ၏။
ဆူဇီမို၏ အကြည့်က သူ့ဘေးမှာရှိသောနံရံပေါ်သို့ ဆင်းသက်ရောက်ရှိသွား၏။
ထိုနံရံကို ဖုန်မှုန့်များနှင့် ပင့်ကူအိမ်များ၏ ခပ်ထူထူတစ်လွှာက ဖုံးအုပ်ထား၏။ သို့သော်လည်း နံရံပေါ်မှာ အမှတ်အသားတချို့ကို ခပ်ရေးရေးတွေ့မြင်နိုင်ဆဲဖြစ်သည်။
အမြုတေချီအတက်အကျသည် ဤနံရံကနေ ထွက်ပေါ်လာခဲ့ခြင်းဖြစ်၏။
သူ၏ ဝတ်ရုံစကို ဝေ့ယမ်းပြီး ဆူဇီမိုက နံရံပေါ်ရှိ ဖုန်များနှင့် ပင့်ကူအိမ်များကို ဖယ်ရှားကာ အာရုံစိုက်၍ကြည့်လိုက်၏။
အတိတ်ကာလတုန်းက ဤနေရာမှာ ဖြစ်ပွားခဲ့သော ကြီးမားသည့် တိုက်ပွဲကို သရုပ်ဖော်ထားသည့်အလား နံရံပေါ်မှာ ကားချပ်များစွာကို ရေးဆွဲခတ်နှိပ်ထား၏။
သို့သော်လည်း နှစ်ပေါင်းမရေမတွက်နိုင်အောင်ကြာခဲ့ပြီးနောက် ထိုကားချပ်များကို ရှင်းရှင်းလင်းလင်းမတွေ့မြင်ရတော့ပေ။ သိသာထင်ရှားသော သွင်ပြင်များနှင့် သက်ရှိတချို့ကိုသာ သူကအကြမ်းဖျင်းခွဲခြားနိုင်၏။
နံရံပေါ်မှာ အနိုင်မခံအရှုံးမပေးလိုသောပုံစံဖြင့် အဆူရာတစ်ကောင်ရှိနေ၏။ သူ၏ ဦးခေါင်းက တိမ်စိုင်များအထက် ရောက်ရှိနေပြီး မကောင်းဆိုးဝါးဆန်ဆန်အကြည့်နှင့်အတူ မြေပြင်ကိုငုံ့ကြည့်နေ၏။
ဆူဇီမိုက ရေတွက်ကြည့်လိုက်၏။
အဆူရာမှာ လက်ရှစ်ဖက်ရှိလေသည်။
ကောင်းကင်ဘုံဝံပုလွေပြောပုံအရ ဧကရာဇ်အဆင့် အဆူရာများမှာသာ လက်ရှစ်ဖက်ရှိလေသည်။
ဤမျှနှစ်ပေါင်းများစွာကြာပြီးတာတောင် ဆူဇီမိုသည် ယိုယွင်းပျက်စီးနေသော ကားချပ်များကနေတစ်ဆင့် ထိုအဆူရာက ဘယ်လောက်ကြောက်စရာကောင်းပြီး စွမ်းအားကြီးမားသလဲ အာရုံခံမိနိုင်ဆဲဖြစ်၏။ သူ၏ လက်ရှစ်ဖက်က မတူညီသောလက်နက်များကို ကိုင်ဆွဲထားပြီး သူ၏ တိုက်ကွက်များက တစ်မူထူးခြားကာ သူ၏ မိစ္ဆာစွမ်းပကားက ပြိုင်ဘက်ကင်းနေ၏။
အဆူရာမျိုးနွယ်အပြင် ဆူဇီမိုသည် ယက္ခမျိုးနွယ်ကိုလည်း တွေ့မြင်လိုက်ရ၏။
ကားချပ်များက တိုက်ပွဲမြေမှာ သူတို့ကြုံတွေ့ခဲ့ရသည့် မတူညီသော ယက္ခနှစ်မျိုးကိုလည်း ပုံဖော်ထား၏။
ယက္ခမျိုးနွယ်၏ ဘေးမှာ သေးငယ်သော စာလုံးများဖြင့် ရေးထိုးထားသော စာကြောင်းတစ်ကြောင်းရှိနေ၏။
ထိုဖော်ပြချက်အရ ယက္ခမျိုးနွယ်မှာ စုစုပေါင်း အဓိကမျိုးရိုးသုံးခုရှိလေသည်။
ဆူဇီမိုနှင့်အခြားသူများ ပထမဆုံးကြုံတွေ့ခဲ့ရသည့် မြေကြီးထဲမှ ထွက်လာသောယက္ခက မြေယက္ခဖြစ်၏။
နောက်ပိုင်း ဧရာမလင်းနို့တစ်ကောင်ကဲ့သို့ ကောင်းကင်ထက်ကနေပျံသန်းလာသော ယက္ခက ကောင်းကင်ယက္ခဖြစ်လေသည်။
မြစ်များ၊ ရေလှိုင်းများနှင့် သမုဒ္ဒရာများထဲမှာနေထိုင်သော နောက်ထပ်ယက္ခတစ်မျိုးရှိပြီး အဲဒါကို ရေယက္ခဟုခေါ်လေသည်။
ယက္ခမျိုးရိုးသုံးခုအပြင် လေဟာနယ်ယက္ခဟုကျော်ကြားသော ပို၍ပင်သန်မာသည့် ယက္ခတစ်မျိုးရှိပြီး သူတို့က အလွန်တရာရှားပါးသည်ဟု ဆိုထားလေသည်။