ရေကန်ထဲသို့ ဝင်ရောက်ခြင်း
Vol. 167 Ch. 2504
ရှေးဟောင်းမြို့တော်၏ အထက်မှာ။
အောက်ဘက်မှာရှိသော ပြင်းထန်ကြမ်းတမ်းသည့်တိုက်ပွဲကို ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ ပကတိအင်မော်တယ်ခြောက်ဦးက တွေ့မြင်နေရ၏။
ဖြစ်စဥ်တစ်ခုလုံးက တိုတောင်းသော်လည်း ပကတိအင်မော်တယ် ၆ ဦး၏ မျက်လုံးများက ဝင်းလက်နေ၏။
ပကတိအင်မော်တယ် ၆ ဦးသည် ကျုံးဖေးယွီနှင့် အခြားသူများ၏ တိုက်ခိုက်ရည်ခွန်အားနှင့် နည်းလမ်းများကို သိရှိထားခဲ့ကြပြီးသားဖြစ်၏။ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာလည်း သူတို့ကို အသေးစိတ်မိတ်ဆက်ပေးထား၏။
သို့သော်လည်း ပကတိအင်မော်တယ် ၆ ဦးသည် ဆူဇီမိုနှင့်ပတ်သက်ပြီး များစွာသိရှိမထားပေ။
ဆူဇီမို၏ တိုက်ပွဲမှတ်တမ်းက အရမ်းကိုနည်းပြီး သူ့မှာ တိုက်ပွဲနှစ်ပွဲသာ ရှိခဲ့သောကြောင့်ဖြစ်သည်။ သူတို့သည် အတော်လေးတိကျသည့် အကဲဖြတ်မှုကို မပြုလုပ်နိုင်ကြပေ။
သို့သော်လည်း စောစောကမြင်ကွင်းသည် ပကတိအင်မော်တယ် ၆ ဦးကို ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ ဆူဇီမို၏ အဆင့်ရပ်တည်ချက်အား ပြန်လည်စဥ်းစားတွက်ချက်ဖို့ ဖြစ်လာစေသည်။
ဂမ္ဘီရသက်တံက ချီးကျူးလိုက်၏။
“အစကနေ အခုချိန်ထိ သူက ၅ယောက် ၁ယောက် တိုက်ခိုက်ခဲ့တယ်... သူက ရှုံးနိမ့်ရမယ့်အစား တန်ပြန်တိုက်ခိုက်ခဲ့ပြီး စုန့်စဲကိုတောင်မှ ထိခိုက်ဒဏ်ရာရရှိစေခဲ့တယ်... သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားနဲ့ အခြေအနေပေါ်ထိန်းချုပ်နိုင်စွမ်းက နဲနဲတော့ကြောက်ဖို့ကောင်းနေပြီ”
“သူ့ရဲ့ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုက လေ့ရွှမ်ရဲ့ မျိုးဆက်သွေးနယ်မြေကိုထုတ်ဖော်လာအောင် ဖိအားပေးနိုင်ခဲ့တယ်... ငါတော့ တကယ်ကို တုန်လှုပ်မိနေပြီ”
ယခုအချိန်မှာပင် ဂမ္ဘီရရွှံ့ညွန်က အဲဒါကို မယုံကြည်နိုင်သေးပေ။
“ကံဆိုးတာကတော့... ဒီကောင်လေးရဲ့ကျင့်ကြံမှုနယ်ပယ်က နဲနဲနိမ့်ကျနေတာပဲ... သေရေးရှင်ရေးတိုက်ပွဲတစ်ခုမှာ သူ့မှာ အားနည်းချက်တွေအများကြီးရှိနေတုန်းပဲ”
ဂမ္ဘီရမီးတောက်က မချင့်မရဲ အကြည့်တစ်ခုကို ထုတ်ဖော်လိုက်၏။
သူက အဲဒါကို ရှင်းရှင်းလင်းလင်း မပြောဆိုသော်လည်း အခြားပကတိအင်မော်တယ် ၅ဦးက နားလည်သဘောပေါက်ကြသည်။
လူတစ်ယောက်၏ ကျင့်ကြံမှုနယ်ပယ်က နိမ့်ကျနေမည်ဆိုလျှင် သူတို့သည် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းမှာ သိသာထင်ရှားသော အရေးနိမ့်မှုများနှင့် ကြုံတွေ့ရပေလိမ့်မည်။ သူတို့၏ အမြုတေစိတ်ဝိညာဥ်က လုံလောက်အောင် သန်မာမှုမရှိဘဲ အမြုတေချီကုန်ဆုံးမှုနှုန်းက ပိုမိုမြန်ဆန်လာပေလိမ့်မည်။
စောစောကတိုက်ပွဲမှာ ဆူဇီမိုသည် စုန့်စဲကို ထိခိုက်ဒဏ်ရာရရှိစေခဲ့၏။
သို့သော်လည်း ဤထိခိုက်ဒဏ်ရာများက စုန့်စဲအပေါ် သက်ရောက်မှုမရှိသလောက်နီးပါးပင်။
သူတို့အတွက်တော့ တိုက်ပွဲက ဆက်လက်ဖြစ်ပွားမည်ဆိုလျှင် စုန့်စဲက အနိုင်ရရှိလာနိုင်သေးသည်။
နတ်မိမယ်ဂမ္ဘီရကြိုးကြာက ရုတ်တရက်ပြောလိုက်၏။
“အဲလိုဆိုရင်တောင် ဒီကောင်လေးရဲ့အဆင့်သတ်မှတ်ချက်ကို ထိပ်ဆုံးဆယ်ယောက်ထဲမှာထားဖို့ လုံလောက်နေပြီလို့ ငါထင်တယ်”
“အသေအချာပေါ့”
ဂမ္ဘီရလေက ခေါင်းညိတ်လိုက်၏။
အခြားသောသူများကလည်း ဤအဆင့်သတ်မှတ်ချက်နှင့်ပတ်သက်၍ ကန့်ကွက်မှုမရှိပေ။
ဆူဇီမိုသည် ပို့ဆောင်ရေးအဆောင်ကိုချိုးခြေ၍ အဆူရာတိုက်ပွဲမြေကနေ ထွက်ခွာသွားမည်ဆိုလျှင်တောင် စောစောက သူပြသခဲ့သော တိုက်ခိုက်ရည်ခွန်အားသည် သူ့ကို ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်ယောက်ထဲ ထည့်ထားဖို့လုံလောက်နေပြီဖြစ်သည်။
ဂမ္ဘီရသက်တံက ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ကိုထုတ်ယူပြီး အဲဒါကို ဖြည်းဖြည်းချင်းဖြန့်ကာ ဆူဇီမို၏ အဆင့်သတ်မှတ်ချက်ကို အဆင့်-၂၄ကနေ အဆင့်-၁၀ သို့ မြှင့်တင်ပေးလိုက်၏။
အစက အဆင့်-၁၀မှာရှိနေခဲ့သော မင်းသားထျန်ဟွမ်းက အဆင့်-၁၁ သို့ လျှောကျသွား၏။
“သူ့ရဲ့အကဲဖြတ်တန်ဖိုးကို ဘယ်သူရေးမှာလဲ”
ဂမ္ဘီရသက်တံက မေးလိုက်၏။
“ဂမ္ဘီရကြိုးကြာကို ရေးခိုင်းလိုက်... သူက ဆူဇီမိုကို အတော်လေးစိတ်ဝင်စားနေတာ ငါသတိထားမိတယ်”
ဂမ္ဘီရလေက ပြုံး၍ပြောလိုက်၏။
“ရတယ်လေ”
နတ်မိမယ်ဂမ္ဘီရကြိုးကြာက ငြင်းဆန်ခြင်းမရှိပေ။ သူမက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး သူမ၏ လက်ချောင်းထိပ်ဖျားဖြင့် အစစ်အမြုတေကို စုဖွဲ့လိုက်၏။ သူမ၏ လက်ညှိုးကို စုတ်တံအဖြစ်သုံးပြီး သူမက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ဆူဇီမို၏ နောက်ဆုံးအကဲဖြတ်တန်ဖိုးကို ရေးဖို့ပြင်လိုက်၏။
ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ လူတစ်ယောက်၏ အဆင့်သတ်မှတ်ချက်က ပိုမိုမြင့်မားလာလေလေ အဆင့်သတ်မှတ်ချက်မှာ ဆက်လက်တက်လှမ်းဖို့က သူတို့အတွက် ပို၍ခက်ခဲလာလေလေဖြစ်သည်။
အစက အဆင့်-၂၄ မှာ ရောက်ရှိနေသော ဆူဇီမိုလို လူတစ်ယောက်အနေဖြင့် ရုတ်တရက် အဆင့်ဆယ်ဆင့်ကျော် မြင့်တက်လာမှုမှာ လက်ခံနိုင်လောက်သည့်အကြောင်းပြချက်တစ်ခုရှိနေရပေမည်။
“နေပါဦး”
နတ်မိမယ်ဂမ္ဘီရကြိုးကြာက ရေးသားတော့မည့်ဆဲဆဲမှာပင် အခြားသောပကတိအင်မော်တယ်များက ရုတ်တရက် ပြောဆိုပြီး သူမကို တားဆီးလိုက်၏။
နတ်မိမယ်ဂမ္ဘီရကြိုးကြာသည် သူတို့က မျက်မှောင်များကြုတ်ပြီး တည်တံ့သောအမူအရာများနှင့် အောက်ဘက်ရှိ ရှေးဟောင်းမြို့တော်သို့ ကြည့်နေသည်ကိုတွေ့မြင်သောအခါ သူမကလည်း အလိုလိုလှမ်းကြည့်လိုက်၏။
ရှေးဟောင်းမြို့တော်၏ အလယ်မှာ...။
ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ပေါ်မှ ပညာရှင် ၆ဦးက နောက်တစ်ဖန်စုစည်းမိသွားပြီး ဆူဇီမိုကို ဆက်လက်၍အထင်မသေးကြတော့ပေ။ သူ့အပေါ် ဖိအားက ဆပွားတိုးလာခဲ့၏။
သူတို့ ၆ယောက်သည် သူတွေးထင်ထားသည်ထက် များစွာပိုမိုကိုင်တွယ်ရခက်ခဲနေ၏။ သူတို့အားလုံးက ရက်စက်ကြမ်းတမ်းကြလေသည်။
စုန့်စဲသည် ဆူဇီမိုနှင့်နီးကပ်နေခဲ့ပြီး သူ့ထံမှ သတ်ဖြတ်ကွက်များကိုပင် ဆက်တိုက်လက်ခံရရှိခဲ့၏။ အခြားကျင့်ကြံသူတစ်ယောက်ယောက်သာဆိုလျှင် သူတို့သည် သေဆုံးသွားသည်မှာ ကြာခဲ့ပေလိမ့်မည်။
စုန့်စဲကတော့ သူသည် သွေးတစ်လုတ်ကိုသာ ထွေးထုတ်ခဲ့ရပြီး သူ၏ ထိခိုက်ဒဏ်ရာများက တစ်ခဏချင်းမှာပင် သက်သာပျောက်ကင်းလာ၏။
တကယ်တော့ ဆူဇီမိုက စုန့်စဲကို ဆက်လက်၍ပစ်မှတ်ထားတိုက်ခိုက်မည်ဆိုလျှင် သူ၏ အစွမ်းအစအရ သူသည် ထိုသူကို နေရာမှာပင်သတ်ဖြတ်နိုင်မည်ဟု ၇၀ရာခိုင်နှုန်း ယုံကြည်မှုရှိနေဆဲဖြစ်သည်။
သို့သော်လည်း အဲဒါက သူ၏ အကန့်အသတ်နီးပါးကို ရောက်ရှိသွားပေလိမ့်မည်။ သူက စုန့်စဲကို သတ်ဖြတ်ပြီးနောက် သူသည် အခြားသော ၅ယောက်နှင့် ဆက်လက်တိုက်ခိုက်ဖို့ ခွန်အားကျန်ရှိတော့မည်မဟုတ်ဘဲ သူက ထွက်ပြေးရပေလိမ့်မည်။
ဆူဇီမိုသည် သူ၏ အောက်ဘက်မှာရှိသော ရေကန်ထဲကို စူးစမ်းရှာဖွေဖော်ထုတ်ဖို့ ပြင်ဆင်ထားခဲ့ပြီးသားဖြစ်၏။
သူက စုန့်စဲကိုသတ်ဖြတ်၍ ရေကန်အောက်ခြေသို့ ဝင်ရောက်သွားမည်ဆိုလျှင် မင်းသားမင်ကျုံးသည် သူ၏ အမျက်ဒေါသများကို ရှဲ့ချင်းချန်အပေါ်သေချာပေါက် ပုံချလာပေလိမ့်မည်။
ထိုအချိန်မှာ သူက ရေကန်အောက်ခြေရှိ လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်ပြီး အသက်ရှင်လျက်ပြန်လာနိုင်မည်ဆိုလျှင်တောင် သူသည် ရှဲ့ချင်းချန်ကို စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းရရှိအောင် ကူညီပေးနိုင်တော့မည် မဟုတ်ပေ။
ထိုသို့အတွေးဖြင့် ဆူဇီမိုက ဆုံးဖြတ်ချက်ချလိုက်၏။
ကျုံးဖေးယွီ၊ ကောင်းကင်အင်မော်တယ်လောယန်နှင့် ရှဲ့ထျန်ဟွမ်းတို့၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရချိန်မှာ သူက မရွေ့လျားနိုင်သော မင်းဟွမ်ချိပ်စည်းကို ထုတ်ဖော်ပြီး ခံစစ်ပုံစံကို ယူလိုက်၏။
ဘုန်း.. ဘုန်း...
ကောင်းကင်အင်မော်တယ်လောယန်နှင့် ရှဲ့ထျန်ဟွမ်းတို့၏ အန္တိမနတ်ဘုရားစွမ်းအားများက ဆူဇီမိုပေါ် ဆင်းသက်၍ ထိခတ်သွား၏။
မရွေ့လျားနိုင်သော မင်းဝမ်ချိပ်စည်းက အဲဒါကို လုံးလုံးလျားလျား ခုခံမပေးနိုင်ပေ။
ဆူဇီမိုက သူ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ဘဲ နောက်သို့ ဒယီးဒယိုင်ဆုတ်ခွာသွားရ၏။
ကျုံးဖေးယွီ၏ ဓားက နောက်တစ်ဖန်ပေါ်ထွက်လာသည်။
သို့သော် ဤတစ်ခေါက်မှာ ဆူဇီမိုသည် သူ၏ စွမ်းအားကြီးမားသော အာရုံခံသတိစိတ်နှင့်အတူ ပုစဥ်းတောင်ပံများကဲ့သို့ပါးလွှာသောဓားကို လက်ဗလာဖြင့်ဖမ်းဆွဲလိုက်၏။
သူသည် သူ၏ လက်ဖဝါးမှ စူးရှသောနာကျင်မှုကို ခံစားလိုက်ရပြီး သွေးများက စီးကျလာ၏။
“ကောင်းလိုက်တဲ့ဓား”
ဆူဇီမိုက ချီးကျူးလိုက်၏။
ထိုချီးကျူးမှုသည် သူ၏ ရင်ထဲအသည်းထဲကနေ အစစ်အမှန်ထွက်ပေါ်လာခြင်းဖြစ်သည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အဆင့်-၁၁ ထိ ကျင့်ကြံထားခဲ့ပြီး ရတနာသူတော်စင်ကျောက်စိမ်းကျမ်း၊ နတ်ဆင်အသက်ရှုခြင်းနည်းစနစ်နှင့် ဗလာနယ်မိုးကြိုးကျမ်းကဲ့သို့ စွမ်းအားကြီးမားသည့် ခန္ဓာမီးဆေးနည်းစနစ်များကို ကျင့်ကြံထား၏။ သူ၏ အသားက ဖျက်ဆီး၍မရနိုင်အောင် မာကြောနေခဲ့ပြီး မူလကောင်းကင်အဆင့် ဓမ္မရတနာများထက်ပင် ပိုမိုသာလွန်လေသည်။
သို့သော်ယခုအခါ ကျုံးဖေးယွီ၏ ပါးလွှာသောဓားက သူ၏ လက်ဖဝါးကို လှီးဖြတ်နိုင်၏။
တကယ်တော့ ဆူဇီမိုသည် ဓားကို တင်းကျပ်စွာ ဖမ်းဆုပ်ထားဆဲဖြစ်၏။ ဓားဖျားက ထက်ရှ၍ သူ၏ နှာရောင်နှင့် တစ်စင်တီမီတာပင် မကွာဝေးတော့ပေ။
သို့သော်လည်း ကျုံးဖေးယွီ၏ တိုက်ခိုက်မှုက မည်သို့ပင်ဆိုစေ ရှေ့သို့ ဆက်မသွားနိုင်တော့ပေ။
“ဟမ့်..”
ကျုံးဖေးယွီက သူ၏ သွေးချီကိုလှည့်ပတ်ပြီး သူ၏ ခွန်အားကို နောက်တစ်ဖန်စိုက်ထုတ်လိုက်၏။
သူသည် ခွန်အားကို ထိန်ချန်ထားဆဲဖြစ်ပြီး သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ခြင်းမရှိပေ။ သူက သူ၏ သွေးချီကိုသာ ဆူနာမီသွေးအဆင့်ထိ လှည့်ပတ်ပြီး သူ၏ ဓားနှင့်အတူ ရှေ့သို့ထိုးသွင်းလိုက်၏။
ထိုစွမ်းအားကို မခုခံနိုင်တော့သည့်အလား ဆူဇီမိုက ဓားဖျားကိုလွှတ်ပေးပြီး ကျုံးဖေးယွီ၏ ဓားကို ရှောင်တိမ်းဖို့အတွက် တစ်ဖန်နောက်သို့ဆုတ်ခွာလိုက်၏။
“ဆက်မလိုက်နဲ့တော့”
စုန့်စဲနှင့် အခြားသူများက ထိုသည်ကို တွေမြင်သောအခါ ရုတ်တရက်သတိပေးလိုက်၏။
တစ်စုံတစ်ရာကို နားလည်သိရှိသွားသည့်အလား ကျုံးဖေးယွီက သူ၏ ခြေလှမ်းကို ကပျာကယာရပ်တန့်လိုက်၏။ သို့သော်လည်း ဆူဇီမို၏ ခန္ဓာကိုယ်က ရေကန်အထက်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။
ရေကန်ပေါ်မှာ အဆုံးမဲ့ဆိုးယုတ်သွေးချီများက ရန်စခံလိုက်ရသလို... လျင်မြန်စွာစုစည်းပြီး ဆူဇီမိုကို ရစ်ပတ်ဖို့အတွက် နွယ်ပင်များအဖြစ် ပြောင်းလဲသွား၏။
ကျုံးဖေးယွီနှင့် အခြားသူများ၏ ရှေ့မှောက်မှာ ဆိုးယုတ်သွေးချီများသည် ဆူဇီမိုကို ရေကန်ထဲသို့ ရစ်ပတ်ဆွဲယူပြီး သိပ်မကြာခင် ပျောက်ကွယ်သွား၏။
ဆူဇီမိုက ပို့ဆောင်ရေးအဆောင်ကိုပင် ထုတ်သုံးဖို့ အချိန်မရလိုက်ပေ။
“သေစမ်းကွာ”
ကောင်းကင်အင်မော်တယ်လောယန်က ကျိန်ဆဲလိုက်၏။
စုန့်စဲ၏ အမူအရာကလည်း သုန်မှုန်၍ မချင့်မရဲဖြစ်နေ၏။
ဆူဇီမိုသည် ဆိုးယုတ်သွေးချီများဖြင့် ဝါးမျိုခံရပြီး ရေကန်ထဲသို့ ကျဆင်းသွား၏။
သူက သေချာပေါက်သေရပေတော့မည်။
သို့သော်လည်း သူတို့သည် ရတနာသူတော်စင်ကျောက်စိမ်းကဲ့သို့ ဆူဇီမိုပိုင်ဆိုင်ထားသည့် ရတနာများကို ရယူဖို့ အခွင့်အရေးမရှိတော့ပေ။
မင်းသားထျန်ဟွမ်း၏ မျက်လုံးထဲတွင် ဝမ်းသာပျော်ရွှင်မှုအရိပ်အယောင်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။
ရေကန်ထဲသို့ဆင်းသက်သွားခြင်းသည် သူက ယန်ယန်းအင်မော်တယ်နိုင်ငံ၏ လက်ထဲသို့ ကျရောက်သွားခြင်းနှင့် တူလေသည်။
အချိန်တန်လို့ သူက စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းကိုရရှိနိုင်မည်ဆိုလျှင် သူ့အဖေသည် သူ့ကို ကျေနပ်သဘောကျပြီး ဤရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို သူ့အား ကျင့်ကြံခွင့်ပေးနိုင်လေသည်။
“ကျုံးဖေးယွီ... မင်းဘာလို့ အဲလောက်ထိစိတ်လိုက်မာန်ပါလုပ်ရတာလဲ”
စုန့်စဲက အေးစက်စွာ ပြောလိုက်၏။
“သူက သူ့ရဲ့ဝှက်ဖဲတွေအားလုံးကို သုံးပြီးသွားလို့ ငါတို့ရဲ့လက်ထဲမှာ ပိတ်မိနေပြီ... သူက ထွက်ပြေးလွတ်မြောက်နိုင်စရာအကြောင်းမရှိတော့ဘူး... မင်းဘာလို့ သူ့ကို ရေကန်ထဲကို တွန်းပို့လိုက်ရတာလဲ”
ကျုံးဖေးယွီကလည်း အဲဒါကို အလိုမကျပေ။
စောစောက ကြမ်းတမ်းခက်ထန်နေခဲ့သော ဆူဇီမိုသည် ရုတ်တရက်ဘာ့ကြောင့် သတိလက်လွတ်ဖြင့် ရေကန်ရှိရာဘက်သို့ ဆုတ်ခွာပြီး ဝါးမျိုခံလိုက်ရသလဲ ယခုအချိန်ထိကို သူက နားမလည်နိုင်သေးပေ။
သူက ထိုသို့တွေးမိနေသော်လည်း စုန့်စဲ၏ အဆင့်သတ်မှတ်ချက်အထက်မှာပင် ရပ်တည်နေသော ပြန်ဝင်စားပကတိအင်မော်တယ်တစ်ယောက်အနေဖြင့် ကျုံးဖေးယွီက အားနည်းမှုကို မပြသလိုပေ။
“မင်းက... ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို လိုချင်နေတာမလား”
ကျုံးဖေးယွီက လှောင်ပြုံးပြုံး၍ သူ၏ နောက်ဘက်ရှိ ရေကန်ထဲကို လက်ညှိုးထိုးပြလိုက်၏။
“အဲဒါက အထဲမှာရှိတယ်... မင်းလိုချင်တယ်ဆိုရင် မင်းဘာသာမင်းသွားယူလိုက်လေ”
“မင်း...”
စုန့်စဲက အေးစက်နေသောအကြည့်ဖြင့် သူ၏ မျက်လုံးကို မှေးကျဥ်းလိုက်၏။
“မပူပါနဲ့... ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက ဆိုးယုတ်သွေးချီရဲ့ သေချာပေါက်တိုက်စားခံရမှာမဟုတ်ဘူးဆိုတာ ငါအာမခံပေးနိုင်တယ်”
ကျုံးဖေးယွီက နောက်တစ်ဖန်လှောင်ရယ်ပြီးနောက် လှည့်ထွက်သွား၏။
အစကတော့... ဆူဇီမိုရှိနေခဲ့ပြီး သူတို့မှာ တူညီသောရည်ရွယ်ချက်ရှိကာ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။
သို့သော်ယခု... ဆူဇီမိုက သေဆုံးသွားပြီး ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က ဤလူများသည် နဂိုအတိုင်း တစ်ယောက်ကိုတစ်ယောက် သတိထားကာ ရန်လိုစိတ်များရှိလာကြ၏။
ကျန်ရှိနေသောလူငါးယောက်က မချင့်မရဲဖြင့် ရေကန်အစပ်မှာ ခဏကြာရစ်ဝဲနေပြီးနောက် ထွက်ခွာသွားကြလေသည်။