မင်းတို့ ငါ့ကိုသတ်ဖို့ ကြိုးစားနေတာလား
Vol. 167 Ch. 2492
ထိုသည်ကို တွေ့မြင်သောအခါ ရှဲ့ချင်းချန်၏ ရင်ထဲရှိအမျက်ဒေါသက တဖြည်းဖြည်းပြေလျော့သွားပြီး သူက မကြုံစဖူးဝမ်းသာမှုတစ်ခုကို ခံစားလာရ၏။
စောစောက သူက စိတ်လိုက်မာန်ပါ တိုက်ခိုက်မည်ဆိုလျှင်တောင် သူသည် မင်းသားယီချိုးကို ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ဘဲ သူ့ရင်ထဲရှိ ဒေါသများကို ဖြေဖျောက်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ဆူဇီမိုက ရှေ့သို့ထွက်လာခဲ့ပြီး ထိန်းမနိုင်သိမ်းမရနည်းလမ်းများနှင့်အတူ ကောင်းကင်အင်မော်တယ်ဖီဟန်ကို ဒုက္ခိတဖြစ်စေခဲ့၏။
ဆူဇီမိုသည် သူ့အတွက် လက်စားချေပေးသည့်အနေဖြင့် မင်းသားယီချိုးကိုပင် ရိုက်နှက်ဆုံးမခဲ့လေသည်။
ဒါ့အပြင် လူတိုင်းရှေ့မှာ မင်းသားတစ်ပါးကို အပြစ်ပေးဆုံးမခြင်းသည် သူ့ကို သတ်ဖြတ်သည်ထက်ပင် ပိုမိုရက်စက်ရာကျလေသည်။
ဤနေ့မှစ၍ မင်းသားယီချိုးသည် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ တော်ဝင်မိသားစုမှာ ဟာသတစ်ခုဖြစ်လာပြီး သူ၏ အဆင့်အတန်းက များစွာကျဆင်းသွားပေတော့မည်။
တကယ်တမ်းမှာတော့ ဆူဇီမိုသည် မင်းသားယီချိုးကို အပြစ်ပေးခဲ့သည်မှာ ရိုက်နှက်ချက်တချို့သာ မဟုတ်ပေ။
သူသည် သူ၏ လက်ဖဝါးအပေါ် ခွန်အားကို ထိန်းချုပ်ထားပြီး မင်းသားယီချိုး၏ မျက်နှာပေါ် ရိုက်ချက်တစ်ချက်ချင်းစီသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကိုပါ အတိုင်းအတာတစ်ခုအထိ လှုပ်ခတ်သွားစေခဲ့သည်။
သူ့အမြုတေစိတ်ဝိညာဉ်က ထိခိုက်ဒဏ်ရာရရှိသွားသည်နှင့် တမူထူးခြားသည့် နည်းလမ်းများမရှိဘဲ အဲဒါကို ကုသနိုင်ဖို့ အင်မတန်ခဲယဉ်းသွားပေလိမ့်မည်။
မင်းသားယီချိုးသည် နောက်ပိုင်း သူ၏ ထိခိုက်ဒဏ်ရာများကနေ ပြန်လည်သက်သာလာမည်ဆိုလျှင်တောင် သူ့အနေဖြင့် အဆင့်ချိုးဖျက်တက်လှမ်းဖို့ ခက်ခဲသွားပြီး သူ၏ ခေါင်းထဲမှာ ပြဿနာတစ်ခုပင် ရှိလာနိုင်၏။
ဆူဇီမိုသည် တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့ပြီဆိုမှတော့ သူက အနာဂတ်ပြဿနာများကိုပါ ရှင်းထုတ်ပစ်ထားရပေမည်။
တကယ်တော့ မင်းသားယီချိုးက သူ့အပေါ် ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။ သို့သော်လည်း သူသည် နောက်ပိုင်း ရှဲ့ချင်းချန်ကို တိုက်ခိုက်မလာဘူးဟု အာမမခံနိုင်ပေ။
တကယ်တမ်းမှာတော့ မင်းသားယီချိုးသည် အလိုလိုက်အကြိုက်ဆောင်ခံရသော ဘဝမှာ နေထိုင်ခဲ့ရပြီး သူသည် ဤကဲ့သို့သော အခြေအနေနှင့် တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ သူသည် ဆူဇီမို၏ ရိုက်ချက်များအပြီး၌ လိပ်ပြာလွင့်မတတ် ကြောက်လန့်၍ သူ၏ စိတ်က လွတ်သွားခဲ့ပြီဖြစ်၏။
သူက သတိကောင်းနေဦးမည်ဆိုလျှင် သူသည် အညံ့ခံ၍ အသနားခံတောင်းပန်မိပေလိမ့်မည်။
အားနည်းသူများကို အနိုင်ကျင့်၍ သန်မာသူကို ကြောက်တတ်သော သူ့လိုလူမျိုးသည် ထပ်မံ၍ ရိုက်နှက်ခံရမည်ကို စိုးရိမ်နေပြီး လက်စားချေဖို့နေနေသာ… နောက်ပိုင်းမှာ ရှဲ့ချင်းချန်ကို ရှောင်နေပေလိမ့်မည်။
နောက်ဆုံးမှာတော့ ရိုက်နှက်မှုက အဆုံးသတ်သွား၏။
မင်းသားယီချိုး၏ မျက်နှာက ကျိုးကြေမွနေပြီဖြစ်သည်။ သူ၏ အမြုတေစိတ်ဝိညာဉ်ကလည်း လှုပ်ခတ်သွားပြီး မမြင်ရသော ဒဏ်ရာတချို့ ပေါ်ထွက်လာ၏။ သူ့မျက်နှာပေါ်ရှိ ဒဏ်ရာများ၏ ကုသနိုင်နှုန်းက သိသိသာသာ လျော့ကျသွားပြီး သူ့မျက်နှာက သွေးများဖြင့် စိုရွှဲနေ၏။
“ကဲ ရပြီမလား”
ဆူဇီမိုက ရှဲ့ချင်းချန်ဘက်ကိုလှည့်ပြီး ပြုံး၍မေးလိုက်၏။
ခဏမျှ မှင်တက်သွားပြီးနောက် ရှဲ့ချင်းချန်က အလောတကြီး ခေါင်းညိတ်ပြလိုက်၏။
“ရ… ရပါပြီ”
ဆူဇီမို၏ အပြုံးကိုကြည့်ပြီး သူ၏ နောက်ဘက်မှာရှိသော ကောင်းကင်အင်မော်တယ်များက တုန်လှုပ်နေကြ၏။
သူတို့ရှေ့မှ နူးညံ့သိမ်မွေ့စွာ ပြုံးနေသော စာပေသမားသည် ဤမျှအထိ ရက်စက်ကြမ်းကြုတ်ပြီး ခက်ထန်ကြမ်းတမ်းနေလိမ့်မည်ဟု ဘယ်သူက တွေးမိပါ့မလဲ။
ကောင်းကင်အင်မော်တယ်ယွီယင်၏ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်သွား၏။
သူသည် စောစောက ဆူဇီမိုကို မကျေမနပ်နှင့် ရန်စခဲ့မိသည်ကို ပြန်စဉ်းစားမိသောအခါ သူက ရင်တလှပ်လှပ် ခံစားလာရ၏။
ဆူဇီမိုက မင်းသားယီချိုးကို လူအုပ်ကြားထဲသို့ သာမန်ကာလျှံကာ ပစ်ထုတ်လိုက်၏။
တစ်ဖက်မှာရှိသော ကျင့်ကြံသူများက ရှေ့သို့ အလောတကြီးတက်ပြီး သူတို့၏ မင်းသားကို ဖမ်းယူကာ အကြည့်ချင်းဖလှယ်၍ ဘာလုပ်လို့ ဘာကိုင်ရမည် မသိတော့ပေ။
“သွားကြမယ်”
ဆူဇီမိုက ပြောလိုက်၏။
ရှဲ့ချင်းချန်က ခေါင်းညိတ်ပြီး ဆူဇီမိုနှင့်အခြားသူများကို ယန်ယန်းအင်မော်တယ်နိုင်ငံ၏ နန်းတော်ရှိရာသို့ ခေါ်ဆောင်သွား၏။
“မင်းသားယီချိုး… မင်းသားယီချိုး…”
ကျင့်ကြံသူတစ်အုပ်စုသည် သူတို့စုဆောင်းထားသည့် အင်မော်တယ်ဆေးလုံးများကို အလောတကြီးထုတ်ယူပြီး မင်းသားယီချိုးကို တိုက်ကျွေးကာ ထိုသူကို လှုပ်ခါ၍ အော်ခေါ်နေ၏။
မင်းသားယီချိုးက ဆေးလုံးတချို့ကို စားသုံး၍ ခဏကြာပြီးနောက် နိုးထလာခဲ့၏။
“မင်းသားယီချိုး… ကျုပ်တို့ အဲဒါကို ဘယ်လိုလုပ်ရမလဲ”
“သူတို့က တကယ်ကို အရမ်းလွန်သွားပြီ… ကျုပ်တို့ အဲဒါကို ဒီအတိုင်း မထားနိုင်ဘူး”
“မင်းသား… ကျုပ်တို့ သူတို့နောက်ကို လိုက်သွားကြမလား”
လူတိုင်းက အသည်းအသန် ဆွေးနွေးပြောဆိုလိုက်ကြ၏။
“အဲဒါက လုံလောက်နေပြီ မဟုတ်ဘူးလား… မင်းတို့တွေက ငါ့ကိုသတ်ဖို့ ကြိုးစားနေတာလား”
မင်းသားယီချိုးက လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပြီး သူ၏ ဝဖိုင့်သော ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်နေ၏။ ယခု ဝက်ခေါင်းနှင့်တူနေသော သူ၏ ဦးခေါင်းကို တသွင်သွင်ခါယမ်းပြီး စိုးရိမ်စွာဖြင့် ပြောလိုက်၏။
“မြန်မြန်… မြန်မြန်လုပ်… ငါ့ကို အဲဒီလူရဲ့အဝေးကို မြန်မြန်ခေါ်ထုတ်သွားပေး… ငါက အဆူရာတိုက်ပွဲမြေကို မဝင်တော့ဘူး”
မင်းသားယီချိုး၏ လှုံ့ဆော်မှုဖြင့် ကျင့်ကြံသူတစ်အုပ်စုသည် နန်းတော်ထဲသို့ ဝင်ရောက်ခါနီးမှာပင် ပြန်လည်ဆုတ်ခွာသွားကြ၏။
ရှဲ့ချင်းချန်၏ ဦးဆောင်မှုအောက်မှာ လူတိုင်းက နန်းတော်၏ အနောက်ဘက်သို့ ဦးတည်လာကြ၏။
လမ်းတစ်လျှောက်မှာ ဆူဇီမိုအပေါ် တခြားသော ကျင့်ကြံသူများ၏ စိတ်နေသဘောထားများက သိသိသာသာ ပြောင်းလဲသွား၏။
ယွီယင်ပင်လျှင် အတော်လေး အချိုးပြေသွားလေသည်။
“တာအိုရောင်းရင်းဆူ… ခင်ဗျားရဲ့နည်းလမ်းတွေက တကယ့်ကို ကြောက်စရာကောင်းတာပဲ”
ယွီယင်က ချီးကျူးပြောဆိုလိုက်၏။
“ကျုပ်အထင်တော့ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်ခန့်မှန်းချက်ပေါ်က ခင်ဗျားရဲ့ အဆင့် ၂၄ ဆိုတာက အရမ်းကို နိမ့်လွန်းတယ်”
ဆူဇီမိုက ပြုံး၍ ပြန်မဖြေပေ။
ယွီယင်က ညင်သာစွာ ချောင်းဟန့်ကာ ဆက်ပြောလိုက်၏။
“တာအိုရောင်းရင်းဆူ… ခင်ဗျားရဲ့တိုက်ခိုက်မှုကြောင့် မင်းသားယီချိုးက စိတ်ဓာတ်လုံးလုံးကျသွားပြီ… ကျုပ်တို့က အဆူရာတိုက်ပွဲမြေကို မဝင်ရောက်ခင်မှာတင် မင်းသားချင်းချန်က ပြိုင်ဘက်တစ်ယောက် လျော့သွားပြီ”
“အဲဒါ အမှန်ပဲ”
တခြားသော ကျင့်ကြံသူများကလည်း ဝင်ရောက်ပြောဆိုလိုက်ကြ၏။
ဆူဇီမိုက ကောင်းကင်အင်မော်တယ်ယွီယင်ကို လျစ်လျူရှုထားဆဲဖြစ်၏။
ကောင်းကင်အင်မော်တယ်ယွီယင်သည် လျစ်လျူရှုခံရပြီးနောက် အိုးတိုးအမ်းတမ်းဖြစ်လာကာ အသံတိတ်သွားလေသည်။
“အဆူရာတိုက်ပွဲမြေကို ဝင်ရောက်ဖို့ဆိုရင် ကျုပ်တို့တွေက အနောက်ဘက်မှာရှိတဲ့ ထူးခြားတဲ့ ပို့ဆောင်ရေးဝင်္ကပါတစ်ခုကို သွားရလိမ့်မယ်”
ရှဲ့ချင်းချန်က ဆူဇီမိုနှင့် စကားပြောရင်း လူတိုင်းကို ဦးဆောင်ကာ နန်းတော်ကို ဖြတ်ကျော်လာခဲ့၏။
သိပ်မကြာခင် သူတို့က သူတို့လိုရာခရီးကို ရောက်ရှိလာကြ၏။
ရှေ့တည့်တည့်မှာ ရင်ပြင်တစ်ခုရှိပြီး လူပေါင်းရာချီက ရောက်နှင့်နေကြပြီဖြစ်သည်။ သူတို့သည် အဖွဲ့အမျိုးမျိုးကွဲနေပြီး အပြန်အလှန်စကားပြောဆိုနေကြ၏။
ထိုအဖွဲ့များကြားမှာ သူတို့၏ ခေါင်းဆောင်များအားလုံးသည် အလျှံညီးညီးနေများ ခတ်နှိပ်ထားသည့် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ တစ်မူထူးခြားသော တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားကြ၏။ သူတို့ကို မှတ်မိသိရှိဖို့ လွယ်ကူပြီး သူတို့က ယန်ယန်းအင်မော်တယ်နိုင်ငံ၏ တော်ဝင်မိသားစုမှ ဖြစ်ကြသည်မှာ သိသာလေသည်။
“ညီအစ်ကိုဆူ… ဟိုအမျိုးသမီးက မင်းသမီးယုယန်ပဲ… သူက ဒီတစ်ခေါက် ပါဝင်ယှဉ်ပြိုင်တဲ့ တော်ဝင်မိသားစုထဲက တစ်ဦးတည်းသော အမျိုးသမီးပဲ”
ရှဲ့ချင်းချန်က ဆူဇီမိုကို ခပ်တိုးတိုးပြောလိုက်၏။
သူမက အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း သူမသည် မင်းသားချိပ်စည်းအတွက် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အဆင့်မီလေသည်။ ယန်ယန်းအင်မော်တယ်နိုင်ငံမှာ ဤအမျိုးသမီး၏ အဆင့်အတန်းက မနိမ့်ကျကြောင်း သိသာစေ၏။
သို့သော်လည်း ဆူဇီမို၏ အကြည့်က မင်းသမီးယုယန်ကို ဖြတ်ကျော်ပြီး သူမ၏ ဘေးမှာရှိသော အမျိုးသားတစ်ယောက်အပေါ် ဆင်းသက်သွားကာ သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်၏။
ထိုအမျိုးသားက ငါးပျံတစ်ကောင်ကို ခတ်နှိပ်ထားသည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားလေသည်။ သူ၏ ဆံပင်ရှည်ကို အပေါ်မှာ စုချည်ထားပြီး သူ၏ နှုတ်ခမ်းများက တစ်ချိန်လုံးကွေးညွှတ်နေ၏။ သူ၏ မျက်နှာပေါ်မှာ နတ်ဆိုးဆန်ဆန် အပြုံးတစ်ခုရှိနေပြီး သူ၏ မျက်လုံးများက မကြာမကြာ အေးစက်စက်အလင်းတစ်ခုကို ဖြာထုတ်ပေးနေ၏။
ထိုသူက ပညာရှင်တစ်ဦး ဖြစ်လေသည်။ သူသည် ခပ်ဝေးဝေးမှာ ရှိနေသော်လည်း ထိုအမျိုးသားထံမှ အလွန်တရာ အန္တရာယ်များသော အော်ရာတစ်ခုကို အာရုံခံမိနေ၏။
“မင်းသမီးယုယန်ရဲ့ ဘေးက လူက အင်မော်တယ်ပျံဂိုဏ်းက ကျုံးဖေးယွီပဲ။… သူက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့် ၃ ဝင်တယ်”
ရှဲ့ချင်းချန်က အသံနှိမ့်၍ ပြောလိုက်၏။
“ယုယန်က ကျုံးဖေးယွီကို ဖိတ်ခေါ်ထားတဲ့အတွက် ဒီတစ်ခေါက်မှာ ချိပ်စည်းကို ရယူဖို့ သူက အခွင့်အရေးအများဆုံးပဲ”
ပြန်ဝင်စားအင်မော်တယ်တစ်ယောက် ကျုံးဖေးယွီသည် အစက ကောင်းကင်အဆင့်သတ်မှတ်ချက်တွင် အဆင့် ၂ နေရာမှာ ရှိနေခဲ့၏။ ယွင်ထင်က အဆင့်-၉ ကောင်းကင်အင်မော်တယ်ဖြစ်လာပြီးနောက် သူက တစ်ဆင့်လျော့ကျသွားခဲ့လေသည်။
သို့သော်လည်း တကယ်တမ်းမှာတော့ ထိပ်သီးပြန်ဝင်စားမွန်းစတား ၃ ယောက်ဖြစ်သော ယွင်ထင်၊ ကူချင်နှင့် ကျုံးဖေးယွီကြားမှာ ဘယ်သူက ပိုမိုသန်မာသည်ကို ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကို တာဝန်ယူထားသည့် ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှ ပကတိအင်မော်တယ်များပင် တိတိကျကျ မပြောနိုင်ပေ။
“မီးနဲ့ဆော့ကစားနေတဲ့ လူငယ်အမျိုးသားက မင်းသားယန်ပဲ”
ရှဲ့ချင်းချန်က ဆက်ပြောလိုက်၏။
“သူက မီးတောက်တာအိုမှာ အရမ်းကို ပါရမီပါတယ်… အဖေက သူ့ကို အတော်လေးတန်ဖိုးထားတယ်… အခုအချိန်မှာ သူက အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ”
“သူ့ဘေးက လူက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က အဆင့် ၄… သူက ကျုပ်တို့ ယန်ယန်းအင်မော်တယ်နိုင်ငံက ပြန်ဝင်စား ပကတိအင်မော်တယ် လေ့ရွှမ်ပဲ”
ဆူဇီမို၏ အကြည့်က လေ့ရွှမ်ပေါ်သို့ ဆင်းသက်ရောက်ရှိသွား၏။
လေ့ရွှမ်သည် အသက်မကြီးသေးသည့်ပုံပေါ်သော်လည်း သူ၏ မျက်လုံးထဲတွင် လောကဓံတရားအငွေ့အသက်တစ်ခုက ရံဖန်ရံခါပေါ်ထွက်လာတတ်၏။
ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ လေ့ရွှမ်၏ အကဲဖြတ်တန်ဖိုးက အလွန်တရာမြင့်မားပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ထူးခြားအံ့မခန်းဖြစ်သည်။
သူ့ကျင့်ကြံမှု၏ ဤအဆင့်အထိ သူ၏ တိုက်ပွဲမှတ်တမ်းများသည် အထင်ကြီးစရာကောင်းပြီး သူ၏ ခွန်အားကုန်ကို ထုတ်ဖော်အသုံးပြုနိုင်အောင် မည်သူကမှ ဖိအားမပေးနိုင်ခဲ့ပေ။
လေ့ရွှမ်ကို ယန်ယန်းအင်မော်တယ်နိုင်ငံ၏ နံပါတ် ၁ ကောင်းကင်အင်မော်တယ်ဟု ဆိုနိုင်လေသည်။ သူသည် မင်းသားရန်ကို ကူညီပေးလိုသည့်အချက်သည် ယန်ယန်းတော်ဝင်မိသားစုမှ ထိုမင်းသား၏ အဆင့်အတန်းကို သက်သေပြပေးနေ၏။
“သူကတော့ မင်းသားဖုန့်ပဲ”
ရှဲ့ချင်းချန်က အခြားတစ်ဖက်ကို လက်ညှိုးထိုးပြီးပြောလိုက်၏။
“သူဖိတ်ခေါ်ထားတဲ့သူက ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့် ၈ ဝင်တဲ့ အင်ပါယာလေဘုရားကျောင်းက ကောင်းကင်အင်မော်တယ် လောယန်ပဲ”
“ဟမ့်”
ဆူဇီမို၏ အကြည့်က ကောင်းကင်အင်မော်တယ်လောယန်ပေါ်သို့ ဆင်းသက်ရောက်ရှိသွား၏။ သူ၏ အမူအရာက ပြောင်းလဲသွားပြီး တီးတိုးရေရွတ်လိုက်၏။
“ဆိုတော့… အဲဒါ သူပဲ”
သူသည် နဂါးအသူတရာချောက်နက်ကြယ်မှာတုန်းက ကောင်းကင်အင်မော်တယ်လောယန်ကို တွေ့မြင်ခဲ့ဖူး၏။
သို့သော်လည်း ထိုစဉ်တုန်းက ဆူဇီမိုသည် မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်ခဲ့သည်။
ထိုစဉ်တုန်းက အဆင့်-၉ စိတ်ဝိညာဉ်ရတနာတစ်ခု၏ မွေးဖွားပေါ်ထွက်လာမှုသည် ကျင့်ကြံသူတစ်အုပ်စုကို ဆွဲဆောင်နိုင်ခဲ့လေသည်။ သူတို့ကြားမှာ ကျော်ကြားသော ကောင်းကင်အင်မော်တယ်များက ဤကောင်းကင်အင်မော်တယ်လောယန်နှင့် အင်မော်တယ်ပျံဂိုဏ်းမှ မိန်ကျိဖြစ်လေသည်။
သို့သော်လည်း မိန်ကျိသည် နဂါးအသူတရာချောက်နက်ကြယ်ကနေ နောက်ပိုင်းထွက်ခွာမသွားဘဲ ဆူဇီမိုကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့၏။
သို့သော်လည်း ငရဲဖိနှိမ်မီးဖိုပေါ်ရှိ ဟင်္သပြဒါးငှက်အထွတ်အမြတ်ဝိညာဉ်က သူမကို သတ်ဖြတ်ခဲ့လေသည်။