← Chapters

အမှုသစ်

Vol. 12 Ch. 111

အမှုသစ်

Vol. 12 Ch. 111

အားတောက်ကို သင်္ဂြိုဟ်ပြီးနောက် အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်​ဖြစ်သွား၏။ စွေ့ဂိုဏ်းသားအများစုမှာ သူတို့ဂိုဏ်းခေါင်းဆောင်နှစ်ဦးနှင့်အတူ ဂိုဒေါင်တွင်းတိုက်ပွဲတွင် သေဆုံးကုန်ကြသည်။ ကံကောင်းသည့်အချက်မှာ စွေ့ဂိုဏ်း၏ တတိယခေါင်းဆောင်ချိုတောက်ကန်းကို ကျန်းကျင်းခိုင်တို့ အရှင်ဖမ်းမိနိုင်ခဲ့ခြင်းပင်။ ချိုတောက်ကန်းသည် စွေ့ညီအစ်ကို၏ မိတ်ဆွေရင်းဖြစ်လေရာ စွေ့ဂိုဏ်း၏ အတွင်းရေးအများစုကို သိရှိထားသူဖြစ်သည်။ သို့သော် ချိုတောက်ကန်း၏ အခြေအနေမှာ မြို့တော်၏ အထူးကြပ်မတ်ကုသဆောင်တွင် အသက်လုနေရဆဲပင်။ သူ လတ်တလောတွင် သတိမေ့နေ၏။

ကျန်းကျင်းခိုင်အပါအဝင် ရဲတပ်ဖွဲ့ဝင်များအဖို့ စွေ့ဂိုဏ်းကို ဖြိုခွဲနိုင်ခဲ့ခြင်းကြောင့် အတော်လေး အလုပ်ပေါ့သွားသည်ဟု ဆိိုနိုင်ပေသည်။ ကွင်းဆက်လူသတ်မှုများ၏ အဓိကသံသယရှိသူအားရှု လွတ်မြောက်နေဆဲဖြစ်သော်ငြား မြို့၏ အကြီးဆုံးဒုစရိုက်အဖွဲ့နှစ်ဖွဲ့ကို တပြိုင်နက်တည်း ရှင်းလင်းနိုင်ခဲ့ခြင်းမှာ ကြီးမားလှသော အောင်မြင်မှုတခုပင်တည်း။ သို့သော် အားတောက်အဖွဲ့၏ လက်ကျန်အဖွဲ့ဝင်များကို ခြေရာခံရန်ကား ရဲတပ်ဖွဲ့အတွက် ယခုတိုင် ခက်ခဲနေဆဲပင် ဖြစ်လေသည်။

တကယ်တော့ အားတောက်ဂိုဏ်း၏ လက်ကျန်အဖွဲ့သားများကို ​ဖော်ထုတ်ရန် အလွယ်ဆုံးနည်းလမ်းမှာ အားကျောက်ကို မေးမြန်းရန်ပင်။ သို့သော် ကျန်းကျင်းခိုင်က ထိုသို့်မလုပ်ရန် အကြံပြုခဲ့၏။ နောက်ထပ် အရေးအကြီးသည့်အချက်မှာ အားတောက်၏ အဖွဲ့သည် အလွန်လျှို့ဝှက်ခြင်းပင်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း လုပ်ငန်းကြီးတချို့ လုပ်ဆောင်ခဲ့သည့်တိုင် ရဲတပ်ဖွဲ့အနေနှင့် သူတို့၏ လှုပ်ရှားမှုများကို လုံးဝမရိပ်စားမိခဲ့ချေ။ ထို့ကြောင့် ကျန်းကျင်းခိုင်က အားတောက်ဂိုဏ်း၏ လက်ကျန်အဖွဲ့သားများကို ခြိမ်း​ခြောက်မှုမဖြစ်နိုင်ဟု သတ်မှတ်ကာ လစ်လျူရှုလိုက်လေသည်။

အရာအားလုံး ပြီးဆုံးသွားပြီဟု ယူဆနေချိန်မှာပင် နောက်ထပ်လူသတ်မှုတစ်ခု ပေါ်ပေါက်လာပြန်၏။ ဤတကြိမ် ရဲတပ်ဖွဲ့၏ တုံ့ပြန်မှုမှာ ယခင်ကထက် များစွာ နှေးကွေးနေခဲ့လေသည်။ အကြောင်းမှာ ဂိုဒေါင်တွင်းတိုက်ပွဲအတွက် လူအင်အားများစွာ ထုတ်သုံးထားရသောကြောင့်ပင်။ ထိုတိုက်ပွဲကြောင့် ရဲအများစုသည် လမ်းကြားတွင် ကင်းလှည့်နေရမည့်အစား စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးပညာပေးခြင်းများကို ခံယူနေရ၏။ ၎င်းမှာ မူဝါဒဖြစ်၍ ရဲတိုင်း မဖြစ်မနေ စိတ်ရောဂါကုဆရာဝန်နှင့် တွေ့ဆုံကြရလေသည်။

ထို့နေမနက်ပိုင်းတွင် ကျန်းကျင်းခိုင်ထံ ကျန်းနန်ဆီမှ ဖုန်းဝင်လာ၏။ ထိုအခါ သူနှင့်လူရှောက်ချိန်တို့ ရာဇဝတ်မှုဖြစ်ပွားရာနေရာသို့ ချက်ချင်းပင် ရောက်သွားကြသည်။ အခင်းဖြစ်ပွားရာနေရာတွင် မြင်ရသည့်မြင်ကွင်းမှာ သူ့တို့မြင်ဖူးနေကျ မြင်ကွင်းမျိုးပင်။ အမျိုးသားတဦးနှင့် အမျိုးသမီးတဦးသည် လိင်ဆက်ဆံနေရင်းတန်းလန်းအနေအထားနှင့် အသက်ပျောက်နေကြ၏။

"ဘာသဲလွန်စတွေ တွေ့ရသေးလဲ"

အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးပြီးနောက် ကျန်းကျင်းခိုင်က ကျန်းနန်ကို မေးလိုက်သည်။

"မရှိဘူးအင်စပက်တာ"

ကျန်းနန် ပုခုံးတွန့်လိုက်၏။

"မိန်းကလေးက ဖေး လို့ခေါ်တဲ့ ပြည့်တန်ဆာတယောက်ပဲ ဒီလူကတော့ သင်္ဘောကုမ္ပဏီတစ်ခုက ဝန်ထမ်းပဲ အင်စပက်တာ သူ့နာမည်က လျူချန်းကျန့်တဲ့"

ပြောနေရင်း ကျန်းနန်က စိတ်ပျက်လက်ပျက်နှင့် ကုတင်တိုင်ကို ပိတ်ကန်လိုက်သည်။

"သေစမ်း စွေ့ဂိုဏ်းတောင်ပြိုကွဲသွားပြီ လူသတ်မှုတွေက ဆက်ဖြစ်နေတုန်းပဲ"

"ဟဲ ဟဲ အေးဆေးပေါ့ဗျာ ခနလေး စောင့်လိုက်ပါ ကျုပ်တို့ အမှန်တရားနဲ့ ပိုပြီးနီးစပ်လာပါပြီ"

ထိုအချိန်မှာပင် ကျန်းကျင်းခိုင်၏ ဖုန်းမြည်လာပြန်သည်။

"ဟုတ်ကဲ့ ကျန်းကျင်းခိုင်ပါ"

"မင်္ဂလာပါ အင်စပက်တာကျန်း"

ဖုန်းထဲမှ ချိုသာတဲ့ အမျိုးသမီးအသံတသံ ထွက်ပေါ်လာ၏။

"ကျွန်မ ရှုနင်းပါ ဆေးရုံကသတင်းရတယ် ချိုတောက်ကန်း သတိရလာပြီတဲ့"

"တကယ်လား"

ထိုသတင်းကြောင့် ကျန်းကျင်းခိုင် စိတ်လှုပ်ရှားသွား၏။ တချိန်တည်းမှာပင် သူ အံ့သြသွားလေသည်။ တဖက်မှ ဖုန်းဆက်နေသူမှာ ရှုနင်းဖြစ်နေသည် မဟုတ်ပါလား။

"ဒါနဲ့ မင်းက ဘယ်လိုလုပ်..."

"အော် ကော်မရှင်နာယောက်က ကျွန်မကို ဒီခနပြောင်းထားပါတယ် အင်စပက်တာ"

"အော် ဟုတ်ပြီ ကျုပ် ဆေးရုံကို ခုပဲသွားလိုက်မယ် ကျေးဇူးပါပဲရှုနင်း"

ရှုနင်း မည်သူမည်ဝါမှန်း အတော်များများ သိကုန်ကြပြီဖြစ်၍ သူမကိုကာကွယ်ရန် ယောက်ထန်းယုက အနီးကပ်ခေါ်ထားလိုက်သည့်ပုံပင်။

ဆေးရုံသွားနေရင်း ကျန်းကျင်းခိုင်က အားကျောက်ကို ဖုန်းခေါ်လိုက်သည်။ ဖုန်းထဲမှ အားကျောက်၏ ပျော်ရွှင်မြူးထူးနေသောအသံ ထွက်ပေါ်လာ၏။

"ဟေး ဟန်နီ ရှင် အခု ဘာတွေလုပ်နေလဲ"

"ချိုတောက်ကန်း သတိရလာပြီလို့ပြောတယ် ဒါကြောင့် ကျုပ် ဆေးရုံသွားမလို့"

"အော် အင်းအင်း သွားလေ ကျွန်မ ကျောင်းကင်တင်းမှာပဲ နေ့လည်စာစားလိုက်မယ် ဘာမှစိတ်ပူမနေနဲ့နော်"

"ကောင်းပြီ ကိုယ့်ကိုယ်ကို ဂရုစိုက်နော် ကျောင်းထဲမှာပဲနေ ဘယ်မှမသွားနဲ့ ညကျရင် ကျုပ် လာခေါ်မယ် ဟုတ်ပြီလား"

"ကောင်းပါပြီရှင့် ဖေဖေကြီး"

အထက်ပါအတိုင်းပြောရင်း အားကျောက် ရယ်မောလိုက်၏။

"အေးပါကွာ ကဲကဲ ဒါဆိုကျုပ်သွားပြီ တာ့တာ"

ထို့နောက် ကျန်းကျင်းခိုင် ဖုန်းချလိုက်၏။

"ဘာလဲ ရှင့်ဘဲကြီးက ရှင့်ကို စိတ်ပူနေပြန်ပြီမလား"

အားကျောက်ဘေးတွင် ရှိနေသော ချွေကျင်းက ပြုံးစေ့စေ့နှင့် ပြောလိုက်၏။

"ဒီမယ်ကြည့် မစ္စတာကျန်းက ရှင့်ကို အရမ်းချစ်တာနော် သူ ရှင့်ကို လက်ထပ်လိမ့်မယ်

ထိုအခါ အားကျောက်က ချွေကျင်းကို ပြန်စလိုက်ပြန်၏။

"ဒါကိုအသာထားစမ်းပါ ရှင် ခုနောက်ပိုင်း နည်းနည်းထူးဆန်းနေတယ် ဆေးရုံတက်နေတုန်း ဘာတွေဖြစ်ခဲ့တာလဲ ပြောပြစမ်း"

ချွေကျင်း ပြုံးစေ့စေ့ ဖြစ်သွား၏။

"ဘာဖြစ်ခဲ့ရမှာလဲ ဘာမှမဖြစ်ခဲ့ပါဘူးနော်"

ထို့နောက် ချွေကျင်းသည် မချိုမချဥ်ပြုံးကာ စားပွဲတွင် သင်ကြားရေးအစီအစဥ်ကို ရေးသားနေလိုက်လေသည်။

ထိုအချိန်တွင် အားမင်သည် မူကြိုကျောင်းတဖက်ခြမ်းရှိ တိုက်ခန်းမှ သူတို့ကို စောင့်ကြည့်နေ၏။ အားတောက်သေဆုံးသွားသော်ငြား ပေးခဲ့ပြီးသည့်ကတိကို တည်သင့်သည်ဟု အားမင် ခံစားရ၏။ အားကျောက် အိမ်ထောင်မပြုခင်အချိန်ထိ စောင့်ရှောက်ပေးရန် အားတောက်က အားမင်ကို တောင်းဆိုခဲ့သည်မဟုတ်ပါလား။ အားမင်အနေနှင့်လည်း အားတောက်၏ အဆိုပါထူးဆန်းသောတောင်းဆိုမှုကို လက်ခံခဲ့၏။ ယခုတော့ ဘာကြောင့် ထိုသို့တောင်းဆိုရမှန်း အားမင် သိရှိသွားလေပြီ။ ဂိုဒေါင်တွင်းတိုက်ပွဲမှ အသက်ရှင်လျက် ပြန်မလာနိုင်မှန်း အားတောက် ကြိုတင်သိရှိထားချေသည်တကား။

All Chapters