ချိုတောက်ကန်း၏ဝန်ခံချက်
Vol. 12 Ch. 112
ကျန်းကျင်းခိုင်တယောက် ချိုတောက်ကန်း၏ ဆေးရုံခန်းထဲသို့ လျှောက်ဝင်လာ၏။ ရဲအစောင့်နှစ်ဦး အခန်းထဲ၌ ရပ်နေပြီး ကျန်ရဲတချို့မှာ အခန်းပြင်တွင် အဆက်မပြတ် ကင်းလှည့်နေကြသည်။ စွေ့ရာဇဝတ်ဂိုဏ်းကြီး၏အင်အားအများစုမှာ ဂိုဒေါင်တိုက်ပွဲတွင် သေဆုံးကုန်ကြပြီဖြစ်သော်လည်း အသက်ရှင်ကျန်ရစ်သူတချို့လည်း ရှိနိုင်သေးပေသည်။ ထိုအထဲမှ တဦးသည် ထ်ိပ်ပြောင်ဝံပုလွေကဲ့သို့ ဒဏ္ဍာရီလာတဦး ဖြစ်မလာဟု မည်သူပြောနိုင်မည်နည်း။
"ခင်ဗျားကျန်းမာရေး အတော်တိုးတက်လာတဲ့ပုံပဲ"
ကျန်းကျင်းခိုင်က ချိုတောက်ကန်းကို ကြည့်ရင်း ပြောလိုက်သည်။ ထို့နောက် သူက ကုတင်ဘေးတွင် ဝင်ထိုင်ရင်း စကားဆက်လိုက်ပြန်၏။
"ကျုပ်တို့ ခုလောက်ဆိုရင် စကားပြောလို့ရပြီထင်တယ်"
"ပြောပါ"
ချိုတောက်ကန်းက ကျန်းကျင်းခိုင်ကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။ ၎င်း၏မျက်နှာသည် ဖြူဖျော့နေပြီး အလွန်အားနည်းဟန် ပေါ်နေ၏။
"ခင်ဗျားက အင်စပက်တာကျန်းမလား မေးစရာရှိရင် မေးပါ"
"ဟုတ်ကဲ့ ကျုပ်နာမည် ကျန်းကျင်းခိုင်ပါ"
အထက်ပါအတိုင်း ပြန်ဖြေပြီး သူက တချက်ပြုံးကာ စကားဆက်လိုက်၏။
"ခင်ဗျားဟာ စွေ့ညီအစ်ကိုရဲ့ မိတ်ဆွေရင်းဖြစ်တဲ့အပြင် သူတို့အဖွဲ့ရဲ့ တတိယခေါင်းဆောင်ဆိုတော့ သိသင့်သိထိုက်တာ အတော်များများ သိနေမယ်လို့ ကျုပ် ယူဆတယ် ဒီတော့ ကျုပ်တို့ ကျောက်ရန်းချုနဲ့ စကြရအောင်"
"ကောင်းပြီ"
ချိုတောက်ကန်း ခေါင်းညိတ်ပြလိုက်၏။
"ခင်ဗျားကိုကြည့်ရတာ ပြန်ပေးမှု ဒါမှမဟုတ် မူးယစ်ဆေးဝါးမှောင်ခိုမှုအကြောင်း ပြောဖို့ရောက်လာတာ မဟုတ်ဘူးထင်တယ် ဟုတ်သလား"
"ခင်ဗျား ညဏ်ကောင်းသားပဲ"
ကျန်းကျင်းခိုင် ခေါင်းညိတ်ရင်း ချီးကျူးလိုက်၏
"ခင်ဗျားဟာ ဉာဏ်ကောင်းတဲ့လူတယောက် ဖြစ်တဲ့အတွက် ကျွန်တော့်မေးခွန်းတွေကို ရိုးရိုးသားသားနဲ့ ပြည့်ပြည့်စုံစုံ ဖြေကြားပေးမယ်လို့ ကျုပ် မျှော်လင့်တယ်"
ချိုတောက်ကန်း ပြုံးလိုက်၏။
"ကျွန်တော်ဟာ သေအံ့မူးမူးအခြေအနေမှာရှိတယ်ဆိုတာ ခင်ဗျား သိပါတယ် ဒါကြောင့် ခင်ဗျားလိုပဲ ကျွန်တော်လဲ မသေခင် ကျွန်တော့်အဖွဲ့သားတွေ ဘာဖြစ်သွားပြီလဲ သိချင်နေတယ် ဒီတော့ကျွန်တော်တို့ သဘောတူညီချက်တစ်ခု လုပ်ကြရအောင်လား အင်စပက်တာ"
"သဘောတူညီချက်လား"
ကျန်းကျင်းခိုင် ခေတ္တတွေဝေသွားပြီး ချိုတောက်ကန်းကို အေးစက်စက်လေသံနှင့် ပြောလိုက်သည်။
"ကောင်းပြီလေ ဒါပေမဲ့ ခင်ဗျားရဲ့ အခြေအနေက သဘောတူညီချက်နဲ့ ထိုက်တန်ရဲ့လားဆိုတာကိုတော့ ကျုပ် မေးခွန်းထုတ်ချင်နေသေးတယ်"
"ဟဲ ဟဲ တနေ့ ရဲတပ်ဖွဲ့က ထွက်ဖြစ်ရင် ခင်ဗျား စီးပွားရေးသမားတယောက် ဖြစ်လာနိုင်ချေရှိတယ်"
ချိုတောက်ကန်း၏ မျက်လုံးထဲတွင် လိမ္မာပါးနပ်ဟန်များ ထင်ဟပ်နေ၏။
"အမှန်အတိုင်းပြောရရင် လူသတ်သမားဘယ်သူလဲဆိုတာ ကျွန်တော် သိချင်နေတယ်"
"တော်တော်ကောင်းတဲ့အကြောင်းပြချက်ပဲဗျ"
ကျန်းကျင်းခိုင် ကျေနပ်ဟန်ဖြင့် ပြုံးလိုက်သည်။
"ခင်ဗျားရဲ့တောင်းဆိုမှုကို ကျုပ် လက်ခံပါတယ် ဒါပေမဲ့ အဖြေကိုသိရဖို့ ခင်ဗျား အသက်ရှင်နေသေးဖို့တော့ လိုလိမ့်မယ်ထင်တယ်"
"ကိုယ့်ကိုယ်ကို သိပ်မနှိမ့်ချပါနဲ့လေ အင်စပက်တာကျန်း လူအခွင့်အရေးကို အလေးအနက်ထားတဲ့ ဒီလိုခေတ်မျိုးမှာ ကျုပ် ကောင်းကောင်းမကျန်းမာသေးပဲ သူတို့ ကျုပ်ကို မကွပ်မျက်ပါဘူးဗျာ ဒီအတောအတွင်း ခင်ဗျား အဖြေကို ရှာတွေ့သွးပါလိမ့်မယ်"
ကြည့်ရသလောက် ချိုတောက်ကန်းသည် အတော်လေး ညဏ်ကောင်းပုံပင်။ မူးယစ်ဆေးဝါးမှောင်ခိုလောကတွင် စွေ့ကျုံးယီနှင့်ချိုတောက်ကန်းကဲ့သို့ ပညာတတ်ပြီး ဉာဏ်ရည်ထက်မြက်သော ခေါင်းဆောင်အတော်များများ ရှိခဲ့ဖူး၏။ မူးယစ်ဆေးဝါးဘုရင်အားလုံးမှာ ရုပ်မြင်သံကြားတွင် မြင်တွေ့ရသကဲ့သို့ ရမ်းကားပြီး ပါးစပ်ကြမ်းသူများ မဟုတ်ကြပေ။
"ကောင်းပြီလေ စကားဆက်ကြရအောင်"
ချိုတောက်ကန်းက စကားစလိုက်သည်။
"အစ်ကိုယီဟာ ကျောက်ရန်းချူကို လမ်းကြားထဲလွှတ်ခဲ့တယ် တန်ရှောက်ချန်းနဲ့ ကောက်တင်ကန်းကိုလဲ လွှတ်ခဲ့တယ် ဒီလိုလွှတ်ဖို့လဲ ကျုပ်တို့သုံးယောက်လုံး သဘောတူခဲ့တယ် ကျွန်တော်တို့ ကျောက်ရန်းချူကို အဓိကစေလွှတ်ခဲ့ရတဲ့အကြောင်းက အားရှုဆိုတဲ့ မိန်းကလေးကို ရှာဖို့ပဲ"
"အားရှုကိို ရှာဖို့ ဟုတ်လား ဘာအတွက်လဲ"
"ပိုက်ဆံအတွက်ပေါ့ဗျာ"
ချိုတောက်ကန်း ပြုံးဖြီးဖြီးဖြစ်သွား၏။
"စွေ့ကျုံးလီကလွဲပြီး ကျွန်တော်နဲ့အစ်ကိုယီက လူသတ်တာကို သိပ်မကြိုက်ဘူး ကျွန်တော်ဆိုရင် ပိုက်ဆံကိုပဲ စိတ်ဝင်စားတယ် စွေ့တီကွမ်းအသက်ရှင်တုန်းက အားရှုဟာ ဘိန်းဖြူအမြောက်အများ ရွှေ့ပြောင်းရာမှာ ကူညီပေးခဲ့ဖူးတယ်ဗျ ဒါကြောင့် သူ့အနေနဲ့ ဒီအလုပ်ကို ပြန်လုပ်ချင်သလားဆိုတာ သိချင်လို့ ကျွန်တော်တို့ သူ့ကို ရှာခိုင်းခဲ့တာ"
ထို့နောက် သူက စကားကိုရပ်ပြီး နံရံကို စိုက်ကြည့်နေ၏။ ပြီးမှ သူက စကားဆက်လိုက်သည်။
"ကျောက်ရန်းချူကို ဘာလို့လွှတ်သလဲဆိုတော့ သူဟာ အားရှုရဲ့ အဓိကကြားခံ ဖြစ်ခဲ့ဖူးလို့ပဲ အားရှုက မူးယစ်ဆေးဝါးတွေကို ကျောက်ရန်းချူကတဆင့် လက်ခံခဲ့တာပေါ့ ဒါကြောင့် သူတို့နှစ်ယောက်ဟာ အလုပ်လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးရှိပြီးသားလို့ဆိုနိုင်တယ်"
"အားရှုဟာ မူးယစ်ဆေးဝါးတွေကို စွေ့တီကွမ်း ဆီက တိုက်ရိုက်မယူပဲ ကျောက်ရန်းချူကတဆင့်ယူခဲ့တယ်လို့ ခင်ဗျားပြောတာလား"
ကျန်းကျင်းခိုင် အံ့သြသင့်သွား၏။
"ဒါဆို ဘာလို့ အားရှုက စွေ့တီကွမ်းကို အမြဲတမ်း သွားတွေ့နေတာလဲ"
ချူတောက်ကန်း ပြန်ဖြေလိုက်သည်။
"စွေတီကွမ်းက နည်းနည်း… ဘယ်လိုပြောရမလဲ ဒီလိုဗျာ သူက အမျိုးသမီးတွေနဲ့ အတူရှိနေရတာကို ကြိုက်တယ်လို့ပဲ ပြောရအောင် ပြီးတော့ အားရှုကိုယ်တိုင်ကလည်း ဒါကို သဘောကျတယ်လေ ဒါကြောင့် အားရှုက သူ့ကို ပုံမှန်သွားတွေ့တဲ့သဘောပါပဲ အဲဒီအတွက်လည်း သူက အားရှုကို ဘိန်းဖြူနည်းနည်း ငွေသားနည်းနည်းစီ ပေးတတ်တယ် ဒါက အားရှုအတွက် အဆင်တောင်ပြေနေသေးတယ် ဒီနည်းနဲ့ သူက ကျောက်ရန်းချူကို ဖုံးကွယ်ထားနိုင်တယ်လေ"
"ကျုပ် နားလည်ပြီ"
ကျန်းကျင်းခိုင် ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို အားရှုနဲ့ ကျောက်ရန်းချူဟာ မူးယစ်ဆေးဝါးတွေကို ဘယ်လိုပုံစံနဲ့ အပေးအယူလုပ်ကြတာလဲ"
"အော် အဲဒါလား အဲ့ဒါကတော့ ခင်ဗျား ကျောက်ရန်းချူကို ကိုယ်တိုင် မေးမှရတော့မယ်"
ထို့နောက် ချူတောက်ကန်းက ပြုံးစေ့စေ့နှင့် ပြောလိုက်၏
"ဒါမှမဟုတ် ကျွန်တော် ငရဲဘုံကို ရောက်သွားရင်တော့ ခင်ဗျားအတွက် မေးပေးမယ် ဒါပေမဲ့ ခင်ဗျားကို ပြန်ပြောဖို့ကျတော့ နည်းနည်းခက်လိမ့်မယ်"
"ခင်ဗျား ကျွန်တော့်ကို အိပ်မက်ကနေတစ်ဆင့် ဆက်သွယ်ပေါ့ဗျာ"
ကျန်းကျင်းခိုင်က ပြန်ပက်လိုက်သည်။
"ခင်ဗျားပြောသလိုဆိုရင် အားရှုနဲ့ ကျောက်ရန်းချူဟာ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေပဲလေ လမ်းကြားထဲရောက်တော့ သူ အားရှုကို ဘာလို့တိုက်ရိုက်မဆက်သွယ်တာလဲ"
"ကျွန်တော် သိထားတာမမှားဘူးဆိုရင် စွေ့တီကွမ်းသေဆုံးပြီးနောက် အမှုကို ခင်ဗျားကိုင်ခဲ့တာ ဟုတ်တယ်မလား ဒါအမှန်ဆိုရင် ခင်ဗျားကိုယ်ခင်ဗျားပဲ အပြစ်တင်ရလိမ့်မယ် ဘာကြောင့်လဲဆိုတော့ စွေ့တီကွမ်း အဖမ်းခံရပြီးပြီးချင်း ကျန်အဖွဲ့သားတွေအားလုံး ထွက်ပြေးကြရလို့ပဲ ကျွန်တော်တောင် ဒီကိုမလာခင် တခြားတနေရာမှာ နှစ်ဝက်လောက် ပုန်းနေခဲ့ရသေးတယ်"
"ဒီတော့ ကျောက်ရန်းချူနဲ့ အားရှု အဆက်အသွယ်ပြတ်သွားတယ်လို့ ခင်ဗျား ပြောချင်တာပေါ့ ဟုတ်လား"
ကျန်းကျင်းခိုင်က အတည်ပြုလိုက်၏။
"မှန်တယ် ဒီကောင်ကျောက်ရန်းချူ ဒီကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှ ပြန်ရောက်လာတာ လွန်ခဲ့တဲ့ ခြောက်လလောက်က အစ်ကိုလီ ပြန်ရောက်လာတော့ ကျွန်တော်တို့လုပ်ငန်းတိုးချဲ့ဖို့ ဆုံးဖြတ်လိုက်တယ် ဒါကြောင့် အရင်လမ်းကြားထဲက ကွန်ယက်ကို ပြန်တည်ဆောက်ဖို့ ကျွန်တော်တို့ ကျောက်ရန်းချူကို ပြန်ခေါ်ခဲ့တာ"
ကျန်းကျင်းခိုင်က ဆက်မေးလိုက်ပြန်သည်။
"ကျောက်ရန်းချူသေသွားတော့ တန်ရှောက်ချန်းနဲ့ ကောက်တင်ကန်းကို ဘာလို့ထပ်လွှတ်ခဲ့တာလဲ"
ချိုတောက်ကန်း ပြုံးလိုက်ပြန်သည်။
"အစတုန်းက ဒီကောင်ကျောက်ရန်းချူ ပျောက်သွားတယ်လို့ပဲ ကျွန်တော်တို့ ထင်နေခဲ့တာ နောကိတော့ သူ သေသွားတယ်လို့ ကျွန်တော်တို့ သိလာခဲ့တယ် နောက်ပိုင်းမှာ အားရှု နဲ့ အတော်လေးတူတဲ့ အမျိုးသမီးတစ်ဦး လမ်းကြားထဲမှာ ပေါ်လာပြန်တယ် ဒါကြောင့် တန်ရှောက်ချန်းကို စုံစမ်းဖို့ ကျွန်တော်တို့ ထပ်လွှတ်ခဲ့တယ် သူ အဲ့ဒီအမျိုးသမီးနဲ့အတူ သေဆုံးသွားလိမ့်မယ်လို့ ကျွန်တော်တို့ ဘယ်ထင်ခဲ့ပါ့မလဲ နောက်တော့ ကောက်တင်ကန်းကိုပို့လိုက်တယ် သူလည်း ပြန်မလာခဲ့ဘူး"
"ဒါဆို တန်ရှောက်ချန်းနဲ့အတူ သေဆုံးသွားတဲ့ အမျိုးသမီးက အားရှုမဟုတ်ဘူးလို့ ခင်ဗျား ထင်တယ်ပေါ့ ဟုတ်လား"
ကျန်းကျင်းခိုင်က မသိမသာ ဖိအားပေးလိုက်၏။
"ရိုးရိုးသားသားပြောရရင် ကျွန်တော် မသိဘူး"
ချိုတောက်ကန်း ခေါင်းခါလိုက်သည်။
"ဒါပေမဲ့ နည်းနည်းတော့ သံသယရှိတယ် ကျွန်တော် အားရှုကို အရင်က မြင်ဖူးတယ် ဒါပေမဲ့ သေဆုံးသွားတဲ့ အမျိုးသမီးကျတော့ အားရှုထက် သိသိသာသာ ငယ်နေတယ်လို့ ကျွန်တော် ခံစားမိပါတယ်ဗျ သူ တကယ်ပဲ အားရှု ဟုတ်လား မဟုတ်လားဆိုတာတော့ ကျွန်တော် ဘယ်ပြောနိုင်ပါ့မလဲဘာပဲပြောပြော ဒီနေ့ခေတ်ဆိုတာက အမျိုးသမီးတွေ လှဖိုပဖို့အတွက် မျက်နှာကို ခွဲစိတ်ပြုပြင်ကြတယ်မလား အားရှု ဒီလိုလုပ်မထားဘူးလို့ အတိအကျ မပြောနိုင်ဘူးလေ"
ချိုတောက်ကန်း၏စကားမှာ ကျိုးကြောင်းဆီလျော်နေ၏။ အားကျောက်သည်ပင် သူ့ကို မျက်ကပ်မှန်တစုံနှင့် လှည့်စားခဲ့ဖူးသည် မဟုတ်ပါလား။
"ဒါဆို ကျောက်ရန်းချူ နဲ့ကျန်လူနှစ်ယောက် သေဆုံးမှုအတွက် ဘယ်သူ တာဝန်ရှိတယ်လို့ ခင်ဗျားထင်သလဲ"
ကျန်းကျင်းခိုင်က မေးလိုက်ပြန်၏။
"ရှင်းပါတယ် ကျွန်တော်တို့အဖွဲ့နဲ့ ပြသနာတခုခုရှိနေတဲ့လူပေါ့ဗျာ"