← Chapters

မမျှော်လင့်သည့်လူသတ်မှု

Vol. 12 Ch. 113

မမျှော်လင့်သည့်လူသတ်မှု

Vol. 12 Ch. 113

ကျန်းကျင်းခိုင်နှင့် ချိုတောက်ကန်းတို့နှစ်ယောက် တစ်နာရီခန့်စကားပြောပြီး သူနာပြုတစ်ဦးရောက်လာသဖြင့် စကားပြတ်သွားလေသည်။ ချိုတောက်ကန်းအခြေအနေမှာလည်း အချိန်အတော်ကြာအောင် စကားပြောလိုက်ရ၍ အတော်လေး မောပန်းနေခဲ့လေပြီ။ သူ့အတွက်တော့ မေ့မြောနေခြင်းကပင် ခပ်ကောင်းကောင်းဟု ဆိုနိုင်၏။ ရဲများအနေနှင့် သူ့ကို ဆေးရုံတွင် သေခွင့်ပြုမည်မဟုတ်။ အနည်းဆုံးတော့ သူ ကွပ်မျက်ခံ​ရမည့်နေ့ထိ အသက်ရှင်နေရပေလိမ့်မည်။

ထို့နောက် ကျန်းကျင်းခိုင် အခန်းထဲမှ ထွက်လာခဲ့လေသည်။ အခန်းပြင်တွင် လူရှောက်ချိန် အသင့်ရပ်စောင့်နေ၏။ သူက လူရှောက်ချိန်ကို လှမ်းမေးလိုက်သည်။

"ဒါနဲ့ အားတီ ဆေးရုံက မဆင်းသေးဘူးမလား"

"မဆင်းသေးဘူး အင်စပက်တာ"

လူရှောက်ချိန် ခေါင်းတချက်ခါရင်း ပြန်ဖြေလိုက်၏။

"သူ့ကို စောင့်ကြည့်ဖို့ ကျွန်တော်တို့ အလှည့်​ကျစနစ်လေးလုပ်ထားတယ် အင်စပက်တာ"

"ကောင်းပြီ ဒါဆို ကျုပ်တို့ သူ့ဆီ သွားလည်ကြရအောင်"

ကျန်းကျင်းခိုင် အထက်ပါအတိုင်းပြောပြီး အားတီ၏ အခန်းဆီလျှောက်သွားလိုက်လေသည်။ သူ့အခန်းအပြင်တွင်လည်း ရဲနှစ်ယောက် စောင့်ကြပ်နေကြ၏။ သူတို့ထဲမှ တစ်ယောက်က ကျန်းကျင်းခိုင်ကို မြင်သည်နှင့် အလေးပြုလိုက်လေသည်။

"အင်စပက်တာကျန်း ရောက်လာပြီလား"

"အေး ဟုတ်တယ်ကွ မင်းတို့လုပ်တာကောင်းတယ် ဆက်ကြိုးစားကြ ဒါနဲ့ လူနာအခြေအနေ ဘယ်လိုရှိသလဲ သူ စကားပြောနိုင်လား"

"ဟုတ်ကဲ့ ပြောနိုင်ပါတယ် အင်စပက်တာ"

ထိုအရာရှိက ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ သူ့အခြေအနေက သိပ်မကောင်းဘူး အင်စပက်တာ ဆရာဝန်တွေကတော့ သူ့ဒဏ်ရာ ပိုးဝင်နေတယ်လို့ ပြောတယ်"

"ဟုတ်လား ကောင်းပြီလေ ကျုပ် အထဲဝင်ကြည့်လိုက်အုံးမယ်"

ပြောပြောဆိုဆို ကျန်းကျင်းခိုင်က အခန်းထဲသို့ ဝင်သွား၏။ အခန်းထဲတွင် အားတီအသင့်ရှိနေသည်။ သူ့ကိုမြင်သည်နှင့် ၎င်းက နှုတ်ဆက်လိုက်၏။

"မင်္ဂလာပါ အင်စပက်တာကျန်း"

အားတီ၏ ပုံစံမှာ သိပ်မဟန်လှ။ အခြေအနေမှာ ပို၍ဆိုးရွားလာပုံရသည်။ အပြင်ဘက်မှ အရာရှိပြောသည်မှာ မှန်နေပုံရသည်။

"ဟုတ်တယ် ကျုပ် မင်းကို လာကြည့်တာ"

ကုတင်ဘေးရှိ ထိုင်ခုံတွင် ဝင်ထိုရင်း သူက ပြောလိုက်၏။

"အလောသုံးဆယ်လာရတော့ ဘာမှပါမလာဘူးကွာ ဆောရီးပဲ"

ထို့နောက် သူက အိတ်ကပ်ထဲက ယွမ်တစ်ရာကို ထုတ်ပြီး အရာရှိတဦးကို ကမ်းပေးရင်း ပြောလိုက်သည်။

"ဟေ့ မင်းတာဝန်ချိန်ပြီးသွားရင် သူ့အတွက် အသီးလေးဘာလေး ဝယ်ပေးလိုက်ပါကွာ"

"နေပါစေ အင်စပက်တာ"

အားတီ ခေါင်းခါပြလိုက်၏။

"တကယ်တော့ ကျွန်တော် အခု ဘာမှ မစားချင်ဘူး အင်စပက်တာ ကျွန်တော့်အတွက် အချိန် သိပ်မကျန်တော့ဘူးလို့ ခံစားနေရတယ်"

"ဟေ့ မင်း ဘာတွေလျှောက်ပြောနေတာလဲ"

စိတ်ဓာတ်ကျနေသောအားတီကို ကျန်းကျင်းခိုင်က နှစ်သိမ့်လိုက်ရလေသည်။

"စိတ်ကိုအေးအေးထားစမ်းပါကွာ ခေတ်မီဆေးပညာက သိပ်တိုးတက်လာပြီ မင်း သေချာပေါက် ပြန်ကောင်းလာမှာပါ"

"ဟဲဟဲ ကျွန်တော့်အကြောင်း ကျွန်တော့်သိပါတယ်ဗျာ…"

အားတီ၏မျက်နှာတွင် ခါးသီးသောအပြုံးတခု ပေါ်ပေါက်လာ၏။

"ဒါနဲ့ ဒီကိုလာတာ မေးခွန်းတွေထပ်မေးဖို့မလား"

"မဟုတ်ပါဘူးကွာ ကျုပ်က မင်းကိုလာကြည့်တာပါ"

ကျန်းကျင်းခိုင်က ပြုံးပြရင်း ပြန်ဖြေလိုက်၏။

"ပြီးတော့ စွေ့ကျုံးယီတို့ ညီအစ်ကိုသေသွားတာရယ် သူတို့အဖွဲ့က တတိယခေါင်းဆောင် ချိုတောက်ကန်းကို ကျုပ်တို့ဖမ်းဆီးထားပြီဆိုတာရယ်ကို ပြောပြချင်တာလဲ ပါတာပေါ့ ချိုတောက်ကန်းကတော့ ဒဏ်ရာပြင်းထန်တယ် ဟိုဖက်အခန်းမှာ ဆေးရုံတ​က်နေလေရဲ့"

"ဂုဏ်ယူပါတယ်အင်စပက်တာ"

"အေး မင်းလဲဂရုစိုက်ကွာ အော် ဒါနဲ့ တခုရှိသေးတယ်ကွ ပထမ​တခေါက်က မင်းပြောသေးတယ်လေ အားရှု သေသွားပြီဆိုတာ...အဲဒါ"

အမှုနှင့်မပတ်သက်ဟု ပြောခဲ့သော်လည်း ဤမေးခွန်းကို ကျန်းကျင်းခိုင် မမေးပဲ မနေနိုင်။

"အင်စပက်တာကျန်း ခင်ဗျား အဲဒီအကြောင်းကို မေးမယ်ဆိုတာ ကျွန်တော် သိပါတယ်"

အားတီ ရယ်မောလိုက်၏။

"မှန်ပါတယ် အားရှု တကယ်သေသွားပါပြီ သူ လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်က သေသွားတာပေါ့"

"လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်ကလား"

ကျန်းကျင်းခိုင် မျက်လုံးပြူးသွား၏။ သူကသာ အားရှုကို အသည်းအသန် လိုက်ရှာနေသည်။ ယခုတော့ အားရှု သေသွားပြီ ဆိုပါကလား။

"ဟုတ်တယ် အင်စပက်တာ"

အားတီ ခေါင်းငြိမ့်လိုက်၏။

"သူ့အလောင်းကို ကျွန်တော်ကိုယ်တိုင်ပဲ မြှုပ်ခဲ့တာပေါ့ဗျာ"

"ဟေ ဟုတ်လား ဒါဆို သူ… ဘယ်လိုများသေသွားတာလဲ"

"အဖြစ်အပျက်ကို ကျုပ် ကောင်းကောင်းမှတ်မိသေးတယ်"

အားတီက မျက်လုံးများ ပိတ်ပြီး လည်ချောင်းရှင်းလိုက်၏။ ပြီးမှ မျက်လုံးပြန်ဖွင့်ပြီး သူ စကားစလိုက်သည်။

"အားရှု စစ်ကြောခံရပြီး နောက်ထပ်ရက်အနည်းငယ်လောက်အကြာမှာပေါ့ အားလျန်လို့ခေါ်တဲ့ ကောင်မလေး ကျွန်တော့်ကို လာရှာတယ် သူပြောတာက အားရှု သေသွားပြီတဲ့ သူ့အလောင်းကို မြှုပ်ဖို့ ကျွန်တော့်ရဲ့ အကူအညီ လိုတယ်တဲ့ ဒါနဲ့ ကျွန်တော်လဲ သူ့နဲ့အတူ အားရှုရဲ့ အခန်းကို လိုက်သွားတယ် အားရှုက တကယ်သေနေပြီဗျ သူ့တကိုယ်လုံး ပုံပျက်ပန်းပျက် ဖြစ်နေတယ် လူမဆန်တဲ့ နှိပ်စက်မှုကြောင့် သေရမှန်း သိသာနေတာပေါ့ ဒါနဲ့ ကျွန်တော်လဲ အားရှုသေမသေစစ်ဆေးတယ် ပြီးတော့ ဘာဖြစ်ခဲ့လဲလို့လည်း အားလျန်ကို မေးခဲ့တယ်…"

ထိုအခိုက်အတန့်တွင် အားတီက စကားကို ခေတ္တရပ်ပြီး လည်ချောင်းရှင်းလိုက်ပြန်၏။

"အားလျန်က ပြောတယ် အားရှုဟာ သူတို့ညီအစ်မတွေအပေါ် အကြွေးတွေ အများကြီးတင်နေသတဲ့ ဒါကို ပြန်မပေးပဲ နေ့ရွှေ့ညရွှေ့လုပ်နေတော့ သူတို့က သူ့ကို… ဆားရည်တွေ ပါးစပ်ထဲ အတင်းလောင်းထည့်ကြသတဲ့လေ"

ထိုစကားကို ပြောလိုက်ချိန်တွင် အားတီ၏မျက်နှာတွင် အလွန်ထူးဆန်းသော အမူအရာများ ပေါ်ပေါက်လာ၏။ သူ့ပုံစံမှာ ထိုနေ့ကိုပင် ချက်ချင်းပြန်ရောက်သွားသည့်ဟန်ပေါ်သည်။

"ဘာလို့ အားလျန်က မင်းကို လာရှာတာလဲ"

ကျန်းကျင်းခိုင်က အားတီ စိတ်အပြောင်းအလဲဖြစ်သွားစေရန် မေးခွန်းပြောင်းမေးလိုက်ခြင်း ဖြစ်သည်။

"အားလျန်က ကျွန်တော့တို့ဇာတိမြို့ကလေ အင်စပက်တာ များသောအားဖြင့် မိန်းကလေးတစ်ယောက် လမ်းကြားထဲမှာ သေရင် သူတို့က အားချွန်ကိုပဲ သွားရှာကြလေ့ရှိတယ် ဒီတခေါက်မှာတော့ အားရှုဟာ အလုပ်လုပ်ရင်း သေသွားတာမဟုတ်ဘူး အင်စပက်တာ သူတို့ညီအစ်မတွေကပဲ သူ့ကို သတ်ခဲ့ကြတာ ဒါကြောင့် အားလျန်က ကျွန်တော့်ဆီ လာခဲ့တာပေါ့ ပြီးတော့ ကျွန်တော်နဲ့ အားလျန်က ဇာတိမြို့တူတဲ့အတွက် အတော်လေး ရင်းနှီးတယ် ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက် သေသွားတိုင်း​ အောက်​ခြေသိမ်းလုပ်ကြရတာ ကျွန်တော်နဲ့ အားချွန်တို့ပါပဲဗျာ နောက်ဆုံးတော့ အားလျန်ရဲ့အကူအညီနဲ့ ကျွန်တော် အားရှုကို မြေမြှုပ်ခဲ့တယ် သူ ဘာဖြစ်သွားမှန်း ခုချိန်ထိ ဘယ်သူမှ မသိကြသေးဘူး"

အားတီ သက်ပြင်းချလိုက်၏။

အင်း ကံကြမ္မာကြီးက ဆိုးဝါးလိုက်တာဗျာ အခု ကျွန်တော့်ဆီမှာ ဖြစ်နေတာကိုက ကံအကျိုးပေးပဲ ထင်ပါရဲ့"

"အားရှုလူသတ်မှုမှာ ဘယ်မိန်းကလေးတွေ ပါဝင်သလဲ မင်းသိသလား"

ကျန်းကျင်းခိုင်က ထပ်မေးလိုက်ပြန်သည်။

"အင်း ကျွန်တော် အားလျန်ကို ဒီမေးခွန်း မေးခဲ့ဖူးတယ် အားလုံး လူခြောက်ယောက် ပါဝင်ခဲ့တယ်လို့ သိရတယ်"

အားတီ တွေခနဲ ဖြစ်သွားပြီး ပြန်ဖြေလိုက်၏။

"သူတို့က အစတုန်းကတော့ အားရှုကို သတ်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူး၊ ဒါပေမဲ့…လက်လွန်ကုန်ကြတာပေါ့ဗျာ"

"သူတို့ နာမည်တွေ မှတ်မိသေးလား"

"အားဟွာ အားဟွိုင် အားဆွေ အားဖေး…ပြီးတော့ အားယင်ဆိုလားပဲ တစ်ယောက်လည်း ရှိသေးတယ် အားလျန်လည်း ပါတာပေါ့ဗျာ"

အားတီက သူ မှတ်မိသလောက် မိန်းကလေးများ၏ နာမည်ကို ရွတ်ပြလိုက်၏။

ထိုအချိန်တွင် ကျန်းကျင်းခိုင်က လူရှောက်ချိန်ဘက်လှည့်ပြီး အချက်ပြလိုက်၏။ လူရှောက်ချိန်က ခေါင်းညိတ်ပြလိုက်သည်။ ထိုမိန်းကလေးများ၏ နာမည်ကို ရေးမှတ်ထားပြီးပြီဟူသော သဘောပင်။

ထို့နောက် ကျန်းကျင်းခိုင်က အားတီကို မေးလိုက်ပြန်၏။

"ဒါနဲ့ အားတီရေ မင်း အားရှုကို ဘယ်မှာ မြှုပ်ခဲ့သလဲဆိုတာ မှတ်မိသေးလားကွ"

"မှတ်မိပါတယ်"

ပြောရင်းနှင့် အားတီ အသက်ရှုမြန်စပြုလာ၏။

"သူ့ကို မြှုပ်ခဲ့တာက… လမ်းကြားထဲမှာ… အဟွတ် အဟွတ်… လမ်းကြားထဲမှာပဲ… အဟွတ်… အဟွတ်…"

"မြန်မြန်ဟေ့ ဆရာဝန်ခေါ်"

အားတီ၏ အခြေအနေကို မြင်သည်နှင့် ကျန်းကျင်းခိုင် ချက်ချင်းခုန်ထပြီး အမိနိ့ပေးလိုက်သည်။ စက္ကန့်ပိုင်းအတွင်း ဆရာဝန်များ၊ သူနာပြုများ ဆေးရုံခန်းထဲကို အလျင်အမြန် ဝင်လာကြ၏။ ဆယ်မိနစ်လောက်အကြာတွင် အားတီ တည်ငြိမ်သွား၏။ ထို့နောက် သူ အိပ်ပျော်သွားလေသည်။

ကျန်းကျင်းခိုင်နှင့် လူရှောက်ချိန်တို့သည်လည်း အလိုက်တသိပင် ဆေးရုံမှ ပြန်လာခဲ့ကြ၏။ ကားထဲရောက်သည်နှင့် ကျန်းကျင်းခိုင်က လူရှောက်ချိန်ကို အမိန့်ပေးလိုက်၏။

"ဌာနကို ပြန်ကြမယ်"

ထို့နောက် ကျန်းကျင်းခိုင်၏ စိတ်အာရုံက စက္ကန့်ပိုင်းအတွင်း အမှုနှင့်ပတ်သက်သည့်အခြေအနေများထဲ စီးမြောဝင်ရောက်သွားတော့သည်။

လက်ရှိအခြေအနေအရ အားတီလိမ်နေခြင်းတော့ မဖြစ်နိုင်ချေ။ ထို့ကြောင့် အားရှုသေသွားမှန်း ကျန်းကျင်းခိုင် အတည်ပြုနိုင်လိုက်ပြီ ဖြစ်သည်။ ဒါသည် ကွင်းဆက်လူသတ်မှုများနှင့် မူးယစ်ဆေးဝါးကုန်ကူးမှု သက်ဆိုင်ခြင်းမရှိဟူသော အဓိပ္ပယ် သက်ရောက်မရောက် တွေးစရာ ဖြစ်လာ၏။ သို့သော် အမှုနှစ်ခု ပတ်သက်ခြင်းမရှိလျင် အားရှုအား သတ်ဖြတ်ရာတွင် ပါဝင်ခဲ့ကြသည့် မိန်းကလေးတိုင်း ဘာကြောင့် သေဆုံးကုန်ရလေသနည်း။ သို့မဟုတ် လက်စားချေနေခြင်းပေလား။ အားရှုအတွက် လက်စားချေနေသူ တစ်ယောက်ယောက် တကယ်ပင် ရှိနေလေသလား။ အကယ်၍ ရှိနေခဲ့သည်ဆိုလျင် ထိုလူက မည်သူပေနည်း။

ကျန်းကျင်းခိုင်၏မျက်နှာတွင် စိတ်ရှုပ်ထွေးဟန်များ အတိုင်းသား ပေါ်လွင်နေ၏။ ထိုအချိန်မှာပင် သူ့အတွေးထဲတွင် အားကျောက်၏မျက်နှာကို မြင်ယောင်လာသည်။ ထိုလူသည် အားကျောက်ပင် ဖြစ်နေလေရော့သလား။

All Chapters