← Chapters

ရှည်လျားသော ရှင်းပြချက်

Vol. 12 Ch. 114

ရှည်လျားသော ရှင်းပြချက်

Vol. 12 Ch. 114

လက်ထောက်ခရိုင်ရုံးသို့ ပြန်ရောက်သည်နှင့် ကျန်းကျင်းခိုင်က ကျန်းနန်ကို ချ​က်ချင်းပင် ဖုန်းခေါ်လိုက်၏။ ထို့နောက် သူက အားရှု အသတ်ခံရမှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး ယခုတိုင် အသက်ရှင်နေဆဲဖြစ်သည့် မိန်းကလေးနှစ်ဦးကို စောင့်ကြည့်ကာကွယ်ထားရန် အမိန့်ပေးလိုက်သည်။ ၎င်းတို့တွင် ဤအမှုကို ဖြေရှင်းနိုင်မည့် သော့ချက်ကိုယ်စီ ရှိနေကြသည် မဟုတ်ပါလား။

လုပ်စရာရှိသည်တို့ကို လုပ်ပြီးသည်နှင့် ကျန်းကျင်းခိုင်သည် သူ၏ စားပွဲသို့ ပြန်လာပြီး အမှုကို အစအဆုံး ပြန်လည်သုံးသပ်ကြည့်လေသည်။ ကြည့်ရသလောက် အထောက်အထားအားလုံးက အားရှုအတွက် လက်စားချေရန် ထိုလူအားလုံးကို တစ်စုံတစ်ယောက်က သတ်ပစ်ခဲ့သည်ဟူသော ကောက်ချက်သို့ ဦးတည်နေပုံရပေသည်။ သို့သော် မဖြေရှင်းနိုင်သေးသည့် မေးခွန်းများစွာ ကျန်ရှိနေဆဲပင်။

ပထမဆုံးလူသတ်မှုတွင် ရှောက်မေနှင့် ကျောက်ရန်းချူတို့ သေဆုံးသွား၏။ ထိုနှစ်ဦးအနက် ကျောက်ရန်းချူနှင့် အားရှုသည် ယခင်က လုပ်ဖော်ကိုင်ဖက်ဟောင်းများ ဖြစ်ကြသည်။ ဒုတိယလူသတ်မှုတွင် သေဆုံးသူများမှာ အားဟွေနှင့် ယင်ကျောက်တို့ ဖြစ်ပြီး အားဟွေသည် အားရှု အသတ်ခံရမှုတွင် ပါဝင်ပတ်သက်နေ၏။ စတုတ္ထလူသတ်မှု၏ သေဆုံးသူ တန်ရှောက်ချန်းသည် စွေ့တီကွမ်း၏ငယ်သားတစ်ဦးဖြစ်သောကြောင့် အားရှုနှင့်လည်း တနည်းတဖုံ ဆက်စပ်နေနိုင်သည်။ ဆဌမလူသတ်မှုတွင် အားတီးနှင့် ကောက်ရှုကွမ်း တို့ ပါဝင်ခဲ့ပြီး အားတီးနှင့် အားရှုတို့သည် ဇာတိမြို့တူကြသည့်အပြင် အားရှုမသေဆုံးမီ ၎င်းတို့နှစ်ဦး အတူနေခဲ့သည်ဖြစ်၍ အားတီးသည် အားရှုနှင့် သေချာပေါက် ဆက်စပ်နေပေလိမ့်မည်။ သတ္တမလူသတ်မှုတွင် အားလျန်နှင့် ကောက်တင်ကန်းတို့ သားကောင်များဖြစ်ခဲ့ကြပြီး ၎င်းတို့နှစ်ဦးစလုံးသည် အားရှုနှင့် ဆက်စပ်မှုများ ရှိနေ၏။ အဋ္ဌမလူသတ်မှုတွင် အားဆွေနှင့် ကျောက်ချူးဟိုင်တို့ ပါဝင်ခဲ့ပြီး အားဆွေသည် အားရှုအသတ်ခံရမှုတွင် ပါဝင်ခဲ့သည့် အမျိုးသမီးများအနက်မှ တဦး ဖြစ်နေ၏။ နဝမမြောက်လူသတ်မှုတွင် အားဖေးနှင့် လျူချန်းကျန့်တို့ ပါဝင်ခဲ့ပြီး အားဖေးသည် အားရှုအား သတ်ဖြတ်ခဲ့သူများအနက် တဦး ဖြစ်နေပေသည်။

သို့သော် တတိယနှင့် ပဉ္စမလူသတ်မှုများ ကျန်ရှိနေသေး၏။ ထိုလူသတ်မှုနှစ်ခုမှ သားကောင်များသည် အားရှုနှင့် မည်သို့သော ဆက်စပ်မှုရှိနေသနည်း။ စဥ်းစားရင်း ကျန်းကျင်းခိုင်၏ မျက်မှောင်ပိုကုတ်လာလေသည်။ ထိုသားကောင်လေးဦးဖြစ်သော အားလီ၊ လျူနန်ချွန်း၊ ယင်ကျူးမေနှင့် ကျူးယုပင်တို့နှင့်ပတ်သက်ပြီး သူ ရှာမတွေ့သေးသည့် သဲလွန်စများ ရှိနေသလားဟု ကျန်းကျင်းခိုင် တွေးမိလာ၏။ ၎င်းတို့သည် အားရှုနှင့် တနည်းတဖုံ ဆက်စပ်နေလေသလား။ ထို့နောက် သူ ဝှိုက်ဘုတ်တွင် ထိုလူလေးဦး၏ နာမည်များကို ဝိုင်းထားလိုက်လေသည်။

တဖန် ကျန်း​ကျင်းခိုင်၏ အာရုံက အားတီးထံ ရောက်သွားပြန်သည်။ အား​ကျောက်၏ အဆိုအရ အားတီးသည် အားရှု မူးယစ်ဆေးဝါးမှုနှင့် ခေါ်ယူစစ်ဆေးခြင်းမခံရမီလေးတွင် တွေ့ဆုံခဲ့ကြသေးသည်ဟု ကျန်း​ကျင်းခိုင် နားလည်ထားသည်။ ထို့နောက် အားရှု မြို့မှ ထွက်ခွာသွားခဲ့သလို အားတီးသည်လည်း ထွက်ခွာသွားခဲ့၏။ တဖန် အားတီးအနေနှင့် ဤမြို့သို့ ပြန်လာချင်စိတ်လုံးဝမရှိဟု ယခင်အချက်အလက်များအရ သိထားပြီး ဖြစ်သည်။ သို့ဆိုလျင် အားရှု၏သေဆုံးမှုတွင် အားတီးပါဝင်နေသလားဟု မေးခွန်းထုတ်စရာ ဖြစ်လာ၏။ အားတီးအနေနှင့် အားရှု၏ ပိုက်ဆံများကို ခိုးယူခဲ့နိုင်ချေရှိ၏။ ထိုအချက်သည်ပင် အားရှုသေဆုံးမှုအတွက် တွန်းအားတခု ဖြစ်သွားနိုင်နေပြန်၏။

အားတီးများ အားရှုရဲ့ ပိုက်ဆံတွေကို ခိုးသွားသလား...

ကျန်းကျင်းခိုင်၏ စိတ်ထဲတွင် ထိုမေးခွန်း၏ အဖြေကို အလိုအလျောက် ရှာဖွေနေမိ၏။ အကယ်၍ ထိုအတိုင်းသာ တကယ်ဖြစ်ခဲ့လျင် အားရှုသေဆုံးပြီး နောက်သုံးလအထိ သူ့မိသားစုထံ ပုံမှန်ငွေလွှဲပေးနေခြင်းကို ရှင်းပြသွားနိုင်မည်ဖြစ်သည်။

ကျန်းကျင်းခိုင် ခေါင်းတချက်ခါရင်း သက်ပြင်းချလိုက်၏။ အားရှုနှင့်အားတီးတို့နှစ်ယောက်လုံး သေဆုံးသွားပြီ ဖြစ်သည်။ သေသူများအနေနှင့် ဘာစကားမှမပြောနိုင်တော့။ လက်ရှိအချိန်တွင် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ အားဟွိုင်နဲ့ အားယင်တို့ကို ရှာဖွေရန်သာ ဖြစ်လေသည်။

ထိုအခိုက်အတန့်မှာပင် ကျန်းကျင်းခိုင်၏ ဖုန်းက အသံထမြည်လာ၏။ ဖုန်းထဲမှ အားကျောက်၏ ချစ်စရာကောင်းသောအသံ ထွက်ပေါ်လာသည်။

ဟန်နီ ရှင် ဒီနေ့ ကျွန်မကို လာမကြိုတော့ဘူးလား လာမကြိုဘူးဆိုရင်လဲ အိမ်ကို လမ်းလျှောက်ပြန်လိုက်မယ်လေ"

ကျန်းကျင်းခိုင် ပြန်ဖြေလိုက်သည်။

"ကျုပ်လာကြိုမယ်လေ မူကြိုမှာပဲစောင့်နေ အပြင်မထွက်နဲ့နော်"

ထို့နောက် သူ အပြင်ကိုထွက်ရင်း လျူနင်းကို အမိန့်ပေးလိုက်၏။

"လျူနင်းရေ အားရှုရဲ့ ဘဏ်အကောင့်ထဲက ငွေထုတ်ငွေလွှဲမှတ်တမ်းတွေကို ကျုပ်လိုချင်တယ်ပြင်ပရေးရာဌာနကို စုံစမ်းပေးဖို့ ပြောလိုက်ပါ ငွေလွှဲပြောင်းမှုတွေ ဘယ်အချိန် ဘယ်နေရာမှာ ဖြစ်ခဲ့သလဲဆိုတာ ကျုပ် အတိအကျ သိချင်တယ်"

ထို့နောက် သူက လူရှောက်ချိန်ကို လှမ်းပြောလိုက်သည်။

"ဒါနဲ့ ရှောက်ချိန်ရေ မင်း ညနေပိုင်း လမ်းကြားထဲ သွားအုံးမယ်ဆိုရင် အားဖင်းကို သွားရှာပါ အားတီးနဲ့ပတ်သက်ပြီး နောက်ထပ်ဘာသဲလွန်စတွေများ ရနိုင်မလဲ စကားအစ်ကြည့် အားတီး ဒီမြို့ကနေ ပြည်နယ်မြို့တော်ကို ပြန်လာပြီးနောက်ပိုင်း သူ့အမူအရာ ပြောင်းလဲနေတာမျိုးရှိသလား ကျုပ် သိချင်တယ်"

"ဟုတ်ကဲ့ အင်စပက်တာကျန်း"

လျူနင်းနှင့်လူရှောက်ချိန်တို့ ပြိုင်တူပင် ဖြေလိုက်ကြ၏။ ထို့နောက် ကျန်းကျင်းခိုင်သည် အားကျောက်ကိုကြိုရန် မူကြိုသို့ အသော့ချီတက်လာခဲ့လေသည်။

မူကြိုရှေ့တွင် အားကျောက် အသင့်စောင့်နေ၏။ ကားပေါ်ရောက်သည်နှင့် သူမက ပြောလိုက်သည်။

"ဘာလဲ ရှင်က ကျွန်မကို ပစ်ထားတယ်ပေါ့လေ တစ်ယောက်ယောက် ပြန်ပေးဆွဲမှာ မကြောက်ဘူးလား"

"ဟဲဟဲ မဟုတ်ပါဘူးကွာ"

ကျန်းကျင်းခိုင်က အားကျောက်၏ နှာခေါင်းကို ချစ်စနိုးနှင့် ညှစ်လိုက်၏။

"မင်းမှာ ကံကောင်းခြင်းတွေ ပြည့်နေတာဆိုတော့ ဘာဒုက္ခမှမရောက်နိုင်ဘူးဆိုတာ ကျုပ် ကောင်းကောင်းသိနေတယ်လေကွာ ဟဲ ဟဲ ဟဲ"

အထက်ပါအတိုင်း သူတို့နှစ်ယောက် စနောက်နေကြပြီး အချိန်အတော်လေးကြာမှ ကျန်းကျင်းခိုင်က ပြောလိုက်၏။

"ဒါနဲ့ မင်းကို ပြောချင်တာ တစ်ခုတော့ ရှိတယ် ဒါပေမဲ့ မင်း စိတ်မကောင်းဖြစ်သွားမှာလဲ စိုးတယ်"

"အော် ဘာပြောမလို့လဲ ပြောလေ"

အားကျောက်က မျက်နှာကို ခပ်တည်တည်လုပ်ထားရင်း ပြန်ပြောလိုက်၏။

"အင်း ဒါဆို ကျုပ် ပြောမယ်နော်"

"အင်းလို့ ပြောပါဆိုနေ"

အားကျောက် ခေါင်းညိတ်ပြလိုက်သည်။

"အားရှု သေသွားပြီ လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်က သေဆုံးသွားတာ အားတီကိုယ်တိုင် မြှုပ်နှံခဲ့တာပေါ့"

ကျန်းကျင်းခိုင်၏ လေသံမှာ နွေးထွေးနူးညံ့​နေ၏။ တချိန်တည်းမှာပင် အားကျောက်၏ မျက်နှာအပြောင်းအလဲကို သူ ဂရုတစိုက် လေ့လာနေလေသည်။

"သူ သေသွားပြီ ဟုတ်လား အစ်မရှုသေသွားပြီလား"

အားကျောက် အကြီးအကျယ် အံ့သြသင့်သွားဟန်ပေါ်သည်။

"ဘယ်လိုလုပ်ပြီးတော့ သူ....."

"ဟုတ်တယ် သူ တကယ်သေသွားပြီ"

အား​ကျောက်၏ ပုံစံကိုကြည့်ရင်း ကျန်းကျင်းခိုင် သက်ပြင်းချလိုက်၏။

အင်း...သူ မဟုတ်နိုင်ဘူး...သူ အားရှုသေသွားတာ အခုမှ ပထမဆုံးကြားဖူးတဲ့ပုံပဲ...

"ဒီနေ့ မနက်ပိုင်းမှာ ကျုပ် အားတီကို သွားကြည့်တယ်လေ အားရှာသေသွားပြီဆိုတာ သူကိုယ်တိုင် ကျုပ်ကိုပြောတာပေါ့ လမ်းကြားထဲက တခြားမိန်းကလေးတချို့ သူ့ကို သတ်ခဲ့တာပဲ"

"ဘယ်သူတွေလဲ"

"ဒီဖြစ်စဥ်မှာ ပါဝင်နေတဲ့ မိန်းကလေးတွေ အတော်များတယ်ကွ"

ကျန်းကျင်းခိုင်က အားကျောက်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရင်း ပြန်ဖြေလိုက်သည်။

"ဥပမာ အားဟွေ အားဆွေ အားဖေး ပြီးတော့ အားလျန်"

"ဒီလေးယောက်တည်းလား"

အားကျောက်က ချက်ချင်းပင် မေးခွန်းပြန်ထုတ်လိုက်၏။

"တခြားသူတွေလည်း ရှိနိုင်တယ်မလား အားဟွိုင် နဲ့ အားယင်တို့ရော မပါကြဘူးလား"

"အားဟွိုင်နဲ့ အားယင် ဟုတ်လား"

ကျန်းကျင်းခိုင်က အံ့သြသွားဟန် ဆောင်လို​က်သည်။

"အားဟွိုင်နဲ့အားယင် ပါမယ်လို့ မင်း ဘာကြောင့်ထင်တာလဲ"

"ဘာလို့လဲဆိုတော့ အစ်မရှုဟာ ရှင်ပြောခဲ့တဲ့ ကောင်မလေးတွေနဲ့ရော သူတို့နှစ်ယောက်နဲ့ပါ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်နေလို့ပေါ့ အဲဒီတုန်းက ကျွန်မ အစ်မရှုရဲ့ အိမ်ကို အမြဲသွားလည်တယ်လေ အဲဒီမှာ တခြားကောင်မလေးတွေနဲ့သူ တခုခုဆွေးနွေးနေတာကို မကြာခဏ မြင်ရလေ့ရှိတယ်တယ် အစ်မရှုထွက်သွားပြီးနောက် သူတို့အားလုံးလည်း လမ်းကြားထဲက ပျောက်ကုန်ကြတယ် နောက်ပိုင်းမှာ ကျွန်မ အားဟွေနဲ့ အားဟွိုင်ကို အစ်မရှုဘယ်ရောက်သွားလဲလို့ မေးတော့ နှစ်ယောက်လုံးက သူအိမ်ခနပြန်သွားတယ်လို့ ဖြေကြတယ်လေ အဲဒီကတည်းက အစ်မရှုကို ကျွန်မ ဘယ်တော့မှ မမြင်ရတော့ဘူး"

"ဒါဆို အားယင်ကိုရော မင်း ကောင်းကောင်းသိလား"

"သိပ်မသိပါဘူး"

အားကျောက် ခေါင်းခါလိုက်သည်။

"အားယင်… သူကတော့ အခုထိ လမ်းကြားထဲမှာ ရှိနေအုံးမယ်ထင်တယ် ကျွန်မ ပြန်ပေးဆွဲမခံရခင်လေးမှာတင် သူ့ကို တွေ့မိသေးလားလို့…"

ထိုအချိန်မှာပင် သူမ ရုတ်တရက် မျ​က်ရည်ဝဲလာ၏။

"ဘာလို့… ဘာလို့ သူတို့ အစ်မရှုကို သတ်ခဲ့ကြတာလဲ"

"တကယ်တော့ သူတို့အနေနဲ့ သူ့ကို သတ်ဖို့ ရည်ရွယ်ခဲ့တာတော့ မဟုတ်ဘူးကွ"

ကျန်းကျင်းခိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ကြားရသလောက် သူတို့အချင်းချင်းကြားထဲမှာငွေကြေးအငြင်းပွားမှု တစ်ခုခု ရှိခဲ့ပုံပေါ်တယ် အဲဒီနောက် စကားများကြရင်း သူတို့ လက်လွန်ကုန်ကြတယ်လို့ပဲ ပြောရမယ်"

အားရှုတ​ယောက် ဆားငန်ရေအလွန်အကျွံသောက်လိုက်ရခြင်းကြောင့် ရေဓာတ်ခန်းခြောက်ကာ ပြင်းပြင်းထန်ထန် နာကျင်သေဆုံးသွားခဲ့သည်ဟူသော အချက်ကို ကျန်းကျင်းခိုင် ဖုံးကွယ်ထားလိုက်၏။

"အော်… ဟုတ်လား"

အားကျောက် တီးတိုးရေရွတ်လိုက်သည်။

"ဒါပေမဲ့ ကျွန်မ အစ်မရှုရဲ့ ပစ္စည်းတွေကို သွားယူတုန်းကတော့ ဘာမှ နေရာလွဲနေတာမျိုး မတွေ့ခဲ့ရဘူး… ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ လက္ခဏာမျိုးလည်း မရှိခဲ့ဘူးရှင့်"

All Chapters