← Chapters

လူသတ်သမားဘယ်သူလဲ

Vol. 12 Ch. 115

လူသတ်သမားဘယ်သူလဲ

Vol. 12 Ch. 115

ကျန်းကျင်းခိုင်က အားကျောက်၏ မေးခွန်းကို မဖြေပဲ မသိချင်ဟန်ဆောင်ထားလိုက်၏။ သူ့အနေနှင့် အားရှုသေဆုံးသွားရခြင်းနှင့် ပတ်သက်သောအမှန်တရားကို ပြောပြလိုစိတ်မရှိချေ။ အားတီပြောပုံအရ အားရှုသည် သူ့အိမ်တွင် သေဆုံးခဲ့ခြင်းမဟုတ်ပဲ လမ်းကြားတနေရာရာတွင် သေဆုံးသွားဖို့များနေပေသည်။ အားတီ သတိပြန်ရလာမှ ထိုအမှန်တရားကို သူ သိရပေလိမ့်မည်။

"ဒါနဲ့လေ မင်း အားလျန်နဲ့ကော ရင်းနှီးသလား"

ကျန်းကျင်းခိုင်က စကားလမ်းကြောင်း ပြောင်းလိုက်၏။

"အင်း နည်းနည်းတော့ ရင်းနှီးပါတယ်"

အားကျောက် ခေါင်းညိတ်လိုက်သည်။

"အားလျန်ရဲ့ပုံစံကလည်း နည်းနည်းတော့ ထူးဆန်းတယ်လို့ ပြောရမလားပဲ အော် ဒါနဲ့ ကျွန်မ တခုသတိရလာပြီ အစ်မရှု ပျောက်သွားပြီးနောက်ပိုင်း သူ တော်တော်လေး ပြောင်းလဲသွားတယ်"

အားကျောက် စကားကို ခေတ္တရပ်ပြီး ကျန်းကျင်းခိုင်ကို ကြည့်လိုက်၏။

"ကျွန်မ အားလျန်ကို ပထမဆုံးစတွေ့တုန်းက သူ့ပုံစံဟာ အတော်လေးစိတ်အားထက်သန်ပြီး ပွင့်လင်းတယ် ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘူး ဒီကိုပြန်လာပြီးနောက်ပိုင်းမှာ သူ ဘယ်သူနဲ့မှစကားသိပ်မပြောတော့ပဲ တယောက်တည်း အနေများလာတာမျိုး တွေ့ရတယ်"

"တကယ်လား"

ကျန်းကျင်းခိုင် ခေါင်းညိတ်ရင်း စကားထောက်ပေးလိုက်၏။ သူ့စိတ်ထဲတွင်လည်း အောက်ပါအတိုင်း တွေးနေမိလေသည်။

ဒါဆို ဒီမိန်းကလေးက အားရှုသေသွားတဲ့အတွက်... နောင်တရနေတာလား...

ထိုအတွေးကြောင့် ကျန်းကျင်းခိုင် နည်းနည်းတော့ အံ့သြသွား၏။ အကယ်၍ အားလျန်သာ နောင်တရနေခဲ့သည်ဆိုလျင် ထိုနောင်တများ ပြေလျော့သွားစေရန် တခြားတစ်ယောက်နှင့်ပေါင်းပြီး အားရှု အတွက် လက်စားချေနေ​ခြင်းပေလား။ သူ ရူးသွပ်သွားခြင်းက မတော်တဆဖြစ်ရပ်တစ်ခုပေလား။

"ဒါနဲ့ ဟန်နီ အားလျန်နဲ့ ကျုးယုပင်ရဲ့ဆက်ဆံရေးကရော ဘယ်လိုရှိသလဲ အားလျန်နဲ့ အားလီဆက်ဆံရေးကရော ဘယ်လိုလဲ"

အားကျောက် ခေါင်းခါလိုက်သည်။

"အဲဒီလူဆိုး ကျူးယုပင်နဲ့သူ ဘာဆက်ဆံရေးမှ ရှိမယ်မထင်ဘူး အားလီနဲ့လဲ ခပ်ကင်းကင်းပဲ နေကြတာပါ"

"ဟဲဟဲ ဟန်နီ မင်း ကျူးယုပင်ကို အတော်ကြည့်မရဖြစ်နေတာပဲ"

ကျန်းကျင်းခိုင် ရယ်မောလိုက်၏။

"ဟုတ်တယ် ကြည့်မရဘူး ကျွန်မ ရှင့်ကို ပြောဖူးတယ်လေ အဲဒီလူဆိုးနဲ့ သူ့မိန်းမက ရှောက်မေကို ဘယ်လိုအမြတ်ထုတ်ခဲ့လဲဆိုတာ"

အားကျောက် စကားပြောရင်း ဒေါသထွက်လာ၏။

"အော် ကျွန်မပြောဖို့ မေ့သွားလို့ အားလီဆိုတဲ့မိန်းမကလည်း တကယ့်မိန်းမယုတ်ပဲ သူ ရှောက်မေကိုဆို အမြဲတမ်းအနိုင်ကျင့်တတ်တာပေါ့ ဒါပေမဲ့ သူကကျူးယုပင်လောက် ကံမကောင်းဘူး သူ့ရဲ့ရှေ့သွားနှစ်ချောင်းကို ကျွန်မကိုယ်တိုင် ချိုးပစ်လိုက်တာလေ"

အားကျောက် လက်သီးလက်မောင်းတန်းရင်း ပြောလိုက်လေသည်။

"ဟားဟား မင်း ဒီလောက်အထိစွာမှန်း ကျုပ် မသိလိုက်ပါလား"

"ရှင် မယုံဘူးပေါ့လေ"

စိတ်တိုနေသောအားကျောက်က မေးလိုက်၏။

"မယုံရင် အားလီရဲ့အလောင်းကို ကိုယ်တိုင်သွားစစ်ဆေးလိုက်လေ"

"ဒါဆို အားလီနဲ့ကျူးယုပင်ကို သတ်ဖို့ အကြောင်းပြချက်အများဆုံးရှိတဲ့သူက ဘယ်သူလို့ မင်းထင်လဲ"

ကျန်းကျင်းခိုင်က သာမာန်အတိုင်း မေးမြန်းသည့်ပုံစံနှင့် စကားအစ်လိုက်၏။

"ကျွန်မပဲဖြစ်မှာပေါ့"

အားကျောက် ခပ်တည်တည်နှင့် ပြန်ဖြေလိုက်လေသည်။

ထိုအဖြေကြောင့် ကျန်း​ကျင်းခိုင် တအံ့တဩဖြစ်သွား၏။ သို့သော် သူမ ပြောသည်မှာ အမှန်ပင်။ ရှောက်မေနှင့် အားကျောက်၏ ဆက်ဆံရေးအပေါ် အခြေခံပြီးတွက်ဆလျင် အားလီနှင့် ကျူးယုပင်ကို သတ်ဖို့ အကြီးမားဆုံးရည်ရွယ်ချက်ရှိသူမှာ အားကျောက်သာ ဖြစ်နေ၏။ ထိုယုတ္တိအရဆိုလျင် ....

ထိုအတွေးကို ကျန်းကျင်းခိုင် ဆက်မတွေးရဲတော့။ အားကျောက်ကို လူသတ်သမားအဖြစ် သူ့နှလုံးသားက လက်မခံနိုင်ပဲ ဖြစ်နေ၏။ သို့သော် သူ့ဆင်ခြင်တုံတရားနှင့်အထောက်အထားများက အားကျောက်သည် သူအမြဲရှာဖွေနေခဲ့သော ကွင်းဆက်လူသတ်သမား ဖြစ်နိုင်ကြောင်း ညွှန်ပြနေ၏။

"ဟန်နီ ရှင် ဘာတွေတွေးနေတာလဲ"

ကျန်းကျင်းခိုင်၏ မျက်နှာကို အကဲခတ်ရင်း အားကျောက်က မေးလိုက်၏။

"ကျုပ်လား အော် ဘာမှမဟုတ်ပါဘူးကွာ ... အမှုအကြောင်း တွေးနေတာပါ ဒါနဲ့လေ ဟန်နီ ဒီလမ်းကြားထဲမှာ ဒါမှမဟုတ် ဒီမြို့မှာ အားရှုနဲ့ရှောက်မေရဲ့သေဆုံးမှုအတွက် လက်စားပြန်ချေချင်တဲ့ လူစားမျိုးများ ရှိနိုင်မလား တွေးကြည့်စမ်းပါ ဥပမာ လူရှောက်ချိန်လိုပေါ့"

"ရှောက်ချိန် ဟုတ်လား"

အားကျောက် ခေတ္တစဉ်းစားပြီး ခေါင်းခါလိုက်၏။

"သူကတော့ မဖြစ်နိုင်ပါဘူးရှင် သူက ဒီကိုရောက်တာ ဘယ်လောက်မှ မကြာသေးတာ သူ ဒီကိုမရောက်ခင်ကတည်းက လူတွေအများကြီး သေနေပြီလေ ဒီလူတွေအားလုံးကို သတ်တာ ကျွန်မလို့ပြောလိုက်တာကမှ ပိုပြီးတော့ အဓိပ္ပာယ်ရှိဦးမယ်"

"ဟဲဟဲ မင်းဆိုရင် ကျုပ် ဘယ်ယုံပါ့မလဲကွာ"

ကျန်းကျင်းခိုင် ခပ်တိုးတိုးရယ်မောလိုက်၏။ ထို့နောက် သူဆက်ပြောလိုက်သည်။

"ဒါဆို အားရှုရဲ့ သူငယ်ချင်းတွေ ဒါမှမဟုတ် ဆွေမျိုးတွေဆိုရင်ရော ဖြစ်နိုင်မလား"

"မဖြစ်နိုင်ဘူးထင်တယ်"

အားကျောက် ထပ်မံခေါင်းခါလိုက်ပြန်၏။

"အစ်မရှုအနေနဲ့ ဒီမှာ သူငယ်ချင်းအများကြီးရှိမယ်မထင်ဘူး ပြီးတော့ ဒီလိုအလုပ်လုပ်တဲ့ မိန်းကလေးအများစုက သူတို့မိသားစုတွေကို ဘဝမှန်သိပ်ပြောပြလေ့မရှိကြဘူးလေ"

ထို့နောက် အားကျောက်က ခေါင်းမော့ပြီး စဥ်းစားလိုက်ပြန်သည်။

"မိန်းကလေးအများကြီးက တစ်ရွာတည်း ဒါမှမဟုတ် နီးစပ်ရာရွာတွေကနေ လာတာဖြစ်နိုင်တယ် ဒါပေမဲ့ သူတို့အိမ်ပြန်ရောက်ရင် ဒီမှာ သူတို့ဘာလုပ်ခဲ့သလဲဆိုတာ ဘယ်သူမှ ပြောပြကြမယ်မထင်ဘူး လူတိုင်းဟာ သူတို့မိသားစုထဲမှာတော့ လေးစားမှုနည်းနည်းစီလောက် ခံချင်ကြတာပဲလေ"

"အင်း ဒီလိုလေဟန်နီ ကျုပ် ရှင်းပြမယ် ဒီလမ်းကြားမှာ ရှောက်မေအမှုလိုမျိုး လူသတ်မှု၉ခုတိတိ ဖြစ်ပွားခဲ့ပြီးပြီ နောက်ဆုံးတော့ သေဆုံးသူအားလုံးဟာ အားရှုနဲ့ တစ်ခုမဟုတ် တစ်ခု ဆက်စပ်နေတာကို ကျုပ်တွေ့ခဲ့ရတယ် မင်း သိလား တခါတလေကျတော့ ဒီလူသတ်သမား ရပ်လိုက်ရင် ကောင်းမှာပဲလို့ ကျုပ် တွေးမိတယ်"

ထို့နောက် သူက အားကျောက်ကို လှည့်ကြည့်လိုက်ပြန်၏။

"မင်းကို ကျုပ် ပြောပြီးပြီလားမသိဘူး မိန်းကလေးသားကောင်တွေထဲက တစ်ယောက်က တကယ်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ် အဲဒီကောင်မလေးက အားလျန်ပဲ"

"ဟုတ်လား"

အားကျော​က်၏ ပုံစံမှာ ဘာမှထူးဆန်းသွားဟန်မရှိချေ။

"ဒါဆို သူ့ဆီကနေ ရှင် သဲလွန်စတွေ ရနိုင်တာပေါ့ ဟုတ်တယ်မလား"

ဤစကားကတော့ သူမ ကျန်းကျင်းခိုင်ကို အလိုက်အထိုက် ပြန်ပြောလိုက်သည့် သဘောပင်။

"ဒါပေမဲ့...ကံဆိုးတာ​က အားလျန် လုံးဝရူးသွားတယ်လေ"

ကျန်း​ကျင်းခိုင် မချိပြုံး ပြုံးလိုက်၏။

"သူက တစ်ခါတလေ သတိပြန်ရလာတယ် ဒါပေမဲ့ သူ လုံးဝပြန်ကောင်းလာအောင် ဘယ်လိုလှုံ့ဆော်ပေးရမလဲ ကျုပ်လဲ မသိသေးဘူး"

တကယ်တော့ ကျန်းကျင်းခိုင် လိမ်နေခြင်းပင်။ အားလျန်သည် တိုက်ခိုက်ခံရပြီးနောက်ပိုင်း တခါမှ သတိပြန်လည်လာခြင်းမရှိချေ။ သူမကား တကယ်ကြီးပင် သွက်သွက်ခါအောင် ရူးသွားခဲ့လေပြီ။

"သူ့ကို ကြောက်အောင်လုပ်လိုက်ရင် ဘယ်လိုနေမလဲ"

အားကျောက်က အကြံပေးလိုက်၏။

"ကျွန်မက အစ်မရှုလို ဟန်ဆောင်လိုက်ရင် ဒါမှမဟုတ်... သရဲလို ဟန်ဆောင်လိုက်ရင် ဘယ်လိုနေမလဲ ဟုတ်တယ်နော် အဲဒါ အလုပ်ဖြစ်နိုင်တယ်သိလား အားလျန်ကိုယ်တိုင်က ဒါမျိုးဆို တအားယုံတတ်တာလေ"

အားကျောက်၏ စကားကြောင့် ကျန်းကျင်းခိုင် ခေါင်းတညိတ်ညိတ်လုပ်နေ၏။ သူ့စိတ်ထဲတွင်လည်း ထိုအတွေးက ဖြစ်နိုင်လောက်သည်ဟု ထင်နေလေသည်။

ထိုအခါ သူက အားကျောက်ကိုကြည့်ရင်း မေးလိုက်ပြန်၏။

"ဒါဆို ဟန်နီ အားရှု အရင်တုန်းက ဘယ်လိုပုံစံတွေ ဝတ်တတ်သလဲ ဘယ်လိုအပြင်အဆင်မျိုးရှိသလဲ ကျုပ်ကို ပြောပြပါလား"

"အင်း"

အားကျောက် ခေါင်းညိတ်လိုက်၏။

"အိမ်ရောက်ရင် ရှင့်အတွက် ရေးပေးမယ်လေ ပုံပါဆွဲပေးအုံးမယ် ဟုတ်ပြီလား ပြီးတော့ အစ်မရှုနဲ့ အားလျန်အကြောင်း ကျွန်မသိသမျှ အကုန်ပြန်ရေးပေးမယ်"

"ကျေးဇူးပါပဲကွာ"

All Chapters