← Chapters

ချိုတောက်ကန်း၏ ဝန်ထုပ်ဝန်ပိုး

Vol. 12 Ch. 116

ချိုတောက်ကန်း၏ ဝန်ထုပ်ဝန်ပိုး

Vol. 12 Ch. 116

နောက်နေ့မနက် ကျန်းကျင်းခိုင် ရုံးခန်းထဲ ဝင်လိုက်သည်နှင့် ဆေးရုံက ဖုန်းဝင်လာ၏။ သတင်းမှာ သတင်းကောင်းရော၊ သတင်းဆိုးပါ ပေါင်းစပ်နေသည်။ သတင်းကောင်းမှာ ချိုတောက်ကန်း သတိရလာပြီး ကျန်းကျင်းခိုင်ကို ထပ်တွေ့ချင်နေသည်ဟူသော သတင်းပင်။ သတင်းဆိုးမှာ အားတီ ညကတည်းက သေဆုံးသွားပြီဟူ၏။

"ဒီနေ့ စောလှချည်လား အင်စပက်တာကျန်း"

လူရှောက်ချိန်က ကျန်းကျင်းခိုင်၏ ရုံးခန်းတံခါးကို ခေါက်ရင်း ပြောလိုက်သည်။

"ညက ကျွန်တော် အားတီးနဲ့ပတ်သက်ပြီး သတင်းအတော်များများ ရလာခဲ့တယ်"

"ဟေ ဟုတ်လားကွ ဒီမှာ ဝင်လာထိုင်ပြီး ပြောစမ်းပါအုံးကွာ"

"ဟုတ်ကဲ့အင်စပက်တာ"

လူရှောက်ချိန်က သူ့ရှေ့တွင် ဝင်ထိုင်ရင်း ပြန်ဖြေလိုက်သည်။

"အားဖင်းရဲ့ပြောပြပုံအရ အားတီးဟာ ကျွန်တော်တို့မြို့ကို လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်က ရောက်လာခဲ့တာ အမှန်ပဲတဲ့ ကြည့်ရသလောက် သူ ငွေအတော်လေးကြပ်နေပုံရတယ် အားလပ်ရက် အပန်းဖြေဖို့ ရောက်လာတာလို့ ပြောခဲ့ပေမယ့် အတော်များများကတော့ သူ အကြွေးရှောင်ဖို့ ရောက်လာတာလို့ ပြောကြတယ် ပြည်နယ်မြို့တော်ကို ပြန်ရောက်လာတဲ့နောက်မှာတော့ တစ်လအတွင်းမှာ သူ အဝတ်အစားသစ်တွေ ဝယ်ဝတ်တယ် အကြွေးအားလုံးကိုလည်း ဆပ်လိုက်နိုင်တယ်လို့ သိရတယ်"

"တကယ်လား အားတီး ပိုက်ဆံအများကြီး ဘယ်လိုရခဲ့သလဲဆိုတာ အားဖင်းကို ပြောပြဖူးလား"

ကျန်းကျင်းခိုင်က မေးလိုက်ပြန်သည်။ တကယ်တော့ အားတီ ဘယ်နေရာမှ ပိုက်ဆံရလာမှန်း သူ ရိပ်မိသွားပြီးလေပြီ။ ရရှိထားသမျှ အချက်အလက်များအပေါ် အခြေခံသုံးသပ်ကြည့်လျင် အားတီးသည် အားရှုထံမှ ပိုက်ဆံများကို တနည်းနည်းနှင့် ရလာသည်မှာ သေချာသလောက် ဖြစ်နေပေပြီ။

"မပြောဘူး ကျွန်တော် မေးတော့မေးကြည့်ခဲ့သေးတယ်"

လူရှောက်ချိန် ခေါင်းခါလိုက်၏။

"ဒါပေမယ့် သူ အရေးကြီးတဲ့ အသေးစိတ်တစ်ခုတော့ မှတ်မိနေတယ် အင်စပက်တာ အားတီး ပြည်နယ်မြို့တော်ကို ပြန်ရောက်ကတည်းက တယောက်ယောက်ကို ရှောင်နေပုံရတယ်လို့ အားဖင်းက ပြောတယ်။ သူ ဖုန်းနံပါတ်တွေရော လိပ်စာတွေရော အကုန်ပြောင်းပစ်လိုက်သတဲ့"

"သိပ်ကောင်းတယ် မင်းယူလာတဲ့အချက်အလက်တွေက ဒီအမှုအတွက် အတော်လေးကို အရေးကြီးတယ်ကွ"

ထို့နောက် ကျန်းကျင်းခိုင်က ပြောလိုက်ပြန်သည်။

"ကောင်းပြီ ခု ကျုပ်တို့ ဆေးရုံကို သွားကြမယ် ချိုတောက်ကန်း သတိပြန်ရလာပြီတဲ့ ပြီးတော့... အားတီ ညကတည်းက ဆုံးသွားရှာပြီတဲ့"

လူရှောကိချိန် ဘာပြောရမှန်းမသိပဲ ဖြစ်သွား၏။ ထို့နောက် သူ ကျန်းကျင်းခိုင်နောက်မှ တိတ်တဆိတ် လိုက်ပါသွားလေသည်။ အားတီသေဆုံးသွားသည့်အတွက် သူ စိတ်မကောင်းဖြစ်နေမိ၏။ အားတီသည် ပြည့်တန်ဆာခေါင်းတယောက်ဖြစ်သော်ငြား ရဲတပ်ဖွဲ့အတွက် အသုံးဝင်သော သဲလွန်စများစွာ ပေးခဲ့သည် မဟုတ်ပါလား။

"လျူနင်းရေ ဘဏ်က ဘာအ​ကြောင်းမှ မပြန်ဘူးလား"

ကျန်းကျင်းခိုင် သူ့ရုံးခန်းထဲမှ ထွက်လာရင်း ပြောလိုက်သည်။

"ဘာမှမပြောသေးပါဘူး အင်စပက်တာ"

လျူနင်း ခေါင်းခါလိုက်၏။

"ဒါပေမဲ့ ကျွန်မ တချက်တော့ ပြန်မေးကြည့်လိုက်ပါအုံးမယ်"

ထို့နောက် ​ကျန်းကျင်းခိုင်က လူရှောက်ချိန်ကို အချက်ပြရင်း လက်ထောက်ခရိုင်ရုံးမှ ထွက်လာခဲ့လေသည်။

ကျန်းကျင်းခိုင်နှင့်လူရှောက်ချိန်တို့ဆေးရုံရောက်သည့်အချိန်တွင် ချိုတောက်ကန်းတယောက် သွေးသွင်းလျက်ရှိသည်။ သူ့ပုံစံမှာ အခြေအနေကောင်းနေပုံရ၏။ ချိုတောက်ကန်းသည် သူ့ကိုယ်သူ ဂရုစိုက်တတ်သူ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တတ်သူမျိုးနှင့်တူသည်။ ထို့ကြောင့်လည်း တခြားလူများထက် နလန်ထန်ရာတွင် သိသိသာသာ မြန်ဆန်နေခြင်းပင်။

"အော် အင်စပက်တာကျန်းရောက်လာပြီပဲ"

ကျန်းကျင်းခိုင်တို့နှစ်ယောက်ကို မြင်သည်နှင့် ချိုတောက်ကန်းက နှုတ်ဆက်လိုက်၏။

"ဟုတ်တယ် ကျုပ်ရောက်လာပြီ ခင်ဗျား ကျုပ်ကိုတွေ့ချင်တယ်ဆို"

ကျန်းကျင်းခိုင်က ဝေ့ဝိုက်မနေတော့ပဲ တိုက်ရိုက်ပင် မေးလိုက်၏။

"အိုး တခြားတော့မရှိပါဘူးဗျာ ခင်ဗျားနဲ့စကားပြောချင်ရုံပါပဲ"

ချိုတောက်ကန်း ပြုံးရင်းပြောလိုက်သည်။

"ခင်ဗျား ပြန်သွားပြီးတော့ ကျောက်ရန်းချူနဲ့ တခြားလူတွေအကြောင်း... ကျွန်တော်တစ်ညလုံး တွေးနေခဲ့မိတယ် အစတုန်းကတော့ သူတို့ကို သတ်တာ အားတောက်လို့ ကျွန်တော်အမြဲထင်ခဲ့တာပေါ့ ဒါပေမယ့် အခုတော့ အားရှုများဖြစ်နေမလားလို့ တွေးမိလာတယ်"

ထို့နောက် သူ စကားကို ခေတ္တရပ်ပြီး နံရံဆီသို့ ငေးကြည့်နေ၏။

"ဟုတ်လား ဘာကြောင့် အားရှုလို့ ခင်ဗျား ထင်လာရတာလဲ"

ကျန်းကျင်းခိုင် မသိမသာ စကားအစ်လိုက်လေသည်။

"စွေ့တီကွမ်းသေသွားတုန်းက အားရှုနဲ့ကျောက်ရန်းချူဟာ နောက်ထပ်အရောင်းအဝယ်တခုအတွက် သဘောတူထားကြတယ်ဗျ"

ထို့နောက် ချိုတောက်ကန်းက အဖြစ်အပျက်တခုလုံးကို အေးအေးဆေးဆေးပင် ပြောပြလိုက်လေသည်။

"ခင်ဗျားတို့က အဲ့ဒီအချိန်မှာ မူးယစ်ဆေးဝါးကုန်ကူးမှုကို ပြင်းပြင်းထန်ထန် နှိမ်နင်းနေတာဆိုတော့အရည်အသွေးမြင့်ဘိန်းဖြူရဖို့ဆိုတာ သိပ်ခက်ခဲတဲ့ အခြေအနေမျိုးပေါ့ ဒါကြောင့်လဲ စွေ့တီကန်းက ပစ္စည်းမရောက်ခင် စပေါ်ငွေကြိုပေးခိုင်းတဲ့စနစ်ကို ကျင့်သုံးခဲ့တယ် သူ့နာမည် သူ့ဂုဏ်ဒြပ်ကြောင့် ဘယ်ဖောက်သည်မျိုးက စွေ့တီကွမ်းကို မယုံပဲနေပါ့မလဲ လူတိုင်း စပေါ်ငွေကြိုပေးကြတာပဲပေါ့ တကယ်လဲ အဖြစ်အပျက်တွေ မဖြစ်ခင်ရက်တချို့မှာ စွေ့တီကွမ်းလက်ထဲ အရည်အသွေးမြင့်ဘိန်းဖြူအများအပြား ရောက်လာခဲ့တယ် ကံဆိုးတာက ဒီဘိန်းဖြူတွေကို ဖောက်သည်တွေလက်ထဲ ပြန်မဖြန့်ပေးနိုင်ခင်မှာပဲ စွေ့တီကွမ်း သေသွားတာပဲ"

"ဒါဆို အားရှုဟာ စပေါ်ငွေပေးခဲ့ပေမယ့် ဘိန်းဖြူကို ဘယ်တော့မှ မရခဲ့ဘူးဆိုတဲ့သဘောပေါ့ ဟုတ်လား"

ကျန်းကျင်းခိုင် ချက်ချင်းပင် မေးခွန်းထုတ်လိုက်သည်။

"မှန်တယ်"

ချိုတောက်ကန်း မသိမသာ ပြုံးလိုက်သည်။

"ထိပ်ပြောင်ဝံပုလွေက စွေ့တီကွမ်းကို အဲဒီနေ့က မသတ်ခဲ့ဘူးဆိုရင် ဒါမှမဟုတ် ခင်ဗျားအနေနဲ့ ဒီအမှုမှာ အရမ်းကြီးအားမထုတ်ခဲ့ဘူးဆိုရင် အားရှုအနေနဲ့ သုံးရက်အတွင်း သူ့ဘိန်းဖြူတွေကို လက်ခံရရှိပြီးမှာ အမှန်ပဲ"

"အင်း ခင်ဗျားပြောတာ ဖြစ်နိုင်တယ်"

ကျန်းကျင်းခိုင် ပြုံးပြရင်း ထောက်ခံလိုက်၏။ တကယ်တော့ သူ ကြိတ်ပျော်နေခဲ့ပြီ ဖြစ်သည်။ ချိုတောက်ကန်းပြောပြခဲ့သည့် အချက်အလက်များသည် အားရှုအသတ်ခံရခြင်း၏အဓိကကြောင်းရင်းနှင့်ပတ်သက်၍ မည်သည့်သံသယကိုမဆို ရှင်းလင်းပေးသွားနိုင်တော့မည် မဟုတ်ပါလား။ အားရှုသည် ပြည့်တန်ဆာတစ်ဦးသာဖြစ်ရာစွေ့တီကွမ်းကို စပေါ်ငွေပေးရန် မည်သည့်နည်းနှင့်မျှ ပိုက်ဆံရှိလိမ့်မည်မဟုတ်ချေ။ ကြည့်ရသလောက် လမ်းကြားထဲရှိ ကျန်ပြည့်တန်ဆာမိန်းကလေးများ၏ပိုက်ဆံများကိုပါ စုပေါင်း၍ စပေါ်ငွေပေးချေခဲ့ကြပုံရသည်။ သို့သော် တဖက်တွင် စွေ့တီကွမ်း သေဆုံးသွား၏။ ကျောက်ရန်းချူတို့လူသိုက်သည်လည်း မြို့ထဲမှ ထွက်ပြေးသွားကြရသည်ဖြစ်လေရာ အားရှုအနေနှင့် မည်သည့်မူးယစ်ဆေးဝါးကိုမှ ရနိုင်ခဲ့လိမ့်မည်မဟုတ်။ ထိုအခါ သူတို့၏ ရင်းနှီးမြှုပ်နှံမှု မထင်မှတ်ပဲ ဆုံးရှုံးသွားခြင်းကြောင့် ဒေါသထွက်နေသော မိနိးကလေးများသည် အားရှုကို အကြပ်ကိုင်ကာ အကြွေးတောင်းကြပုံပေါ်သည်။ ထိုမှတဆင့် လက်လွန်သွားကာ အားရှု အသက်ပျောက်သွားရခြင်းပင်။

"ကျွန်တော့ရဲ့ဆန္ဒကတော့ ကျွန်တော့်လူတွေအတွက် တရားမျှတမှုပြန်ရစေချင်တယ် ဒီလောက်ပါပဲ အင်စပက်တာ ဒီလိုမှသာ အစ်ကိုယီနဲ့အစ်ကိုလီတို့ တမလွန်ကနေ စိတ်ချမ်းသာနိုင်လိမ့်မယ်"

အချိန်အတော်ကြာ စကားပြောလိုက်ရ၍ မောသွားဟန်ဖြင့် ချိုတောက်ကန်း ကုတင်ပေါ် လှဲချလိုက်၏။

"ကျောက်ရန်းချူတို့ကို အားရှုသတ်ခဲ့တာအမှန်ဆိုရင် ဒီကောင်တွေ ကိုယ်နဲ့ထိုက်တန်တာ ပြန်ရသွားတယ်လို့ပဲ ပြောရမယ်ထင်တယ် လူတွေဟာ ပိုက်ဆံရှာရင်း သေကြရတယ် ငှက်တွေဟာလည်း အစာရှာရင်း သေကြရတာပဲမလား အင်စပက်တာ"

"ဝမ်းနည်းစရာပဲ အားရှုသာ ခင်ဗျားပြောတာကို ကြားနိုင်ခဲ့ရင် တမလွန်ကနေ သူ ကျေနပ်နေမှာပဲ"

ကျန်းကျင်းခိုင် သက်ပြင်းချလိုက်၏။ ထို့နောက် သူ ချိုတောက်ကန်းကို ကြည့်ပြီး ပြောလိုက်လေသည်။

"တကယ်တော့ အားရှုဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်ကတည်းက သေဆုံးသွားခဲ့ပါပြီဗျာ"

"ဟင် အားရှုသေပြီလား"

ထိုသတင်းကြောင့် ချိုတောက်ကန်း အတော်လေး အံ့သြသွား၏။

"ဟုတ်တယ် သူ သေသွားပြီ"

"ဒါဆို ဘယ်သူလဲ ဘယ်သူများဖြစ်နေမလဲ"

ချိုတောက်ကန်း မျက်နှာကျက်ကိုမော့ကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။

"အချက်အလက်တွေအရတော့ ခင်ဗျားလူတွေကို သတ်ခဲ့တဲ့သူဟာ အားရှုအတွက် ကလဲ့စားချေနေတယ်လို့ ညွှန်ပြနေတယ်"

ထို့နောက် သူက ထပ်မံ၍ မေးလိုက်ပြန်သည်။

"စဉ်းစားကြည့်စမ်းပါအုံး ခင်ဗျားတို့သုံးယောက် ဒါမှမဟုတ် စွေ့တီကွမ်းကို ရန်ညိုးထားတာ ဘယ်သူများရှိလောက်မလဲ အားရှုအတွက် လက်တုံ့ပြန်ချင်တဲ့သူ ဘယ်သူများ ရှိမလဲ"

"အင်း..."

ချိုတောက်ကန်း သံယောင်လိုက်လိုက်၏။ သို့သော် သူ့စိတ်က အဝေးဆီသို့ရွက်လွှင့်နေပြီမှန်း မြင်သာပေသည်။ ချိုတောက်ကန်း၏ ပုံစံက်ိုကြည့်ပြီး ကျန်းကျင်းခိုင် အလိုက်တသိနှင့် ထရပ်လိုက်၏။

"ကဲ တခြားဘာမှမရှိရင်လဲ ကျုပ် ပြန်လိုက်အုံးမယ်ဗျာ ခင်ဗျား တခုခုမှတ်မိတာရှိရင် ဖုန်းဆက်လိုက်ပါ"

ကျန်းကျင်းခိုင်၏ အသံကိုကြားမှ ချိုတောက်ကန်း အသိဝင်လာဟန်တူသည်။

"ကောင်းပါပြီ အင်စပက်တာကျန်း"

ဆေးရုံအပြင်သို့ရောက်သည်နှင့် လူရှောက်ချိန်က ပြောလိုက်၏။

"အင်စပက်တာ ဒီလူချိုတောက်ကန်း ကျွန်တော်တို့ကို ခေါ်ရတဲ့အကြောင်းရင်းက လူသတ်သမားဟာ အားရှုဖြစ်နိုင်တယ်ဆိုတာ ပြောပြချင်ရုံသက်သက်ပဲလား"

"ပြောရခက်တယ်"

ကျန်းကျင်းခိုင် ပြုံးလိုက်၏။

"ကျုပ်အမြင်အရ ချိုတောက်ကန်းဟာ အတော်လေးကို လိမ္မာပါးနပ်တဲ့လူပဲ ကြည့်ရသလောက် စွေ့ညီအစ်ကိုထက်တောင် ဒီလူက ဦးနှောက်ကောင်းနေတယ် ဒီတော့ သူ့ခေါင်းထဲမှာ ဘာတွေတွေးနေသလဲဆိုတာ ဘယ်သိနိုင်ပါ့မလဲကွာ"

"ဒါဆို ကျွန်တော်တို့ နောက်ထပ် ဘယ်ကိုသွားကြမလဲ အင်စပက်တာ"

လူရှောက်ချိန်က ကားစက်နှိုးရင်း မေးလိုက်ပြန်သည်။

"ဆာဂျင်ကျန်းနန်ဆီကို မောင်းကွာ"

All Chapters