အားချွန်ကို ပြန်လည်စစ်ဆေးခြင်း
Vol. 12 Ch. 117
သိပ်မကြာမီ ကျန်းကျင်းခိုင်နှင့် ကျန်းနန်တို့နှစ်ယောက် ကျုအန်းလမ်းရဲစခန်းသို့ ရောက်လာကြ၏။ သို့သော် အားဟွိုင်နှင့် အားယင်ကို အသည်းအသန်လိုက်ရှာနေသော ကျန်းနန်ကတော့ ရှိမနေချေ။ ထိုအခါ ကျန်းကျင်းခိုင်က ကျန်းနန်ကို ဖုန်းခေါ်လိုက်၏။
"ဆာဂျင်ကျန်း ခု ဘယ်ရောက်နေသလဲ"
"လမ်းကြားထဲမှာအင်စပက်တာ"
ကျန်းနန်က ပြန်ဖြေလိုက်၏။
"အားဟွိုင်နဲ့အားယင်ကို ခုထိရှာမတွေ့ဘူးဖြစ်နေတယ် ဒါနဲ့ ဘာများအလိုရှိလို့လဲ အင်စပက်တာ"
"ဟဲဟဲ ကျုပ်ကလဲ ခင်ဗျားကို ဘာများလိုအပ်သလဲမေးဖို့လုပ်နေတာဗျ"
ကျန်းကျင်းခိုင်က ရယ်မောလိုက်၏။
"ဘာမှမလိုပါဘူးဗျာ စိတ်မပူနဲ့ ခင်ဗျား ရှာစရာရှိတာကိုသာ ဆက်ရှာပါ ကျုပ် အားချွန်နဲ့ အားရှာကို ထပ်ပြီး မေးချင်လို့ ခင်ဗျားလူတွေကို တချက်ပြောပေးစမ်းပါ စီစဥ်ပေးနိုင်မလားလို့"
"ပြဿနာမရှိပါဘူး အင်စပက်တာ သုံးမိနစ်ပဲစောင့်ပါ"
ထို့နောက် ကျန်းနန် ဖုန်းချသွား၏။ အမှန်တကယ်ပင် သုံးမ်ိနစ်အကြာတွင် ကောက်ဝေရောက်လာပြီး သူတို့ကို အောက်ပါအတိုင်း ပြောလိုက်၏။
"အင်စပက်တာကျန်း ကျွန်တော့်နောက် လိုက်ခဲ့ပါ ဆာဂျင်ကျန်းက ဒီနေ့ ကွင်းဆင်းနေတယ် ဒါကြောင့် ဆရာတို့နှစ်ယောက် အားချွန်နဲ့အားရှာကို မေးမြန်းတဲ့အခါ ကျွန်တော် လိုက်ခဲ့ပေးပါ့မယ်"
"ကျေးဇူးပါပဲကွာ"
ကျန်းကျင်းခိုင် ကျေးဇူးတင်စကား ပြောလိုက်၏။ ထို့နောက် သူနှင့် လူရှောက်ချိန်တို့ ကောက်ဝေနှင့်အတူ စစ်ကြောရေးခန်းသို့ ဝင်လာခဲ့ကြ၏။ အခန်းထဲတွင် အားချွန် အသင့်ရှိနေသည်။
"မတွေ့တာကြာပြီပဲ အားချွန်ရေ ဒီရက်ပိုင်း အဆင်ပြေတယ်မလား"
ကျန်းကျင်းခိုင်က စတင်နှုတ်ဆက်လိုက်၏။
"မေးတာ ကျေးဇူးတင်ပါတယ် အင်စပက်တာ"
အားချွန်က တလေးတစားပင် ပြန်ဖြေလေသည်။
"ကျွန်တော် ဒီမှာ အရမ်းအဆင်ပြေပါတယ် ကျွန်တော့်ဇနီးနဲ့ သားကို ကယ်တင်ပေးတာကိုလဲ ကျေးဇူးတင်ပါတယ်ဗျာ"
"ရပါတယ်ကွာ မလိုပါဘူး ဒါနဲ့ ကျုပ်ဒီကိုလာတာ မင်းကို ပြောစရာရှိလို့ကွ"
ကျန်းကျင်းခိုင် သက်ပြင်းချလိုက်၏။
"မင်းရဲ့သူငယ်ချင်းအားတီတော့ ဆုံးသွားရှာပြီ"
"ဗျာ အားတီသေပြီလား"
သတင်းကြောင့် အားချွန် ထိတ်လန့်သွား၏။ ထို့နောက် သူက ကျန်းကျင်းခိုင်ကို မျက်လုံးပြူးကာ စိုက်ကြည့်ရင်း မေးလိုက်လေသည်။
"ဘယ်သူလုပ်တာလဲအင်စပက်တာ ဟိုကောင် သတ္တိမရှိတဲ့ စွေ့ကျုံးယီပဲလား"
"အဲဒီလိုပြောမယ်ဆိုရင်လဲ ပြောလို့ရတယ်"
ကျန်းကျင်းခိုင် ခေါင်းညိတ်လိုက်သည်။
"စွေ့ဂိုဏ်းရဲ့အကြမ်းဖက်မှုကြောင့် အားတီ အပြင်းအထန် ဒဏ်ရာရပြီး ဆေးရုံတင်ခဲ့ရတယ်လေ ခွဲစိတ်ပြီးနောက် ဒဏ်ရာကပိုးဝင်သွားတယ် ကျုပ်တို့ သူ့အသက်က်ို မကယ်နိုင်ခဲ့ဘူး"
"အော် ဟုတ်ကဲ့ ကျုပ် နားလည်ပါပြီ"
အားချွန် နှုတ်ဆိတ်သွား၏။ နောက်ဆုံးတွင် သူခေါင်းမော့ပြီး ကျန်းကျင်းခိုင်ကိုကြည့်ကာ ပြောလိုက်သည်။
"အင်စပက်တာကျန်း ဆရာသိချင်တာမေးပါ ကျွန်တော် သိချင်တာမှန်သမျှ မချွင်းမချန် ပြောပြပါ့မယ်"
"ကောင်းပြီ"
ကျန်းကျင်းခိုင် ခေါင်းညိတ်ပြလိုက်၏။
"ကျုပ် သိချင်တာက မင်း အားရှုရဲ့ မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ပတ်သက်ပြီး ဘယ်လောက်သိထားသလဲဆိုတာပဲ"
အားချွန် ခေါင်းညိတ်ပြီး အောက်ပါအတိုင်း ပြောပြလိုက်လေသည်။
"ကြာတော့ကြာခဲ့ပြီပေါ့ဗျာ အဲဒီအချိန်တုန်းက အားရှုဟာ လမ်းကြားထဲက တခြားကောင်မလေးတွေနဲ့ ပေါင်းပြီး စွေ့တီကွမ်းဆီကနေ မူးယစ်ဆေးဝါးတွေယူတယ် ပြီးရင် သူတို့ရဲ့ ဖောက်သည်တွေကို ရောင်းကြတယ် ကျွန်တော် ပထမတော့ မသိခဲ့ဘူး ဒါပေမယ့် သိသွားတဲ့အခါကျတော့လဲ အမြတ်တချို့ခွဲပေးဖို့ အားရှုနဲ့ကျွန်တော် သဘောတူခဲ့ကြတယ်လေ ဒါကြောင့် ကျွန်တော် သူ့အလုပ်အကြောင်း ဆက်မမေးတော့ဘူး လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်အထိပေါ့ ကျွန်တော့အထင် ဖောက်သည်တစ်ယောက် ကျွန်တော်တို့လမ်းကြားထဲမှာပဲ ဆေးလွန်ပြီး သေသွားတယ် အဲဒါနဲ့ စခန်းက အားရှုကိုခေါ်သွားပြီး လဝက်လောက်ထိ ထိမ်းသိမ်းထားခဲ့တယ်လေ သူပြန်လွတ်လာပြီးနောက်ပိုင်း လမ်းကြားထဲမှာ သူ့ကို ကျွန်တော် မတွေ့မိတော့ဘူး အိမ်ပြန်သွားပြီလို့ပဲ ကျွန်တော် ယူဆခဲ့တယ်"
"နောက်မေးခွန်းတစ်ခု မေးအုံးမယ် အဲဒီတုန်းက အားရှုနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေက ဘယ်သူတွေများ ဖြစ်မလဲ"
"အဲဒါတော့ ကျွန်တော် သေချာ မမှတ်မိဘူးဗျ"
အားချွန်က တောင်းပန်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"အားဟွာ အားဟွိုင် အားဆွေ ပြီးတော့ အားလျန်နဲ့ အားကျောက်လဲ ပါတာပဲ"
"အားဖေးနဲ့ အားယင်တို့ကရော"
ကျန်းကျင်းခိုင်က ထပ်မေးလိုက်ပြန်သည်။ အားချွန်က ခေတ္တစဥ်းစားပြီး ပြန်ဖြေလိုက်၏။
"အဲဒီနှစ်ယောက်က တခြားသူတွေထက် နောက်ကျပြီးမှ လမ်းကြားထဲ ရောက်လာတာဗျ သူတို့လဲ အားရှုနဲ့ ရင်းနှီးတဲ့ပုံပါပဲ"
အားတီ၏ အသံမှာ ရေရေရာရာ မရှိလှ။ သို့သော် လိမ်နေပုံတော့မပေါ်ချေ။
"ဒါဆို အားကျောက်ကရော"
ကျန်းကျင်းခိုင် သူ မမေးချင်သော မေးခွန်းတခုကို ဖြစ်ညှစ်၍ မေးလိုက်ရ၏။
"သူလား သူ့ကိုအားရှုခေါ်လာမှန်း ကျွန်တော် မှတ်မိနေသေးတယ် အဲဒီကောင်မလေးက တခြားမိန်းကလေးတွေနဲ့ မတူဘူး သူ စစချင်းတော့ အလုပ်အရမ်းကို ကြိုးစားတယ် နောက်တော့ အပျင်းထူလာရော အားရှုပြောတာ မှတ်မိပါသေးတယ် ဘာတဲ့ အော် အားကျောက်ဟာ သူ့ခင်ပွန်း စွန့်ပစ်လိုက်ပြီး မိသားစုဝင်တစ်ယောက်ကလဲ ကိုယ့်ကိုယ်ကို သတ်သေသွားလို့ ဘယ်ကိုမှ သွားစရာမရှိလို့ လမ်းကြားထဲ ရောက်လာတာတဲ့"
"ဒါနဲ့ အားတီက တခါပြောဖူးတယ် အဲဒီကောင်မလေးမှာ ကျောထောက်နောက်ခံကောင်းတွေရှိသတဲ့ အဲဒါအမှန်ပဲလား"
ကျန်းကျင်းခိုင်က ရည်ရွယ်ချက်ရှိရှိနှင့် မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
"ဟုတ်တယ်ဗျ အဲဒီအချိန်တုန်းက သူ အလုပ်ဝင်နေတာ လေးလလောက်ရှိပြီ တစ်နေ့မှာ အနီးအနားရပ်ကွက်ထဲက လူမိုက်နှစ်ယောက် ကျွန်တော့ကို လာပြောတယ် အားကျောက်ဟာ သူတို့သူဌေးရဲ့ ညီမလေးဖြစ်တဲ့အတွက် ဂရုစိုက်ရမယ် မဟုတ်ရင် ဒုက္ခရောက်သွားမယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်လေ"
"မင်း သူတို့ကို ယုံလား"
ကျန်းကျင်းခိုင် ခပ်တည်တည်နှင့် မေးလိုက်သည်။
"ယုံတာပေါ့ သူတို့ထဲက တစ်ယောက်က သေနတ်တစ်လက် ကိုင်ထားတယ်လေ မယုံလို့ဘယ်ဖြစ်မလဲ"
သူက သူ့လက်ကို ပစ္စတိုပုံစံလုပ်ပြရင်း ပြောလိုက်၏။
"အဲဒီလူတွေ အခုဘယ်မှာလဲဆိုတာ သိလား"
ကျန်းကျင်းခိုင် ဆက်မေးလိုက်သည်။
"မသိပါဘူးဗျာ"
အားချွန် ခေါင်းခါပြလိုက်၏။
"အားကျောက်ရဲ့အကောင်းဆုံးအချက်က သူ လမ်းကြားထဲရောက်ကတည်းက လမ်းပေါ်က လူမိုက်လေးတွေ ကျွန်တော်တို့ကို ဒုက္ခပေးတာ ရပ်သွားတာပဲ ဒါကြောင့် သူ့မှာ ကျောထောက်နောက်ခံကောင်းရှိနေတာ ကျွန်တော်တော့ ယုံတယ်"
"ဒါနဲ့ အားဟွိုင်နဲ့အားယင် ဘယ်မှာနေလဲဆိုတာ ခင်ဗျား သိသလား"
"သူတို့..."
အားချွန်က သူတို့၏ နေရပ်လိပ်စာများကို ရွတ်ပြလိုက်၏။
"ဆာဂျင်ကျန်း မနေ့က အဲဒီမေးခွန်းလာမေးလို့ ကျွန်တော် ပြောပြလိုက်ရသေးတယ်"
"ဒါဆို အားရှုက ဘယ်တုန်းက သေဆုံးခဲ့တာလဲ"
ကျန်းကျင်းခိုင် နောက်ဆုံးအနေနှင့် သွေးတိုးစမ်းလိုက်ခြင်း ဖြစ်သည်။
"သူအသတ်ခံရပြီးသေသွားတာ လတချို့တောင်ကြာသွားပြီမလား အင်စပက်တာ"
စကားအဆုံးမှာပင် တစုံတခုကို တွေးမိသွားဟန်ဖြင့် အားချွန် မျက်လုံးပြူးသွားတော့သည်။
"နေပါအုံးဗျ ဒါဆို သူ မသေသေးဘူးလား ဒါမှမဟုတ် သူ..."
"မိန်းကလေးတစ်ယောက် လမ်းကြားထဲမှာ သေသွားရင် မင်း ဘာလုပ်လေ့ရှိသလဲ"
ကျန်းကျင်းခိုင် ချက်ချင်းပင် ခေါင်းစဥ်ပြောင်းပြီး ထပ်မေးလိုက်၏။
"ပုံမှန်အားဖြင့် မိန်းကလေးတယောက် သေသွားတိုင်း ကျွန်တော်နဲ့အားတီတို့က"
အားချွန်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"အလုံပိတ်တနေရာရှာပြီး အလောင်းကို မြှုပ်တာ ဒါမှမဟုတ် မီးရှို့တာ လုပ်ကြတယ် တစ်ခါတစ်လေကျတော့ အလောင်းကို ဂုံနီအိတ်ထဲထည့်ပြီး ကျောက်ခဲတွေဖြည့် ပြီးတော့ ပင်လယ်ဒါမှမဟုတ် မြစ်ထဲကို ပစ်ချလိုက်တယ်"
"တခြားတစ်ယောက်က လမ်းကြားထဲမှာ မိန်းကလေးအလောင်းတစ်လောင်းတွေ့ခဲ့ရင် သူတို့ဘာသာသူတို့ ဖြေရှင်းလို့ရသလား ဒါမှမဟုတ် မင်းကို သတင်းပို့ရမှာလား"
ကျန်းကျင်းခိုင်က ထပ်မေးလိုက်ပြန်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကတော့ ကျွန်တော့်ကို အရင်သတင်းပို့ရမှာပဲ"
အားချွန်က ပြန်ဖြေလိုက်၏။
"ပြည့်တန်ဆာတစ်ယောက် သေတာက ကျွန်တော်တို့လုပ်ငန်းမှာ သိပ်အရေးကြီးတဲ့ ကိစ္စတော့မဟုတ်ပေမယ့် ကျွန်တော်တို့ အလုပ်ကို ကောင်းကောင်းမလုပ်ခဲ့ဘူး ရဲဆေးရုံကို အလောင်းရောက်သွားခဲ့ရင်ပြသနာတွေအများကြီး တက်လာနိုင်တယ် အဲဒါကြောင့် လမ်းကြားထဲက ကောင်မလေးတွေ အကြောင်းတခုခုကြောင့် သေသွားရင် သူတို့ ကျွန်တော့ကို လာပြောရမှာပဲ အင်စပက်တာ"
ကျန်းကျင်းခိုင် ခေါင်းတဆတ်ဆတ်ညိတ်ရင်း နားထောင်နေလေသည်။ ကြည့်ရသလောက် အားချွန် အမှန်အတိုင်း ပြောနေပုံရပေသည်။
"အားရှု မရှိတော့တဲ့နောက်ပိုင်း တခြားမိန်းကလေးတွေလဲ သူ့လိုပဲ ပျောက်သွားတာမျိုး ရှိသလား"
"ပြောရခက်တယ်အင်စပက်တာ"
အားချွန်၏ အဖြေက မရေရာလှ။
"ပြည့်တန်ဆာတွေက အမြဲတမ်း ဝင်လိုက်ထွက်လိုက်ပဲဆိုတော့လေ ဒါပေမယ့် အားလျန် ခနပျောက်သွားတာကိုတော့ ကျွန်တော် မှတ်မိတယ် ဘာလို့လဲဆိုတော့ သူပြန်လာတဲ့အချိန်မှာ လုံးဝပြောင်းလဲသွားလို့ပဲ ဒါကတော်တော်သိသာတော့ ကျွန်တော် သူ့ကို သတိထားမိခဲ့တယ်"
"မင်းနဲ့ အားတီအပြင် လမ်းကြားထဲမှာ တခြားပြည့်တန်ဆာခေါင်းတွေတွေ ရှိသေးလား သူတို့ထဲကကော အားရှုနဲ့ရင်းနှီးတဲ့သူ ရှိသေးလား"
ကျန်းကျင်းခိုင်က ခေါင်းစဉ်ပြောင်းလိုက်ပြန်သည်။
"နည်းနည်းပါးပါးတော့ရှိတယ်"
အားချွန် ပြန်ဖြေလိုက်၏။
"ဒါပေမယ့် သူတို့အားလုံးလဲ အားတီနဲ့ ကျွန်တော့အတွက် အလုပ်လုပ်ပေးရတာပဲလေ အင်စပက်တာနောက်ဆုံးတော့ အကုန်လုံးကို ကျွန်တော်တို့ နှစ်ယောက်က တာဝန်ယူရတာပဲ"
"သူတို့ရဲ့ နာမည်တွေ အသက်တွေ လိပ်စာတွေ ကိုယ်ရေးရာဇဝင်တွေကို မင်းမှတ်မိသလောက် ရေးချလိုက် ပြီးရင် မင်းသွားလို့ရပြီ"
အားချွန် ခေါင်းညိတ်ပြလိုက်၏။
နောက်တယောက် အလှည့်ကျလာသူမှာကား အားရှာပင် ဖြစ်လေသည်။ ကျန်းကျင်းခိုင်က သူမကိုလည်း အလားတူမေးခွန်းများ မေးမြန်းခဲ့၏။ အားရှာကလည်း ဝမ်းမြောက်ဝမ်းသာပင် ပြန်ဖြေလေသည်။
"အားရှာရေ အားဆွေက အားရှုအကြောင်း မင်းကို အတင်းပြောတာ ပိုက်ဆံချေးပြီး ပြန်မဆပ်တာမျိုး ပြောပြဖူးလား"
ကျန်းကျင်းခိုင်က စမေးလိုက်၏။
"အင်း..."
အားရှာ စဥ်းစားနေ၏။
"အားဆွေက အားရှုအကြောင်း သိပ်မပြောဖူးဘူး အထူးသဖြင့် အားရှုလမ်းကြားက ထွက်သွားပြီးနောက်ပိုင်းမှာပေါ့ ဒါပေမယ့် တစ်ခါတော့ မူးပြီး ရင်ဖွင့်ဖူးတယ်ရှင့်"
"သူ ဘာပြောခဲ့လဲ တိတ်ိကျကျလေး ပြောပြပါလား"
ကျန်းကျင်းခိုင် နူးညံ့သောလေသံနှင့် မေးလိုက်သည်။
"သူ ပြောခဲ့တာက..."
အားရှာ ခေါင်းမော့ပြီး ကျန်းကျင်းခိုင်ကို ကြည့်လိုက်၏။
"အင်း...အားရှုအကြောင်း သူ မကောင်းတဲ့စကားပြောတယ်ပဲ ထားပါတော့ သူ ပြောတာက အားရှုဟာ သူ့အပေါ် အကြွေးတင်နေပြီး ပြန်မဆပ်ချင်ဘူးတဲ့ ဒီအတွက် သူ မကျေဘူးတဲ့ အားရှု ပြန်ပေးဆပ်ရအောင် သူ လုပ်မယ်တဲ့ရှင့် ဒါပေမဲ့ အင်စပက်တာကျန်း မူးနေတဲ့လူတယောက်ရဲ့ စကားကို အတည်ယူလို့မရဘူးဆိုတာ ရှင်သိပါတယ်နော်"
"ဒီတော့ မင်းစကားအရဆိုရင် အားရှုနဲ့အားဆွေဟာ ငွေကြေးအငြင်းပွားမှု ဖြစ်နေခဲ့တာပေါ့ ဟုတ်လား"
ကျန်းကျင်းခိုင်က အားရှာကို ပြုံးပြရင်း ထပ်မေးလိုက်ပြန်၏။
"သူတို့နှစ်ယောက်အကြားမှာ လျှို့ဝှက်သဘောတူညီချက်တစ်ခု ရှိတယ်ဆိုတာလောက်ပဲ ကျွန်မသိတာ အသေးစိတ်ကိုတော့ မသိပါဘူးရှင်"
အားရှာ ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်သည်။