အားယင်ကို ရှာတွေ့ပြီ
Vol. 12 Ch. 118
အားရှာကို မေးမြန်းပြီးချိန်တွင် မွန်းလွဲသွားလေပြီ။ ကျန်းကျင်းခိုင် သူ့ဖုန်းကို ဖွင့်ကြည့်လိုက်၏။ အားကျောက် စာပို့ထားကြောင်း သူ တွေ့ရသည်။ သာမာန်စာတစောင်မျှသာဖြစ်၍ ဘာမှစိတ်ပူစရာမရှိလှ။ ထိုအချိန်မှာပင် ကျန်းနန်က ဝင်လာပြီး ပြောလိုက်သည်။
"မေးစရာရှိတာတွေ မေးပြီးသွားပြီလား အင်စပက်တာ ပြီးသွားရင်လဲ နေ့လည်စာသွားစားရအောင်လေ ဒီတခါ ကျွန်တော် ဝယ်ကျွေးမယ်"
"ဟာ နေပါစေဗျာ ရပါတယ်"
ကျန်းကျင်းခိုင်က ကျန်းနန်ကို လက်ကာပြရင်း ပြောလိုက်၏။
"ဒီမနက် လူလိုက်ရှာတာ ဘယ်လိုလဲ ဆာဂျင်ကျန်း"
"မဆိုးပါဘူး"
ကျန်းနန် ခေါင်းညိတ်လိုက်၏။
"ဒါပေမယ့် ရုံးခန်းကို အရင်သွားရအောင် သုံးယောက်စာ ထမင်းချိုင့် မှာထားပြီးပြီ"
ကျန်းကျင်းခိုင် ပြုံးရင်း ခေါင်းည်ိတ်ပြလိုက်၏။ မှာထားပြီးသားအစားအသောက်ကို သူငြင်းပယ်၍ မကောင်းချေ။
"အမှန်တော့ ဒီမနက် အချိန်ကုန်တာ အလကားတော့ မဖြစ်ခဲ့ပါဘူးဗျ"
ကျန်းကျင်းခိုင် ထမင်းစားရန် ဟန်ပြင်နေစဥ်မှာပင် ကျန်းနန်က မနေနိုင်တော့ပဲ ထုတ်ပြောလိုက်သည်။
"အားယင်ကို ရှာတွေ့ခဲ့ပြီ"
"တကယ်လား ဘယ်မှာလဲ ဖမ်းလာပြီလား"
ကျန်းကျင်းခိုင် ကသောကမြောနှင့် မေးလိုက်၏။
"မှန်ပါတယ်ဗျာ ဒါပေမယ့် ထမင်းအရင်စားပါအုံး စားနေရင်းနဲ့ အေးအေးဆေးဆေး ပြောကြတာပေါ့"
ကျန်းကျင်းခိုင် ငြင်းမနေတော့ပဲ ထမင်းကို ပလုတ်ပလောင်းနှင့် စားလိုက်တော့သည်။
"အမှန်တော့ သူ အိမ်ပြောင်းသွားတာဗျ ဒါကြောင့် ကျွန်တော်တို့ သူ့ကို ရှာရခက်နေတာ"
ကျန်းနန် ဆက်ပြောလိုက်သည်။
"အော် ဒါနဲ့ အားဟွိုင်လည်း အိမ်ပြောင်းသွားတယ်လို့ သူ ပြောတယ် အချိန်မရတာနဲ့ အားဟွိုင်ကို ဆက်မရှာခဲ့ရဘူး ရုံးဆင်းချိန်ကျမှ သူ့နောက် ဆက်လိုက်ရမယ်"
ထိုအချိန်တွင် ကျန်းကျင်းခိုင်က ထမင်းစားပြီးသွားလေပြီ။ ထိုအခါ သူက ပြောလိုက်၏။
"ကဲ ပြီးပြီ အားယင်နဲ့ စကားသွားပြောရအောင်"
"ဟား ဟား ကြည့်စမ်းပါအုံး အင်စပက်တာ လောနေလိုက်တာ"
ကျန်းကျင်းခိုင်ကို နောက်သာနောက်လိုက်ရသည်။ တကယ်တော့ ကျန်းနန်ကိုယ်တိုင်လည်း ဖင်တကြွကြွ ဖြစ်နေခဲ့လေပြီ။ ထို့နောက် စက္ကန့်ပိုင်းအတွင်း စစ်ကြောရေးအခန်းထဲသို့ သူတို့ ရောက်လာကြ၏။ အခန်းထဲတွင် မိန်းကလေးတယောက် ထိုင်နေသည်။
"မင်းက အားယင်လား"
မိန်းကလေးနှင့် မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်ရင်း ကျန်းကျင်းခိုင်က တိုက်ရိုက်မေးလိုက်၏။
"ဟုတ်ကဲ့ ကျွန်မပါပဲ"
အားယင်ကလည်း ပြတ်သားစွာ ပြန်ဖြေလိုက်သည်။
"ကောင်းပြီ မင်း အားရှုကို သိသလား"
ကျန်းကျင်းခိုင်က ထပ်မံတိုက်စစ်ဖွင့်လိုက်၏။
"ဟင်... အင်း သိပါတယ်"
ထိုမေးခွန်းမျိုးမေးလိမ့်မည်ဟု အားယင် ထင်မထားမှန်း သိသာနေသည်။ သူမ အံ့သြသင့်သွား၏။ သို့သော် နောက်ဆုံးတော့ သူမ ဝန်ခံလိုက်လေသည်။
"ကောင်းပြီလေ ဒါဆို အားရှုအကြောင်း ပြောပြပါဦး"
ကျန်းကျင်းခိုင် ခုံတွင်ကျောမှီလိုက်ရင်း အမိန့်ပေးလိုက်၏။
"အားရှုလား"
အားယင်၏ မျက်နှာ တင်းခနဲ ဖြစ်သွား၏။
"ဟုတ်ကဲ့ အင်စပက်တာ ကျွန်မ သူ့ကို မတွေ့တာ သုံးနှစ်လောက်ရှိပါပြီ သူက လူကောင်းပါ လှတယ် သူများကို အကူအညီလည်း ပေးတတ်တယ် သူနဲ့ပါတ်သက်ပြီး အဲဒီလောက်ပဲ ကျွန်မ မှတ်မိတယ်"
"တကယ်လား မင်းတို့နှစ်ယောက် အရင်က တော်တော်လေး ရင်းနှီးခဲ့ကြတယ်လို့ ကျုပ် ကြားတယ်"
"ဟုတ်တယ် ကျွန်မတို့ အတော်လေး ခင်ခဲ့ကြတယ် ဒါပေမယ့် တခြားလူတွေနဲ့လဲ သူ ခင်တာပါပဲ"
အားယင် ပြန်ဖြေလိုက်၏။
"ဟုတ်လား ဒါနဲ့ သူ လွန်ခဲ့တဲ့ လအနည်းငယ်က လမ်းကြားကို ပြန်လာသေးတယ်လို့ ကြားတယ်"
ကျန်းကျင်းခိုင်က အရေးမကြီးလှသောလေသံနှင့် မေးလိုက်ခြင်း ဖြစ်သည်။
"အဲဒီတုန်းက သူ မင်းကို လာမတွေ့ဘူးလား"
"ဘာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာတဲ့လဲ.... နေပါအုံး အင်စပက်တာ ဒါတကယ်လား ကျွန်မ မသိလိုက်ဘူးရှင့်"
အားယင် စကားမှားသွား၏။ သို့သော် သူမက ချက်ချင်းပင် စကားလမ်းကြောင်းပြောင်းလိုက်လေသည်။
" ကျွန်မကို ရှာမတွေ့တာ ဖြစ်ပါလိမ့်မယ် ဒါမှမဟုတ် ကျွန်မကို မေ့သွားတာလဲ ဖြစ်နိုင်တာပဲလေ"
"အင်း ဟုတ်ပြီလေ ဒါနဲ့ အားလျန်ကိုကော မင်း သိလား"
"သိပါတယ်ရှင်"
အားလျန်၏ နာမည်ကိုကြားသည်နှင့် အားယင်၏မျက်နှာ သွေးဆုတ်သွား၏။ အားရှုမှာ သေသွားပြီဖြစ်သည်။ အသက်မရှိသူသည် စကားမပြောနိုင်တော့ချေ။ သို့သော် အားလျန်ကတော့ အသက်ရှင်နေဆဲပင်။ ရူးနေသည့်တိုင် တခါတလေ သတိပြန်ဝင်လာပြီး အတိတ်ကအကြောင်းအရာများကို ဖွင့်ပြောကောင်းပြောမိနိုင်၏။
"အေးပါ ဟုတ်ပါပြီ"
ကျန်းကျင်းခိုင်က စားပွဲပေါ်မှ ရေခွက်ကိုမော့ရင်း လွှတ်ခနဲ မေးလိုက်ပြန်သည်။
"အားလျန်က ပြောတယ် အားရှုဟာ သေသွားပြီတဲ့ အော် ဒါကို မင်းမသိသေးဘူးနော်"
"သူ... သူ... သူက အားရှု... သေသွားပြီလို့ ပြောတယ် ဟုတ်လား"
အားယင်၏ မျက်နှာမှာ ပို၍ဖြူဖွေးလာ၏။
"ဟုတ်တယ် မင်းတကယ်မသိဘူးလား"
ကျန်းကျင်းခိုင်၏ လေသံမှာ အေးစက်တင်းမာနေ၏။
"အင်း... ကျွန်မ..."
အားယင် နဖူးပေါ်မှ ချွေးများယိုစီးကျလာ၏။
"ကျွန်မ..."
"မင်းတို့အားလုံး အားရှုကို ဆားရည်တိုက်ပြီး သတ်ခဲ့တယ်ဆိုတာ ကျုပ်တို့သိထားပြီးပြီ"
ဤတကြိမ်တွင်တော့ ကျန်းကျင်းခိုင်က အသံကိုအနည်းငယ်မြှင့်ပြီး အော်လိုက်ခြင်းဖြစ်သည်။
"မင်း အခု အမှန်အတိုင်း ပြောတော့မလား"
"ဟုတ်ကဲ့ ကျွန်မ... ကျွန်မ ပြောပါတော့မယ်ရှင်"
အားယင်၏ တကိုယ်လုံး ပျော့ခွေသွား၏။
"ကျွန်မတို့... ကျွန်မတို့ အားရှုကို သတ်ခဲ့မိတယ် ကျွန်မရယ် အားလျန် အားဆွေ အားဟွေနဲ့ နောက်နှစ်ယောက် စုစုပေါင်း ခြောက်ယောက် သူ့ကို အတူတူသတ်ခဲ့မိကြတယ်"
"ဒါဆို မင်း မှတ်မိနေတာပေါ့"
ကျန်းကျင်းခိုင် ရယ်မောလိုက်၏။
"ကြာသွားပြီဆိုတော့ မင်း မေ့လောက်ပြီထင်နေတာ"
"... ကျွန်မ မမေ့ပါဘူးရှင်"
"ကောင်းပြီ ဒါဆို ဘာတွေဖြစ်ခဲ့သလဲ ကျုပ်ကို အသေးစိတ်ပြောပြစမ်း"
ကျန်းကျင်းခိုင်၏ လေသံက ကနဦးကလောက် မာမနေတော့။
"အားရှုကို မင်းတို့ ဘာလို့သတ်ခဲ့တာလဲ"
"ပိုက်ဆံကြောင့်ပါ အားရှုက ကျွန်မတို့အပေါ် ပိုက်ဆံတွေအများကြီး အကြွေးတင်နေတယ်လေ ဒါကြောင့်... ဒါကြောင့် ကျွန်မတို့ သူ့ကိုတွေ့ပြီး ကျွန်မတို့ပိုက်ဆံ ပြန်လိုချင်ကြောင်းပြောခဲ့တယ် ဒါပေမဲ့ ဆင်ခြေတွေအမျိုးမျိုးပေးနေတော့ သူ့ကို ဆားရည်တွေ အတင်းတိုက်ပြီး ခြောက်လှန့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်"
ဤနေရာအရောက်တွင် အားယင်၏အသံက သိသိသာသာပင် တုန်ယင်လာလေသည်။
"ဒါပေမယ့်... ဒါပေမယ့် သူ ကျွန်မတို့ပိုက်ဆံကို ပြန်ပေးဖို့ ငြင်းနေတုန်းပဲ အဲဒါနဲ့ ကျွန်မတို့ သူ့ကိုဆားရေတွေ ထပ်တိုက်လိုက်တယ်... အဲဒီမှာ သူ ရေဓာတ်ခန်းခြောက်ပြီး သေဆုံးသွားတော့တာ့ပါပဲ"
"သူ ဘာလို့ မင်းတို့ဆီက ပိုက်ဆံချေးတာလဲ"
ကျန်းကျင်းခိုင်၏ လေသံမှာ အားယင်၏စကားကို အယုံအကြည်မရှိဟန်ပင်။
"သူ... သူ ပိုက်ဆံမချေးခဲ့ပါဘူး..."
အားယင် ကျန်းကျင်းခိုင်ကို လှမ်းကြည့်လိုက်၏။ ကျန်းကျင်းခိုင်၏ မျက်လုံးအစုံက သူမကို ဖောက်ထွင်းဝင်ရောက်တော့မတတ် စူးစိုက်ကြည့်နေလေသည်။ နောက်ဆုံးတော့ အမှန်တရားကို ပြောပြရန် သူမ ဆုံးဖြတ်လိုက်၏။
"ကျွန်မတို့ ဘိန်းဖြူဝယ်ဖို့ ပိုက်ဆံစုခဲ့ကြတာပါ ဒါပေမယ့် စိတ်ကူးကတော့ အားရှုရဲ့စိတ်ကူးပေါ့လေ"
"စုစုပေါင်း ပိုက်ဆံဘယ်လောက်လဲ"
ကျန်းကျင်းခိုင် ဆက်မေးလိုက်ပြန်သည်။
"သုံးသိန်းလောက်တော့ရှိမယ်ရှင့်"
အားယင် ပြန်ဖြေလိုက်၏။
"ပြီးတော့ ဘာဖြစ်ခဲ့လဲ"
ကျန်းကျင်းခိုင်၏ မေးခွန်းများ ဆက်တိုက်ဆိုသလိုပင် ထွက်ပေါ်လာနေသည်။ တကယ်တော့ ယွမ်သုံးသိန်းဟူသည် ပြည့်တန်ဆာခုနစ်ယောက်အတွက် နည်းသောပမာဏမဟုတ်ချေ။
"ကျွန်မတို့အကုန်လုံးရဲ့ပိုက်ဆံကို အားရှုလက်ထဲ ထည့်ပေးလိုက်တယ် သူက သူ့အဆက်အသွယ်နဲ့ ဘိန်းဖြူတွေ လှမ်းမှာမယ်ပေါ့ ဒါပေမယ့် ပိုက်ဆံယူသွားပြီး နောက်တစ်ရက်မှာပဲ သူ အဖမ်းခံလိုက်ရတယ်လေ ဒီလိုနဲ့ လဝက်လောက်ကြာသွားတယ် အဲဒီအချိန်မှာ ကျွန်မတို့အားလုံးက ပိုက်ဆံတွေဆုံးပြီဆိုတဲ့အတွေးနဲ့ အရမ်းကိုစိတ်ပူနေကြပြီ ဒါကြောင့် သူ ပြန်လွတ်လာတာနဲ့ ချက်ချင်းပဲ ကျွန်မတို့ သူ့ကို သွားတွေ့ကြတယ် မူးယစ်ဆေးဝါးတွေ ရအောင်လုပ်ပေးရင်လုပ်ပေး မဟုတ်ရင် ပိုက်ဆံပြန်ပေးဖို့ ပြောခဲ့ကြတယ် သူကပြန်ပြောတယ် သူ့ရဲ့အဆက်အသွယ်က ထွက်ပြေးသွားပြီတဲ့ ပြီးတော့ ပိုက်ဆံတွေဘယ်ရောက်သွားမှန်းလဲ သူ မသိဘူးတဲ့လေ "သူ ဒီလိုပြောလိုက်တော့ ကျွန်မတို့အားလုံး အကြီးအကျယ် ဒေါသထွက်ကုန်ကြတယ် နောက်တော့ အားဆွေက ပြောတယ် အားရှုက ကျွန်မတို့ကို လိမ်သွားတာပဲ ဖြစ်ရမယ်တဲ့ အဲဒီစကားကိုကြားတော့ ကျွန်မတို့ ပိုလို့တောင် ဒေါသထွက်လာတယ် ဒီမှာတင် အားဖေးကအကြံပေးတယ် သူ့ပါးစပ်ထဲ ဆားရည်တွေလောင်းထည့်လိုက်ရင် သူ ကြောက်သွားမှာပဲတဲ့လေ တကယ်တော့ ဒီလိုလုပ်တာ လူသေနိုင်တယ်လို့ ကျွန်မတို့ တခါမှမတွေးမိပါဘူးရှင် ပြီးတာနဲ့ အားရှုနဲ့ ကျွန်မတို့ ထပ်ချိန်းလိုက်တယ် ဒီတစ်ခါတော့ ကျွန်မတို့ လိုချင်တဲ့နေရာမှာပေါ့ သူရောက်လာတာနဲ့ ကျွန်မတို့ သူ့ကိုချုပ်ပြီး ပါးစပ်ထဲဆားရည်တွေလောင်းထည့်ပြီး ပိုက်ဆံဘယ်နေရာမှာလဲလို့ ဝိုင်းမေးကြတယ် ဒါပေမယ့်... ဒါပေမယ့် ကျွန်မတို့ လက်လွန်သွားပြီး နောက်ဆုံးတော့ သူ့ကို သတ်မိသွားတယ်..."
"ဒါဆို အားရှုက ပိုက်ဆံ ဘယ်သူ့ကို ပေးလိုက်လဲဆိုတာ မင်းတို့မသိဘူးလား"
ကျန်းကျင်းခိုင် ဆက်မေးနေ၏။ သူသိထားသလောက် အားယင် လိမ်ပြောပုံမရချေ။
"မသိဘူးရှင့်"
အားယင် ခေါင်းခါလိုက်သည်။
"အဆက်အသွယ်ကို အားရှုတယောက်ပဲ သိထားတာလေ အားရှုကို သတ်လိုက်မိပြီဆိုတာ သိလိုက်ရတော့ ကျွန်မတို့အားလုံး အရမ်းကြောက်သွားခဲ့ကြတယ် နောက်ပိုင်းကျတော့မှ စွေ့တီကွမ်း သေသွားပြီး သူ့လူတွေအားလုံး မြို့ကနေ ထွက်ပြေးသွားပြီဆိုတာ ကျွန်မတို့ သိလိုက်ရတယ် အားရှုအပေါ် ကျွန်မတို့ အထင်မှားခဲ့မိကြတယ် ဒါပေမယ့် နောက်ကျသွားခဲ့ပြီ သူ သေဆုံးသွားပြီ ဘယ်တော့မှ ပြန်ရှင်လာမှာ မဟုတ်တော့ဘူး ဒါကြောင့် ဒီကိစ္စကို ကျွန်မတို့ ဘယ်တော့မှ ပြန်မပြောကြဖို့ သဘောတူခဲ့ကြတယ်"
"အားတီးကို မင်း သိလား"
ကျန်းကျင်းခိုင် မေးခွန်းပြောင်းမေးလိုက်ပြန်သည်။
"အားတီးလ"
အားယင် ခေါင်းခါလိုက်၏။
"ကျွန်မ... ကျွန်မ တကယ်မမှတ်မိပါဘူးရှင်..."
"သူက အားရှုနဲ့အတူ နေခဲ့ဖူးတဲ့ မိန်းကလေးပဲ"
ကျန်းကျင်းခိုင်က အစဖော်ပေးလိုက်သည်။
"သူလား..."
"ကျွန်မ သူမကို သေချာမမှတ်မိဘူးရှင့် သူ သေတဲ့ညက အားရှုက အားတီးအကြောင်း ပြောခဲ့ဖူးသေးတယ်လို့တော့ ကျွန်မထင်တယ် ဒါပေမဲ့ ဘာတွေပြောခဲ့မှန်းတော့ ကျွန်မ မမှတ်မိတော့ဘူး"
"အားရှုသေတဲ့အချိန် အားတီးဟာ အားရှုနဲ့ အတူနေတုန်းပဲလား"
ကျန်းကျင်းခိုင်က ဆက်မေးလိုက်ပြန်သည်။
"မဟုတ်ဘူးရှင့် အားရှုကို ရဲတွေဖမ်းသွားတော့ ကျွန်မတို့ သူ့အိမ်ကို မကြာခန ရောက်ကြတယ် တခုခုများတွေ့မလားလို့ သွားရှာကြတာလေ သူ့အိမ်မှာ တခြားဘယ်သူမှရှိမနေတာ သေချာတယ် ဒါပေမဲ့ အားကျောက်ကိုတော့ အားရှုရဲ့ အိမ်အပြင်မှာ တစ်ခါ တွေ့ခဲ့ဖူးတယ်"
"အားကျောက် ဟုတ်လား"
"ဟုတ်တယ် အဲဒီတုန်းက ကျွန်မတို့နဲ့ အားကျောက် သိပ်မခင်ဘူးလေ ကျွန်မရယ် အားဆွေရယ် အားဟွေရယ် အားရှုအိမ်ကိုရောက်တော့ အားကျောက်တယောက် အားရှုအိမ်ထဲကထွက်လာတာမြင်လို့ သော့တောင်းတော့ သူက သော့မပေးရုံတင်မကဘူး ကျွန်မတို့ကိုပါ ရိုက်လားပုတ်လား လုပ်သေးတာပေါ့"
"တကယ်လား"
အားယင်၏ စကားကြောင့် ကျန်းကျင်းခိုင် တချက်ပြုံးရင်း ခေါင်းခါမိလေသည်။