စတိုခန်းထဲက စကားဝိုင်း
Vol. 12 Ch. 119
အားယင်ကို မေးမြန်းပြီးနောက် ကျန်းကျင်းခိုင် ကျန်းနန်ကို ပြုံးပြရင်း ပြောလိုက်၏။
"ဒီအမှုကို ဖြေရှင်းနိုင်ဖို့အတွက် ဒီညတော့ အချိန်ပိုဆင်းရအုံးမယ်နဲ့တူတယ် ဆာဂျင်ကျန်းရေ"
"ပြသနာမရှိပါဘူး အင်စပက်တာ"
ကျန်းနန် ခေါင်းကုတ်ရင်း ပြန်ဖြေလိုက်သည်။
"ဒါပေမယ့် ကျွန်တော်မရှင်းတာ တခုရှိတယ် ဒီမိန်းကလေးတွေ အားရှုကိုပေးခဲ့တာ ယွမ် လေး ငါးသောင်းလောက်ပဲလေ ပြီးတော့ သူတို့အားလုံးဟာ အားရှုနဲ့ ဘော်ဒါတွေပဲမလား ဘာကြောင့် အားရှုကို သူတို့ သတ်လိုက်ရတာလဲ"
"အဲဒီပိုက်ဆံက သူတို့အတွက် အင်မတန်ရှာရခက်လို့ ဖြစ်ပါလိမ့်မယ်"
ကျန်းကျင်းခိုင်က ထရပ်ရင်း ပြောလိုက်သည်။
"အခုဆိုရင် ပျောက်နေတဲ့သူဆိုလို့ အားဟွိုင်တယောက်ပဲ ကျန်တော့တယ် သူ ဘာမှမဖြစ်ခင် ကျွန်တော်တို့ သူ့ကို ရှာတွေ့ဖို့လိုတယ်ဗျ"
ထိုအချိန်မှာပင် ကျန်းကျင်းခိုင်၏ ဖုန်းဝင်လာ၏။
"ဟန်နီရေ ရှင်ဘာလုပ်နေလဲ"
ဖုန်းထဲမှ အားကျောက်၏အသံ ထွက်ပေါ်လာလေသည်။
"ဒီည ကျွန်မကို လာကြိုဦးမှာလား"
"လာကြိုမှာပေါ့ကွ"
ကျန်းကျင်းခိုင် ပြုံးရင်း ပြန်ဖြေလိုက်သည်။
"မင်း အခု ဘယ်မှာလဲ"
"မူကြိုမှာပေါ့ တခြားဘယ်နေရာရှိအုံးမှာလဲလို့"
"ကောင်းပြီ ကျုပ် ခနနေရင် လာကြိုလိုက်မယ်"
ထို့နောက် ကျန်းကျင်းခိုင်က ရဲစခန်းမှ ထွက်ခွာလာခဲ့ပြီး အားကျောက်ကိုသွားကြိုကာ ကွန်ဒိိုသို့ အတူပြန်လာခဲ့ကြလေသည်။ အိမ်ထဲရောက်သည်နှင့် အားကျောက်က ရေချိုးခန်းထဲသို့ တန်းဝင်သွား၏။ သိပ်မကြာမီ အားကျောက်တယောက် ရေချိုးခန်းထဲမှ ပြန်ထွက်လာလေသည်။
"ဟန်နီ ရှင် ဘယ်မှာလဲ"
ဟာလာဟင်းလင်းဖြစ်နေသော အခန်းကို ဝေ့ကြည့်ရင်း သူမ ကျန်းကျင်းခိုင်ကို အသံပြုလိုက်၏။ သို့သော် ကျန်းကျင်းခိုင် ဘယ်ရောက်နေမှန်း သူမ ချက်ချင်း သဘောပေါက်သွား၏။
သူမ ထင်ထားသည့်အတိုင်းပင် ကျန်းကျင်းခိုင်တယောက် စတိုခန်းထဲတွင် ရှိနေ၏။ သူ နံရံကိုငေးကြည့်ပြီး ငြိမ်သက်စွာ ထိုင်လျက်ရှိသည်။ အတွေးဝင်္ကပါထဲ နစ်မြုပ်နေမှန်း ကြည့်လိုက်ရုံနှင့် မြင်သာနေ၏။
"အော်၊ ဘာမှမဟုတ်ပါဘူးကွာ"
အားကျောက် ဝင်လာသည်ကို မြင်သည်နှင့် ကျန်းကျင်းခိုင် ပြုံးပြလိုက်၏။
"မင်းတောင်ရေချိုးပြီးသွားပြီပဲ ဒါဆို ကျုပ်အလှည့်ရောက်ပြီပေါ့"
"ဟွန့်"
အားကျောက် နှုတ်ခမ်းစူရင်း ကျန်းကျင်းခိုင်၏ ဘေးနားတွင် ဝင်ထိုင်ကာ ပြောလိုက်သည်။
"ပြောစမ်းပါအုံး ကျွန်မရဲ့ဦးရဲကြီးကို ဘာကိစ္စကများ ဒီလောက်တောင် စိတ်ဒုက္ခပေးနေတာလဲ"
ကျန်းကျင်းခိုင် ဘာမှပြန်မပြောပဲ အားကျောက်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။ သူ အတော်လေး စိတ်ရှုပ်ထွေးနေ၏။ ဤအမှုတွင် ဆက်စပ်မှုမရှိသော သဲလွန်စ အများအပြား ပြန့်ကျဲနေသည်ဟု သူ ခံစားနေရ၏။ သို့သော် ထိုသဲလွန်စအားလုံးကို ပေါင်းစပ်လိုက်တိုင်း အမှုက အစကိုပြန်ရောက်သွားသကဲ့သို့ ဖြစ်နေလေသည်။
"ဟန်နီ ရှင်ဘာဖြစ်နေတာလဲ"
အားကျောက် စိုးရိမ်တကြီးနှင့် မေးလိုက်၏။
"ဒီနေ့ ဘာလို့ စိတ်မကောင်းဖြစ်နေတာလဲ ဘာလဲ အမှုက လမ်းပိတ်သွားပြန်ပြီလား"
"အင်း ဆိုပါတော့ကွာ"
ကျန်းကျင်းခိုင် ခေါင်းညိတ်ပြလိုက်သည်။
"ပြောပြပါဦး ကျွန်မကူညီနိုင်မလားကြည့်ရအောင်"
သူမ၏ပုံစံမှာ အမှုကို ဖြေရှင်းရန် ယခင်ကထက် ပို၍စိတ်အားထက်သန်လာပုံရပေသည်။
"ဟန်နီ မင်း... အားရှုနဲ့ သူ့ အပေါင်းအပါတွေ ဘာတွေလုပ်နေလဲ သိလား"
ကျန်းကျင်းခိုင် တွေခနဲဖြစ်သွားပြီးမှ မေးလိုက်၏။
"မသိဘူးရှင့်"
အားကျောက်၏ အဖြေက ပြတ်သားလှ၏။
"အဲဒီတုန်းက ကျွန်မ လမ်းကြားထဲကို ရောက်ခါစပဲ ရှိအုံးမယ် သူတို့ဘာလုပ်မှန်း ကျွန်မ သိပ်စိတ်မဝင်စားခဲ့ဘူးလေ"
"တကယ်တော့ သူတို့ ဘိန်းဖြူရောင်းနေကြတာ"
ကျန်းကျင်းခိုင် သူမကို မော့ကြည့်ရင်း ပြောလိုက်သည်။
"တကယ်လား"
အားကျောက် တွေဝေသွား၏။ ထို့နောက် သူမ၏စိတ်ထဲတွင် အားတောက်ကို သတိရလာလေသည်။
"ဟန်နီ အစ်မရှုရဲ့ လုပ်ငန်းက အစ်ကိုတောက်နဲ့ ဘာမှမဆိုင်ဘူးလို့ ကျွန်မထင်တယ်"
"ဘာလို့လဲ"
ကျန်းကျင်းခိုင်က ပြန်မေးလိုက်သည်။ သူ့မျက်လုံးအစုံကလဲ အားကျောက်၏မျက်နှာကို စူးစိုက်ကြည့်ရှုနေ၏။
"ကျွန်မ အစ်မရှု နဲ့ အစ်ကိုတောက်တို့ကို တစ်ချိန်တည်းလောက်မှာ တွေ့ခဲ့တာ"
အားကျောက်က ပြန်ပြောပြလိုက်သည်။
"ကျွန်မ အစ်မရှုနဲ့ တွေ့ပြီး နှစ်လလောက်အကြာမှာ အစ်ကိုတောက်နဲ့ ပထမဆုံး တွေ့ခဲ့တာပေါ့ တစ်ညမှာ ကျွန်မ..."
ထို့နောက် သူမက အားတောက်နှင့်တွေ့ဆုံခဲ့ပုံကို အသေးစိတ်ရှင်းပြလိုက်လေသည်။ အားကျောက်စကားကိုနားထောင်ရင်း ကျန်းကျင်းခိုင် ရယ်မောလိုက်မိ၏။
"ဒီကောင်မလေးကတော့ကွာ လွန်ခဲ့တဲ့နှစ်နှစ်ခွဲတုန်းကတည်းက မင်းကို ဖမ်းခဲ့ရမှာ"
သူက အားကျောက်၏ နှာခေါင်းကို အတင်းညှစ်ရင်း ပြောလိုက်၏။
"ဘာလုပ်နေတာလဲလို့"
"အားတောက်ဘယ်သူလဲဆိုတာ မင်းမသိဘူးလား"
ကျန်းကျင်းခိုင်၏ လေသံက လေးနက်နေ၏။
"သိတယ်လေ ထိပ်ပြောင်ဝံပုလွေ"
"ဒါဆို သူက ရာဇဝတ်သားဆိုတာ မင်းသိတယ်မလား"
ကျန်းကျင်းခိုင်က ထပ်မံမေးလိုက်ပြန်သည်။
"သိသားပဲ ကျွန်မလဲ ပြည့်တန်ဆာတစ်ယောက်ဆိုတာ ရှင်သိတယ်မလား"
အားကျောက်ကလည်း ကျန်းကျင်းခိုင်ကို မျက်စောင်းထိုးရင်း ပြန်ဖြေလိုက်၏။
ကျန်းကျင်းခိုင် ဘာမှပြန်မပြောနိုင်တော့ပဲ နှုတ်ဆိတ်သွားတော့သည်။ အတန်ကြာမှ သူက မေးလိုက်ပြန်၏။
"အားရှု အချုပ်ခံနေရတဲ့အချိန်လောက်မှာ မင်းက ဒဏ်ရာရထားတဲ့ အားတောက်ကို ဂရုစိုက်ပေးနေခဲ့ရတယ် ဟုတ်တယ်မလား ဒါကြောင့် အဲဒီမိန်းကလေးတွေ အားရှုကို ဘယ်လိုသတ်ခဲ့မှန်း ဘာကြောင့်သတ်ခဲ့မှန်း မင်းမသိနိုင်တော့ဘူးပေါ့"
"အင်း"
အားကျောက် ခေါင်းညိတ်ပြရုံမျှသာ တတ်နိင်တော့သည်။ ထို့နောက် သူမ နှုတ်ဆိတ်သွား၏။ ဒါသည်ပင်လျင် ကံကြမ္မာဖြစ်ပေလိမ့်မည်။ အားရှုသည် အားကျောက်၏ အသက်ကို ကယ်ခဲ့၏။ အားကျောက်ကလည်း အားတောက်၏ အသက်ကို ကယ်ခဲ့ပြန်သည်။ တဖက်တွင် အားတောက် စွေ့တီကွမ်းကို သတ်ခဲ့ခြင်းက အားရှု၏ သေဆုံးခြင်းဆီကို သွယ်ဝိုက်ပြီး ဦးတည်စေခဲ့လေသည်။
"အားရှု အိမ်မှာမရှိတဲ့အချိန် သူ့အိမ်ကို မကြာခဏ သွားခဲ့ဖူးသလား"
"မကြာခဏ သွားဖြစ်တယ်"
အားကျောက် ပြတ်ပြတ်သားသားပင် ပြန်ဖြေလိုက်သည်။
"သုံးရက်တစ်ခါလောက်ပေါ့"
"အားတီးထွက်သွားပြီဆိုတာ ဘယ်တုန်းက သိလဲ"
"အစ်မရှုကို ရဲတွေ ဖမ်းသွားပြီးနောက်ပိုင်းကစပြီးသူ့ကို ကျွန်မ မတွေ့တော့ဘူး"
"ဒါဆို အားရှုကို ရဲတွေ ဖမ်းဆီးထားတုန်းနဲ့ ပျောက်ဆုံးနေတုန်းမှာ သူ့အိမ်ထဲ ဒါမှမဟုတ် အနီးအနားမှာ ထူးထူးဆန်းဆန်း တွေ့ခဲ့တာများ ရှိသလား"
ကျန်းကျင်းခိုင်က ထပ်မေးလိုက်သည်။
"ထူးဆန်းတာ... မရှိဘူးထင်တယ်"
အားကျောက် ခေါင်းခါလိုက်သည်။
"ဒါပေမဲ့... အားဆွေ အားဟွေ အားယင်တို့နဲ့ အစ်မရှုအိမ်ရှေ့မှာ တခါတော့တွေ့တယ် ကျွန်မ ရိုက်လိုက်တာ အားဟွေတောင် နှာခေါင်းသွေးယိုသွားလေရဲ့"
ထိုစကားကြောင့် ကျန်းကျင်းခိုင် ဟက်ဟက်ပက်ပက်ပင် ရယ်မောလိုက်လေသည်။