အားဟွိုင်ကို ခြေရာခံခြင်း
Vol. 12 Ch. 120
မနက်ခင်းနေရောင်ခြည်သည် အခန်းတခန်းလုံးကို လင်းထိန်သွားစေ၏။ အားကျောကိ အိပ်ယာမှထလာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကျန်းကျင်းခိုင်ကို ကြည့်လိုက်သည်။ ထို့နောက် သူမ တိတ်ဆိတ်စွာ အိပ်ယာမှထလိုက်ပြီး နေရောင်အောက်မှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်၏။ ၎င်းမှာ အားကျောက် နှစ်ပေါင်းများစွာ စွဲမြဲလာခဲ့သည့် အလေ့အထတခုပင်။ ထို့နောက် သူမ ရေမိုးချိုးပြီး မနက်စာပြင်ဆင်လေသည်။ ကျန်းကျင်းခိုင်ကား ထိုအချိန်ထိ အိပ်ပျော်နေဆဲပင်။
"ဟန်နီရေ ထပါတော့ဗျို့"
အားကျောက်၏ နူးညံ့သောထိတွေ့မှုကြောင့် ကျန်းကျင်းခိုင် အိပ်ရာမှနိုးထလာ၏။ ထိုအခါ အားကျောက်က မေးလိုက်ပြန်သည်။
"ဒါဆို ဟန်နီ ကျွန်မကို ပြောပြပါအုံး ဒီကွင်းဆက်လူသတ်သမားက အစ်မရှုအတွက် လက်စားချေဖို့ ကြိုးစားနေတယ်လို့ တကယ်ကြီးထင်နေတာလား"
"အဲဒါ..."
ကျန်းကျင်းခိုင် ခေါင်းခါလိုက်သည်။
"ကျုပ်လဲတကယ်မသ်ိဘူး ဒါနဲ့ ဘာလို့အဲလိုမေးတာလဲ"
"ကျွန်မများ ကူညီနိုင်မလားလို့လေ ကြိုးစားကြည့်နေတာ"
အားကျောက်က ကျန်းကျင်းခိုင်၏ ရင်ဘတ်ပေါ် ခေါင်းတင်ရင်း ပြောလိုက်သည်။
"ဒါနဲ့ ဟန်နီ လူသတ်သမားရဲ့ နောက်ထပ် ပစ်မှတ်က ဘယ်သူဖြစ်မယ်လို့ ရှင်ထင်လဲ"
"ဟဲ ဟဲ မသိဘူး"
ကျန်းကျင်းခိုင် ရယ်မောလိုက်၏။ တကယ်တော့လူသတ်သမား၏ နောက်ထပ်ပစ်မှတ်က အားယင်သို့မဟုတ် အားဟွိုင်ဖြစ်လိမ့်မည်ဟု သူ ယူဆထားပြီး ဖြစ်သည်။ လူသတ်သမားက အားရှုအတွက် လက်စားချေနေသည်ဆိုလျင် ထိုနှစ်ယောက်က ယုတ္တိတန်သော ရွေးချယ်မှုများပင်။ လက်ရှိတွင် အားယင်သည် ရဲထိန်းသိမ်းမှုအောက်တွင် ရှိနေပြီဖြစ်၍ စိတ်ချရပြီဟု ဆိုနိုင်သည်။ သို့ဆိုလျင် အားဟွိုင်ကော။ သူမ နောက်ထပ်သားကောင် ဖြစ်လာနိုင်မလား...
"ကဲ လူပျင်းကြီး မနက်စာစားဖို့ အချိန်ရောက်ပြီ"
အားကျောက် မတ်တပ်ရပ်ပြီး နှိုးဆော်လိုက်၏။
"အခုမှမထရင် ရှင် နောက်ကျလိမ့်မယ်"
"အေးပါကွာ ထပါပြီ"
ကျန်းကျင်းခိုင် ပြန်ဖြေလိုက်၏။ သို့သော် သူ့စိတ်ထဲတွင် အားကျောက်၏ မေးခွန်းကို ဆက်စဥ်းစားနေဆဲပင်။ လူသတ်သမား၏ နောက်ထပ်ပစ်မှတ်က မည်သူဖြစ်မည်နည်း။ ထိုအခိုက်မှာပင် ရုတ်တရက် သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။ အကယ်၍ စွေ့တီကွမ်းသေဆုံးပြီးနောက် ကျန်းကျင်းခိုင်သာ မူးယစ်ဆေးဝါးဂိုဏ်းကို ပြင်းပြင်းထန်ထန် နှိမ်နင်းခြင်းမပြုခဲ့လျင် အားရှုသည်လည်း ကျောက်ရန်းချူထံမှ မူးယစ်ဆေးဝါးများရရှိပြီး အသက်ရှင်လျက်ရှိနေပေလိမ့်မည်။ ဤအတိုင်းသာဆိုလျင် သူကိုယ်တိုင်လည်း အားရှု၏ သေဆုံးမှုတွင် အပြစ်ရှိနေခဲ့ပေပြီ။
မနက်စာစားပြီးသည်နှင့် ကျန်းကျင်းခိုင်က သူတို့နှစ်ဦးကို လာကြိုရန် တက္ကစီတစ်စီးခေါ်လိုက်၏။ ထို့နောက် သူ အားကျောက်ကို မူကြိုကျောင်းတွင်ချထားခဲ့ပြီးမှ လက်ထောက်ခရိုင်ရုံးသို့ တက္ကစီသမားအား မောင်းနှင်စေလိုက်သည်။ ရုံးထဲတွင် လျုနင်းရှိနေ၏။ ထိုအခါ သူက မေးလိုက်လေသည်။
"ဆေးရုံမှာ အားလုံး အဆင်ပြေရဲ့လား အားလျန်အတွက် ပြင်စရာရှိတာတွေကို ပြင်ပြီးပြီလား"
"အားလုံးပြီးခါနီးပါပြီ အင်စပက်တာကျန်း"
လျူနင်း ပြန်ဖြေလိုက်၏။
"အော် ဒါနဲ့ အားရှုရဲ့ နောက်ဆုံး ငွေလွဲမှုသုံးခုနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရထားပါတယ် ပထမတစ်ခုက ဒီမြို့မှာလုပ်ခဲ့တာအင်စပက်တာ ဒါပေမယ့် နောက်နှစ်ခုကတော့ ပြည်နယ်မြို့တော်ကနေ လွှဲခဲ့တာတွေ့ရတယ်"
"သိပ်ကောင်းတယ် ဒါနဲ့ ရှောက်ချိန်ရောဘယ်မှာလဲ"
ကျန်းကျင်းခိုင်က လူရှောက်ချိန်၏ စားပွဲအလွတ်ကိုကြည့်ရင်း မေးလိုက်၏။
"သူမရောက်သေးဘူးအင်စပက်တာ"
"ကောင်းပြီ ဒါဆို သူရောက်တာနဲ့ ကျုပ်ဆီလာဖို့ ပြောလိုက်"
ကျန်းကျင်းခိုင်က ရုံးခန်းဆီသို့ ခြေဦးလှည့်ရင်း ပြောလိုက်၏။ လက်ရှိတွင် သူသည် "မြွေကို တောခြောက်ခြင်း" ဟူသော စကားပုံအတိုင်း အစီအစဉ်တစ်ခုကို စတင်ရေးဆွဲနေခဲ့ပြီဖြစ်သည်။ အကယ်၍ သူ့ယူဆချက်သာ မှန်ကန်ခဲ့ပြီး ကွင်းဆက်လူသတ်သမားသည် အားရှု၏ သေဆုံးမှုအတွက် ကျန်းကျင်းခိုင်တွင် တာဝန်ရှိသည်ဟု တကယ်ယူဆနေခဲ့သည်ဆိုပါစို့။ ကျန်းကျင်းခိုင်သာ လမ်းကြားထဲတွင် ပြည့်တန်ဆာလိုက်ရှာနေခဲ့လျင် အဆိုပါလူသတ်သမား ပေါ်လာသင့်၏။ အထက်ပါအတိုင်း အပြန်အလှန်သုံးသပ်ပြီး သူ အမှုဖိုင်ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်ပြန်၏။ သက်သေအထောက်အထားများကို ပြန်ကြည့်လေလေ သူ့ယူဆချက်က ဖြစ်နိင်ချေပိုရှိလေလေဟု သူ ထင်လာမိသည်မှာ အမှန်ပင်။
"အင်စပက်တာ ကျွန်တော့ကို ရှာနေတယ်ဆို"
ရုံးခန်းထဲသို့ မောကြီးပန်းကြီးနှင့် ပြေးဝင်လာသော လူရှောက်ချိန်က မေးလိုက်၏။
"ဒါနဲ့လေ အင်စပက်တာ... အားဟွိုင်နေတဲ့နေရာ... ကျွန်တော်ရှာတွေ့ပြီ ကံဆိုးတာက သူ မနေ့ညက တစ်ညလုံး ပြန်မလာခဲ့ဘူးဗျ ဆာဂျင်ကျန်းနဲ့ ကျွန်တော်တို့ တစ်ညလုံး အဲဒီနေရာကို စောင့်ကြည့်နေခဲ့တာပေါ့"
"တကယ်လား"
ကျန်းကျင်းခိုင်က လူရှောက်ချိန်ကို ခုံတွင်ဝင်ထိုင်ရန် အချက်ပြရင်း ပြောလိုက်သည်။
"ဒါဆို စောင့်ကြည့်ဖို့ မင်းတို့ လူတွေထားခဲ့ရဲ့လား"
"ထားခဲ့ပါတယ်အင်စပက်တာ"
လူရှောကိချိန် အသက်ကိုမှန်အောင်ရှုရင်း ပြန်ဖြေလိုက်၏။
"ဒါပေမယ့် ဒီမိန်းကလေးအားဟွိုင်က အရမ်းသတိကြီးတဲ့ပုံပဲ သူ ဒီနေရာကို ငှားထားတာ သိပ်မကြာသေးဘူး ပြီးတော့ အမြဲတမ်းလဲ ပြန်မလာဘူး တခါတလေကျရင် သူ သူ့သူငယ်ချင်းတွေနဲ့ အိပ်တာမျိုးတွေတောင် ရှိတယ် ကြားရသလောက်ကတော့ အားဟွိုင်က ခုတလော ဖောက်သည်ရှာတာမျိုးမလုပ်တော့ဘူးတဲ့"
"ဒါဆို သူ့မှာ အတည်တကျနေတဲ့နေရာမရှိဘူးပေါ့ ဟုတ်လား"
"ဟုတ်ပါတယ်အင်စပက်တာ"
လူရှောက်ချိန် ခေါင်းညိတ်ပြလိုက်သည်။
"ဟဲဟဲ ဒီမိန်းကလေးတွေက သူတို့ကိုယ်သူတို့တော့ ဂရုစိုက်တတ်သားပဲ"
ကျန်းကျင်းခိုင် လှောင်ရယ်လိုက်၏။ ထို့နောက် သူက မေးလိုက်ပြန်သည်။
"ဒါဆို အားဟွိုင်က ဖောက်သည်မရှာတော့ဘူးဆိုတော့ ဝန်ဆောင်မှုပေးဖို့ပဲ သီးသန့်တာဝန်ယူထားတာပေါ့ ဟုတ်လား"
ကျန်းကျင်းခိုင်က ခေတ္တစဉ်းစားပြီးမှ လူရှောက်ချိန်ကို မေးလိုက်ပြန်သည်။
"ဒီလိုလဲ တသတ်မတ်တည်းမဟုတ်ပြန်ဘူးအင်စပက်တာ"
လူရှောက်ချိန် ခေါင်းခါလိုက်၏။
"ကျွန်တော်စုံစမ်းမိသလောက် ဒါက အခိုက်အတန့်သဘောပဲလို့ သိရတယ် သဘောက သူတို့အားလုံး အလှည့်ကျ ဖောက်သည်ရှာ အလှည့်ကျ ဝန်ဆောင်မှုပေး အဲဒီသဘောပါပဲ အင်စပက်တာ"
"ဒါဆို မင်း ဆာဂျင်ကျန်းကို ဖုန်းဆက်ပြီးပြောလိုက် အားဟွိုင်ကို အထိတ်တလန့်ဖြစ်အောင်မလုပ်ပါနဲ့လို့ သူ့ရဲ့ လှုပ်ရှားမှုတွေကို သေချာစောင့်ကြည့်ထားပါ သူ ဘယ်ကိုမှထွက်မပြေးနိုင်တာ သေချာပါစေ ပြီးရင် သူ့ရဲ့လုံခြုံရေးကို ဂရုစိုက်ဖို့ ပြောလိုက်ပါ"
လက်ရှိအချိန်အထိ လူသတ်မှုများအားလုံးသည် လမ်းကြားထဲမှာပင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အားဟွိုင် လမ်းကြားအပြင်ဘက်တွင် ရှိနေသ၍ သူမ ဘေးကင်းနေပေလိမ့်မည်။ ကျန်းကျင်းခိုင် ဤအတိုင်းပင် တွေးမိနေ၏။ ထိုအတွေးမှာ အယူသီးရာကျမှန်း သူ သဘောပေါက်သည်။ သို့သော် သူ့စိတ်ထဲတွင် ဤအတိုင်းပင် ခံစားနေရသည် မဟုတ်ပါလား။
"ဟုတ်ကဲ့ အင်စပက်တာကျန်း"
လူရှောက်ချိန် ခေါင်းညိတ်ပြလိုက်၏။
"ပြီးတော့ မင်းက ဒီည ဆေးရုံကို ကျုပ်နဲ့အတူ လိုက်ခဲ့ ကျုပ်တို့ အားလျန်ကို သွားတွေ့ရမယ်"
အားဟွိုင်ကိုတွေ့ပြီဖြစ်၍ ဆေးရုံတွင်ပြုလုပ်မည့်အစီအစဥ်ကို ကျန်းကျင်းခိုင် ခေတ္တနောက်ဆုတ်ထားလိုက်၏။
လူရှောက်ချိန်ထွက်သွားသည်နှင့် အားရှု၏ ဘဏ်ငွေလွှဲမှတ်တမ်းများကို ကျန်းကျင်းခိုင် နောက်တစ်ကြိမ်ပြန်စစ်ဆေးပြန်သည်။ငွေလွှဲမှတ်တမ်းသုံးခုထဲက ပထမဆုံးတစ်ခုသည် အားရှုသေဆုံးပြီး တစ်ပတ်ခန့်အကြာတွင် ငွေလွှဲခဲ့ခြင်းဖြစ်သည်။ ကျန်နှစ်ခုမှာ တစ်လနှင့်နှစ်လအကြာ ပြည်နယ်မြို့တော်မှ ငွေလွှဲခဲ့ခြင်းပင်။ နောက်ဆုံးတွင် ကျန်းကျင်းခိုင်က ငွေလွှဲသူ အားတီးဟု ကောက်ချက်ချလိုက်၏။ ငွေလွှဲခဲ့သည့်အကြောင်းရင်းကိုတော့ သူ မခန့်မှန်းနိုင်ချေ။
တဖန် ကျန်းကျင်းခိုင်၏ အာရုံက အားလီနှင့် လျူနန်ချွန်း၊ ယင်ကျူးမီနှင့်ကျူးယုပင်တို့၏ အမှုများထံ စိတ်ရောက်သွားပြန်သည်။ သူတို့ ဘာကြောင့်သေသွားရလေသနည်း။ အားရှုနှင့် သူတို့ကြားမှ ဆက်စပ်မှုကို ဘာလို့ရှာမတွေ့ရလေသနည်း။ သူတို့နှင့် စွေ့တီကွမ်း၊ စွေ့ကျုံးယီတို့အကြား ပတ်သက်မှုတခုခုများ ရှိနေသလား။ ပဟေဠိတွင် အပိုင်းအစတချို့ ပျောက်ဆုံးနေဆဲပင်တည်း။
တကယ်တော့ အားလီနှင့် လျူနန်ချွန်း၊ ယင်ကျူးမီနှင့် ကျူးယုပင်တို့၏ သေဆုံးမှုများသည် အားရှုထက်စာလျင် ရှောက်မေနှင့်သာ ပတ်သက်နေသည်။ သို့သော် ရှောက်မေအတွကိ လက်စားချေရန် ထိုလေးယောက်ကို သတ်ခဲ့သည်လို့ ပြောလျင် ၎င်းမှာ ယုတ္တိမရှိပဲ ဖြစ်နေပြန်၏။ အကယ်၍ ဤအတွေးမှန်ခဲ့သည်ဆိုစေအုံး၊ ထိုအတွက် ဖြစ်နိုင်ချေအရှိဆုံးလူသတ်သမားမှာ အားကျောက် သို့မဟုတ် လူရှောက်ချိန်မှတပါး အခြားမရှိချေ။
သို့သော် ထိုနှစ်ယောက်လုံး လူသတ်သမားဟု ကျန်းကျင်းခိုင် မယုံကြည်။