ဝှက်ဖဲ
Vol. 6 Ch. 581
ပိုင်ရှောင်ချန်းမှာ စိုးရိမ်လွန်းနေသဖြင့် အာခေါင်များပင် ခြောက်ကပ်နေတော့သည်။ အချိန်အတော်အတန် ကြာသွားပြီးနောက် သူ၏ နတ်ဘုရားအာရုံကို ဝိညာဥ်သိုလှောင်စေတီတော်ထဲသို့ ဂရုတစိုက် စေလွှတ်လိုက်ပြီး ချုပ်နှောင်ထားသည့် နေရာအနားသို့ တဖြည်းဖြည်း ကပ်သွားတော့သည်။
သူ၏ နတ်ဘုရားအာရုံမြင်ကွင်းထဲ၌ ထိုချုပ်နှောင်ထားသည့်နေရာကို မရေမတွက်နိုင်သော အက်ကွဲကြောင်းများဖြင့် ဖုံးအုပ်ထားရာ အသာအယာလေးတို့ထိလိုက်လျှင်ပင် ပျက်စီးသွားမည့် အနေအထားတွင်ရှိနေသည်။ ပိုင်ရှောင်ချန်းမှာ ထိုနေရာတွင် ချီတုံချတုံနှင့် ဆက်နေလိုက်ကာ အခြားတစ်ဖက်မှ ခပ်ရေးရေး ပေါ်ထွက်နေသည့် စွမ်းအင်တုန်ခါမှုနှုန်းများကို ဆန်းစစ်အကဲခတ်နေတော့သည်။
" ငါတော့သွားပြီ။ ငါးပါးတော့မှောက်ပြီ။ နောက်ထပ်ပြဿနာအကြီးကြီးတစ်ခု ရှာမိပြန်ပြီထင်တယ် "
သူက စိတ်ဓာတ်ကျနေသော်လည်း ပြဿနာကိုမဖြေရှင်းပဲ ထွက်ပြေးခြင်းမှာ အဖြေမဟုတ်ပဲ သူရင်ဆိုင်နေရသည့် ပုစ္ဆာကြီးကို နားလည်အောင်လုပ်ရန် လိုအပ်ကြောင်း ဆုံးဖြတ်လိုက်တော့သည်။ သူ၏ နတ်ဘုရားအာရုံကို အပြည့်အဝ အာရုံစူးစိုက်ကာ အက်ကွဲကြောင်းတစ်ခုထဲသို့ စေလွှတ်လိုက်တော့သည်။
နတ်ဘုရားအာရုံအများကြီးမဟုတ်ပဲ အနည်းငယ်လေးမျှသာ စေလွှတ်ခဲ့သည်ဖြစ်သော်လည်း ထိုပမာဏလောက်နှင့်ပင် ချုပ်နှောင်ထားသောနေရာထဲတွင် ရှိနေသည့်အရာ၏ အကြမ်းဖျင်းကို သိရှိသွားတော့သည်။
ထိုအထဲတွင် နယ်မြေ တစ်ခု ရှိနေသည်။
၎င်းမှာ ခဲရောင်အလင်းတန်းများပြည့်နှက်နေသည့် နေရာလွတ်ကြီးတစ်ခုဖြစ်ပြီး အနက်ရှိုင်းဆုံးသော နေရာတစ်ခုတွင် တင်ပျဥ်ခွေထိုင်ကာ တရားမှတ်နေသည့် အဘိုးကြီးတစ်ယောက်ကို မြင်နိုင်သည်။
သူသည် ဆံပင်များလုံးဝမရှိတော့ပဲ သူ၏ မျက်နှာတွင်လည်း အရေးကြောင်းများစွာ ထင်နေပြီဖြစ်သည်။ အံ့သြဖွယ်ကောင်းသည်မှာ သူ့အား မှော်သင်္ကေတများနှင့် ပြုလုပ်ထားသည့် ချိန်းကြိုး ကိုးရာကိုးဆယ့်ကိုးကြိုးဖြင့် ချုပ်နှောင်ထားသည်။
သူ၏ အငွေ့အသက်များမှာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ထက် များစွာသာလွန်နေပြီး ပိုင်ရှောင်ချန်း၏အမြင်တွင် သူသည် ဘုရားသခင် တစ်ယောက်ကဲ့သို့ပင် ဖြစ်နေသည်။ သူ့ထံမှ ပေါ်ထွက်လာနေသည့် ဖိအားတစ်ခုထဲကြောင့်ပင်လျှင် ပိုင်ရှောင်ချန်းမှာ တုန်ရီနေရသည်။
" သူ၊ သူက နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများလား "
ပိုင်ရှောင်ချန်းမှာ အသက်ရှူပင် မမှန်တော့ပေ။ သူ၏ နတ်ဘုရားအာရုံမှတစ်ဆင့် မြင်နေရသည့်အရာမှာ ယုံကြည်ဖွယ်ရာပင် မရှိပေ။ ထိုအဘိုးကြီး သတိထားမိသွားမည် စိုးသဖြင့် သူ၏ နတ်ဘုရားအာရုံများကို ဂရုတစိုက် ပြန်လည်ရုတ်သိမ်းလိုက်သည်။ တချိန်ထဲမှာပင် ဤ ဝိညာဥ်သိုလှောင်စေတီတော်ကို မလိုချင်တော့ကြောင်း ဆုံးဖြတ်ချက်ချလိုက်တော့သည်။
သို့သော် ထိုအချိန်တွင် ထိုအဘိုးကြီး၏ မျက်လုံးများမှာ ဖျတ်ခနဲပွင့်လာပြီး နေမင်းတစ်စင်းကဲ့သို့ တောက်ပနေသည့် အလင်းရောင်များ ပေါ်ထွက်လာတော့သည်။ တချိန်ထဲမှာပင် သူသည် ဦးခေါင်းသုံးလုံးပါသည့် ကြက်သွေးရောင် စပါးအုံးမြွေတစ်ကောင်အသွင် ပြောင်းလဲသွားတော့သည်။ ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ပဲ အော်ဟစ်လိုက်တော့သည်။
" အသက်ချမ်းသာပေးပါ ဆရာကြီးခင်ဗျာ "
သူက နတ်ဘုရားအာရုံများကို ပြန်လည်ရုတ်သိမ်းရင်း ငိုသံပါပါ အော်ပြောလိုက်တော့သည်။ သို့သော် တစ်ခဏအကြာတွင် သူ၏နတ်ဘုရားအာရုံများကို သူက ရပ်တန့်လိုက်တော့သည်။
" အီး "
သူက ရေရွတ်လိုက်သည်။ ထိုအချိန်မှသာ ချုပ်နှောင်ခံထားရသော အဘိုးကြီးမှာ ခန္ဓာမရှိကြောင်းကို သိလိုက်ရတော့သည်။ ထိုအဘိုးကြီး၏ တစ်စိတ်တစ်ပိုင်းမှာ အလင်းရောင်ထိုးဖောက်နိုင်လောက်အောင် ကြည်လင်နေသည်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ မပြည့်မစုံဖြစ်နေသည်။
ပို၍ အံ့သြဖွယ်ကောင်းသည်မှာ သူ၏အကြည့်များမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးနေပါသော်လည်း သူသည် သတိလစ်နေသည့်အလား သူ၏မျက်ဝန်းများမှာ အသက်မဲ့နေသည်။
" ခန္ဓာမရှိတဲ့ ဝိညာဥ်တစ်ခုပါလား "
ပိုင်ရှောင်ချန်းက ပင့်သက်ရှိုက်ကာ အနီးကပ်သေချာကြည့်ရှုလိုက်သည်။
" ခန္ဓာမရှိတဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် ဝိညာဥ်တစ်ခုပဲ "
သူမြင်နေရသည့် အရာကြီးကို ဆန်းစစ်ပြီးနောက် ပိုင်ရှောင်ချန်းမှာ သူ၏ နတ်ဘုရားအာရုံကို ဂရုတစိုက် ပြန်လည် ရုတ်သိမ်းလိုက်တော့သည်။ ထို့နောက် သူက တဆတ်ဆတ်တုန်ရီနေသည့် လက်ဖြင့် သလင်းကျောက်ပုံစံ ဝိညာဥ်သိုလှောင်စေတီတော်ကို ကိုင်ကာ ရင်တဒိန်းဒိန်းခုန်နေလျက် ထိုင်နေတော့သည်။
" နတ်ဝိညာဥ်တွေတောင်ရှိသေးတာပဲ၊ နတ်ဘုရားတစ်ပိုင်းဝိညာဥ်တွေရှိတာလည်း မထူးဆန်းပါဘူး။ ဒီစေတီထဲက ဝိညာဥ်က ခန္ဓာမရှိပဲ မပြည့်မစုံဖြစ်နေလည်း နတ်ဘုရားတစ်ပိုင်း ဝိညာဥ်လို့ သတ်မှတ်လို့ရသေးတယ် "
" အဲဒါ ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဥ်မဟုတ်ပဲ နတ်တစ်ပိုင်းအဆင့် သားရဲတစ်ကောင်ရဲ့ ဝိညာဥ်ဖြစ်လောက်တယ်။ ကျင့်ကြံသူတစ်ယောက်ရဲ့ သတ်တာခံလိုက်ရတဲ့ ရှေးခေတ်တုံးက စွမ်းအားကြီးသတ္တဝါတစ်ကောင်ရဲ့ ဝိညာဥ်ပဲနေမှာ။ အဲဒီသတ္တဝါကြီးရဲ့ ခန္ဓာမရှိတော့တဲ့ဝိညာဥ်ကို သူ့ကိုသတ်ခဲ့တဲ့သူ ဒါမှမဟုတ် သူကိုယ်တိုင် ချုပ်နှောင်ခဲ့တာဖြစ်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ဒီစေတီထဲမှာ ခရီးဆုံးသွားတာပဲနေမှာ။ "
ပိုင်ရှောင်ချန်းမှာ သူရရှိလိုက်သည့် ရတနာကြီး၏ တန်ဖိုးကြီးမားပုံကို တွေးကာ စုတ်သပ်လိုက်လေသည်။ သူ၏ သိချင်စိတ်များကို ထိန်းသိမ်း၍မရသဖြင့် စေတီတော်ထဲသို့ သူ၏နတ်ဘုရားအာရုံများကို ထပ်ထည့်ကာ ဆက်၍လေ့လာလိုက်ပြန်သည်။ နောက်နေ့နေ့လယ်ခင်းတွင် သူ၏စူးစမ်းစစ်းဆေးမှုများ ပြီးဆုံးသွားသောအခါ သူ၏မျက်ဝန်းများမှာ ဥာဏ်အလင်းပွင့်သွားသည့်အလား တောက်ပလာတော့သည်။
“ စေတီထဲကို ပေါင်းထည့်ခံလိုက်ရတဲ့ သတိမေ့ခန္ဓာမဲ့ ဝိညာဥ်တစ်ခုပဲ။ ဒီစေတီသာ ပျက်စီးသွားမယ်ဆိုရင် အဲဒီချုပ်နှောင်ခံထားရတဲ့ ဝိညာဥ်လည်း ပျက်စီးသွားမှာပဲ။ ဒါပေမဲ့ အဲဒီပျက်စီးမှုနဲ့အတူ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်လောက်ကို အသေသတ်ရင်သတ်၊ မသတ်နိုင်ရင်တောင် ဒဏ်ရာအပြင်းအထန်ရသွားစေနိုင်မဲ့ စွမ်းအားတွေစုပေါင်းထားတဲ့ ပေါက်ကွဲမှုတစ်ခုလည်း တပြိုင်နက် ထွက်လာမှာပဲ။ “
" ဒီစေတီတော်က တစ်ခါသုံး မှော်ပစ္စည်းတစ်ခုပါလားကွ။ ဝိညာဥ်ထည့်ဖို့ဆိုတာ သူ့ရဲ့ဒုတိယအလုပ်ပဲရှိတာ။ ဒါမှမဟုတ် တကယ့်စွမ်းအင်အစစ်အမှန်ကို ဖုံးကွယ်ဖို့ တောင်ဖြစ်ရင်ဖြစ်နေမှာ။ "
ပိုင်ရှောင်ချန်းမှာ အလွန်အမင်းတုန်လှုပ်နေပြီး မည်သို့သောလူမျိုးက ခန္ဓာမဲ့ နတ်ဘုရားတစ်ပိုင်း ဝိညာဥ်တစ်ခုကို တစ်ခါသုံးမှော်ပစ္စည်းတစ်ခုအသွင် ပြောင်းနိုင်ခဲ့သနည်းဟူသည့် မေးခွန်း၏ အဖြေကို သိချင်နေတော့သည်။
နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ကိုပင် ဒုက္ခပေးနိုင်လောက်သည့် ပစ္စည်းတစ်မျိုးကို သူလွယ်လွယ်ကူကူရရှိနိုင်လိုက်သည်ကို မယုံနိုင်ချေ။
သို့သော် ထိုအချက်ကြောင့် သူက ပျော်ရွှင်နေသည်တော့ မဟုတ်ချေ။ ကြောက်လန့်လွန်းသဖြင့် ကြက်သီးမွေးညင်းများပင် ထနေရသည်။
" ဒါတိုက်ဆိုင်မှုများလား "
သူသည် မြေရိုင်းဒေသထဲသို့ တည်နေရာရွှေ့ပြောင်းခြင်းခံလိုက်ရသည့် အကြောင်းအရင်းများအထိ ပြန်လည်တွေးတောနေတော့သည်။ ထိုအကြောင်းကို စဥ်းစားမိလာသည်နှင့်အမျှ နောက်ကွယ်တွင် မသင်္ကာစရာတစ်ခု ဖြစ်နေသည်ဟု သူက ပို၍ထင်လာတော့သည်။
အနည်းငယ်ထပ်မံ တွေးတောလိုက်ပြီးနောက် သူက ဝိညာဥ်သိုလှောင်စေတီတော်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ဝိညာဥ်ကျင့်ကြံသူ နှစ်ယောက်ကို ဆင့်ခေါ်လိုက်သည်။ ခဏအကြာတွင် သူတို့မှာ သူ၏အင်မော်တယ်ဂူဆီသို့ အပြေးလာပြီး ဦးညွှတ်ကာနှုတ်ဆက်လိုက်ကြတော့သည်။ စိတ်ထဲတွင် မည်သည့်အရာများ ဖြစ်ပျက်နေသနည်းဟု တွေးတောကာ စိုးရိမ်နေကြသည်။
လျှပ်စီးများလက်နေသကဲ့သို့ အလင်းတန်းများ ဖြာထွက်နေသည့် မျက်လုံးများဖြင့် ထိုဝိညာဥ်ကျင့်ကြံသူနှစ်ယောက်ကို ကြည့်လိုက်ပြီး တည့်တိုးမေးလိုက်တော့သည်။
" ဒီ ဝိညာဥ်သိုေလှာင်စေတီကို မင်းတို့ ဘယ်ကနေရခဲ့တာလဲ ''
သူတို့လိမ်ညာနေမည်စိုးသဖြင့် သူကသူ၏ ကောင်းကင်တံတားဓမ္မမျက်လုံးကိုပင် အနည်းငယ်မျှ ဖွင့်ကာ သူတို့၏ အငွေ့အသက်နှင့် အခိုးအငွေ့များ ပြောင်းလဲမှုရှိ၊ မရှိ စောင့်ကြည့်နေသည်။
ဝိညာဥ်ကျင့်ကြံသူ နှစ်ယောက်မှာ သူတို့အပေါ်သက်ရောက်နေသည့် ဖိအားကြီးကြောင့် တုန်ရီနေကြပြီး မည်သည့်အချက်အလက်ကိုမှ ထိမ်မချန်ရဲတော့ပေ။ ထိုစေတီတော်နှင့်ပတ်သတ်သည့် အသေးစိတ်အားလုံးကို တစ်ခုမကျန် သူ့အားပြောပြလိုက်တော့သည်။
သူတို့၏စကားအရ ထိုစေတီတော်မှာ တောင်နက်လူမျိုးစု၏ ရှေးခေတ်ထဲက ဘိုးဘွားစဥ်ဆက် လက်ဆင့်ကမ်းခဲ့သော အမွေအနှစ်တစ်ခုဖြစ်သည်ကို သိလိုက်ရသည်။ ထိုဝိညာဥ်ကျင့်ကြံသူနှစ်ယောက်ပင်လျှင် ၎င်း၏ဇာတ်မြစ်ကို သေချာမသိပေ။ မြေရိုင်းဒေသရှိ လူ့ဘီလူးမျိုးနွယ်စုအများစုမှာ စတင်တည်ထောင်ခဲ့သူက ချန်ရစ်ထားခဲ့သည့် ပစ္စည်းတစ်ခုခု ရှိတတ်ကြသည် မဟုတ်ပါလော။ ထိုထဲမှ အချို့သော ပစ္စည်းများမှာ အလွန်တန်ဖိုးရှိသော်လည်း အခြားအရာများမှာမူ လွန်စွာ အရေးမပါလှပေ။
ထိုစကားများကို ကြားလိုက်ရပြီးနောက် ပိုင်ရှောင်ချန်းက လူ့ဘီလူးမျိုးနွယ်စုမှ ခေါင်းဆောင်များကို ခေါ်ကာ အသေးစိတ်မေးခွန်းများ ထပ်မေးလိုက်ပြန်သည်။ အဆုံးတွင် သူက အားလုံးကို ပြန်လွှတ်လိုက်ပြီး မျက်မှောင်ကြုတ်ရင်း ကျန်ရစ်ခဲ့တော့သည်။
ထိုစေတီတော်မှာ တောင်နက်လူမျိုးစုထဲတွင် မျိုးဆက်တစ်ခုထံမှ အခြားမျိုးဆက်တစ်ခုဆီသို့ လက်ဆင့်ကမ်းပေးခဲ့သည့် အမွေအနှစ်တစ်ခုထက် မပိုသည်မှာ အသေအချာပင်။ အခြားသော အမွေအနှစ်ပစ္စည်းများနည်းတူ ၎င်းစေတီတော်သည်လည်း သက်တမ်း အချိန်အတော်အတန်ကြာအောင် ရှိနေပြီဖြစ်ပြီး ၎င်း၏ မူလဇာတ်မြစ်ကို မည်သူမှ ရေရေရာရာ မသိကြချေ။
သူသိသလောက် အချက်အလက်များပေါ်တွင် ကောက်ချက်ချရန် ယုံကြည်မှုအပြည့်မရှိသေးသဖြင့် သူက လူ့ဘီလူးမျိုးနွယ်စု၏ ခေါင်းဆောင်များထံသို့သွားကာ သူတို့၏ဘိုးဘေးများ ချန်ရစ်ထားခဲ့သည့် အခြားသောပစ္စည်းများကိုပါ ကြည့်ရှုရန် တောင်းဆိုလိုက်သည်။
ထိုပစ္စည်းများကို သေချာလေ့လာဆန်းစစ်လိုက်ပြီးနောက် အသုံးဝင်သော သဲလွန်တစ်ခုမှ ရှာမရခဲ့ပေ။ အဆုံးတွင် သူသည် ထိုစေတီတော်၏ဇာတ်မြစ်နှင့် ပတ်သတ်သည့် အကြောင်းအရာများကို ဆက်၍ မရှာရန် ဆုံးဖြတ်လိုက်ရတော့သည်။
ထိုနေ့၏ ညဥ့်သန်းခေါင်ယံအချိန်တွင် သူက သူ၏အင်မော်တယ်ဂူအပြင်ဘက်တွင် မတ်တတ်ရပ်ကာ ကောင်းကင်ကြီး၊ မြေပြင်ကြီးနှင့် တောင်တန်းများကို လေ့လာနေတော့သည်။ အဆုံးတွင် သူ၏မျက်ဝန်းများမှာ လင်းလက်စွာ တောက်ပလာတော့သည်။
" ငါ အတွေးတွေလွန်တာပဲ ဖြစ်ပါစေကွာ။ ထားပါ ဘာပဲဖြစ်ဖြစ် ဒီစေတီတော်လေးကို ဝှက်ဖဲတစ်ခုအဖြစ် အသုံးပြုလို့ရတာပဲ။ တစ်ကြိမ်ပဲ သုံးလို့ရတာတော့ သိပ်အဆင်မပြေဘူးကွ "
ထို့နောက် သူကသက်ပြင်းချကာ ထိုအကြောင်းများကို ဘေးဖယ်လိုက်ပြီး ဆက်မတွေးတော့ချေ။
ရက်အနည်းငယ်အကြာတွင် သူသည် တောင်နက်မျိုးနွယ်စုမှ ထွက်ခွာရန် ပြင်လိုက်တော့သည်။ သူထွက်ခွာခါနီးတွင် လူ့ဘီလူးများအားလုံးက ဒူးများထောက်နေကြပြီး သူတို့၏မျက်ဝန်းများထဲတွင် ချစ်ကြောက်ရိုသေမှုများက ဖုံးလွှမ်းနေတော့သည်။
ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်မှာလည်း သူတို့နည်းတူပင်။
ပိုင်ရှောင်ချန်းမှာ သူတို့ကိုကြည့်ကာ အလွန်ကျော်ကြားနေသည့် သူ့အဖြစ်ကိုပြန်တွေးရင်း စိတ်ထဲတွင် ကြည်နူးနေတော့သည်။ သူ၏ မွေးရပ်မြေ ရွာကလေးမှာရှိစဥ်ကလည်း သူ့ကိုနှုတ်ဆက်ရန် လူအားလုံးစုဝေးလာခဲ့ကြသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၊ အဏ္ဏဝါခေါ်သံဂိုဏ်းနှင့် ရှင်းကုံကျစ်တာအိုဂိုဏ်းတို့တွင်လည်း ထိုနည်းတူပင်။
ယခု မြေရိုင်းဒေသထဲတွင် ရောက်နေသည့်အချိန်တွင်လည်း ဤ တောင်နက်လူမျိုးစုမှာ သူ့ကိုထိုနည်းတူ ခမ်းနားသိုက်မြိုက်စွာ နှုတ်ဆက်နေပြန်ပြီဖြစ်သည်။
အနည်းငယ်ကြာသောအခါ သူက ထိုလူအုပ်ကြီးကို နတ်ဘုရားအာရုံဖြင့်ဆန်းစစ်လိုက်ပြီး သူတို့၏ အဝတ်အစားများထဲတွင် ဗုံများ၊ မောင်းများ သိမ်းဆည်းထားမည်စိုး၍ စစ်ဆေးကြည့်လိုက်သေးသည်။ ထိုအခါမှသာ သူတို့သည် ရိုးသားစွာဖြင့် သူ့ကိုနှုတ်ဆက်နေသည်ဖြစ်ကြောင်း ယုံကြည်သွားတော့သည်။
" မင်းတို့အားလုံး သွားလို့ရပြီ "
သူက လက်ကိုဝှေ့ယမ်းကာ နှုတ်ဆက်လိုက်တော့သည်။ ထို့နောက် မေးငေါ့ကာ ခမ်းနားကြီးကျယ်သော အမူအရာဖြင့် ထွက်ခွာသွားတော့သည်။
ကျိုးရီရှင်းမှာ ပြတ်သားမှုအရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် သူ၏နောက်တွင်ကပ်ကာ လိုက်ပါသွားတော့သည်။ ဤ မဟာအကြီးအကဲပိုင် မည်သည့်နေရာသို့သွားသည်ဖြစ်ပေါစေ သူက နောက်ကလိုက်မည်ဟု သစ္စာဆိုခဲ့ပြီးဖြစ်သည်။ သူ၏ဘေးတွင် ကပ်လျက်လိုက်ပါလာသည့် လူတစ်ယောက်ကိုမူ သူက အရိပ်တကြည့်ကြည့်နှင့် အကဲခတ်နေသည်။
ထိုလူမှာ ပိုင်ရှောင်ချန်း၏ နောက်ထပ်နောက်လိုက်တစ်ယောက်ဖြစ်သော လီဖုန်းပင်ဖြစ်သည်။
လီဖုန်းမှာ ကျိုးရီရှင်းက သူ့ကိုကြည့်နေကြောင်း သိသဖြင့် သူကလည်း ပြန်၍အကဲခတ်နေတော့သည်။ ဤမဟာအကြီးအကဲပိုင်က သူ့ကိုနှင်မထုတ်ခဲ့သည်ကိုကြည့်၍ သူ့ကိုလက်ခံလိုက်ပြီဖြစ်ကြောင်း သူကမှတ်ယူထားသည်။ ထို့ကြောင့် လတ်တလောအချိန်တွင် ကျိုးရီရှင်းမှာ သူ၏အကြီးမားဆုံး ပြိုင်ဘက်တစ်ယောက်ဖြစ်ကြောင်းကို လီဖုန်းက ကောင်းကောင်းသိသည်။
သူတို့သုံးယောက်မှာ အနည်းငယ်ထပ်၍ ခရီးဆက်လိုက်ပြီးနောက် ကျိုးရီရှင်းမှာ လုံးဝသည်းမခံနိုင်တော့ချေ။ သူ့ဘက်သို့လှည့်ကာ လီဖန်းကိုစိုက်ကြည့်လိုက်ပြီး အော်ဟစ်လိုက်တော့သည်။
" မင်းဘာလို့ ငါတို့နောက်ကို လိုက်နေရတာလဲ။ မြန်မြန်လစ်တော့ကွာ "
ထို့နောက် သူက ပိုင်ရှောင်ချန်းဘက်သို့ လှည့်ကာ ခါးကိုင်းသည်အထိ ဦးညွှတ်လိုက်ပြီး သူလတ်တလောတွင် လေ့ကျင့်နေခဲ့သော ဖားယားသည့်အမူအရာတစ်ခုဖြင့် ဆိုလိုက်လေသည်။
" မဟာအကြီးအကဲ ခင်ဗျာ။ ဒီကောင်က ကောင်းကျိုးပေးမဲ့ကောင် မဟုတ်ဘူး။ ကျွန်တော်တို့နောက်ကို လိုက်နေတယ်ဆိုတာ အကြံဆိုးကြီးတစ်ခုရှိလို့ လိုက်နေတာပဲနေမှာ "
ထိုအခါ ပိုင်ရှောင်ချန်းက သူ့ကို သာမန်မျှသာ တုံ့ပြန်လိုက်လေသည်။ ထို့နောက် မြေပုံတစ်ခုကိုထုတ်ကာ သရဲကြီး မြို့တော်မှာ မည်သည့်အရပ်မျက်နှာတွင် ရှိကြောင်းကို ရှာဖွေနေတော့သည်။
လီဖုန်းမှာ ကျိုးရီရှင်းကို အထင်သေးသည့်အမူအရာဖြင့်ကြည့်ကာ လက်ယှက်လိုက်ပြီး ပိုင်ရှောင်ချန်းကို ဦးညွှတ်လိုက်လေသည်။
" ကျွန်တော့်ကို အထင်မလွဲပါနဲ့ မဟာအကြီးအကဲခင်ဗျာ။ ကျွန်တော်မျိုးမှာ ယုတ်မာတဲ့ အကြံအစည်တွေ မရှိပါဘူး။ မဟာအကြီးအကဲ လေးစားကြည်ညိုလွန်းလို့ မဟာအကြီးအကဲရဲ့ နောက်လိုက်တစ်ယောက် ဖြစ်ချင်ရုံပါ။ "
လီဖုန်းမှာ အမှန်အတိုင်း ပြောနေသည်။ သူသည် ပိုင်ရှောင်ချန်း၏ နောက်လိုက်တစ်ယောက် ဖြစ်ချင်လွန်းသည့်အတွက် သူ့ကိုမောင်းမထုတ်စေရန် ပိုင်ရှောင်ချန်း၏ ခြေထောက်ကိုဖက်ဆိုလျှင် ဖက်ထားမည့်လူမျိုးဖြစ်သည်။
သို့သော် ပိုင်ရှောင်ချန်းကမူ သူ့ကို အလေးမထားပဲ ထွက်ခွာရန်သာပြင်လိုက်တော့သည်။
ကျိုးရီရှင်းမှာမူ အလွန်ဝမ်းမြောက်သွားတော့သည်။ သူက လီဖုန်းကိုနောက်တစ်ခေါက် ထပ်၍စိုက်ကြည့်လိုက်ပြီး ပိုင်ရှောင်ချန်းနောက်သို့ ပြေးလိုက်ကာ ယခင်ကထက်ပင် ပို၍ ဖားယားနေတော့သည်။