ကျန်းထောင်ရဲ့ဒေါသ
Vol. 26 Ch. 425
ကျန်းထောင်တစ်ယောက် မြို့တော်က ကိစ္စတွေကို ကိုင်တွယ်ပြီးသည်နှင့် Zမြို့ကို ညတွင်းချင်းပဲ ပျံသန်းလာခဲ့သည်။ သူက သူ့နှလုံးသားထဲကလူကို အမြန်ဆုံး တွေ့ချင်နေသည်။ သူလေယာဉ်ပေါ်ကဆင်းတာနဲ့ ရှင်းယင်ခရိုင်ကို စိတ်မရှည်စွာမောင်းနှင်ခဲ့ကာ သူ့အလုပ်နေရာမှာတောင် မရပ်နားခဲ့ဘဲ ထောင်ယွမ်ရွာကို အပြေးသွားခဲ့သည်။
သူ ချင်ယန်ကို စေ့စပ်ခဲ့သည်။ ဒါမှသာ သခင်ကြီးကျန်းက ကျေနပ်ပြီးတော့ ရှောင်လင်းယွီကို သတိမပြုမိမှာလေ။ ရှောင်လင်းယွီက သူပထမဆုံးချစ်မိခဲ့တဲ့ မိန်းကလေးဖြစ်သည်။ သူ နောက်ထပ်မိန်းကလေးတစ်ယောက်ကို ရွေးချယ်လိုက်ရင်တောင် ရှောင်လင်းယွီကို လက်မလွှတ်နိုင်သေးပေ။ သူ ရှောင်လင်းယွီကို မမြင်ရတာ နှစ်လနဲ့ ဆယ့်နှစ်ရက်ရှိပြီဖြစ်သည်။
သူနေကောင်းရဲ့လား?
သူ့ရဲ့ကိုယ်ဝန်ဆောင်ကာလမှာ အစာစားချင်စိတ်ကရော ဘယ်လိုလဲ?
မေးခွန်းမျိုးစုံ သူ့စိတ်ထဲမှာ ရှိနေသည်။
ဒီအတောအတွင်းမှာ သူမကို ဒုက္ခပေးတဲ့သူရှိဦးမလားဆိုတာလည်း သူသိချင်မိသည်။ ရှိတော့မရှိလောက်ပေ။ သူ့ရဲ့ညီအစ်ကိုက သူမကို တိတ်တဆိတ်ကာကွယ်ပေးပါ့မယ်လို့ ကတိပေးခဲ့တာပဲလေ။ ဒါမှ သခင်ကြီးကျန်းနဲ့ တခြားသူတွေက သူမကို ရှာမတွေ့မှာ ဖြစ်သည်။
သူက ကုန်းထျန်းဟောက်ကို ယုံကြည်သည်။ သူရဲ့ကတိက အများကြီးတန်ဖိုးရှိသည်။ ဒါပေမယ့်လည်း ဒါက ကျန်းထောင်က သူမကို ဆက်လက်ပြီးပိုးပန်ဖို့ အခွင့်အရေးကိုဆုံးရှုံးသွားပြီလို့ ဆိုလိုနေသည်။ သူက သူမကို သူငယ်ချင်းတစ်ယောက်အနေနဲ့ပဲ ကာကွယ်နိုင်တော့မည်။
ကျန်းထောင်က ထောင်ယွမ်ရွာသို့ စိုးရိမ်ပြီး စိတ်လှုပ်ရှားနေတဲ့စိတ်နဲ့ ပြန်လာခဲ့သည်။ သူ ရွာထဲကို ဝင်တော့မလို့မှာပဲ မြစ်ဘေးက အရိပ်နှစ်ခုကို မြင်လိုက်သည်။ သူတို့နောက်ကျောတွေကိုကြည့်ရင်း ကျန်းထောင်က သူတို့ကို အရမ်းရင်းနှီးနေတယ်လို့ ခံစားမိလိုက်သည်။ သူ့မှာ ထောင်ယွမ်ရွာမှာ ရင်းနှီးတဲ့လူနည်းနည်းပဲရှိသည်။
ရှောင်လင်းယွီ၊ ကုန်းထျန်းဟောက်နဲ့ သခင်ကြီးကုန်းတို့ပဲ ဖြစ်သည်…
ဒီနှစ်ယောက်က…
သူက သူတို့နှစ်ယောက်ရဲ့ ရင်းနှီးနီးကပ်နေမှုကိုမြင်လိုက်ပြီး ကျန်းထောင်က ခန့်မှန်းချက်တစ်ခု မမှန်းရဲခဲ့ပေ။ ဒါပေမယ့်လည်း သူက ကားကိုရပ်လိုက်ပြီး ထွက်လာကာ ၎င်းကို အတည်ပြုနေချင်သည်။ ဘာပဲဖြစ်ဖြစ် သူနီးကပ်လာတာနဲ့ ရင်းနှီးနေတဲ့အသံတစ်ခုက သူ့နားထဲကို တဖြည်းဖြည်းဝင်လာခဲ့သည်။
“ယွီအာ၊ ကိုယ်တို့က လက်ထပ်တော့မှာ။ ဒါကြောင့် မိသားစုသုံးယောက်ဘဝကို တည်ဆောက်ရတော့မယ်”
“အင်း၊ ကျွန်မတို့ မိသားစုတစ်ခုဖြစ်တော့မှာ။ ကျွန်မတို့မိသားစုက အနာဂတ်မှာ သေချာပေါက် ပျော်ရွှင်ရမှာ”
သူ့နှလုံးသားတွေ ဆတ်ခနဲတုန်သွားပြီး သူ့မျက်နှာက မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နေခဲ့သည်။ ဒီနှစ်ယောက်က တကယ့်ကို သူ့ရဲ့ညီအစ်ကိုကောင်း ကုန်းထျန်းဟောက်နဲ့ သူသဘောကျရတဲ့မိန်းကလေး ရှောင်လင်းယွီတို့ ဖြစ်သည်။ သူ့ရဲ့ညီအစ်ကိုကောင်းက သူကြိုက်နေတဲ့မိန်းကလေးနဲ့ တွဲနေကြသည်။
ကျန်းထောင်က သူ့ခေါင်းထဲကို သွေးတွေပြေးဝင်လာတာကို ခံစားမိလိုက်ပြီး သူ့မျက်နှာက ဒေါသကြောင့် ညိုမည်းလာခဲ့သည်။ သူက သစ္စာဖောက်ခံလိုက်ရပြီး လိမ်ညာခံလိုက်ရတယ်လို့ ခံစားလိုက်ရသည်။
သူ့လက်တွေကို ကျစ်နေအောင် ဆုပ်ထားခဲ့တာကြောင့် အကြောတွေထောင်နေပြီး ပေါက်ကွဲတော့မတတ် ခံစားနေရသည်။
ပြီးနောက်မှာ သူက အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး ရုတ်တရက် ဒေါသတကြီးအော်ကာ
“ကုန်းထျန်းဟောက် ရှောင်လင်းယွီ၊ မင်းတို့ဒီမှာ ဘာလုပ်နေကြတာလဲ?”
မူလက ပျားရည်လို ပူးကပ်နေကြတဲ့ နှစ်ယောက်က အော်သံကိုကြားတော့ အံ့ဩသွားကြသည်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ကြည့်ဖို့ တစ်ချိန်တည်းမှာပဲ သူတို့ခေါင်းတွေကို လှည့်လိုက်ကြသည်။
ရုတ်တရက်ရောက်လာတဲ့လူကိုမြင်တော့ ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီတို့ရဲ့အမူအယာတွေ ပြောင်းလဲသွားခဲ့သည်။ ကုန်းထျန်းဟောက်ရဲ့အမူအယာက အနည်းငယ်ရှက်ရွံ့နေပြီး အရှက်ရနေသည်။ ပြီးတော့ သူက ကျန်းထောင်ဆီကနေ ရှောင်လင်းယွီကို ကူပြီးဂရုစိုက်ပေးဖို့ တောင်းဆိုခံထားရတာလေ။ အဆုံးကျတော့ သူက ရှောင်လင်းယွီကို သူ့ဇနီးအနေနဲ့ ယူလိုက်သည်။
ရှောင်လင်းယွီအတွက်ကတော့ ကျန်းထောင်ကို သူမ မြင်လိုက်တော့ ပထမတော့ အံ့ဩသွားပေမယ့် ပြီးနောက်မှာ ပျော်ရွှင်သွားခဲ့သည်။
သူမက ပြုံးပြီး ခေါ်ကာ
“အစ်ကိုကျန်း၊ ရှင်က ရောက်နေကိုး”
ကုန်းထျန်းဟောက်က ကို့ရို့ကားယားနဲ့
“ထောင်ကျီ”
သူက ကျန်တာတွေကို ဘယ်လိုရှင်းပြရမယ်မှန်း မသိတော့ချေ။ သူနဲ့ ရှောင်လင်းယွီကြားက ကိစ္စက အချိန်တိုတိုလေးနဲ့ ရှင်းပြလို့ရမယ့်အရာ မဟုတ်ပေ။
ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို မြေကြီးပေါ်ကနေထဖို့ ကူပေးလိုက်ပြီး သူမခန္ဓာကိုယ်ပေါ်က မြေကြီးတွေကို ပုတ်ပေးလိုက်သည်။ ဒီကိစ္စတွေကိုလုပ်တာက ကုန်းထျန်းဟောက်အတွကိ သာမန်အဖြစ်ဆုံးကိစ္စတွေဆိုပေမယ့် ကျန်းထောင်အတွက်ကျတော့ ၎င်းက ထူးထူးခြားခြားကို မျက်စိစပါးမွှေးစူးစရာဖြစ်သည်။ ၎င်းက သူ့မျက်လုံးထဲမှာ စပ်ဖျဉ်းဖျဉ်းဖြစ်နေသည်။
ပြီးနောက်မှာ သူက အရောင်ဖျော့ဖျော့ကိုယ်ဝန်ဆောင်ဂါဝန်နဲ့ မတ်တပ်ရပ်လိုက်တဲ့ ရှောင်လင်းယွီကို ကြည့်လိုက်သည်။ သူမက ပြီးခဲ့တဲ့နှစ်လကထက် ပိုပြီးလှလာတာကို သူသတိထားမိခဲ့သည်။ သူမရဲ့ ဖြူဖွေးပြီး ကြည်လင်တဲ့အသားအရေနဲ့ မျက်နှာလက္ခဏာတွေက ပိုပြီးကောင်းမွန်ကာ ပေါ်လွင်လာသည်။
တစ်ခုတည်းသောပြောင်းလဲမှုက သူမရဲ့မျက်နှာက ပိုပြီးလုံးဝန်းလာကာ သူမရဲ့ပုံစံက ကိုယ်ဝန်ကြောင့် ပိုပြိးလုံးဝန်းလာခဲ့သည်။ ဒါပေမယ့်လည်း ၎င်းက သူမရဲ့အလှကို ထိခိုက်မနေပေ။ သူမက တောက်ပနေသည်။
ပြီးတော့ ကျန်းထောင်က တွေးလိုက်ကာ
‘သူက ငါ့ထက်ပိုသာတဲ့ ယောက်ျားတစ်ယောက်နဲ့ ထိုက်တန်ပါတယ်။ ထျန်းဟောက်က ငါ့ထက်ပိုသာတာပဲလေ…’
ဒါပေမယ့်လည်း…
သူတို့ကိုအတူတူမြင်လိုက်တော့ သူ့ရင်ထဲမှာ ပုံမှန်မဟုတ်တဲ့နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
ကျန်းထောင်က ရှောင်လင်းယွီကို စိုက်ကြည့်နေတာကိုမြင်တော့ ကုန်းထျန်းဟောက်ရဲ့မျက်လုံးတွေ မှောင်မိုက်သွားသည်။ တခြားယောက်ျားတစ်ယောက်သာဆို သူ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်လိမ့်မည်။ ဒါပေမယ့်လည်း တခြားတစ်ဖက်က သူ့ရဲ့ညီအစ်ကိုကောင်း ကျန်းထောင် ဖြစ်နေခဲ့သည်။ သူက ရှောင်လင်းယွီကို အရမ်းသဘောကျမှန်း ကုန်းထျန်းဟောက်သိသည်။ ကုန်းထျန်းဟောက်က သူ့ရဲ့ညီအစ်ကိုကောင်းဆီကနေ ရှောင်လင်းယွီကို လုယူခဲ့တဲ့လူဖြစ်သည်။
သူက အပြစ်ရှိတယ်လို့ ခံစားရသင့်သည် ဒါပေမယ့်…
ကုန်းထျန်းဟော်ကက ကျန်းထောင်ရဲ့လမ်းကို ပိတ်ဖို့ ရွှေ့လိုက်ပြီး ချောင်းနှစ်ကြိမ်ဟန့်လိုက်သည်။
“အဟွတ် အဟွတ်၊ ထောင်ကျီ၊ မင်းဘာလို့ ဒီမှာရှိနေတာလဲ”
နောက်ဆုံးမှာ ကျန်းထောင်က သူ့မျက်လုံးတွေကို အဝေးကို ရွှေ့လိုက်ပြီး ကုန်းထျန်းဟောက်ရဲ့အကြည့်နဲ့ ဆုံလိုက်သည်။ သူက ကုန်းထျန်းဟောက်ရဲ့ကော်လံကို ဆွဲလိုက်ပြီး သူ့မျက်လုံးတွေက ဒေါသတွေနဲ့ပြည့်နေကာ သူ့အံတွေကိုကြိတ်ကာ မေးရင်း
“ဘာလို့ ငါကဒီမှာရှိမနေရမှာလဲ? ကုန်းထျန်းဟောက် မင်းက တကယ့်ကိုတစ်ခုခုပဲ။ မင်းသိရဲ့သားနဲ့ ငါ…”
ငါရှောင်လင်းယွီကို ကြိုက်တာကို ...
ဒါပေမယ့်လည်း ဒီစကားတွေကို သူအခု မပြောနိုင်တော့ပေ။ ရှောင်လင်းယွီကတော့ ၎င်းကိုမသိလောက်ပေမယ့် ကုန်းထျန်းဟောက်က သေချာပေါက်သိသည်။ ကျန်းထောင်မှာ သတို့သမီးလောင်းတစ်ယောက် ရှိပြီးသားဖြစ်သည်။ သူ့မှာ ရှောင်လင်းယွီကို သဘောကျတယ်လို့ ပြောပိုင်ခွင့်မရှိတော့ပေ။
ကျန်းထောင်ဘာကိုပြောချင်မှန်း ကုန်းထျန်းဟောက်သိသည်။ သူ့ရဲ့မျက်လုံးတွေက လိပ်ပြာမလုံမှုတွေနဲ့ ပြည့်နေခဲ့ပြီး
“ငါတောင်းပန်ပါတယ် ထောင်ကျီ။ ငါ…”
“ငါအခု မင်းရဲ့တောင်းပန်တာကို နားမထောင်ချင်ဘူး!”
ကျန်းထောင်က ဒေါသတကြီးအော်လိုက်သည်။
“ရှောင်လင်းယွီကို ကူပြီးဂရုစိုက်ပေးဖို့ ငါမင်းကို တောင်းဆိုထားတာ။ မင်းက သူ့ကို သေချာကို ဂရုစိုက်လိုက်တာပဲ! ဘယ်လိုလုပ်…
မင်းငါ့ကို ဘယ်လိုလုပ် ဒါမျိုးလုပ်ရက်ရတာလဲ?”
ဒါကိုပြောပြီးတော့ သူ့လက်သီးတွေကို မြှောက်လိုက်ပြီး ကုန်းထျန်းဟောက်မျက်နှာပေါ်ကို ဖုံးပစ်လိုက်သည်။
ကုန်းထျန်းဟောက်ရဲ့ ပါးစပ်အစွန်းကနေ သွေးတွေချက်ချင်း စီးကျလာသည်။
“အား!”
ကုန်းထျန်းဟောက် အထိုးခံလိုက်ရတာကို ရှောင်လင်းယွီမြင်တော့ သူမ အံ့ဩသွားခဲ့သည်။ ရှောင်လင်းယွီက ချက်ချင်း ကုန်းထျန်းဟောက်ရှေ့ပြေးလာပြီး စိုးရိမ်စွာမေးကာ
“ထျန်းဟောက်၊ ရှင်အဆင်ပြေရဲ့လား?”
ကျန်းထောင်ရဲ့မျက်လုံးတွေက မှောင်မိုက်သွားကာ ရုတ်တရက်
“လင်းယွီ သူအဆင်ပြေသွားလိမ့်မယ်။ စိတ်မပူနဲ့”
ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့စိုးရိမ်မှုကို ခံစားမိလိုက်ပြီး စိတ်ထဲမှာ နွေးထွေးသွားသည်။ သူက ရှောင်လင်းယွီကို နှစ်သိမ့်ကာ
“ယွီအာ ကိုယ် ကိုယ်အဆင်ပြေတယ်။ ထောင်ကျီနဲ့ကိုယ်က ငယ်ငယ်လေးကတည်းက ရန်ဖြစ်နေကြ။ ကိုယ်တို့လစ်မစ်ကို သိတယ်။ ထောင်ကျီ အခုထွက်ပေါက်ရှာပါစေ”
ရှောင်လင်းယွီက လှည့်လိုက်ပြီး ကုန်းထျန်းဟောက် ရှေ့မှာရပ်လိုက်သည်။ သူမက ကျန်းထောင်ကို လေးလေးနက်နက်ကြည့်လိုက်ကာ
“အစ်ကိုကျန်း၊ ရှင်တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် ကျွန်မကို အပြစ်တင်လိုက်ပါ။ ကျွန်မ...ကျွန်မ ရှင့်ကို သဘောမကျဘူး။ ဒါပေမယ့် ထျန်းဟောက်နဲ့ ကျွန်မက ချစ်ကြိုက်နေကြတာ"
ရှောင်လင်းယွီ ရှင်းလင်းရမယ့် ကိစ္စတချို့ရှိနေသည်။ အရင်က သူမက ကျန်းထောင်ကို ငြင်းခဲ့ပေမယ့် အဲ့ဒီအချိန်က ကလေးကို ဆင်ခြေအနေနဲ့ အသုံးပြုခဲ့သည်။
ကျန်းထောင်က တိတ်ဆိတ်မှုဖြင့်သာ တုံ့ပြန်လာခဲ့သည်။ သူကြောက်လန့်သွား၍ဖြစ်လိမ့်မယ်လို့ သူမတွေးခဲ့သည်။ အဲ့ဒီအချိန်က သူမ အနည်းငယ်တော့ ဝမ်းနည်းသွားသည်။ နောက်ပိုင်းကျ ကျန်းထောင်က သူမရဲ့အခြေအနေကို စိတ်မခုဘူးလို့ ရှင်းပြခဲ့ပေမယ့် သူမက သူ့ကို လက်မခံနိုင်သေးပေ။ အကြောင်းမှာ သူမက ကျန်းထောင်ကို တကယ်သဘောမကျသောကြောင့်ဖြစ်သည်။
ကံကြမ္မာက ထူးဆန်းတဲ့အရာတစ်ခုပင်။ တချို့လူတွေက မြင်မြင်ချင်း ချစ်မိကြသည်။ ဒါပေမယ့် တခြားသူတွေကတော့ နှစ်၁၀၀၀၀၀လောက်အတူတူရှိလာရင်တောင် အစပေါ်မလာကြပေ။
ရှောင်လင်းယွီရဲ့ တည့်တိုးစကားတွေကို ကျန်းထောင်ကြားလိုက်တော့ အံ့ဩစွာနဲ့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်သည်။ သူ့မျက်လုံးတွေက မယုံကြည်နိုင်တဲ့အကြည့်ကို ပြသနေကာ နားမလည်နိုင်မှု၊ စိတ်ပျက်မှုနဲ့ နာကျင်မှုတို့ ရောယှက်နေခဲ့သည်။
သူက သူ့ပါးစပ်ကို ဖွင့်ပြီးမေးကာ
“ယွီအာ၊ မင်းငါ့ကို အဲ့ဒီလိုသဘောမကျခဲ့ဘူးပေါ့။ နည်းနည်းလေးတောင်မှလေ?”
ရှောင်လင်းယွီက သူမခေါင်းကိုခါကာ
“ကျွန်မတောင်းပန်ပါတယ် အစ်ကိုကျန်း”
ကျန်းထောင်က လက်မလျှော့သေးဘဲ
“ဒါပေမယ့် မင်းဗိုက်ထဲက ကလေးကို ငါစိတ်မခုပါဘူး။ မင်းသာဆိုရင်...
ငါသူ့ကို ငါ့ကလေးအရင်းလိုမျိုး ဆက်ဆံပေးနိုင်တယ်”
ကုန်းထျန်းဟောက်က သူပါးစက်အစွန်းကသွေးတွေကို သူ့လက်နဲ့ သုတ်လိုက်ကာ သူ့မျက်နှာက မည်းမှောင်သွားသည်။ ကုန်းထျန်းဟောက်က ကျန်းထောင်ရှေ့မှာ ရပ်လိုက်ပြီး သူ့ကို ရက်စက်တဲ့အမှန်တရားကို ပြောပြလိုက်သည်။
“ထောင်ကျီ၊ သူ့အတွက် မင်းဒါကိုလုပ်ပေးဖို့မလိုဘူး။ ဘာလို့လဲဆိုတော့ သူ့ဗိုက်ထဲက ကလေးက ငါ့ကလေးမလို့ပဲ”
သူက ရှောင်လင်းယွီရဲ့ဗိုက်ကို မယုံကြည်နိုင်စွာ ထိုးပြလိုက်ကာ
“ဟောက်၊ မင်း...မင်းဘာပြောလိုက်တာလဲ? ယွီအာဗိုက်ထဲက ကလေးက မင်းကလေးလို့ ပြောလိုက်တာလား?”
ကုန်းထျန်းဟောက်က ဘာကိုမှ ဖုံးကွယ်မနေဘဲ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ ကလေးက ငါ့ကလေးပဲ။ ငါ့ရဲ့ကလေးအရင်းပဲ”
ကျန်းထောင်က မျက်လုံးပြူးသွားပြီး မယုံနိုင်စွာမေးကာ
“ကုန်းထျန်းဟောက်၊ ဘာတွေဖြစ်နေတာလဲ? ဘယ်လိုလုပ် ယွီအာဗိုက်ထဲကကလေးက မင်းဟာဖြစ်သွားတာလဲ? လင်းယွီပြောတာကို ငါသေချာမှတ်မိ..”
ကလေးရဲ့အဖေက ဘယ်သူမှန်းမသိဘူးဆိုတာကို။
ကုန်းထျန်းဟောက်ရဲ့ လေးနက်တည်ကြည်တဲ့အမူအယာကိုသာ သူမမြင်လိုက်ဘူးဆိုရင် သူ့ရဲ့ညီအစ်ကိုကောင်းက သူ့ကို စနောက်နေတယ်လို့ သူတွေးမိလိုက်လိမ့်မည်။
ကုန်းထျန်းဟောက်က လေးလေးနက်နက်နဲ့
“ထောင်ကျီ၊ ဒါဇာတ်လမ်းရှည်ကြီးတစ်ခုပဲ။ ငါတို့အိမ်ပြန်ရောက်မှ ဒီအကြောင်းပြောရအောင်”
သူက ကျန်းထောင်ရဲ့မျက်နှာပေါ်က ခြေကုန်လက်ပမ်းကျမှုကို မြင်လိုက်သည်။
***