← Chapters

သစ်ပင်တွေနဲ့ပြဿနာများ

Vol. 26 Ch. 432

သစ်ပင်တွေနဲ့ပြဿနာများ

Vol. 26 Ch. 432

“ယွီအာ၊ သူတို့တွေ ကျန်းမာမမာ သမီးပြောနိုင်လား?”

ဖေဖေရှောင်က လျှောက်လာပြီး မေးလိုက်သည်။

ရှောင်လင်းယွီက “သူတို့ကြည့်ရတာတော့ ကျန်းမာပုံမပေါ်ဘူး။ ဒါပေမယ့်လည်း ပြောဖို့တော့ခက်တယ်”

“ဘယ်ဟာကြောင့် မကျန်းမာတာလဲ? ငါတို့တွေ တစ်ချက်လောက်ကြည့်ဖို့ ကျွမ်းကျင်သူတွေကို ခေါ်လိုက်သင့်လား?” အကြီးဆုံးဦးလေးရှောင်က မေးလိုက်သည်။

ကုန်းထျန်းဟောက်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် ဒါအကြံကောင်းပဲ”

ရှောင်လင်းယွီက သူတို့ကို အာရုံမစိုက်ခဲ့ပေ။ အဲ့ဒီအစား သူမရဲ့‌မျက်လုံးတွေက မြေဆီလွှာအပိုင်းလေးတွေပေါ် ရောက်နေခဲ့သည်။ သူမ ထိုင်ချလိုက်တော့မလို့မှာပဲ ကုန်းထျန်းဟောက်က ချက်ချင်းသူမကိုတားကာ

“ယွီအာ မင်းဘာလုပ်နေတာလဲ?"

‌ရှောင်လင်းယွီက မြေဆီလွှာတစ်စုကို ထိုးပြလိုက်ပြီး

“အဖေ၊ သမီးတို့တစ်ချက်ကြည့်ရအောင် ဒီမြေဆီလွှာအစုလေးကို တူးကြည့်လိုက်ပါဦး”

ဖေဖေရှောင်နဲ့ တခြားသူတွေက အရမ်းနားမလည်နိုင်ဖြစ်သွားပေမယ့် ဖေဖေရှောင်က ရှောင်လင်းယွီရဲ့ညွှန်ကြားချက်ကိုလိုက်ပြီး မြေဆီလွှာကို တူးထုတ်လိုက်သည်။ သူတူးနေတုန်း တစ်ခုခုမှားယွင်းနေတာကို ချက်ချင်းသတိပြုမိသွားသည်။

ရှောင်လင်းယွီရဲ့အနံ့ခံအာရုံက အရမ်းစူးရှသည်။ သူမက မြေဆီလွှာပေါ်က လေးပင်တဲ့ရနံ့ကို ခံမိလိုက်သည်။ ဖေဖေရှောင်က ဖွထားတဲ့မြေဆီလွှာတွေနဲ့ အနီးဆုံးဖြစ်သည်။ သူလည်း ဆားကို အနံ့ခံမိလိုက်သည်။ သူ့မျက်ခုံးတွေ တွန့်သွားသည်။ သူ့လက်ချောင်းကို မြေဆီလွှာတွေထဲနှစ်လိုက်ပြီး သူ့ပါးစပ်ထဲ ထည့်လိုက်သည်။

မေမေရှောင်၊ အကြီးဆုံးဦးလေးရှောင်နဲ့ တခြားသူတွေက အံ့ဩသွားသည်။

အကြီးဆုံးဦးလေးရှောင်က အံ့ဩစွာမေးကာ

“‌ဒုတိယညီလေး၊ မင်းဘာလို့မြေကြီးတွေစားနေတာလဲ? ဒီမြေဆီလွှာက တစ်ခုခုမှားနေလို့လား?”

“ငံနေတယ်!”

ဖေဖေရှောင်က အံ့အားသင့်စွာ ပြောလိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ

“ဘာလို့မြေကြီးက ငံနေတာလဲ?”

အကြီးဆုံးဦးလေးရှောင်ကလည်း အရသာခံကြည့်ဖို့ မြေကြီးနည်းနည်းယူလိုက်ပြီးနောက် သူသည်လည်း မျက်မှောင်ကြုတ်သွားလေသည်။ “မင်းမှန်တယ်”

မေမေရှောင်လည်း အတူတူပဲ လုပ်ခဲ့သည်။

“ဟုတ်သားပဲ။ ဘာလို့ငံနေရတာလဲ? တစ်ယောက်ယောက်ကများ ဒီမှာဆားရေတွေ လောင်းထားတာများလား?”

သူမ အဲ့ဒီလိုထင်ဖို့ မထူးဆန်းပေ။ တခြားရွာသားတွေက သူတို့စိုက်ခင်းတွေကိုဖျက်ဆီးဖို့ နည်းလမ်းတွေရှာနေကြဆဲဖြစ်သည်။

ရှောင်လင်းယွီက ခေါင်းခါကာ

“အဖေ တခြားနေရာတွေကိုလည်း စစ်ကြည့်ဦး။ တခြား‌ဆားမြေတွေများ တွေ့သေးလား?”

ဖေဖေရှောင်က နောက်ထပ်နေရာတချို့ ထပ်တူးကြည့်လိုက်ပေမယ့် ဘာဆားအကွက်မှ ထပ်မတွေ့တော့ပေ။ ဖေဖေရှောင်က ခေါင်းခါလိုက်သည်။

“ဘာမှမရှိတော့ဘူး။ ဒီနေရာမှာပဲ ရှိတာ။ ပြီးတော့ ဒီနေရာကမြေက တခြားနေရာတွေထက် သိသိသာသာပိုအစိုဓာတ်များတယ်။ တကယ်ပဲ တစ်ယောက်ယောက်က ဆားရေတွေလာလောင်းထားတာများလား?”

ဆားရေက အာဟာရတွေကိုစုပ်ယူဖို့ အမြစ်ရဲ့စွမ်းဆောင်ရည်ကို ထိခိုက်လိမ့်မည်။ တရားခံက အပင်တွေကို သေစေချင်နေသည်။ ဒါပေမယ့်လည်း သူ့မှာ ဘာသက်သေမှမရှိပေ။ ဒါကြောင့် သူဘယ်သူ့ကိုမှ မစွပ်စွဲခဲ့ပေ။

ကုန်းထျန်းဟောက်က

“ဒါဆိုရင် ဒီအပင်တွေကို ကယ်လို့ရနိုင်လား?”

၎င်းကိုပြုလုပ်တဲ့သူကို သူလုံးဝခွင့်လွတ်မည်မဟုတ်ပေ။ ဒီတောင်တွေမှာ သစ်သီးပင်တစ်သောင်းကျော်စိုက်ထားတာဖြစ်သည်။ ရှောင်မိသားစုက တစ်သန်းကျော်ကျော်ရင်းနှီးထားသည်။ တစ်ယောက်ယောက်သာ ဒီစိုက်ခင်းကို ဖျက်ဆီးပစ်ချင်ရင် သူသေချာပေါက် သူတို့ကိုထောင်ထဲထည့်ပစ်မည်။

ရှောင်လင်းယွီက ဒီပင်ပျိုတွေကိုကြည့်လိုက်ပြီး မျက်လုံးငုံ့စိုက်ကာ အတွေးထဲနစ်နေပုံပေါ်သည်။ ပြီးနောက်မှာ သူမက မေမေရှောင်ကို

“အမေ သမီးအခန်းကိုသွားပေးပါဦး။ အဲ့ဒီမှာ ရေပုလင်းနည်းနည်းရှိတယ်။ ယူလာခဲ့ပေးပါ”

မေမေရှောင်က ချက်ချင်းနားလည်လိုက်ပြီး

“ကောင်းပြီ။ အမေ အခုပဲသွားယူလိုက်မယ်”

မေမေရှောင် ထွက်သွားပြီးတော့ ရှောင်လင်းယွီနဲ့ တခြားသူတွေက သာမန်ပင်ပျိုတွေဆီ လျှောက်လာခဲ့ကြသည်။ ဒီတစ်ကြိမ်တော့ ရှောင်လင်းယွီစကားပြောဖို့ မစောင့်တော့ဘဲ ဖေဖေရှောင်နဲ့ အကြီးဆုံးဦးလေးရှောင်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး မြေဆီလွှာကို အရသာခံကြည့်ခဲ့ကြသည်။

“ဒီမြေက ငံပေမယ့် အရင်နေရာကလောက်တော့ မငံဘူး”

ဖေဖေရှောင်က ပြောလိုက်သည်။

ရှောင်လင်းယွီက ခေါင်းညိတ်လိုက်သည်။ သူတို့တွေ သစ်သီးပင်တချို့ကို ထပ်စစ်ဆေးကြည့်ခဲ့ကြသည်။ နာမကျန်းဖြစ်နေတဲ့သစ်ပင်တွေတဝိုက်တွင် ငံကျိနေတဲ့မြေများရှိလေသည်။ ပုံမှန်ဟာတွေက မထိခိုက်ပေ။

ဖေဖေရှောင်က ရှောင်လင်းယွီကို ကြည့်လိုက်သည်။

“ယွီအာ၊ ပြဿနာကဘာမှန်း သမီးပြောနိုင်လား?”

ရှောင်လင်းယွီက “သမီးမှာအခုခန့်မှန်းချက်တချို့ရှိပေမယ့် အဲ့ဒါတွေကို အတည်ပြုဖို့လိုသေးတုန်းပဲ။ အဖေ ဦးလေး၊ ‌အဖေတို့ကို မြေပဲပင်တွေနဲ့ ပဲပိစပ်တွေဆီသွားပြီး ထိခိုက်လားမထိခိုက်လားဆိုတာကို စစ်ဆေးကြည့်စေချင်တယ်”

“ကောင်းပြီ!”

နှစ်ယောက်က ချက်ချင်းလှုပ်ရှားလိုက်ကြသည်။

မြေပဲတွေနဲ့ ပဲပိစပ်တွေကို တစ်ကြိမ်ပဲစိုက်ပျိုးနိုင်သည်။ ၎င်းသာ ဒီနေရာမှာသာဖြစ်ရင် သူတို့တွေ သန်းချီဆုံးရှုံးနိုင်သည်။ သူတို့က မြေပဲနောက်ဆုံးရာသီအတွက် မြေသုံးမူပဲစိုက်ပျိုးခဲ့ပေမယ့် နှစ်သန်းနီးနီးစုဆောင်းနိုင်ခဲ့သည်။

တတိယဦးလေးရှောင်ရဲ့တို့ဟူးစီးပွားရေးကလည်း ကောင်းမွန်စွာတိုးတက်နေသည်။ သူတို့ကိုရဖို့ လူတွေက တကယ့်ကို ဈေးမြင့်မြင့်ပေးဝယ်ချင်နေကြသည်။ ‌၎င်းက မြေပဲတွေနဲ့ ပဲပိစပ်တွေက ရှောင်မိသားစုဖို့ ဘယ်လောက်အဖိုးတန်တယ်ဆိုတာကို ပြသနေသည်။

တခြားသူတွေထွက်သွားပြီးတော့ ကုန်းထျန်းဟောက်က နားမလည်နိုင်စွာမေးကာ

“ယွီအာ ဘာတွေဖြစ်နေတာလဲ? တစ်ယောက်ယောက်က ဒီမှာ ဆားရေတွေလာလောင်းလိုက်တာ တကယ်ဖြစ်နိုင်တာလား?”

ရှောင်လင်းယွီက သူမခေါင်းကိုခါကာ

“မဖြစ်နိုင်လောက်ပါဘူး”

ရှောင်လင်းယွီက လှည့်ပတ်ကြည့်လိုက်ပြီး

“ကျွန်မဒီနေရာမှာ စောင့်ကြည့်ရေးကင်မရာတွေတပ်ထားမှန်း ရွာထဲကလူတိုင်းသိတယ်။ တချို့တွေကို ကောင်းကောင်းကြီးဖုံးထားတာ။ သူတို့တွေ စွန့်စွားရဲမှာမဟုတ်ဘူး”

ကုန်းထျန်းဟောက်က သူမကို ညကြည့်ကင်မရာတွေတောင် ပေးထားသေးသည်။ ရှောင်လင်းယွီက ဒီအခြေအနေကို ရွာသားတွေကို သတင်းပေးပြီးဖြစ်သည်။

“ဒါ့ပြင် ထိခိုက်တဲ့ဧရိယာက တောင်အနည်းငယ်ထက်ပိုတယ်။ လူတွေသာဒါကိုလုပ်မယ်ဆိုရင် ဆားရေတွေအများကြီးလိုလိမ့်မယ်”

“‌လူမသိဘဲ ညဘက်မှာ ဒီလိုဆားပမာဏအများကြီးကို သယ်ပို့ဖို့က မဖြစ်နိုင်တာပဲ။ အတိုင်းအတာအရတော့ ဆားတစ်အိတ်နှစ်အိတ်မဟုတ်ဘဲ ရာ‌ချီလိုလိမ့်မယ်။ ‌အဲ့ဒါအပြင် ဆားအိတ်ရာချီက ယွမ်ရာချီကျတယ်။ ဘယ်သူမှ အဲ့ဒီငွေကို ဖြုန်းချင်မှာမဟုတ်ဘူး။ ပြီးတော့ ကျန်းရှောင်လန်နဲ့ ကျန်းချွန်းကျောင်းတို့ရဲ့ကိစ္စက သူတို့စိတ်ထဲ သစ်လွင်နေတုန်းပဲ။ ရွာသားတွေ အဲ့လောက်မိုက်မဲလိမ့်မယ်လို့ ကျွန်မမထင်ဘူး”

ကုန်းထျန်းဟောက်က မျက်မှောင်ကြုတ်ကာ

“ရွာအပြင်ဘက်က တစ်ယောက်ယောက်ဆိုရင်ရော? ရွာနီးနားချင်း အနောက်ဘက်တောင်ရွာလိုမျိုးလေ?”

ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို နားမလည်နိုင်စွာကြည့်လိုက်သည်။

ကုန်းထျန်းဟောက်က ရှင်းပြကာ

“ပြီးခဲ့တုန်းက ရှောင်ကွမ်းနဲ့ တာ့ကွမ်းကို ခိုးတဲ့သူခိုးတွေက ကျန်းချွန်းကျောင်းတင်မဟုတ်ဘဲ အနောက်ဘက်တောင်ရွာက ရွာသားတချို့လည်းပါတယ်လေ။ သူတို့တွေ အဖမ်းခံရပြီး ထောင်ချခံလိုက်ရတယ်။ နှစ်ယောက်က ထိန်းသိမ်းခံလိုက်ရပြီး ဖိုင်းကောက်ခံလိုက်ရတယ်။ တခြားနှစ်ယောက်က သုံးလထောင်ကျသွားတယ်။ သူတို့မိသားစုတွေက လက်စားချေချင်တာရော မဖြစ်နိုင်ဘူးလား? အုပ်စုတစ်ခု အတူတူပေါင်းလုပ်မယ်ဆိုရင် သူတို့တွေ ဒါကိုလုပ်နိုင်တာပဲ”

ရှောင်လင်းယွီက ပြုံးပြီး ခေါင်းခါကာ

“ထျန်းဟောက်၊ တောင်ကိုညဘက်မှာ စောင့်နေတဲ့လူတွေရှိတာ ရှင်မေ့နေပြီလား? ပြီးတော့ အုပ်စုတစ်ခုလုံးလာရင်တောင် ကင်မရာတွေက ကျွန်မတို့ကိုသတိဝင်စေမှာပေါ့။ ဒီတော့ ဒါကလူလုပ်တာမဟုတ်ဘူးလို့ ကျွန်မသေချာတယ်”

ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့ စီစစ်ချက်ကို သဘောတူလိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ

“ဒါဆိုရင် တကယ်ပဲဘာတွေဖြစ်နေတာတုန်း?”

ရှောင်လင်းယွီက

“ကျွန်မတို့တွေ ဟယ်လဖိုင်းတွေနဲ့ ကြုံနေရတယ်လို့ ခန့်မှန်းမိတယ်”

“ဟယ်လဖိုင်း?”

ကုန်းထျန်းဟောက်က မေးလိုက်သည်။

“အဲ့ဒါကဘာလဲ?”

“သူတို့က ဆား‌စားရတာကို ကြိုက်တဲ့ သန်ကောင်တွေပဲ”

ရှောင်လင်းယွီက ရှင်းပြလိုက်သည်။

“ဘာရယ်? အဲ့ဒီလိုအရာမျိုးရှိသေးတာလား? ဒါဆိုရင် ကိုယ်တို့စားနေတဲ့ ဆားက မသန့်ရှင်းဘူးလို့ဆိုလိုတာလား?”

ကုန်းထျန်းဟောက်က နားမလည်နိုင်စွာမေးလိုက်သည်။

ရှောင်လင်းယွီက ပြုံးပြီးတော့

“ဒီလိုသက်ရှိမျိုးတွေက အသက်ရှင်ဖို့ မြေဆီလွှာလိုတယ်။ သူတို့တွေ မြေကြီးကနေထွက်သွားတာနဲ့ အသက်မရှင်နိုင်‌တော့ဘူး”

“ကိုယ့်အတွက် ဘာလို့ အဲ့ဒါကြီးကတီကောင်နဲ့ တူနေရတာလဲ?”

ကုန်းထျန်းဟောက်က ရေရွတ်လိုက်သည်။

“ဒီတီကောင်ကလည်း မြေကြီးထဲမှာနေရတာကြိုက်တယ်လို့ ကြားဖူးတယ်။ အဲ့ဒါကိုဖြတ်ပစ်လိုက်ရင် တီကောင်တစ်ကောင်ကို နှစ်ကောင်ဖြစ်အောင်လုပ်နိုင်တယ်လို့လည်း ကြားဖူးတယ်”

ကုန်းထျန်းဟောက်က ချမ်းသာတဲ့မိသားစုမှာ မွေးခဲ့သည်။ သူက ကျေးလက်အကြောင်းအရာတွေအများကြီးဖတ်ဖူးပေမယ့် တကယ့်ကျေးလက်ဘဝကို အရင်က မကြုံတွေ့ဖူးပေ။

ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို ကြည့်လိုက်သည်။ ဒီလူက ချစ်စရာကောင်းနေရောပဲ။

သူမကပြုံးကာ

“ဟုတ်တယ်။ တီကောင်က အဖြတ်ခံလိုက်ရရင် နှစ်ခုပြန်ပြီးကြီးနိုင်တယ်။ ရှင်ကအတော်လေး ဗဟုသုတကြွယ်သားပဲ။ ရှင်အရင်က မြင်ဖူးတာလား?”

ကုန်းထျန်းဟောက်က ဂုဏ်ယူစွာပြောကာ

“ဒါပေါ့”

ရှောင်လင်းယွီက

“ဒါပေမယ့်လည်း တီကောင်တွေက အကျိုးပြုတဲ့သက်ရှိတွေပဲ။ သူတို့က မြေကြီးကိုနူးညံ့စေပြီး အာဟာ‌ရတွေစုပ်ယူဖို့ အပင်တွေအတွက် ပိုအကျိုးရှိစေတယ်။ တဖက်မှာလည်း ဟယ်လဖိုင်းတွေကတော့ ဆန့်ကျင်ဘက်ပဲ။ သူတို့က အဖျက်ကောင်တွေ။

သူတို့က အရွယ်အစားမကြီးဘူး။ ကလေးလက်သန်းလောက်ပဲ အရွယ်အစားရှိတာ။ သူတို့က ပတ်ပတ်လည်မြေက အကုန်လုံးကိုစားပစ်တယ်။ သူတို့က ဆားရဲ့အရသာကို တော်တော်ကြိုက်ကြတယ်။ ဒါပေမယ့် သူတို့မှာ သက်တမ်းမရှည်ကြဘူး။ အစာတွေပျက်စီးသွားရင် သေသွားတာပဲ။ သူတို့ရဲ့အစာချေစနစ်က အစာတွေကို ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် ပြောင်းပစ်လိုက်တယ်။ တစ်ခုတည်းသော ချွင်းချက်က ဆားပဲ။ ဒီတော့ သူတို့သေပြီးသွားရင် မြေကြီးထဲမှာ ဆားကကျန်ခဲ့ရော”

***

All Chapters