ချင်ယန်ရဲ့တင်ဆက်မှု
Vol. 26 Ch. 440
ချင်ယန်ရဲ့မျက်နှာက ဒဏ်ရာရသွားခဲ့သည်။ ၎င်းက ကမ္ဘာပျက်တာထက်တောင် ပိုဆိုးသည်။ ချင်ယန်က သူမရဲ့လက်ဖျားထိပ်တွေပေါ်က သွေးကိုစိုက်ကြည့်လိုက်သည်။ သူမရဲ့မျက်နှာက ထိတ်လန့်မှုတွေ ဒေါသတွေနဲ့ ပြည့်နေခဲ့သည်။ သူမရဲ့မျက်နှာက ဖျက်ဆီးခံလိုက်ရတာလေ။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
သူမက သူမရဲ့မျက်နှာကို ဂုဏ်အယူဆုံးဖြစ်သည်။ ဒီမျက်နှာကြောင့်ပဲ သူမက မြို့တော်က အထက်တန်းလွှာတွေထဲမှာ နံပါတ်တစ်ဖြစ်နေသည်။ ဒီမျက်နှာကြောင့်ပဲ သူမက တံခါးပေါက်များစွာကို ဖွင့်လှစ်နိုင်ခဲ့သည်။ ဒီမျက်နှာကြောင့်ပဲ မရေမတွက်နိုင်တဲ့ယောက်ျားတွေက သူမခြေဖျားမှာ ဒူးထောက်ကြရသည်။ ဒီမျက်နှာကြောင့်ပဲ သူမက လှပတဲ့နတ်သမီးလေးလို့ အမည်တွင်ခဲ့သည်။
ဒီမျက်နှာကြောင့်ပဲ…
ချင်ယန်က သူမရဲလက်ချောင်းထိပ်တွေပေါ်က သွေးစတွေကိုကြည့်နေစဉ်မှာ သူမရဲ့လက်တစ်ဖက်က လက်သီးဆုပ်လိုက်သည်။ သူမရဲ့အသားအရေက နှင်းလိုမျိုး ဖြူဖျော့နေပြီး အရေပြားပေါ်က ဖောင်းနေတဲ့အကြောတွေကို ပြသနေသည်။
တရားခံက… မဟုတ်ခဲ့ဘူးဆိုရင် သူမသေချာပေါက်…သူတို့ကို သတ်ပစ်မည်။
ဒါပေမယ့်လည်း ချင်ယန်မတုံ့ပြန်နိုင်ခင်မှာ အေးစက်ပြီးအထက်စီးဆန်တဲ့အသံတစ်သံက သူမနားထဲကို ဝင်လာသည်။
“ချင်ယန်၊ အခု မင်းအဘိုးကို ရှင်းပြချက်တစ်ခုလောက် မပေးတော့ဘူးလား?”
သခင်ကြီးကျန်းက ချင်ယန်ကို ကြောက်စရာကောင်းတဲ့အကြည့်နဲ့ အေးစက်စွာကြည့်လိုက်သည်။ အရင်က သူ ချင်ယန်ကို အရမ်းသဘောကျသည်။ ဒါပေမယ့် အခုတော့ ဒီမိန်းကလေးက အရမ်းလည်ဝယ်ပါးနပ်လွန်းတယ်လို့ သူခံစားရသည်။
သူမက မြင်ရသလိုမျိုး မဟုတ်ပေ။ သူမက ကျန်းထောင်ကို သဘောကျရင်တော့ အဆင်ပြေသည်။ ဘာလို့လဲဆိုတော့ သူမရဲ့ အကြံဉာဏ်တွေကို ကျန်းထောင်ကို အကူအညီပေးဖို့ သုံးမှာဖြစ်သောကြောင့် ဖြစ်သည်။ ဒါပေမယ့်လည်း သူမက ကျန်းထောင်ကို သဘောမကျရင်တော့ ....
ဒါဆိုရင်တော့ ရှင်းရှင်းလင်းလင်းကိုပဲ သူမက ကျန်းထောင်ကို ဆန့်ကျင်ကြံစည်ကာ ကျန်းမိသားစုတစ်ခုလုံးကို ဆွဲချသွားလိမ့်မည်။
သခင်ကြီးကျန်းက သူ့လက်မပေါ်က ကျောက်စိမ်းလက်စွပ်ကို ပွတ်ရင်း တွေးတောနေခဲ့သည်။
ချင်ယန်က ကျန်းထောင်အတွက် မှန်ကန်တဲ့လက်တွဲဖော်ဟုတ်ရဲ့လား?
သူမရဲ့ မိသားစုနောက်ခံ၊ အဆင့်အတန်း၊ အသွင်အပြင်နဲ့ လွှမ်းမိုးမှုနဲ့ဆိုရင်
ဒီမိန်းကလေးက သံသယမရှိစွာဘဲ ကျန်းထောင်အတွက် အသင့်တော်ဆုံးလူဖြစ်ပြီး ကျန်းမိသားစုရဲ့သခင်မလေးဖြစ်ဖို့လည်း အသင့်တော်ဆုံးလူပဲဖြစ်သည်။
အဘိုးကျန်းရဲ့မေးခွန်းကိုကြားတော့ ချင်ယန်က စိတ်တွေတုန်ယင်သွားသည်။ သူမရဲ့မျက်နှာပေါ်က ဒေါသက ဆုတ်ခွာသွားပြီး မျက်နှာက ဖြူဖပ်သွားသည်။ သူမက ကြောက်လန့်ပြီး မသိုးမသန့်ဖြစ်နေသည်။
သခင်ကြီးကျန်းက ဘယ်လောင်တင်းမာခက်ထန်မှန်း သူမသိသည်။ သူမငယ်ငယ်ကတည်းက သူ့အကြောင်းဇာတ်လမ်းတွေကို အများကြီးကြားခဲ့ဖူးသည်။ သခင်ကြီးကျန်းက နိုင်လိုမင်းထက်ကျပြီး ခေါင်းမာတဲ့ အာဏာရှင်တစ်ယောက်ဖြစ်သည်။ သူက ရက်စက်ပြီး အကြင်နာကင်းသည်။ သူက သူ့မိသားစုကိုတောင် ဘာကြင်နာသနားမှုမှ မပြပေ။
ပြီးခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်မှာ ကျန်းမိသားစုကို ဒီအရှင်သခင်က အုပ်ချုပ်ခဲ့သည်။ သူ့ကိုမေးခွန်းထုတ်နေတဲ့အသံတွေကလည်း ပျောက်ရင်ပျောက်သွား မဟုတ်ရင်လည်း အင်အားကင်းမဲ့သွားကြသည်။ ဒီသဘောထားကွဲလွဲမှုတိတ်ဆိတ်ခြင်းရဲ့နောက်ကွယ်က ဘယ်သူလဲဆိုတာ ရှင်းလင်းလှသည်။
ချင်ယန်ရဲ့မျက်နှာက ဒီအကြောင်းတွေးမိတော့ ပိုပြီးဖြူဖပ်လာသည်။ သူမရဲ့တစ်ကိုယ်လုံး မထိန်းချုပ်နိုင်ဘဲ တုန်ယင်လာသည်။ ဒါပေမယ့် ချင်ယန်ကလည်း ချင်မိသားစုရဲ့သမီးဖြစ်သည်။
သူမက အကြီးဆုံးသားရဲ့ အကြီးဆုံးသမီးဖြစ်သည်။
သူမကို ငယ်ငယ်ကတည်းက ချင်မိသားစုက ပျိုးထောင်ခဲ့သည်။ သူမရဲ့စိတ်နေသဘောထားက မိန်းကလေးအများစုထက် ပိုသန်မာသည်။ ဒါ့အပြင် သူမရဲ့အဆင့်အတန်းနဲ့ဆို သခင်ကြီးကျန်းဘယ်လောက်ပဲဒေါသထွက်ထွက် သူမကို သူဘာမှမလုပ်နိုင်ပေ။ အဆိုးဆုံးဆိုရင် သူမအတွက် ကျန်းမိသားစုရဲ့သခင်မလေးဖြစ်ဖို့ အခွင့်အရေးကို ဖြုတ်ချပစ်လိမ့်မည်။ ၎င်းက အသင့်တော်ဆုံးပဲဖြစ်သည်။
သူမကလည်း ဘာပဲဖြစ်ဖြစ် အဲ့ဒီနေရာကို အရမ်းမက်မက်မောမော လိုချင်နေတာမဟုတ်ခဲ့ပေ။
ချင်ယန်က သူမရဲ့မျက်နှာကို ဖြတ်သွားတဲ့ ပုံနှစ်ပုံကို သတိပြုမိဖို့အဖိ အရမ်းရှော့ခ်ရနေခဲ့သည်။ ချင်ယန်က သူမရဲ့ရင်ဘတ်ကို ဂရုတစိုက် ပုတ်လိုက်ပြီး အသက်ပြင်းပြင်းတချို့ ရှုလိုက်သည်။ ပြီးနောက်မှာ သူမရဲ့ဒဏ်ရာရထားတဲ့မျက်နှာကို လက်တစ်ဖက်နဲ့ အုပ်ထားလိုက်သည်။ သူမရဲ့မျက်လုံးထောင့်မှာ မျက်ရည်တွေနဲ့ နစ်နာပြီးအပြစ်ကင်းတဲ့အမူအယာကို ပြသကာ အားနည်းပြီးညင်သာတဲ့အသံဖြင့်
“အဘိုး၊ အဘိုးကိုအရမ်းဒေါသထွက်စေရလောက်တဲ့အထိ ယန်အာတစ်ခုခု လုပ်မိလို့လား?”
ဘေးကနေကြည့်နေတဲ့အိမ်တော်ထိန်းကျန်းက ရုတ်တရက်ကြီးကြက်သေသေသွားကာ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်သည်။
‘ဒီဟန်ဆောင်မှုက ဘာကြီးလဲ? အဲ့သရုပ်ဆောင်မှုက ဘာလဲ? ချင်မိသားစုရဲ့ အကြီးဆုံးသမီးက ဒီလိုကြောင်သူတော်မိန်းကလေးလို့ ငါထင်မထားခဲ့ဘူး’
တစ်ချိန်တည်းမှာပဲ သူက ဒီမိန်းကလေးရဲ့ သတ္တိကို တိတ်တဆိတ်ချီးကျူးလိုက်သည်။ သူမက သခင်ကြီးရဲ့ရှေ့မှာတောင် တကယ်လှည့်ကွက်တွေ သုံးရဲသည်။
“အဘိုး၊ ယန်အာမှားတာတစ်ခုခုလုပ်ခဲ့ရင် တိုးတက်လာဖို့နဲ့ ပြောင်းလဲဖို့ အကောင်းဆုံးလုပ်ပါ့မယ်။ သမီးက အဘိုးရဲ့အကြံပေးမှုကို အာရုံပြုဖို့ ဆန္ဒရှိပါတယ်”
အိမ်တော်ထိန်းကျန်းရဲ့ပါးစပ်အစွန်းတွေ တရွရွဖြစ်သွားခဲ့သည်။
အဘိုးကျန်းရဲ့မျက်နှာက အနည်းငယ်ထပ်ပြီး မှောင်မိုက်လာသည်။ အဘိုးကျန်းက သူမရဲ့တင်ဆက်မှုကို အေးစက်စွာကြည့်နေခဲ့ပြီး သူ့မျက်လုံးတွေက စက်ဆုပ်မှုအနည်းငယ်ကို ပြသနေခဲ့သည်။ သူ့ရဲ့လေသံက ဖာသိဖာသာဖြစ်နေပေမယ့် ၎င်းက ဂုဏ်သိက္ခာရဲ့ မြဲမြံတဲ့အာရုံတစ်ခုကို သယ်ဆောင်ထားသည်။
သူက
“ငါက အဘိုးကြီးတစ်ယောက်ပါပဲ၊ မြင့်မြတ်တဲ့ချင်သခင်မလေးကို အကြံပေးရအောင် ငါကဘယ်သူမိုလို့လဲ?”
“ချင်ယန်၊ မင်း ကလိမ်ကျလို့ရတယ်။ ဒါ့ပြင် ကျန်းမိသားစုကလည်း မိသားစုကို ဦးဆောင်ဖို့ ကောက်ကျစ်တဲ့သခင်မတစ်ယောက် လိုအပ်တယ်။ ဒါပေမယ့် မင်းက ငါ့ကိုဆန့်ကျင်ဖို့ တကယ်ကြံစည်တာကို ပြန်စဉ်းစားကြည့်ရင်? ချင်ယန် ဒါလုပ်ဖို့ နင့်ကိုဘယ်သူပြောတာလဲ?
ချင်ရှင်းပေါင်လား?”
ချင်ရှင်းပေါင်သည် ချင်မိသားစုရဲ့ခေါင်းဆောင်ဖြစ်ပြီး ချင်ယန်ရဲ့အဖေလည်း ဖြစ်သည်။
ချင်ယန်ရဲ့လှပတဲ့မျက်လုံးတွေက ပြူးကျယ်သွားပြီး သူမရဲ့အမူအယာက မယုံနိုင်ဖြစ်နေသည်။ သူမရဲ့မျက်နှာပေါ်က မသိုးမသန့်အကြည့်က ချက်ချင်းပေါ်လာကာ နှလုံးသားက ဆက်လက် တဒိတ်ဒိတ်ခုန်နေသည်။ ချင်ယန်က သူမကိုယ်သူမ စိတ်အေးအေးထားဖို့နဲ့ အပြစ်ကင်းစင်စွာမေးဖို့ ဖိအားပေးလိုက်သည်။
သူမရဲ့ ဖြူဖပ်နေတဲ့မျက်နှာနဲ့ ကြည့်လိုက်သည်။
“အဘိုး… အဘိုး ဘာတွေပြောနေတာလဲ? ဘာလို့ယန်အာ နားမလည်နိုင်ရတာလဲ?”
အဲ့ဒီအချိန်မှာ သခင်ကြီးကျန်းက ဒေါသထွက်မနေတော့ပေ။ အဲ့ဒီအစား နက်ရှိုင်းတဲ့အေးစက်မှုတစ်ခုနဲ့ သူပြုံးလိုက်သည်။ သူ့အတွက် မိန်းကလေးငယ်လေးတစ်ယောက်နဲ့ အရည်မရအဖတ်မရ ပြောနေဖို့ မလိုတော့ပေ။ သူကကြမ်းပြင်ကို ကြည့်လိုက်ပြီး တင်းတင်းမာမာမေးကာ
“မင်းအခုထက်ထိ နားမလည်သေးဘူးလား?! ကောင်းပြီ မင်းကို သေချာပြောပြရတာပေါ့။ ချင်ယန် ငါ့ကိုပြော၊ ဒီပုံတွေကဘာလဲ?”
နောက်ဆုံးမှာ ချင်ယန်က ကြမ်းပြင်ပေါ်က ပုံတွေကို သတိပြုမိသွားသည်။ ပုံတွေထဲက တစ်ပုံကိုမြင်တော့ သူမရဲ့သူငယ်အိမ်တွေက ပြင်းပြင်းထန်ထန်တင်းကျပ်သွားသည်။ သူမရဲ့အေးဆေးတည်ငြိမ်မှုကို ဆက်ပြီးထိန်းမထားနိုင်တော့ဘဲ လဲကျတော့မတတ်ဖြစ်နေသည်။
***