မီလန်တိုက်ပွဲ (၃)
Vol. 3 Ch. 149
ထန်း....။
ဂျူလီယာရဲ့ကျိုင်းတုတ်နဲ့ မော်လီလက်ထဲက တံစဥ်က ထပ်ပြီး ရိုက်ခတ်မိသွားပြန်တယ်။ အရင်ကလည်းပဲ အကြိမ်ပေါင်း ရာထောင်ချီအောင် ထိခတ်ခဲ့ပြီးပြီး ဆိုပေမဲ့ ဒီတစ်ခါတော့ တစ်ခုခုကွာခြားနေခဲ့ပြီး ဂျူလီယာရဲ့လက်က တုန်ယင်နေကာ ကျိုင်းတုတ်ကို မလွတ်ကျသွားအောင် မနည်းသတိထားနေရပါတယ်။
“ဘာဖြစ်တာလဲ... ဒီနေ့ည တအားအေးနေသလိုပဲ။ လူက မလှုပ်နိုင်တော့သလို ခံစားရတယ်။”
တစ်ဖက်မှာတော့ မော်လီက အဲဒီအခွင့်အရေးကို လက်လွှတ် မခံဘဲနဲ့ရှေ့ကိုတိုးပြီး တိုက်ခွက်နေပါတယ်။ ပထမကတော့ အေးသလိုခံစားချက်ပဲ ဖြစ်တာဆိုပေမဲ့ မော်လီကတိုက်ပွဲကို လွှမ်းမိုးလာချိန်မှာတော့ အဲဒါက ပုံမှန်အေးစက်မှုတစ်ခုပဲ မဟုတ်တာကို ဂျူလီယာခံစားမိလိုက်တယ်။
သူ့ခြေတွေလက်တွေက တဆတ်ဆတ်တုန်ယင်နေပြီးတော့ ရန်သူဖြစ်တဲ့မော်လီကို ကြောက်ရွံစွာနဲ့ကြည့်နေမိပါတယ်။ မော်လီ့လက်ထဲက တံစဥ်လှုပ်ရှားမှုတွေကို ရှင်းလင်းစွာ မြင်ရနိုင်စွမ်းနည်းလာပြီး နောက်ကျန်ပုံရပ်တွေအဖြစ်သာ မြင်ရတော့တယ်။ ဒါပေမဲ့ တစ်ဖက်လူရဲ့တိုက်ကွက်တွေက မြန်လာတာမဟုတ်ဘဲ သူကိုယ်တိုင်က နှေးလာခဲ့တာပါ။
အဲဒီအပြင်မော်လီရဲ့မျက်လုံးတွေက တောက်ပနေခဲ့တဲ့ အပြာရောင်လဲ့လဲ့ဟာ သူ့နှလုံးသားထဲနဲ့ဝိညာဥ်ထဲမှာ ပုံရိပ်ထင်ကျန်ရစ်နေသလို ခံစားရပါတယ်။
တိုက်ခိုက်နေတဲ့ အချိန်ကြာမြင့်လာတာနဲ့အမျှ ပတ်ဝန်းကျင်ဟာ ဖြည်းဖြည်းချင်း၊ ဖြည်းဖြည်းချင်း မည်းမှောင်တိတ်ဆိတ်လာသလိုပါပဲ။ သူ့နောက်ကနေ ဖြတ်သန်းပြီးလာနေတဲ့ အလင်းမြားတွေကို သတိ မထားမိတော့သလို တိုက်ခိုက်နိုင်စွမ်းလည်းပိုမိုပြီးတော့ ကျဆင်းလာတယ်။
ဒုတ်... ဒုတ်....
ဒုတ်... ဒုတ်....
အချိန်ပိုပြီးလာကြာလေလေ သူ့နှလုံးခုန်သံက တိုးညှင်းသွားလေလေ။ ခန္ဓာကိုယ်လှုပ်ရှားမှုတွေက ပိုပြီးလေးလံလာလေလေ။ ပတ်ဝန်းကျင်က အရာအားလုံးနဲ့ အဆက်အသွယ်ပြတ်ပြီး မော်လီတစ်ယောက်တည်းကိုပဲ မြင်ရတော့တဲ့အချိန်မှာတော့ သူ့ခန္ဓာကိုယ်ထဲက ကိုယ်တွင်း ကလီစာတွေအားလုံး အလုပ်လုပ်တာရပ်သွားပြီလို့ ခံစားရတယ်။ အသက်ရှုဖို့ မေ့သွားပြီ၊ အာရုံကြောတွေက အေးစက်တဲ့အထိအတွေ့ကိုတောင် မခံစားမိတော့ဘူး၊ နှလုံးခုန်သံ မကြားရတော့ဘူး၊ အတွေးတွေကလည်း မရှိသလောက်ကို နှေးကွေးသွားတယ်။
လက်တွေခြေတွေထုံကျင်သွားပြီး လက်ထဲက ကျိုင်းတုတ် လွတ်ကျသွားကာ မော်လီရဲ့တံစဥ်က သူ့လည်ပင်းနဲ့နီးကပ် လာတာကိုသာ ဒီအတိုင်းကြည့်နေမိပါတယ်။
“သတိမလွတ်လိုက်နဲ့...”
အဲဒီအချိန်မှာပဲ သီယာက နောက်ကနေပြေးတက်လာပြီး ဂျူလီယာကို တံစဥ်ဆင်းသက်ရာလမ်းကနေ ဆွဲဖယ်တယ်။ ဒါပေမဲ့ ကိုယ်တိုင် ရှောင်ရှားဖို့အတွက်အချိန်မရခဲ့တာကြောင့် ပခုံးကိုခုတ်မိသွားပြီး သွေးတွေဖြာထွက်လာပါတယ်။
“ငါ့မျက်စိရှေ့မှာ ဘုရားကျောင်းအဖွဲ့သားတစ်ယောက်ကိုမှ ထိခိုက်ဒဏ်ရာရအောင် လုပ်ခွင့်မပေးနိုင်ဘူး။”
သီယာက လေးကြိုးကိုဆွဲတင်တယ်။ ဒါပေမဲ့ ဂျူလီယာ ဖြစ်ခဲ့တုန်းကလိုမျိုး အေးစက်မှုနဲ့တိတ်ဆိတ်မှုကိုခံစားရပြီး လှုပ်ရှားမှုတွေလေးလံလာကာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ တစ်ခုချင်းစီ နှေးကွေးရပ်တန့်သွားတာနဲ့ ကြုံရတယ်။
မော်လီကတော့ ပြုံးလိုက်ပါတယ်။ “ကြည့်ရတာ နင်တို့တောင်မှ အကြောက်တရားကို ကြာရှည် တောင့်မခံနိုင်ဘူးပဲ။”
မော်လီက တံစဥ်ကိုဝေ့ယမ်းလိုက်တယ်။ သတိပြန်ဝင်နေပြီ ဖြစ်တဲ့ ဂျူလီယာကလည်း သီယာအသတ်မခံရအောင်လို့ တွန်းဖယ်လိုက်ရင်း တင်းပုတ်နဲ့မော်လီကိုချိန်ရိုက်ကာ နေရာပြန်ယူလိုက်တယ်။
“အဲဒါက ဘာစွမ်းအားလဲ....” သီယာကတော့ အခုထိပြန်ပြီး တိုက်ခိုက်ဖို့ အသင့်မဖြစ်သေးဘး။ တုန်ယင်နေတဲ့ သူ့ရဲ့ လက်တွေခြေတွေကိုသာ ပြန်ငုံကြည့်နေမိတယ်။
“ဖုတ်ကောင်ဘုရင်မက သူ့ရဲ့အငွေ့အသက်ကိုအသုံးပြုပြီး ပြိုင်ဘက်တွေကို အကြောက်တရားနဲ့ဖိနှိပ်နေတာ။ အဲဒီ စွမ်းအားကြောင့် အကြောက်တရားက နှလုံးသားကို ဝါးမျိုသွားပြီဆိုရင် သူ့အနေနဲ့ ဘာမှမလှုပ်ရှားရင်တောင် ငါတို့တွေရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ တစ်ခုချင်းစီ အလုပ်လုပ်တာရပ်သွားပြီး သေကုန်လိမ့်မယ်။”
သတိပြန်မလစ်သွားအောင်လို့ နှုတ်ခမ်းကိုကိုက်ထားပြီး ဆက်တိုက်ပွဲဝင်နေတဲ့ ဂျူလီယာက သီယာကို ဒီစွမ်းအားနဲ့ သဘောတရားကို ရှင်းပြလိုက်ပါတယ်။
သီယာကိုယ်တိုင်လည်း အနီးအနားဝန်းကျင်မှာ လဲကျနေတဲ့ ဘုန်းတော်ကြီးတွေကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်
မိပါပြီ။ တချို့သူတွေက ဘာတိုက်ခိုက်မှုဒဏ်ကိုမှမခံရဘဲ မော်လီဒီနေရာမှာရပ်နေရုံနဲ့တင် နှလုံးရပ်ပြီးသေကုန်တာ။
“ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင် ဖုတ်ကောင်ဘုရင်မက သခင်အဆင့်တက်သွားတာကို အမှီပြုပြီးတော့ နောက်ကနေ လိုက်ပါအဆင့်တက်သွားတာပဲ။”
သီယာကလည်း မျက်ကိုမှေးလိုက်တယ်။ သူ့လက်တွေက အခုထိထုံကျင်နေတုန်းပဲ။ သူတို့နှစ်ယောက်လုံးက သတိ ကြီးကြီးထားနေကြပေမဲ့ မော်လီရဲ့ကြောက်ရွံမှုစွမ်းအား လွှမ်းမိုးမှုကနေ လုံးဝရုန်းမထွက်နိုင်ကြသေးဘူး။
“တစ်နည်းအားဖြင့် သူက အယ်ဒါအဆင့်မှာပေါ့။ ငါတို့ကို လွယ်လွယ်လေးနဲ့ ပြန်ဖိနှိပ်နိုင်သွားတာ မဆန်းဘူးပဲ။”
ဂျူလီယာက ခေါင်းညိတ်လိုက်ပြီး “ ဒီစွမ်းအားက အထနှေးတဲ့စွမ်းအားပဲ။ သူ့ကိုကြာကြာရင်ဆိုင်လေ ပိုအန္တရာယ်များလေပဲ။ ဒီအခြေအနေကနေ မြန်မြန် ဖောက်ထွက်နိုင်ဖို့ တစ်ခုခုကြံမှဖြစ်မယ်။”
“နားလည်ပြီ။” သီယာနဲ့ဂျူလီယာတို့က ဗျူဟာပြောင်းဖို့ ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာတော့ မော်လီကိုရင်ဆိုင်ဖို့ သူတို့လက်နက်တွေကို အသင့်ပြင်လိုက်ပါတော့တယ်။
....
“အယ်ဒါတစ်ယောက်က ဒီလောက်ပဲတတ်နိုင်တာလို့ မပြောနဲ့နော်။”
ထန်း.... ထန်း... ထန်း....
အဆောက်အဦးထိပ်မှာတော့ နီကိုလပ်က သူ့ရဲ့အမြန်နှုန်း အားသာချက်ကိုသုံးပြီးတော့ နက်ဆန်ကိုရင်ဆိုင်နေတယ်။ နက်ဆန်ကလည်း မြန်တယ်ဆိုပေမဲ့ တပ်မှူးဩစတင်းရဲ့ ဓားပျံတွေကြောင့်ဖိနှိပ်ခံထားရသလိုဖြစ်နေပြီးတော့ မြန်မြန်ဆန်ဆန် လွတ်လွတ်လပ်လပ် တိုက်ခိုက်လို့မရဘူး ဖြစ်နေပါတယ်။
ချလွမ်...
နောက်ဆုံးတော့ သူ့လက်ထဲက ဓားမြှောင်တစ်လက် ပြုတ်ကျသွားပြီး လက်လည်း လှံဖျားနဲ့ထိသွားခဲ့ပြီး သွေးတချို့စီးကျလာတယ်။ အရိပ်နဲ့ပေါင်းစပ်ပြီး ဒဏ်ရာကို အချိန်မီပြန်ပိတ်လိုက်နိုင်ပေမဲ့ နီကိုလပ်ရဲ့အသာစီးရမှုကို ပြန်တွန်းလှန်ဖို့ကတော့ ခက်ခဲသွားပါပြီ။
“ဩမင်းသားလည်း သွေးထွက်တတ်တာပဲကိုး... တိုက်ပွဲကို အဆုံးသတ်ကြမယ်။”
နီကိုလပ်က ကောက်ကျစ်တော့မယ့်အသံနဲ့ပြောလိုက်တဲ့ အခါမှာတော့ ဩစတင်းက သူ့ကျမ်းစာအုပ်ကြားထဲမှာ ဝှက်ထားတဲ့ဓားပျံတွေ အားလုံးကိုဆွဲထုတ်လိုက်တယ်။ စုစုပေါင်း ဓားအလက်သုံးရာကျော်ပြီး အားလုံးက နက်ဆန်ကြီးကို တံငါကွန်ယက်ကြီးတစ်ခုလိုမျိုး တိုးဝင်လာခဲ့ပါပြီ။
“သေလိုက်တော့....”
လွတ်လမ်းဆိုတာ ဘယ်နေရာမှမရှိတော့တဲ့အချိန်မှာတော့ နီကိုလက်က သူ့လှံတံတစ်ခုလုံးကို လှံပစ်အားကစားသမား တစ်ယောက်လိုမျိုးကိုယ်ကိုကိုင်းကာ ပစ်လွှတ်ဖို့အတွက် ကြိုးစားလိုက်တယ်။
“ မြင့်မြတ်တဲ့လှံသွားက ဘယ်အရာကိုမဆိုထွင်းဖောက် နိုင်စွမ်းရှိတယ်ကွ။”
ဘုန်း....
နီကိုလက်လက်ထဲကလှံတံက ကြေးနီရောင်တောက်ပလာပြီး သူတို့ရပ်နေတဲ့ အဆောက်အဦးကိုတောင်မှ မြေကြီးထဲကို လက်မအနည်းငယ် နစ်ဝင်သွားစေပါတယ်။ လှံကနေ ထွက်ပေါ်နေတဲ့အပူရှိန်ကြောင့် လေထုတောင်လှုပ်ခတ် နေပြီးတော့ အသံထက်မြန်တဲ့နှုန်းနဲ့ လေထုကိုထွင်းကာ နက်ဆန်ရဲ့နှလုံးသားတည့်တည့်ကို တိုးဝင်သွားတော့တယ်။
ဘုန်း....
ရုတ်တရက် နက်ဆန်ရဲ့နတ်ဘုရားခန္ဓာကိုယ်က လူသား ခန္ဓာကိုယ်နဲ့ကွဲထွက်သွားပြီး အလင်းဓားကွန်ယက်ကို လက်ဝါးကြီးနဲ့ရိုက်ချလိုက်တယ်။ အလင်းဓားတွေပျက်စီး သွားခဲ့ပေမဲ့ နတ်ဘုရားခန္ဓာကိုယ်ရဲ့လက်လည်း အရည်ပျော် ကျသွားခဲ့တယ်။
နက်ဆန်ကတော့ နာကျင်မှုကိုအာရုံမစိုက်ဘဲ တောင်ပံနက် တစ်စုံကိုဖန်တီးကာ ကောင်းကင်ပေါ်ကိုပျံတက်လိုက်တယ်။
“ပျံတက်ရုံနဲ့ လှံနောက်ကနေလွတ်မယ်ထင်နေတာလား။”
နီကိုလက်က ခနဲ့လိုက်ပါတယ်။ တကယ်လည်း နီရဲနေတဲ့လှံက အသိစိတ်ရှိနေသလိုမျိုး ရုတ်ချည်း ဦးတည်ရာပြောင်းသွားပြီး နက်ဆန်နောက်ကို ပဲ့ထိန်းဒုံးကျည် တစ်ခုလိုမျိုးလိုက်ပါတော့တယ်။
နက်ဆန်က မျက်လုံးကိုမှေးပြီး သူနဲ့နီးကပ်လာနေတဲ့ လှံကိုကြည့်လိုက်တယ်။ နီကိုလပ်က အရည်အချင်းမရှိဘဲ သူတော်စင်ဖြစ်လာပုံမပေါ်ဘူး။
....
“တိုက်နောက်ကိုဝင်ပြီး အကာအကွယ်ယူထား။” ပါစီဗယ်က ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေတဲ့ဆယ်ဗီကို လမ်းကြားတစ်ခုထဲမှာ နေရာယူခိုင်းပြီး လမ်းပေါ်ပြန်တက်သွားတယ်။
ဆယ်ဗီက ဆီနိတ်တာတွေကို တိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့ တစ်ဖက်က သတိထားလွန်း နေတဲ့အတွက်ကြောင့် အကူအညီဖြစ်ရမယ့်အစား ကိုယ်တိုင်ဒဏ်ရာရသွားခဲ့တာပါ။
ကတ္တရာလမ်းမတစ်ခုပေါ်မှာတော့ မြို့ပြစစ်မြေပြင်ငယ် တစ်ခုဖြစ်နေပြီးတော့ ပက်တီးနဲ့ဂရိတပ်သားတွေက အသင့်ပြင်ထားတဲ့ သဲအိတ်တွေနောက်မှာဝင်ပုန်းပြီး ရိုင်ဖယ်သေနတ်တွေကိုကိုင်ကာ ကတုတ်ကျွင်းစစ်ပွဲကို ဆင်နွှဲနေကြပါတယ်။
ဘုန်း.... ဘုန်း.... ဘုန်း....
မကြာခင်မှာပဲ မီးလုံးတချို့ ကောင်းကင်ပေါ်ကနေ ကျဆင်း လာခဲ့ပြီးတော့ သဲအိတ်တွေနောက်က ဂရိတပ်သားတွေကို လေပေါ်မြောက်တက်သွားစေခဲ့တယ်။
ပါစီဗယ်ကတော့ သူတို့ခံစစ်ရဲ့အလွန်မှာရှိနေတဲ့ မြင်ကွင်းကို စိုးရိမ်ပူပန်စွာနဲ့ကြည့်လိုက်တယ်။ ဥရောပရှေးသူကောင်းမျိုး တွေလိုမျိုးဝတ်ထားတဲ့ လူခြောက်ယောက်က လမ်းသရဲ ကောင်မလေးလိုမျိုးဝတ်ဆင်ထားတဲ့ မိန်းမလေးကိုခြံရံကာ သူတို့လက်ထဲက မီးလုံးတွေနဲ့ပစ်ခတ်နေပါတယ်။
သူတို့ကိုကြည့်ရတာ ပါစီဗယ်ရဲ့စစ်တပ်ကို နည်းနည်းလေးမှ အထင်မကြီးသလိုပဲ။ ပြီးတော့ သူတို့တွေက စွမ်းအားကုန် အသုံးပြုပြီးတော့ တိုက်ခိုက်နေတာမဟုတ်ပါဘူး။
“ကျွန်မ ထပ်စမ်းကြည့်မယ်။” ဆယ်ဗီက အားတင်းပြုံးပြလိုက်ပြီး ဓားမြှောင်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကာ ပုန်းနေတဲ့နေရာကနေထွက်ပြီး ရိုစယ်လီယာကို ချိန်လိုက်ပါတယ်။
ဒါပေမဲ့ရိုစယ်လီယာက ချက်ချင်းသတိထားမိသွားပြီး သူ့ကိုလှည့်ကြည့်လိုက်တယ်။ နောက်တော့ ရိုစယ်လီယာရဲ့ မျက်လုံးတွေက သက်တံမီးတောက်တွေနဲ့တောက်လာပြီး ဆယ်ဗီ့လက်ထဲက ခွဲစိတ်ဓားဟာ အရည်ပျော်ကျတော့ မတတ် နီရဲလာတယ်။
“အား....” တစ်ပြိုင်နက်တည်းမှာပဲ ဆယ်ဗီကိုပူးကပ်နေတဲ့ ဘီယန်ကာဆီကနေ ငယ်သံပါအောင်အော်သံထွက်လာတဲ့ အတွက်ကြောင့် ပါစီဗယ်က ဆယ်ဗီကို လမ်းကြားထဲ ပြန်ဆွဲခေါ်သွားတယ်။
ဆယ်ဗီကတော့ အပူလောင်သွားတဲ့လက်ကြောင့် ဓားကို မြေပေါ်ပစ်ချလိုက်ပြီး ငိုကြွေးနေပါတယ်။
“တောင်းပန်ပါတယ်... တောင်းပန်ပါတယ်.... ကျွန်မ ဒီထက်ပိုပြီး လုပ်နိုင်သင့်တာ။”
“ဆယ်ဗီ၊ မကြောက်နဲ့ ကိုယ်ကာကွယ်ပေးမယ်။ ဆယ်ဗီ့အတွက် ဒီတိုက်ပွဲကို နိုင်အောင်တိုက်ပြမယ်။” ပါစီဗယ်က ချက်ချင်းပဲ ဆေးတပ်သားတစ်ယောက်ကို ဆင့်ခေါ်လိုက်ပြီး ဆေးတပ်သားဆီက ပက်တီးနဲ့ဆေးတွေကို အတင်းလုယူကာ သူကိုယ်တိုင်ဆယ်ဗီ့လက်ကို ပက်တီး စည်းပေးလိုက်တယ်။
နောက်တော့ သူ့ခါးကဓားကို ဆွဲထုတ်ပြီး မီးလျှံကျောင်း ဆီနိတ်တာတွေကြားထဲ ပြေးဝင်သွားတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ လူတစ်ယောက်ကို လူအများကဝိုင်းရိုက်နေတဲ့ အသံထွက်လာပြီးတော့ ဗိုလ်ကြီးပါစီဗယ်တစ်ယောက် သဲအိတ်တွေနောက်ကို ပြန်ခုန်ဝင်လာရလေရဲ့။ မျက်နှာ တစ်ခုလုံးလည်း ဖူးရောင်လို့။
“ဗိုလ်ကြီး၊ ရန်သူဘက်က ပစ်အားကောင်းလွန်းတယ်။ အမြောက်တပ်ပစ်ကူမပါဘဲ ဒီလူတွေကို နိုင်မှာမဟုတ်ဘူး။”
တပ်ကြပ်ကြီးဝတ်စုံဝတ်ထားတဲ့ ပက်တီးစစ်သားက ပါစီဗယ် သူ့နားရောက်နေတာမြင်တော့ ပြောလိုက်တယ်။ ဒါပေမဲ့ ပါစီဗယ်တစ်ယောက် မျက်နှာမဲ့ပြီး သဲအိတ်တွေအောက် ပုန်းနေရင်းကနေ အကြံထုတ်နေရတယ်။ သူဦးစီးတဲ့ တပ်က ခြေလျင်တပ်ရင်းတစ်ခုဖြစ်ပြီး အမြောက်တပ်ရင်း မဟုတ်ပါဘူး။ ပြီးတော့ ဆီနိတ်တာခြောက်ယောက်ကို ပြန်လွှမ်းမိုးနိုင်ဖို့ဆိုရင် ခေတ်သစ်အမြောက်တပ်ရင်း တစ်ခုနဲ့ရတောင်ရပါ့မလားပဲ။
“လခွမ်းထဲမှ၊ ငါဘာလို့ ဒီကိုလာဖို့ သဘောတူမိတာပါလိမ့်။”
ဒါပေမဲ့ လမ်းကြားထဲမှာပုန်းနေပြီး သူအောင်ပွဲယူ ပြန်အလာကိုစောင့်နေတဲ့ ဆယ်ဗီကိုတွေးမိလေတော့ ချက်ချင်းပြန်ပြီး တက်ကြွသွားတယ်။
“ဟုတ်သားပဲ၊ ငါ့မှာအမြောက်တစ်လက်ရှိတယ်။”
ပါစီဗယ်က ပိုပြီးနောက်ဘက်ကျတဲ့ သဲအိတ်တွေနောက် ပြေးဝင်သွားလိုက်ပြီး သူ့မြူတွေကိုအသုံးပြုကာ သူ့တပ်ရင်း မှာရှိတဲ့ လျှို့ဝှက်လက်နက်ကို ထုတ်ဖော်လိုက်တယ်။
“ဒါလေးနဲ့ဆိုရင် အလုပ်ဖြစ်လောက်တယ်။”
ပါစီဗယ်က မြူတွေထဲကထုတ်လိုက်တဲ့ လက်နက်သစ်ကို ကြည့်လိုက်တယ်။ ကလေးစက်ဘီးက ဘီးအရွယ်နဲ့တူတဲ့ ဘီးနှစ်ဘီးတပ်ထားတဲ့ အမြောက်တစ်ခုဖြစ်ပြီးတော့ လေးပေလောက်ပဲရှည်တဲ့ အမြောက်ပြောင်းပါပါတယ်။ အရွယ်သေးတဲ့အပြင် နည်းနည်း သံချေးကိုက်နေသေးတယ်။
“ဂရိစစ်တပ်ရဲ့၁၀၅ မီလီမီတာ ရွှေ့ပြောင်းအမြှောက်။”
ပါစီဗယ်က ဂုဏ်ယူစွာနဲ့ပြောလိုက်ပြီး အမြောက် အော်ပရိတ်တာတစ်ယောက်ကိုပါ ဆင့်ခေါ်လိုက်တယ်။
“အဲဒီခုနစ်ယောက်ကိုပစ်....”
“ဟုတ်ကဲ့ဗိုလ်ကြီး....”
ဘုန်း....
မကြာခင်မှာပဲ အမြောက်ပြောင်းဝက မီးခိုးတွေအူထွက် လာခဲ့ပြီးတော့ မီးလျှံကျောင်းတော်လူအုပ်ထဲ ကျတယ်။ ဒါပေမဲ့ အမြောက်ဆန်က မြေပြင်ကိုမထိခင်မှာပဲ လေထုထဲ ကန့်လန့်ကြီးရပ်နေတဲ့အတွက် အမြောက်အော်ပရိတ်တာနဲ့ ပါစီဗယ်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။
နောက်တော့ မှော်တောင်ဝှေးကို ကောင်းကင်ပေါ်ညွန်ပြ ထားပြီး အမြောက်ကျည်ကိုတားထားတဲ့ ရိုစယ်လီယာက ရှေ့ကိုထွက်လာပြီးတော့ အသံကျယ်ကျယ်နဲ့ပြောလိုက် ပါတယ်။
“တစ္ဆေဘုရင်... ရှင့်ရဲ့ခပ်စုတ်စုတ်စစ်တပ်က ကျည်ဆန်နဲ့ အမြောက်တွေက ကျွန်မတို့ကိုထိခိုက်အောင် လုပ်နိုင်မယ် ထင်နေတာလား။”
ပါစီဗယ် မျက်နှာပျက်သွားတယ်။ နောက်တော့ ရိုစယ်လီယာက အဲဒီအမြောက်ကျည်ကို ပါစီဗယ်တို့ဘက် ပြန်ပစ်လွှတ်လိုက်တဲ့အတွက် အမြောက်အော်ပရိတ်တာရော ပါစီဗယ်ပါ အမြောက်ကြီးကိုပစ်ပြီး လူခွဲပြေးတော့တာပါပဲ။
“မသေချင်ရင် ပြေးကြဟေ့။”
ဘုန်း....
အဲဒီလိုနဲ့ မကြာခင်မှာပဲ ဒုတိယကမ္ဘာစစ် ခြေလျင်တပ်ရင်းရဲ့ ရှေ့တန်းခံတပ်ကြီးတစ်ခုလုံး ပျက်စီးသွားပါလေရော။