← Chapters

ပြိုင်ဘက်ကင်း ပါရမီရှင်

Vol. 6 Ch. 585

ပြိုင်ဘက်ကင်း ပါရမီရှင်

Vol. 6 Ch. 585

မီးဆိုတာဘာလဲ။ ငါ့ရဲ့လေ့လာမှုတွေအရဆိုရင် သာမန်မီးဆိုတာက ရေလိုမျိုး ဒြပ်ရှိတဲ့ အရာတစ်ခုမဟုတ်ဘူး။ တကယ်တော့မီးဆိုတာက ရိုးရိုးမျက်စိနဲ့တင်သာမက နတ်ဘုရားအာရုံနဲ့ပါ မမြင်နိုင်တဲ့ အရာတစ်ခုရဲ့ ရောင်ပြန်ဟပ်မှုတစ်ခုပဲ။

မီးဆိုတာ အငွေ့အသက်တစ်ခုနဲ့ တူတယ်။ ပုံရိပ်ယောင်တစ်ခုနဲ့ မှော်ဆန်တဲ့အရာတစ်ခု ပေါင်းစပ်ထားတဲ့ အရာတစ်ခုပဲ။

ငါတို့မီးတောက်ကို မြင်ရတယ်ဆိုတာက အဲဒီပေါင်းစပ်မှုကြောင့်ထွက်ပေါ်လာတဲ့အရာကနေ ဖြာထွက်လာတဲ့ အလင်းရောင်ကြောင့်ပဲ။

ရောင်စုံမီးတောက်တွေဆိုတာလည်း အတူတူပဲ။ အဲဒီလိုဆိုရင် မေးခွန်းတစ်ခုထပ်ထွက်လာပြီ၊ ဝိညာဥ်တွေဆိုတာကရော ဘာလဲ။ ဘာလို့ ဝိညာဥ်တွေက ရောင်စုံမီးတောက်တွေကို ဖန်တီးပေးနိုင်ရတာလဲ။

ထိုစာများကိုဖတ်ပြီးနောက် ပိုင်ရှောင်ချန်းမှာ အသက်ရှူသံများမြန်လာပြီး သူ၏မျက်လုံးများမှာလည်း ပန်းကန်ပြားကြီးများအလား ပြူးကျယ်နေတော့သည်။ စာပိုဒ်အနည်းငယ်ကိုသာ မြင်ရသည်ဖြစ်သော်လည်း ထိုအနည်းငယ်မျှကို ဖတ်ကြည့်လိုက်ရုံနှင့်ပင် သူ၏ အတွေးများမှာ ဂယောင်ခြောက်ခြားဖြစ်နေရတော့သည်။ တချိန်ထဲမှာပင် ထိုသို့သော ဥာဏ်အလင်းပွင့်မှုကြီးကြောင့် သူ မှင်တက်နေရတော့သည်။

" ဒါ၊ ဒါ "

ဤပုံစံဖြင့် မီးကို လေ့လာထားပြီး သေသေချာချာ စမ်းသပ်မှုများ ပြုလုပ်ထားသည့်သူ ရှိနေလိမ့်မည်ဟု သူကလုံးဝ မထင်ထားမိပေ။ ထိုစာကြောင်းများကို ရေးမှတ်ခဲ့သူမှာ သူ၏အတွေးစများကို ဖော်နေသည့် ပုံစံဖြင့် ရေးခဲ့သည့်ပုံပေါ်နေသည်။

အရေးကြီးဆုံးအချက်မှာ ပိုင်ရှောင်ချန်းသည် ထိုစာကြောင်းများကြောင့် စိတ်နှလုံးနှင့် အတွေးများပါ ယောက်ယက်ခတ်သွားရသည်သာမက သူ့အတွက် တံခါးပေါက်များပွင့်သွားသကဲ့သို့ ဖြစ်သွားသည်။ ယခု သူဖတ်နေရသည့်စာများနှင့် မီးတောက်ဖန်တီးခြင်းနှင့် ပတ်သတ်သည့် သူနားလည်ထားသောအရာများကို ပေါင်းစပ်လိုက်သောအခါ ဥာဏ်အလင်း ပွင့်သွားသည့်အလား ခံစားလိုက်ရတော့သည်။

" ဟုတ်တယ်။ ငါမီးတောက် ဖန်တီးရင်လည်း ဒီလိုတစ်ပုံစံထဲ ခံစားခဲ့ရတာ။ မီးဆိုတာက ရေလိုမျိုး ဒြပ်ရှိတဲ့ အရာဝတ္ထုတစ်ခုမဟုတ်ပဲ တစ်စုံတစ်ခုဆီကလာတဲ့ ရောင်ပြန်ဟပ်မှုပဲ။ ဒါမှမဟုတ် အမှတ်သင်္ကေတတစ်ခုပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မီးဆိုတာက ပုံရိပ်ယောင်တစ်ခုအဆင့်ပဲရှိပြီး ရေလိုမျိုးဒြပ်ရှိပစ္စည်းတစ်ခု မဟုတ်ဘူးပဲ "

ပိုင်ရှောင်ချန်းမှာ အတတ်နိုင်ဆုံး စိတ်ကိုတည်ငြိမ်အောင်ထားနေပါသော်လည်း မစွမ်းနိုင်ချေ။ သူ၏အမြင်တွင် ဤစာများကိုရေးခဲ့သူမှာ အလွန်တရာ တမူထူးခြားလှပြီး မီးအကြောင်းနှင့်ပတ်သတ်၍ သူမတူလောက်အောင် နောကျေနေသူဖြစ်သည်။ မီးအကြောင်းနှင့် ပတ်သတ်လာလျှင် ထိုလူသည် နတ်အဆင့် လူတစ်ယောက် နီးပါးပင်။

ထို့အပြင် သူသည် ယခုတွင် ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးနေနိုင်ပြီဖြစ်ရာ ဤစာကြောင်းများကြောင့် ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်ရန်အတွက် ပို၍ပင် မျှော်လင့်ချက်များ ရှိလာတော့သည်။ ဤ အချက်အလက်နှင့် သူယခင်ကပြုလုပ်ခဲ့သည့် လေ့လာဆန်းစစ်မှုများကို ပေါင်းစပ်လိုက်ပါက အောင်မြင်နိုင်မည်ဟု လုံးဝယုံကြည်နေတော့သည်။

ဤနေရာတွင် ကံထူးလိမ့်မည်ဟု ပိုင်ရှောင်ချန်းမှာ လုံးဝမထင်ထားမိပေ။ သူ၏ကျင့်ကြံခြင်းအခြေခံမှ စွမ်းအင်များကို ထုတ်ယူကာ ကောင်းကင်တံတားမျက်လုံးထဲသို့ ထပ်မံထည့်သွင်းလိုက်ပြီး ဆက်၍ဖတ်နေတော့သည်။

ထိုသို့ဖတ်မိလာသည်နှင့်အမျှ သူ၏အတွေးများမှာ ဂယောင်ခြောက်ခြား ပို၍ဖြစ်လာရသည်။ စာကြောင်းအဆုံးကိုဖတ်ကြည့်လိုက်ချိန်တွင် ဆယ့်ငါးရောင်ခြယ်မီးတောက်၏ဖော်စပ်နည်း နှင့်ပတ်သတ်သည့် သုံးသပ်ချက်များကို မြင်လိုက်ရသောအခါ ပို၍ပင် စိတ်လှုပ်ရှားသွားရတော့သည်။ ထိုအကြောင်းအရာကို ထပ်၍ဖတ်ရှုလိုက်ပြီးနောက် ပိုင်ရှောင်ချန်းမှာ အလွန်အမင်း တုန်လှုပ်နေတော့သည်။

" ဘယ်လိုလုပ် ဒီလို ဖြစ်နိုင်ရတာလဲ "

သူက နောက်ဆုံးစာကြောင်းများကိုကြည့်ကာ ဆွံ့အနေရတော့သည်။

မီးဆိုတာ အလွန်အမင်း ပူလောင်နိုင်ပြီး လျှို့ဝှက်နက်နဲတဲ့ စွမ်းအင်တွေ ကိန်းအောင်းနေနိုင်တယ်။ အဲဒီ အပူဓာတ်နဲ့ စွမ်းအင်တွေပေါင်းစည်းသွားတဲ့အခါ အပြင်အလွှာမီး၊ အတွင်းအလွှာမီးနဲ့ မီးတောက်နှလုံးသားတို့ ပေါ်ပေါက်လာရတယ်။

ငါသုံးတဲ့ အထူးနမိတ်ဖတ်ခြင်းနည်းလမ်းနဲ့ ဆယ့်ငါးရောင်ခြယ်မီးတောက်ရဲ့ ဖော်စပ်နည်းကိုတော့ မတီထွင်နိုင်သေးဘူး။ ဒါပေမဲ့ လိုအပ်နေတဲ့ နောက်ဆုံး တွက်ချက်မှုလေးတွေကို လုပ်ဖို့က အဲဒီလောက်မခက်ပါဘူး။ အဲဒါပြီးရင် ဆယ့်ခြောက်ရောင်နဲ့ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်တွေကို ဖန်တီးဖို့ဆိုတာ အခက်ကြီးမဟုတ်တော့ဘူး။ ငါ့ရဲ့ နမိတ်ဖတ်ခြင်းအတတ်နဲ့ နှစ်ဆယ်ရောင်ခြယ်မီးတောက်အထိ ဖော်စပ်နိုင်မယ်လို့ ငါယုံတယ်။

ဒါပေမဲ့လည်း ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက နိမ့်ကျလွန်းနေတယ်။ ဖော်စပ်နည်းကို တီထွင်နိုင်ရင်တောင် ဘာမှထူးမှာမဟုတ်ဘူး။ ငါကိုယ်တိုင် မီးတောက်ဖန်တီးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဖန်တီးနည်းကိုတော့ ရအောင်တီထွင်ချင်သေးတယ်ကွာ။ ငါက အသုံးမဝင်တဲ့လူမဟုတ်ဘူးဆိုတာ ငါ့အဖေကို မြင်အောင်ပြရမယ်။ မျိုးနွယ်စုထဲမှာ နေရာရဖို့ သူများတွေနဲ့ ရန်ဖြစ်ဖို့ကို ငါစိတ်မဝင်စားပါဘူး။ ငါ့အဖေ၊ ငါ့ကိုသတိထားမိတာကိုပဲ ငါလိုချင်တာ။

ထိုနောက်ဆုံး စာကြောင်းများတွင် ပိုင်ရှောင်ချန်းသည် ပြင်းထန်သော ယုံကြည်မှုများသာမက သိမ်ငယ်စိတ်များပါဝင်နေကြောင်း သတိထားမိလိုက်သည်။

“ သူ့ရဲ့ နမိတ်ဖတ်ခြင်းပညာနဲ့ ရောင်စုံခြယ် မီးတောက်ဖော်စပ်နည်းတွေကို တီထွင်နိုင်တာ ငါ့ဖြင့်မယုံနိုင်ဘူး "

သူက သက်ပြင်းချကာ မတ်တတ်ထရပ်လိုက်ပြီး သူ၏ ကောင်းကင်တံတားဓမ္မမျက်လုံးဖြင့် တဲတစ်ခုလုံးကို ရှာဖွေလိုက်တော့သည်။ တစ်နေရာလုံးကို မွှေနှောက်ရှာဖွေလိုက်ပြီးနောက် သူ၏စိုးရိမ်စိတ်များမှာ ကြီးထွားလာတော့သည်။

ယခင်က ဤကြမ်းပြင်တစ်ခုလုံးပေါ်တွင် မီးတောက်ဖန်တီးခြင်းနှင့် ပတ်သတ်သော အကြောင်းအရာများကို မှတ်သားခဲ့သည်မှာ အသိအသာပင်။ သို့သော် ထိုမှတ်စုများကို မသိနိုင်သောနည်းလမ်းတစ်ခုခုဖြင့် ဖျက်စီးပစ်သွားခဲ့သည်။

ထိုစာများကို ဖျက်ခဲ့သည်က တခြားလူတစ်ယောက်ဖြစ်သည်မှာ အသေအချာပင်။

" ဆယ့်ငါးရောင်ခြယ်မီးတောက်ရဲ့ ဖော်စပ်နည်း " ပိုင်ရှောင်ချန်းက တွေးလိုက်သည်။ ဤဖြစ်ရပ်များကြောင့် သူစိတ်မလှုပ်ရှားပဲ မနေနိုင်တော့ချေ။ ထို့အပြင် ပိုင်ဟောက်သာ ထိုစာကြောင်းများကို မရေးခဲ့လျှင် အဘယ့်ကြောင့် သူ၏နေအိမ်ထဲတွင် ၎င်းစာများက ရောက်နေမည်နည်း။

ပိုင်ဟောက်သာ ရေးခဲ့သည်ဆိုပါက သူ၏ကျင့်ကြံခြင်းအခြေခံနှင့် နှိုင်းယှဥ်ကြည့်လိုက်လျှင် သူ၏ မီးတောက်ဖန်တီးခြင်းနှင့်ပတ်သတ်သည့် ဥာဏ်ပညာက အလွန်ကြီးမားနေခဲ့သည်မှာ အမှန်ပင်။ သူ၏စွမ်းရည်များမှာ ပိုင်ရှောင်ချန်းထက်ပင် သာလွန်နေသည်။

" ခဏနေပါဦး။ မဟုတ်သေးဘူး။ ပိုင်ဟောက်သာ ဒီလောက်တော်နေရင် သူ့အစွမ်းတွေကိုထုတ်ပြပြီး ပိုင်မျိုးနွယ်စုထဲမှာ နာမည်ကြီးအောင်လုပ်ခဲ့မှာပေါ့။ ဘာလို့များ ဒီလိုပုံစံ အဆက်ဆံခံခဲ့မှာတုံး " ပိုင်ရှောင်ချန်းမှာ ခေါင်းတကုတ်ကုတ်နှင့် တွေးနေပါသော်လည်း အဖြေထွက်မလာချေ။

ထို့နောက် မတ်တတ်ရပ်ကာ ထိုအခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး အချိန်အတော်အတန်ကြာသွားသောအခါ သူ၏မျက်ဝန်းများမှာ တောက်ပစွာ လင်းလက်လာတော့သည်။

" ဒီစာတွေကို ပိုင်ဟောက်ရေးခဲ့လား၊ မရေးခဲ့လားဆိုတာ အရေးမကြီးဘူး။ အရေးကြီးတာက ဒီမှတ်စုအပြည့်အစုံထဲမှာ ဆယ့်ငါးရောင်ခြယ်မီးတောက်ရဲ့ ဖော်စပ်နည်းပါနေတယ်ဆိုတာပဲ။ အဲဒါဆိုရင် ဒီမှတ်စုတွေကို ဖျက်သွားတဲ့လူက ပိုင်ဟောင့်ကို သတ်တဲ့လူဖြစ်ရင်မဖြစ်။ မဖြစ်ရင်လည်း သတ်တဲ့လူနဲ့ အချိတ်အဆက်တစ်ခုခု ရှိနေမှာပဲ။ "

" အဲဒီတော့ လူသတ်သမားဆီမှာ မှတ်စုအပြည့်အစုံရှိလောက်တယ် "

" အဲဒီမှတ်စုတွေကို လိုချင်တယ်ဆိုရင် ဘာမှကြီးကြီးကျယ်ကျယ် လုပ်နေစရာမလိုပါဘူး။ အဲဒီလူသတ်သမားအုပ်စုက ငါ့ကိုပြဿနာလာရှာမှာ အမှန်ပဲ။ အခုတောင် ငါပြန်လာလို့ သူတို့ရဲ့ သတ်ဖြတ်လိုစိတ်တွေ ထွက်နေလောက်တယ်။ ပိုင်မျိုးနွယ်စုထဲမှာသာ ငါရုတ်ရုတ်သဲသဲ ဖြစ်အောင်လုပ်လိုက်ရင် သူတို့ ငါ့ကိုသတ်ဖို့ အစီအစဥ်မြန်မြန်ဆွဲလောက်တယ် "

" အဲဒါဆိုရင် ငါအဲဒီမှတ်စုတွေကိုရှာဖို့ သဲလွန်စများများ ပိုရမယ်။ "

ပိုင်ရှောင်ချန်းက အရောင်တောက်နေသည့် မျက်ဝန်းများဖြင့် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ကြမ်းပြင်ပေါ်ရှိ လက်ကျန်မှတ်စုများကို ငုံ့ကြည့်ရင်း သူက သက်ပြင်းချလိုက်တော့သည်။

" ပိုင်ဟောက်က တော်တော်ဘဝနာခဲ့တာပဲ။ သူ့အတွက် စိတ်မကောင်းလိုက်တာ "

သူက ခေါင်းကိုသာ ခါယမ်းနိုင်တော့သည်။ ယခုတွင်မူ ထိုမှတ်စုများကိုရေးခဲ့သူမှာ ပိုင်ဟောက်ဖြစ်ကြောင်းကို သူက အတော်အတန် ယုံကြည်နေပြီဖြစ်သည်။

" ဒါပေမဲ့ သေချာအောင် လုပ်ဖို့လိုသေးတယ် " ထို့နောက် သူသည် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်လိုက်ပြီး ပိုင်ဟောက်အကြောင်းများကို လိုက်၍မေးမြန်းရန် လီဖုန်းကို သတင်းပို့လိုက်သည်။

လီဖုန်းမှာမူ ပိုင်ရှောင်ချန်းက ပိုင်ဟောက်အဖြစ် ဟန်ဆောင်ထားသည်ကို မသိသဖြင့် အမိန့်အတိုင်း စိတ်လှုပ်ရှားစွာ ဆောင်ရွက်ရန် ပြင်လိုက်တော့သည်။ သူ၏ အမြင်တွင် ဤတာဝန်မှာ သူ၏အစွမ်းအစကိုထုတ်ပြန်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်နေသည်။ ကျိုးရီရှင်းကို အသိမပေးပဲ သူ၏မိတ်ဆွေအသိုင်းအဝိုင်းများကို ဆက်သွယ်ကာ သတင်းအချက်အလက်များ စုဆောင်းရန်ပြင်လိုက်တော့သည်။

ရက်အနည်းငယ်ကြာသောအခါ သူစုဆောင်းမိသည့် ပိုင်ဟောက်နှင့်ပတ်သတ်သမျှ အကြောင်းအားလုံးကို ပိုင်ရှောင်ချန်းအား ပြောပြလိုက်တော့သည်။ ပိုင်ရှောင်ချန်းမှာ ထိုအရာများကို သိလိုက်ရသောအခါ သူ၏မျက်ဝန်းထဲတွင် ဒေါသမီးများ တောက်လောင်လာတော့သည်။

ပိုင်ဟောက်၏ အရိုးပေလွှာများထဲမှ သူသိခဲ့ရသည့် အချက်အလက်များနှင့် ဤမျိုးနွယ်စုထဲတွင် သူကိုယ်တိုင်ကြုံခဲ့သည့် အတွေ့အကြုံများကို ပေါင်းစပ်လိုက်သောအခါ ပိုင်ဟောက်မှာ မည်သို့လူဖြစ်ကြောင်းကို သူက အတော်အတန်သိနေပြီဖြစ်သည်။

သူ၏ မိခင်မှာ မျိုးနွယ်စုထဲတွင် ရာထူးမရှိသည့် အစေခံမိန်းကလေးတစ်ယောက်ဖြစ်ပြီး သူ၏ဖခင်မှာ မျိုးနွယ်စုအကြီးအကဲဖြစ်သည်။ သူ၏မိခင်မှာ အရှက်ရဖွယ်ဖြစ်ရပ်ကြီးတစ်ခုတွင် အစော်ကားခံလိုက်ရသောအခါ ပိုင်ဟောက်မှာ သန္ဓေတည်လာခဲ့ရပြီး ပိုင်မျိုးနွယ်စု၏ မျိုးမစစ်သားတစ်ယောက် ဖြစ်လာခဲ့ရသည်။

သူသည် မွေးဖွားခဲ့စဥ်ကထဲက အဆင့်နိမ့်ဘဝနှင့် ဖြတ်သန်းခဲ့ရသည်။ ထို့အပြင် ဤလောကကြီးထဲသို့ သူရောက်လာပြီး မကြာမီတွင် သူ၏မိခင်မှာ အသတ်ခံလိုက်ရသည်။ ပိုင်ဟောက်တွင် ကိန်းအောင်းနေသည့် အရည်အချင်းများရှိပါက သူ၏ကံကြမ္မာများမှာ ပြောင်းလဲသွားနိုင်သည်။ သို့သော် ကျင့်ကြံခြင်းတွင် သူက ပါရမီမပါသဖြင့် မည်မျှပင် ပြင်းထန်စွာ ကြိုးစားခဲ့ပါသော်လည်း ထွန်းထွန်းပေါက်ပေါက် မဖြစ်ခဲ့ပေ။

သူ့ဖခင်၏ ပထမဆုံး ဇနီးမှာ မျိုးနွယ်စုထဲတွင် ရာထူးကြီးမားသည့် သခင်မချိုင်ဖြစ်သည်။ သူမသည် သရဲကြီးမြို့တော်နှင့် ချိတ်ဆက်နေသည့် မျိုးနွယ်စုကြီးသုံးခုထဲမှ အခြားမျိုးနွယ်စုတစ်ခုဖြစ်သည့် ချိုင်မျိုးနွယ်စုမှ လာသူဖြစ်သည်။

နောက်တစ်ချက်လည်း ရှိသေးသည်။ သခင်မချိုင်၏ သားမှာ ပိုင်ဟောက်၏အစ်ကို ပိုင်ချီဖြစ်သည်။ သူသည် အလွန်အမင်း မာနကြီးပြီး သရဲကြီးမြို့တော်တစ်ခွင် အလွန်နာမည်ကျော်ကြားသူဖြစ်သည်။ သူသည် အမြုတေအဆင့်မဟာစက်ဝန်းသို့ ရောက်နေပြီဖြစ်ပြီး ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးက သူ့အား ရာစုနှစ်အနည်းငယ်ကြာမှသာ တစ်ယောက်ပေါ်ထွက်တတ်သည့် မျိုးနွယ်စုဂုဏ်ဆောင် သားရတနာတစ်ယောက်အဖြစ် သတ်မှတ်ထားသည်။ ပိုင်မျိုးနွယ်စုမှ ငရဲဧကရာဇ် အမွေအနှစ်ဆက်ခံသူအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ရာတွင် ပိုင်ချီက ကိုယ်စားပြုဖြစ်သည်။

ထိုသို့သော မိသားစုမျိုးကြောင့် ပိုင်ဟောက်၏ ဘဝမှာ သာမန်ထက်ပို၍ခါးသီးစရာ ကောင်းခဲ့ရတော့သည်။ သူ၏ ဖခင်မှာ ပိုင်ဟောက်ကို သူနှင့် သွေးသားချင်းမတော်စပ်သည့်အလား အေးစက်မုန်းတီးစွာဆက်ဆံပြီး ပိုင်ဟောက် သေသေ၊ ရှင်ရှင် ဂရုပင်မစိုက်ချေ။

သူ့ဖခင်၏ ပထမဆုံးဇနီးမှာ သူ့ကိုမုန်းတီးပြီး သူ၏အစ်ကိုမှာလည်း နိုင့်ထက်စီးနင်းဖြင့် သူ့အား အစေခံတစ်ယောက်အဖြစ်သာ ဆက်ဆံသည်။ အဆုံးတွင် ပိုင်ဟောက်မှာ မျိုးနွယ်စုထဲတွင် အောက်ဆုံးတကာ့အောက်ဆုံးသို့ ရောက်သွားရတော့သည်။

လူတိုင်းမှာ သခင်မချိုင်နှင့် ပိုင်ချီတို့ အမျက်တော်ရှမည်စိုးသဖြင့် အစေခံများပင်လျှင် ပိုင်ဟောက်ကို အဖက်မလုပ်ကြပေ။ ထို့အပြင် သူချီစုစည်းမှုအဆင့်တွင်ရှိခဲ့စဥ်ကထဲက သူ၏ တိုးတက်နှုန်းမှာ ဖော်ပြ၍မရနိုင်လောက်အောင် နှေးကွေးခဲ့ရသည်။

သို့သော်လည်း ပိုင်ဟောက်မှာ ထိုအရာများကို သည်းခံနိုင်သည့် လူစားမျိုးဖြစ်သည်။ သူသည် အင်အားချိနဲ့ကာ သရဲဘောကြောင်သည့်ပုံစံဖမ်းကာ လူအများက သူ့ကို ဆူပူကြိမ်းမောင်းသည့်အခါတွင်လည်း ခေါင်းညိတ်ကာ တုန်တုန်ရီရီနှင့် တောင့်ခံခဲ့သည်သာဖြစ်သည်။ အဆုံးတွင် မည်သူကမှ သူ့ကို အလေးမထားကြတော့ချေ။ မြောက်ပိုင်းရပ်ကွက်တွင် သူတဲလေးတစ်လုံးပိုင်ဆိုင်ထားသည်ဆိုသည့်အချက်ကို မှတ်မိသူမှာ မရှိသလောက်နည်းသွားတော့သည်။ သူ အခြေခိုင်မာခြင်းအဆင့်သို့ ဖောက်ထွက်နိုင်ခဲ့သည်မှာ မကြာသေးပေ။ ထိုသို့ဖောက်ထွက်ပြီး ခဏအကြာတွင် သူပျောက်ကွယ်သွားခဲ့ရသည်။

လီဖုန်းက သူ့ထံပေးပို့ခဲ့သည့် ကျောက်စိမ်းပေလွှာထဲမှ အချက်အလက်များအားလုံးကို ဖတ်ပြီးသောအခါ သူ၏ ဒေါသများမှာ ဆူပွက်နေပြီဖြစ်သည်။ တောထဲတွင် သူတွေ့ခဲ့ရသည့် လူငယ်လေးကို ဤပေလွှာထဲတွင် ပါသည့်အချက်အလက်များနှင့် ပုံဖော်၍မရနိုင်လောက်အောင်ပင် ဖြစ်နေရတော့သည်။

" သူ အင်အားနည်းပြီး သရဲဘောကြောင်တဲ့ပုံစံပေါ်နေတော့ ဘာဖြစ်တုံး။ ငါသာ သူ့နေရမှာဆိုရင်လည်း အသက်ရှင်ဖို့ အဲဒီလိုဟန်ဆောင်မိမှာပဲ။ သူ အစွမ်းအစရှိကြောင်း သူများတွေသိသွားရင် အန္တရာယ်တစ်ခုလို သတ်မှတ်ခံရပြီး အသတ်ခံရမှာလေ"

" သူ ကျင့်ကြံခြင်းအခြေခံ အဆင့်တက်ပြီးမှ အသတ်ခံရတာ သေအချာပဲ။ ဒါပေမဲ့ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံခြင်းအခြေခံတစ်ခုလောက် ပိုင်ဆိုင်သွားရုံနဲ့ သူ့ကို အန္တရာယ်တစ်ခုအဖြစ် သတ်မှတ်နိုင်လောက်စရာ အကြောင်းမရှိပါဘူး " ထိုသို့တွေးနေရင်း သူက ကြမ်းပြင်ကိုငုံ့ကြည့်မိလိုက်သောအခါ ရုတ်တရက် သဘောပေါက်သွားတော့သည်။

All Chapters