အပိုင်း (၅၁၀)
Vol. 35 Ch. 510
“ဒီတော့ ခင်ဗျားဆိုလိုတာ တိုင်ချူးနတ်နယ်မြေက ကိုယ့်ဘာသာ ရုန်းထဖို့ပဲ ရှိတော့တာပေါ့” တခြားသော တပည့်တစ်ယောက်က တီးတိုး ရေရွတ်လိုက်၏။
လက်ရှိ လောကကြီးထဲတွင် ဤနည်းလမ်း နှစ်ခုမှလွဲ၍ တိုင်ချူးနတ်နယ်မြေ၏ ပြဿနာများကို ဖြေရှင်းနိုင်သည့် အရာဟူ၍ မရှိချေ။ ထိုတပည့်သည် အကူအညီမဲ့စွာဖြင့် ပြောဆိုခဲ့ခြင်းသာလျှင် ဖြစ်၏။ တိုင်ချူး နတ်နယ်မြေသည် ထိပ်တန်းဂိုဏ်းတစ်ခုဖြစ်၏။ အထဲတွင် ရှိနေသည့် ဂိုဏ်းချုပ် သို့မဟုတ် နတ်အရှင် တစ်ယောက်ယောက်၏ အတည်ပြုချက် မရှိဘဲ တခြားသော တစ်စုံတစ်ယောက်သည် သူတို့၏ အတွင်းရေး ကိစ္စရပ်များကို ဝင်ရောက်ကာ စွက်ဖက်လိမ့်မည် မဟုတ်ချေ။
“ဟင်း...” တိုင်ချူးနတ်နယ်မြေ၏ ဆိုးရွားလှသည့် အခြေအနေကို တွေးတောပြီးသည့်နောက် တပည့် နှစ်ယောက်သည် သက်ပြင်းကိုသာ ချလိုက်မိ၏။ ဤကဲ့သို့ ဆိုးရွားလှသည့် အခြေအနေမျိုးတွင် သူတို့ကဲ့သို့ အပြင်စည်း တပည့်များသည် ဘာမှ လုပ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။
သူတို့တောင် ထိုကဲ့သို့သော အခြင်းအရာများကို မြင်နေ၊ သိနေ၊ ခံစားမိနေသည် ဆိုသောကြောင့် အကြီးအကဲ အားလုံးသည်လည်း ထိုကဲ့သို့သော အရာများကို တွေးတောပြီးသား ဖြစ်ပေလိမ့်မည်။ ကံဆိုးစွာဖြင့် မတူညီသည့် အာဏာသက်ရောက်မှုများ တည်ရှိနေသောကြောင့် အကြီးအကဲကြီးများပင်လျှင် မသိချင်ယောင် ဆောင်နေသည် လား မသိနိုင်ပေ။
အပြင်ဘက်မှ ဝင်ရောက်ကာ လှုပ်ရှားပေးခြင်းမျိုး မရှိပါက ကျိန်းသေပေါက် အတွင်းတွင် လှိုဏ်စားလျက် ရှိနေသည့် ပဋိပက္ခများကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။ မြေအင်မော်တယ်လောက၏ ကျူးကျော်မှုကို ကြံ့ကြံ့ခံ ရပ်တည်နေခဲ့ရ၏။ လက်ရှိ အခြေအနေမှာတော့ မိသားစုခေါင်းဆောင်၏ တည်နေရာအတွက် ရုန်းကန်နေရ ပြန်၏။ တိုင်ချူးနတ်နယ်မြေတစ်ခုလုံးသည် မုန်တိုင်းတစ်ခုအတွင်း ရောက်ရှိနေသလိုပင်။ မကြာခင်တွင် ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်၏။
“ကျုပ်တို့ တိုင်ချူးနတ်နယ်မြေက အရင်တုန်းက ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို သွားပြီး လည်ပတ်ခဲ့ ဖူးတယ်။ နန်းဆောင်သခင်က တိုင်ချူးနတ်နယ်မြေ တစ်ခုလုံး ဒီလိုအခြေအနေ ဖြစ်သွားတာကို ငြိမ်ငြိမ်သက်သက် ထိုင်ကြည့်နေမှာ မဟုတ်ပါဘူး။ ပြီးတော့ မြေအင်မော်တယ်လောကက လူတွေကလည်း ရှိနေသေးတယ်လေ။ ကောင်းကင်မူလလောကကြီးက ကျုပ်တို့ တိုင်ချူးနတ်နယ်မြေလို ဂိုဏ်းဂဏတစ်ခုခု မရှိဘူးဆိုရင် ဘာမှတွန်းလှန်နိုင်မှာ မဟုတ်ဘူး”
“ပြောရမယ်ဆိုရင် တိုင်ချူးနတ်နယ်မြေက နတ်သားတော် တစ်ယောက် အရွယ်ရောက်လာဖို့ စောင့်စားရုံတင် မကဘူး။ ဘေးအန္တရာယ်ကနေ လုံလုံခြုံခြုံနဲ့ ကျော်ဖြတ်သွားနိုင်ဖို့ပါ ဆုတောင်းနေရတာပဲ” အနီးအနားတွင် ရှိနေသည့် တပည့်တစ်ယောက်သည် မျှော်လင့်ချက် အပြည့်ဖြင့် ပြောဆိုလိုက်သည်။
“အင်း...”
အင်း ဟူသည့်အသံသာ ထွက်ပေါ်လာခဲ့၏။ ပြီးသည့်နောက် ခြေသံ ပေါ့ပေါ့ပါးပါး တစ်ခု ထွက်ပေါ်လာခဲ့၏။ “စီနီယာနန်းဆောင်သခင်လှုပ်ရှားတာနဲ့ တိုင်ချူးနတ်နယ်မြေရဲ့ ဘိုးဘေးကြီးပြန်လည်ရှင်သန် လာတာကလွဲရင် တခြား ဖြေရှင်းနည်းတောင် မရှိတော့ဘူးလား”
တောင်၏ ခြေရင်းတွင်တော့ လ ကဲ့သို့ဖြူစွပ်လျက်ရှိသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် အသာ လှမ်းလျှောက်၍ တက်လာ၏။ ၎င်းသည် နောက်ကျောဘက်တွင် ဓားရှည်တစ်လက်ကို လွယ်ပိုးထားပြီး လှေကားထစ်များအတိုင်း တစ်လှမ်းချင်း တက်လျှောက်လာခဲ့သည်။
“ဟမ်... ဘယ်သူလဲ”
“ဘိုးဘေးက အရမ်းကို အားကောင်းတယ် ဆိုပေမဲ့ သူက တော်ဝင်အင်ပါယာအဆင့်ပဲ ရှိသေးတယ်လေ။ တော်ဝင် အင်ပါယာတစ်ယောက်က ဘယ်လိုဖြစ်ပြီး စီနီယာနန်းဆောင်သခင်နဲ့ နှိုင်းယှဉ်လို့ရမှာလဲ” တပည့် နှစ်ယောက် သည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ လှမ်းကာ ပြောဆိုလိုက်၏။
သူတို့၏ ယုံကြည်ချက် အရဆိုလျှင် သူတို့၏ ဘိုးဘေးကြီးသည် စီနီယာနန်းဆောင်သခင်နှင့် လုံးဝ နှိုင်းယှဉ်၍ ရနိုင်သည့် လူမျိုး မဟုတ်ချေ။ အချက်အလက်အားဖြင့် အရာအားလုံးကို သက်သေပြပြီးသား ဖြစ်၏။ စီနီယာ နန်းဆောင်သခင်သည် ထူးခြားလွန်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ ကောင်းကင် မူလလောကကြီးတွင်သာမက ရေတွက်လို့မရအောင် များပြားလှသည့် အသင်္ချေလောကများ ထဲတွင်ပင် ရှားပါးလွန်းသည့်လူ ဖြစ်သည်။ အထင်အမြင်သေး၍ ရနိုင်သည့် လူမျိုး မဟုတ်ချေ။
“ဟုတ်လား”
ချဉ်းကပ်လာသည့်လူသည် ခြေလှမ်းကျဲများနှင့် အသာ လှမ်းလျှောက်လာခဲ့၏။ ၎င်း၏ မျက်နှာသည် တည်ငြိမ်လျက် ရှိနေ၏။ မည်သည့် အော်ရာကိုမှ ထုတ်ဖော် မပြသဘူး ဆိုလျှင်တောင်မှ ပြိုင်ဘက်ကင်းလှသည့် အသွင်အပြင်၊ အမူအရာများ ထွက်ပေါ်နေခဲ့၏။ ဤကဲ့သို့သော အသွင်အပြင်၊ အမူအရာမျိုးသည် နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့သည့် လူတစ်ယောက်၏ ဟန်ပန်အမူအရာမျိုးပင် ဖြစ်သည်။
အမဲရောင်ဆံနွယ်များသည် ပခုံးထက်မှ ကျဆင်းနေပြီး ၎င်းကို ကြည့်ရှုရသည်မှာ သေမျိုးလောကထဲသို့ ဆင်းသက်လာခဲ့သည် နတ်သားတစ်ပါး ကဲ့သို့ပင်။ တောင်၏ ဂိတ်တံခါးရှေ့ဆီသို့ ရောက်ပြီးသည့်နောက် ငြိမ်ငြိမ်သက်သက်နှင့် မတ်တပ်ရပ်နေ၏။
“ခင်ဗျား”
စောဏက ပြောဆိုခဲ့သည့် ပထမဦးဆုံး တပည့်သည် ၎င်း၏ မျက်လုံးများကို ပွတ်သပ်ကာဖြင့် လှမ်းကာ ကြည့်ရှုနေ၏။ ၎င်း၏ ခံစားချက်များသည် ရင်းနှီးနေသလို ခံစားနေမိ၏။ သို့ပေမဲ့ တစ်ဖက်လူကို မည်သည့်နေရာ၌ မြင်ခဲ့ဖူးမှန်း သူမစဉ်းစားနိုင်ခဲ့ချေ။
“မေးချင်ပါတယ် စီနီယာ။ ဒီတိုင်ချူးနတ်နယ်မြေကို ဘာလာလုပ်တာလဲ” နတ်နယ်မြေကို စောင့်ကြပ်လျက် ရှိသည့် တပည့်တစ်ယောက်သည် မဖြစ်မနေ မေးမြန်းရသည့် မေးခွန်းကို လှမ်းကာ မေးလိုက်သည်။
နတ်နယ်မြေဆီသို့ လာရောက်သည့် လူတိုင်းသည် ကောင်းမွန်လှသည့် ရည်မှန်းချက်နှင့် လာရောက်သည့်လူများ မဟုတ်ကြချေ။ သူတို့ ဘိုးဘေးကြီးလက်ဖြင့် တည်ဆောက်ခဲ့သည့် တိုင်ချူးနတ်နယ်မြေသည် များပြားလှသည့် အရင်းအမြစ် များကို ပိုင်ဆိုင်သည့် အရာဖြစ်၏။ တချို့သော နတ်နယ်မြေများသည် သူတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ခဲ့ချေ။ အထဲတွင် တည်ဆောက်ထားခဲ့သည့် ရှေးအဆောက်အဦများကပင် ဘိုးဘေးကြီးကိုယ်တိုင် တည်ဆောက်ထားခဲ့သည်ဟု ပြောဆိုရမည်။ ထို့ကြောင့် တိုင်ချူးနတ်နယ်မြေကို ရန်ပြုရန်လာသည့် သူမျိုးလည်း ရှိနိုင်၏။
“နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် တိုင်ချူးနတ်နယ်မြေက လုံးဝကို မပြောင်းလဲဘဲ တည်ရှိနေတာကိုး”
“ဘာကို ဆိုလိုတာလဲ စီနီယာ” တပည့်နှစ်ယောက်တို့သည် ဇဝေဇဝါ ဖြစ်သွားမိ၏။ ဤအထဲတွင် ရှိနေသည့် အဆောက်အဦ အားလုံးသည် နှစ်ပေါင်းများစွာတည်းက တည်ရှိခဲ့သည်ဖြစ်ပြီး တိုင်ချူးနတ်နယ်မြေ၏ နက်နဲသည့် အမွေအနှစ် သင်္ကေတများပင် ဖြစ်၏။ အားကောင်းသည့် ဂိုဏ်းတစ်ခု မဟုတ်ဘူးဆိုပါက နှစ်ပေါင်းများစွာအတွင်း သုတ်သင်ရှင်းလင်းခြင်းကို ခံရမှာ သေချာသည်။
“အင်း.... နှစ်သန်းပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ကျုပ် ကောင်းကင်မူလလောကကြီးထဲကို ပြန်လာခဲ့တယ်။ တစ်ရက်တောင် မကြာသေးဘူး။ ဒီလောကမှာရှိတဲ့ သက်ရှိသတ္တဝါ အကုန်လုံးက ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ကို ကြီးကြီးမားမား ချီးကျူးနေကြတယ်။ ဖြစ်နိုင်တာ မင်းတို့ရဲ့ တည်ထောင်သူ ဘိုးဘေးတောင်မှ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်လောက် အားမကောင်းဘူးလို့ မင်းတို့ စိတ်ထဲမှာ ထင်နေတာလား” ထိုလူက မေးခွန်းထုတ်လိုက်မိ၏။ သူ၏ မျိုးဆက်သစ်များ၏ အပြုအမူနှင့် အပြောအဆိုများကို မြင်ရသည့် အချိန်မှာတော့ သူသည် စုံစမ်း မေးမြန်းကြည့်ရန် ဆုံးဖြတ်လိုက်၏။
“စီနီယာ” တပည့်နှစ်ယောက်တို့၏ အမူအရာများက ပြောင်းလဲသွားခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် အချိန်အတော်ကြာတည်းက ပေါ်ပေါက်လာခဲ့ခြင်းဖြစ်၏။ ထိုအရာကို အားလုံးက သိရှိပြီးဖြစ်၏။ ရုတ်တရက် တစ်စုံတစ်ယောက်က ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် ၎င်းတို့၏ ဘိုးဘေးကြီးနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်တို့အကြား မည်သူက ပိုမိုကာ အားကောင်းလျက် ရှိသည်ကို မေးမြန်းလျက် ရှိနေ၏။ လာရောက် နောက်နေ သည်လား။
သူတို့ အားလုံးသည် ထိုကဲ့သို့ တွေးမိသည် ဆိုလျှင်တောင် ကျယ်ကျယ်ပြောရဲလိမ့်မည် မဟုတ်ချေ။ သူတို့၏ ဘိုးဘေးကြီးကို မရိုမသေ ပြောဆိုသည့် ကိစ္စရပ်များကို သူတို့ ရှောင်ရှားရမည် ဖြစ်ပြီး ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကိုလည်း မည်သို့မှ စော်ကား၍ မရနိုင်ချေ။
“ကျုပ်တို့ တိုင်ချူးနတ်နယ်မြေရဲ့ ဘိုးဘေးကြီးက အတိတ်တုန်းက စကြဝဠာ တစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့တယ်။ အသင်္ချေများပြားတဲ့ မျိုးနွယ်အသီးသီးကို အမိန့်ပေးနိုင်စွမ်း ရှိတယ်။ ကိုယ်တိုင်တောင်မှ အင်ပါယာ တစ်ယောက် ကို ဖိနှိပ်ပြီး အနိုင်ယူ တိုက်ခိုက်နိုင်ခဲ့တဲ့ လူတစ်ယောက်ပဲ။ တခြားသူတွေက သူနဲ့ နှိုင်းယှဉ်လို့ ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကတော့ ကျုပ်တို့ ဘိုးဘေးကြီးနဲ့ ခြားနားတယ်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က အသင်္ချေများပြားတဲ့ လောကအသီးသီးကို ပေါင်းစပ်နိုင်တယ်။ သက်ရှိ သတ္တဝါတွေကို အကျိုးကျေးဇူး ရရှိစေခဲ့တယ်။ သာမန်လူသားတစ်ယောက် ဆိုရင်တောင်မှ လောကတွေ ပေါင်းစပ်တဲ့ အတွေ့အကြုံကို ရပြီးနောက်မှာ သက်တမ်းတွေ ပိုပြီး တိုးလာခဲ့တယ်။ ကျင့်ကြံသူတွေဆိုရင် ပြောနေစရာတောင် မလိုဘူး”
ဤစကားစု၌ ရှင်းလင်းသည့် အဓိပ္ပာယ်များ ပါဝင်လျက် ရှိနေသည်။ ဂိုဏ်းတစ်ခုကို တည်ထောင်ခဲ့သည့် ဘိုးဘေးကြီးသည် ကျိန်းသေပေါက် ဂိုဏ်းတစ်ခုကိုသာလျှင် ကောင်းချီးပေးနိုင်၏။ သို့ပေမဲ့ အသင်္ချေ များပြားလှသည့် သက်ရှိသတ္တဝါများကို အကျိုးကျေးဇူးပေးနိုင်ရန် လွယ်ကူလှမည် မဟုတ်ချေ။ ထို့ကြောင့် နှိုင်းယှဉ်ရန် ဆိုသည်မှာ ဖြစ်နိုင်သည့် အရာမျိုး မဟုတ်ချေ။
“ဒီလိုဆိုမှတော့ ကျုပ်က သူနဲ့ နှိုင်းယှဉ်လို့ရတဲ့ လူတစ်ယောက် မဟုတ်ဘူးပေါ့”
ထိုသူက အသာပြုံးကာ ပြောလိုက်၏။ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နှင့် နှိုင်းယှဉ်၍ ရနိုင်သည့်လူ ဟူ၍ သူ၏ တပည့်များက ယုံကြည်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ တကယ်တမ်း မေးမြန်းကြည့်သည့် အချိန်မှာတော့ မိမိ၏ အရှက်ကို မိမိ ခွဲသလိုပင် ဖြစ်လို့နေလေသည်။
“ဟမ်” ထိုစကားကို ကြားရသည့် အချိန်မှာတော့ တပည့် နှစ်ယောက်တို့သည် တစ်ယောက်ကို တစ်ယောက် လှမ်းကာ ကြည့်ရှုလိုက်ကြ၏။ တစ်ယောက်၏ မျက်လုံးထဲတွင် ရှိနေသည့် ဇဝေဇဝါ အရိပ်အယောင်များကို တစ်ယောက်က မြင်ရ၏။
ဘယ်ဘယ်ခြမ်းတွင် ရှိနေသည့်လူသည် အသာလှည့်ကြည့်ကာဖြင့် ဦးညွတ်ကာ မေးမြန်းလိုက်သည်။ “စီနီယာ... ဒီနေ့ တိုင်ချူးနတ်နယ်မြေကို လာလည်ကာ ဘာကိစ္စ ရှိလို့ပါလဲ။ အရေးကြီးတဲ့ ကိစ္စရှိတယ်ဆိုရင် ကျုပ် သတင်းပို့ ပေးပါ့မယ်။ ဘာမှမဟုတ်တဲ့ ကိစ္စအတွက်ဆိုရင်တော့ နောက်နေ့မှ လာခဲ့ပါတော့။ ကျုပ်တို့ တိုင်ချူးနတ်နယ်မြေက လက်ရှိအချိန်မှာ ပြဿနာ တက်နေတယ်”
“ကျုပ် တိုင်ချူးနတ်နယ်မြေကိုလာတာ ကျုပ် တည်ထောင်ခဲ့တဲ့ဂိုဏ်းက ဘာတွေဖြစ်နေပြီလဲဆိုတာ သိချင်လို့ပဲ” ထိုလူက အသာပြောလိုက်၏။
ထိုစကားစုသည် သိသာရှင်းလင်းလှပြီး တည်နေရာ တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေခဲ့၏။ နောက်ခဏအတွင်းမှာပဲ ဘုန်း ဟူသော အသံကြီး ထွက်ပေါ်လာခဲ့၏။ တိုင်ချူးနတ်နယ်မြေ၏ အနောက်ဘက် တည်ရှိရာ နေရာတွင် ပူလောင်လျက် ရှိနေသည့် နေကြီးတစ်စင်းက ထွက်ပေါ်လာခဲ့၏။ မိုးကောင်းကင်၏ အလင်းတန်းများသည် ကောင်းကင်ယံတွင် တလက်လက် တောက်ပလျက် ရှိနေသည်။
“ဟမ်”
ကြီးမားလှသည့် အလံကြီး တစ်ခုသည် ကောင်းကင်ယံတွင် လွင့်မျောလာခဲ့၏။ ကောင်းကင်နှင့် မြေပြင်ကြားထဲ၌ ရှေးသတ္တဝါကြီး တစ်ကောင် ရုတ်တရက် ပေါ်ပေါက်လာသကဲ့သို့ပင်။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အရှိန်အဝါများကို ထုတ်ဖော် ပြသနေခဲ့၏။
“ဒါက ....”
တပည့်တစ်ယောက်သည် ကောင်းကင်ယံဆီသို့ လှမ်းကာ ကြည့်ရှုရင်း ကြောက်လန့်တကြားဖြင့် လှမ်းကာ အော်လိုက်သည်။ “တိုင်ချူးနတ်နယ်မြေရဲ့ အင်ပါရီယာ လက်နက်လား”