အပိုင်း (၅၁၃)
Vol. 35 Ch. 513
ထိုအချိန်မှာတော့ သူက ဆက်လက်ကာ မပြောဆိုတော့ပေ။ ဘိုးဘေးကို တစ်ချက် ခိုးကြည့်လိုက်၏။
“ပြီးတော့ ဘာဖြစ်လဲ”
ရှေးအင်ပါယာ တိုင်ချူးသည် သဘေ မတွေ့သလို ပြန်လည်မေးမြန်းလိုက်သည်။
“ပြီးတော့ ဘိုးဘေး ကောင်းကင်မူလလောကကြီးအတွက် စိုးရိမ်တယ်ဆိုရင် ဘယ်အချိန်မှာ ကပ်ဘေးကြီးကြုံရမလဲဆိုတာ စီနီယာနန်းဆောင်သခင်ကို မေးမြန်းလို့ရတယ်။ ပြီးတော့ ကောင်းကင်မူလ လောကကြီး ရဲ့ အပြင်ဘက်မှာ နိရယ လောက ဘယ်နေရာမှာ ရှိတယ်ဆိုတာ တောင် မေးမြန်းလို့ရနိုင်တယ်။ စီနီယာနန်းဆောင်သခင်က အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ နည်းလမ်းတစ်ခုကို ကျိန်းသေပေါက် ပေးနိုင်တယ်။”
“ဟမ်”
ရှေးအင်ပါယာ တိုင်ချူး၏ မျက်နှာသည် ပြောင်းလဲသွားခဲ့၏။ သူသည် ကြိတ်ကာ တုန်လှုပ်သွားမိ၏။ ကောင်းကင်မူလလောက ဆီသို့ ပြန်လာပြီးသည့်နောက် သူအများဆုံး ကြားရသော စကားလုံးသည် စီနီယာ နန်းဆောင်သခင်ဟူသော စကားလုံးပင် ဖြစ်၏။
အားလုံးသောသူနီးပါးသည် ထိုနာမည်ကိုသာ ရွတ်ဆိုလျက်ရှိကြလေ၏။ ကောင်းကင် လျှို့ဝှက် နန်းဆောင်သခင် သည် ဤမျှ ကြောက်ဖို့ကောင်းလေသည်လား။ ငရဲလောက ဘယ်အချိန်မှာရောက်လာမည်ကို သူသေချာ ခန့်မှန်းနိုင်လေသည်လား။
ထိုသို့ဆိုလျှင် တကယ်ပင် ကြောက်မက်ရာဖွယ်ကောင်းမှာ သေချာ၏။ ကောင်းကင် လျှို့ဝှက်ချက်များကို တွက်ချက်နိုင်သော စွမ်းအင်ကိုပိုင်ဆိုင်သော လူများအား သူ များများစားစားမြင်ခဲ့ဖူး၏။ သို့ပေမဲ့ ငရဲလောက၏ ပြုမူဆောင်ရွက်မှုမျိူးကို ခန့်မှန်းနိုင်သည့်လူကိုတော့ သူတစ်ခါမှ မမြင်ဖူးချေ။
ထို့အပြင်ငရဲလောကဆိုသည်မှာ သာမန်အတိုင်း ပြုမူဆောင်ရွက်တတ်သည့် လူမျိုးမဟုတ်ကြချေ။ ၎င်းတို့၏ ပြုမူ ဆောင်ရွက်ပုံသည် လွယ်လွယ်ကူကူ ခန့်မှန်း၍ ရခဲ့သည်ဆိုပါက ငရဲလောကသားဟု ခေါ်ဆိုရန် မည်သို့ ထိုက်တန် မည်နည်း။
“ဒီလိုဆိုရင်တော့ငါ ကောင်းကင်လျှို့ဝှက်နန်းတော်ဆီကိုသွားလည်ရမယ်” ရှေးအင်ပါယာတိုင်ချူးက တီးတိုး ရေရွတ်လိုက်၏။
“ဘိုးဘေးကြီးသိမှာမဟုတ်ဘူး”
ရှန်းကျုံးသည် တည်ငြိမ်စွာဖြင့်ရှင်းပြလိုက်သည်။ “စီနီယာနန်းဆောင်သခင်က အားလုံးကို သိရှိတယ်လို့ ပြောလို့ရတယ်။ ဘိုးဘေးကြီး အနေနဲ့ ကောင်းကင်လျှို့ ဝှက်နန်းဆောင်ကို သွားမယ်ဆိုရင် ဘိုးဘေးကြီးအတွက် လမ်းစဉ်တစ်ခုကိုတောင် လမ်းညွှန်ပေးနိုင်တယ်။ “
“သြော်”
ရှေးအင်ပါယာတိုင်ချူး၏ အမူအရာက ပြောင်းလဲသွား၏။ သူသည် ရယ်သွမ်းသွေးကာ ဖြင့်ပြောလိုက်၏။ “တကယ်လို့ ငါအဆင့်တက်ချင်ရင်ရော”
အန္တိမကျင့်ကြံသူအဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ နောက်ထပ်တစ်ဆင့်သည် အင်မော်တယ်ဘုရင်အဆင့် ဖြစ် သည်။ ထိုအရာသည် သူ အချိန်၏ မြစ်ရေစီးကြောင်းထဲတွင် လှည့်လည်သွားလာနေရင်း များစွာလိုချင်တောင့်တ ရှိခဲ့သည့် စွမ်းအင်အဆင့်ဖြစ်သည်။ နိရယလောက ရောက်ရှိလာသည်ဆိုလျှင်တောင်မှ သူ့အတွက် ပြဿနာမရှိချေ။ ထို့အပြင် လက်ရှိ နိရယလောကကြီးကို တာဝန်ယူထားသော တော်ဝင်အင်ပါယာဟူ၍ မရှိသောကြောင့်ပင်။ ထို့ကြောင့် သူ့ကဲ့သို့ အန္တိမကျင့်ကြံသူ တစ်ယောက်သည် ငရဲလောကအား လွယ်လွယ်ကူကူ တားဆီးနိုင်မှာသေချာ၏။
“ကျုပ်ထင်တာက…”
ရှန်းကျုံးသည်ခဏလောက် စဉ်းစားလိုက်၏။ သူ၏ဘိုးဘေး နှင့် နန်းဆောင်သခင်၏ အကြောင်းများကို အနည်းငယ် တွေးတောပြီးသည့်နောက် သူက သေသေချာချာ ပြောဆိုလိုက်သည်။ “အင်း ခက်လိမ့်မယ် မထင်ဘူး”
ရှန်ကျုံးက ပြောဆိုလိုက်၏။ စီနီယာ နန်းဆောင်သခင်သည် အားကောင်းလွန်းသောကြောင့် သူတို့၏ ဘိုးဘေးကြီးကို လမ်းညွှန်ပြသရန်ဆိုသည်မှာ ပြဿနာမဟုတ်နိုင်ချေ။
“ဟုတ်လား”
ရှေးအင်ပါယာတိုင်ချူးသည် တကယ်ပင် အံ့အားသင့်သွား၏။ လက်ရှိအခြေနေမှာတော့ သူ၏ နှလုံးသားထဲတွင် စပ်စုလိုစိတ်များနှင့် ပြည့်နှက်နေခဲ့သည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင် နှင့် ပတ်သက်၍ များပြားလှသည့် ပုံပြင်များကို ကြားခဲ့ရပြီးပြီဖြစ်၏။ သူ့ကဲ့သို့ ဆန်းကြယ်လှသည့် စွမ်းအားမြင့်သူတစ်ယောက်ပင် တစ်ဖက်လူနှင့် နှိုင်းယှဉ်၍ မရသလို ဖြစ်နေ၏။
ထို့အပြင် ကောင်းကင်မူလလောကထဲသို့ မဝင်ခင်တည်းက အစစ်အမှန် အင်မော်တယ် ထိပ်ဆုံးအဆင့်ရှိ လူတစ်ယောက်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်အား ချီးကျူးခဲ့၏။ ထို့ကြောင့် သူ၏ သိရှိချင်စိတ်များသည် ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။
သူ၏အားအင်အဆင့်ကို ချီးကျူးဂုဏ်ပြုပေးရမည့် သူ၏ဂျူနီယာများပင်လျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင် ကိုသာ အားကိုးအားထားပြုလျက် ရှိနေ၏။
ရှေးအင်ပါယာတိုင်ချူးသည် ချက်ချင်းပင် စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်ကာ ညွှန်ကြားလိုက်သည်။ “ကျုပ် ကောင်းကင်လျှို့ဝှက် နန်းဆောင် ကိုသွားမယ်။ မင်းတို့အားလုံး ကျင့်ကြံခြင်းအပေါ် အာရုံစိုက်ထားကြ။ မပေါ့လျော့ကြနဲ့။”
“ကောင်းပါပြီ”
တိုင်ချူးနတ်နယ်မြေ၏ တပည့်အားလုံးသည် သံပြိုင်ဆိုသလို ဉီးညွတ်လိုက်ကြ၏။
ထိုစကားစု ထွက်ပေါ်လာသည့် အချိန်မှာတော့ ရှေးအင်ပါယာတိုင်ချူးက ရှေ့ကိုလှမ်းတက်လိုက်၏။ သူ၏ ပုံပန်းသွင်ပြင်သည် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွား၏။ ပြန်လည် ပေါ်ပေါက်လာသည့် အချိန်မှာတော့ တော်ဝင်သဲကန္တာရမြို့၏ ရှေ့ဆီသို့ ရောက်ရှိလာခဲ့သည်။
တစ်ချိန်တည်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ချင်ကလန်၏ အရှင်သည် ခပ်ကုပ်ကုပ်ဖြင့် လျှောက်ဝင်သွားခဲ့၏။
“ဂျူနီယာ ချင်ရွှမ်လန်…. စီနီယာနန်းဆောင် သခင်ကိုလာပြီး ဂါရဝပြုပါတယ်။ “
ဝင်ဝင်လာချင်းမှာပဲ ချင်ကလန်၏ ခေါင်းဆောင်သည် သေသေချာချာ ရို့ရို့ကျိုးကျိုးနှင့် ဦးညွတ်ကာပြောဆိုလိုက်၏။ နတ်နယ်မြေတစ်ခုမှ ခေါင်းဆောင်တစ်ယောက်ပင်လျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင် ထဲသို့ ဝင်ရောက်သည် ဆိုပါက ဦးညွတ်၍ အလေးအမြတ်ပြုရ၏။
ဆန်းကြယ်သည့် ချင်ကလန်၏ ကလန် ခေါင်းဆောင်တစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ သူသည် လက်ရှိအခြေအနေတွင် ကျိန်းသေပေါက် ဦးညွတ်ကာ ဂါရဝပြုရမှာ သေချာ၏။ မြေပေါ်သို့ ဒူးထောက်ထိုင်ချပြီး နောက် ချင်ရွှမ်လန်၏ နှလုံးသားတစ်ခုလုံးသည် ရောပြွမ်းနေသည့် စိတ်ခံစားချက်များနှင့် ပြည့်နှက်နေသည်။
မူလအားဖြင့်သူသည် ထိုအရာများကို မပြုလုပ်ချင်ပေ။ သို့ပေမဲ့ သူ၏ ဤနေရာဆီသို့ လာသောလမ်းတွင် သတင်းတစ်ခုကို ကြားခဲ့ရသည်။ သူတို့၏ ဘိုးဘေး ကြီးသည် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ အစစ်အမှန်အင်မော်တယ်ထိပ်ဆုံး အဆင့်တွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် အမှန်တကယ် သေဆုံးသွားခဲ့ပြီဖြစ်၏။
ကျန်ရှိနေသော ချင်ကလန်သည် စီနီယာ နန်းဆောင်သခင်၏ မျက်လုံးထဲတွင် ဘာတစ်ခုမှ အထင်မြင်ကြီးစရာ ရှိတော့မည် မဟုတ်ချေ။ စဉ်းစားတွေးခေါ်နေရန်ပင် ထိုက်တန်သည်မဟုတ်ချေ။ ချင်ကလန်အနေနှင့် များပြားလှသည့် တော်ဝင်အင်ပါယာများ တည်ရှိနေသည် ဆိုသော်လည်း ဤအရာသည် အရေးမကြီးတော့ပေ။
စီနီယာနန်းဆောင်သခင်သည် ပြုမူဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုလျှင်တောင်မှ တစ်ချက်လောက် အချက်ပြ လိုက်ရုံနှင့် များပြားလှသည့်ဂိုဏ်းကဏ္ဏအသီးသီးတို့သည် သူတို့ဆီသို့ လာရောက်ကာ ချင်ကလန်ကို ဖျက်ဆီးပစ် ပေလိမ့်မည်။
ပြောရမယ်ဆိုလျှင် လက်ရှိချင်ကလန်သည် နိရယလောကနှင့်ပင် နှိုင်းယှဉ်၍ရသည့် အခြေအနေသို့ ရောက်ရှိနေ၏။ ထို့အပြင် နိရယအင်ပါယာက မသေဆုံးခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် နိရယလောကကြီးနှင့် စီနီယာနန်းဆောင်သခင်တို့ ကြားတွင် မည်သည့် ပဋိပက္ခမှ မဖြစ်ပွားဖူးသောကြောင့် ဖြစ်နိုင်သည်။
သို့ပေမဲ့ သူတို့ရဲ့ဘိုးဘေးကြီးကတော့ အစစ်အမှန် သေဆုံးခဲ့ပြီဖြစ်၏။ ကောင်းကင်နန်းတော်သခင်ကို ရန်ပြုခဲ့သည့်အဓိက အကြောင်းအရာကြောင့်ပင်။ ဘိုးဘေးကြီးသေဆုံးသွားခဲ့သည်ဆိုသော သတင်းသည် လက်ရှိ အခြေအနေ၌ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုဖြစ်သည် ဆိုသော်လည်း လက်ရှိ ချင်ကလန်ထဲတွင်ရှိနေသည့် အဆင့်မြင့် အဖွဲ့ဝင်တော်တော်များများတို့ သိရှိပြီးသား ဖြစ်၏။
စီနီယာ နန်းဆောင်သခင်သည် ဤသတင်းကို လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားလိမ့်မည်ဟု မည်သူက အာမခ ံမည်နည်း။ ထိုသတင်းသည်သာ ပေါက်ကြားသွားသည်ဆိုပါက ချင်ကလန်တစ်ခုလုံးသည် တစ်ခါတည်း ပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိပေလိမ့်မည်။
“ချင်ရွှမ်လန်ဟုတ်လား”
ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွင်းမှာတော့ … ခုံတန်းရှည်တစ်ခုပေါ်တွင် အသာလှဲလျောင်းပြီး လက်ထဲတွင် စာလိပ်တစ်ခုကို ကိုင်ဆောင်ထား၏။ သူ့ဆီမှ မည်သည့်အော်ရာမျိုးမှ ထွက်ပေါ်မနေချေ။ ကြည့်ရှုရသည်မှာ ပတ်ဝန်းကျင်တစ်ခုလုံးနှင့် တသားတည်း ဖြစ်တည်နေသည့်ပုံပင်။
ကောင်းကင်မူလလောကကြီးထဲရှိ စွမ်းအားအမြင့်ဆုံးကျင့်ကြံသူသည် လက်ရှိအချိန်တွင် ရှေးအင်ပါယာ တိုင်ချူး ဖြစ်နေခဲ့သည် မဟုတ်ပါလား။ သတင်း ကိုရရှိပြီးသည့်နောက် ပထမဦးဆုံး သူလုပ်ရမည့် အလုပ်သည် တစ်ဖက်လူ နှင့် လိုက်ဖက်ညီသည့် ကျင့်ကြံခြင်းအဆင့်တစ်ခုဆီသို့ ရောက်ရှိရန် ဖြစ်၏။
တစ်ဖက်လူအနေနှင့် ချင်ကလန်၏ ဘိုးဘေးကဲ့သို့သော ရည်မှန်းချက်မျိုး ရှိပြီး သူ၏ အားအင်အဆင့် အတိမ်အနက်ကို စမ်းသပ်ချင်သည်ဆိုပါက မည်သို့လုပ်မည်နည်း။ ထို့ကြောင့်သူ၏ အားအင်အဆင့်ကို တိုးတက်အောင် ပြုလုပ်ခြင်းသည် ပထမဦးစားပေးကိစ္စရပ် ဖြစ်လို့လာခဲ့သည်။
“ကလန်အဖွဲ့သားတွေကို စီမံခန့်ခွဲရမဲ့ ကျုပ်ရဲ့တာဝန်ကို လျစ်လျူရှုခဲ့မိတယ်။ ဒါကြောင့် စီနီယာနန်းဆောင်သခင် ကို အပြစ်ပြုခဲ့မိပါတယ်။ ဒါကြောင့် စီနီယာကို အပြစ်ပေးဖို့ တောင်းဆိုချင်ပါတယ်။” ချင်ရွမ်လန်က လေးလေးနက်နက် လှမ်းကာ ပြောဆိုလိုက်၏။
“အပြစ်ပေးရမယ် ဟုတ်လား” လီယွင်က ရယ်မောလိုက်သည်။ သူသည် ငုတ်တုတ်ထထိုင်လိုက်၏။ ချင်ရွှမ်လန်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် အပြင်ဘက်တွင် ဖမ်းဆီးခြင်းခံထားရသော ပဥ္စမအကြီးအကဲဆီ အကြည့် ရောက်သွားသည်။ သူ၏ မျက်နှာပေါ်တွင် စိတ်ဝင်စားသည့် အမူအရာများ ဖြစ်တည်လာခဲ့သည်။
ချင်ကလန်၏ ခေါင်းဆောင်သည် တကယ်ပင် ကြမ်းတမ်းလွန်းလှ၏။ တိုက်ရိုက်ဆိုသလို ပဥ္စမမြောက် အကြီးအကဲ၏ ကျင့်ကြံခြင်းအဆင့်ကို ဖျက်ဆီးခဲ့၏။ ထိုအကြီးအကဲသည် လက်ရှိ အခြေနေမှာတော့ အမှိုက်တစ်စ ကဲ့သို့ပင်။
ချင်ရွှမ်လန်သည် မထင်မှတ်ထားသည့် ကိစ္စရပ်မျိုးဖြစ်လာမည်ကို ကာကွယ်သည့်အနေဖြင့် ပဥ္စမအကြီးအကဲ၏ ကျင့်စဉ်တစ်ခုလုံးကို ဖျက်ဆီးခဲ့ခြင်းဖြစ်၏။ အကယ်၍ ပဥ္စမအကြီးအကဲသည်သာ လမ်းတစ်ဝက်၌ ထွက်ပြေးသွားမည် ဆိုလျှင် ဖြစ်ပေါ်လာသမျှ၏ တာဝန်ကို သူ ခေါင်းခံရပေလိမ့်မည်။ ထို့အပြင် ပဥ္စမအကြီးအကဲသည် တော်ဝင်အင်ပါယာဖြစ်သည် မဟုတ်ပါလား။ အကယ်၍ ထွက်ပြေးသွားသည် ဆိုပါက ကျိန်းသေပေါက် ဒုက္ခရောက် ပေလိမ့်မည်။
ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် တစ်ဖက်လူအား ကိုယ်တိုင်ကိုယ်ကျ လိုက်ပါတိုက်ခိုက်မည် မဟုတ်သောကြောင့် ချင်ကလန်သာလျင် ထပ်မံ ဒုက္ခရောက်ပေဦးမည်။
“သူ့ကို စည်းဖယ်ပေးလိုက်”
လီယွင်က အသာပြောလိုက်၏။ ပြီးနောက် လက်ထဲတွင်ရှိနေသည့် စာလိပ်ကို အသာချလိုက်၏။
“အမိန့်တိုင်းပါပဲ”
ချင်ရွှမ်လန် သည် အမိန့်ကို မငြင်းပယ်ရဲချေ။ ဦးညွတ်၍ လက်ကိုအသာ လှုပ်ရှားလိုက်၏။ လက်ထဲတွင် သင်္ကေတများ ဖြစ်ပေါ်လာပြီးနောက် ထိုအရာများသည် အလင်းတန်းအဖြစ်အသွင်ပြောင်းကာ ပဥ္စမအကြီးကဲ၏ နဖူးနေရာဆီသို့ ဝင်ရောက်သွားသည်။
ချက်ချင်းပဲ ပဥ္စမအကြီးကဲသည် နိုးထလာခဲ့သည်။ ပထမဦးဆုံး သူပြုလုပ်သည်မှာ ပတ်ဝန်းကျင်တစ်ခုလုံးကို လှည့်ပတ် ကြည့်ရှုခြင်းပင်။ ချင်ရွှမ်လန် ကို မြင်ရသည့်အချိန်မှာတော့ သူ၏ နှလုံးသားတစ်ခုလုံးသည် နင့်ဝင်သွားခဲ့၏။
“ဒါကောင်းကင်လျှို့ဝှက် နန်းဆောင်လား “ ပဥ္စမအကြီးကဲ၏ အသံသည် ခြောက်ကပ်လို့နေသည်။