← Chapters

အပိုင်း (၅၁၅)

Vol. 35 Ch. 515

အပိုင်း (၅၁၅)

Vol. 35 Ch. 515

“အဲလိုလား” ချင်ရွှမ်လန်က ပျော်ရွှင်သွားမိ၏။ သူ့အတွက် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အမိန့်များကို လိုက်နာခြင်းဆိုသည်မှာ အပြစ် မဟုတ်ချေ။ ကောင်းချီးသာလျှင် ဖြစ်၏။ အပြင်လောကကြီးတွင် များပြားလှသည့် လူများသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နှင့် ပတ်သက်ခွင့်ရရန် မျှော်လင့်နေကြ၏။ တစ်ဖက်လူ၏ ထောက်ပံ့မှုကို ရရှိရန် အားလုံးက မျှော်လင့်တကြီးနှင့် တောင့်တနေကြ၏။

မထင်မှတ်ထားလောက်အောင်ဘဲ ကံကြမ္မာ၏ အလှည့်အပြောင်းများကြားထဲတွင် ဤကဲ့သို့သော အခွင့်အရေးကို သူတို့ ရရှိခဲ့၏။ ချင်ကလန်၏ ဘိုးဘေးကြီးသည် သေဆုံးသွားခဲ့၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ပိုမိုကာ ကြောက်မက်ဖွယ်ရာကောင်းသည့် နောက်ခံသည် သူတို့၏ လက်ထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ ချင်ကလန် အနေနှင့် ပိုမိုတိုးတက်ရန် အခြေအနေသာ ရှိတော့သည်။

ချင်ကလန်၏ အနာဂတ်အတွက် လီယွင်သည် စိတ်ပူလိမ့်မည် မဟုတ်ချေ။ ထို့အပြင် သာမန်ထက် ပိုကာ ထူးခြားလွန်းသည့် ကံတရားနှင့် မွေးဖွားလာခဲ့သည့် ကလေးငယ်သည် နောင် နှစ်ပေါင်းတစ်ထောင်ကျော် ကြာမှ မွေးဖွားလာမှာ ဖြစ်၏။ ထို့ကြောင့် လက်ရှိအခြေအနေတွင် ဘာမှ အားကိုးရလိမ့်မည် မဟုတ်ချေ။

“အရမ်းကြီး အပျော်လွန် မနေနဲ့အုံး”

လီယွင်က ဝင်ကာ ပြောလိုက်၏။ “ကျုပ် ပြောတာ ချင်ကလန်အနေနဲ့ ကျုပ်ရဲ့အမိန့်ကို လိုက်နာရမယ်ပဲ ပြောတာ။ ဒါပေမဲ့ ချင်ကလန်အနေနဲ့ အနာဂတ်မှာ ကြီးမားတဲ့ကပ်ဘေးကြီးကို ကြုံရမယ်ဆိုရင် ကျုပ်က ဝင်ပြီးတော့ တိုက်ခိုက်ပေးမှာ မဟုတ်ဘူး”

“ဟမ်” ချင်ရွှမ်လန်က ကြောင်အသွား၏။ ထိုအချိန်မှာတော့ သူက နားလည်သွားမိ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် အလကားရသည့် စစ်တုရင်ရုပ်ကို လိုချင်ခြင်းသာလျှင်ဖြစ်၏။ ချင်ကလန် အနေနှင့် တစ်ဖက်လူ၏ တံခါးပေါက်ဝရှေ့သို့ သွားရောက်ကာ ၎င်းတို့အား စစ်တုရင်ရုပ်လေးအဖြစ် သတ်မှတ်ပေးပါရန် သွားရောက် ဆက်သခဲ့ခြင်းသာလျှင် ဖြစ်သည်။ ပြောရမည်ဆိုလျှင် နောက်လိုက်ဟု သုံးနှုန်းရမည်ထက် အသုံးချခံ တစ်ခုဟု သုံးနှုန်းရမည်ဆိုလျှင် ပိုမိုကာ သင့်တော်ပေလိမ့်မည်။ အသုံးမလိုသည့် အခြေအနေမျိုးတွင် ကန်ထုတ်ခြင်းကို ခံရမှာ သေချာ၏။

“ဒါဆိုရင် ကျုပ်တို့ ချင်ကလန်မှာ ရွေးချယ်ခွင့် ရှိသေးလား” ချင်ရွမ်လန်သည် နာနာကျင်ကျင် အပြုံးဖြင့် ပြုံးလိုက်သည်။

“မရှိဘူး” လီယွင်က ထူးမခြားနားသလို ပြန်လည်ကာ ပြောဆိုလိုက်၏။

ပြီးနောက် လီယွင်သည် လက်တစ်ချောင်းကို အသာမြှောက်လိုက်၏။ ဆန်းကြယ်လှသည့် စွမ်းအင်များ ပါဝင်လျက် ရှိနေသည့် အဖြူရောင်အမှတ်အသားတစ်ခုသည် ကောင်းကင်အထက်မှ ကျဆင်းလာပြီး ချင်ရွှမ်လန်၏ ဦးခေါင်းထဲသို့ ဝင်ရောက်သွားခဲ့၏။ ၎င်း၏ သွေးစီးကြောင်းများအတိုင်း လိုက်လံကာ ပေါင်းစပ ပြီးသည့်နောက် ဖျက်ဆီး၍ မရနိုင်သည့် သင်္ကေတ အမှတ်အသားတစ်ခု ဖြစ်လာခဲ့သည်။

လက်ရှိအခြေအနေမှာ‌တော့ သူတင်သာမက ချင်ကလန်ထဲရှိ အဖွဲ့ဝင်အားလုံးတို့သည် ၎င်းတို့၏ သွေးစီးကြောင်း ထဲတွင် အမှတ်အသားတစ်ခု ထင်ပေါ်လာကြောင်း ခံစားလိုက်မိ၏။ ထိုအရာသည် သန္ဓေဆက်နွယ်မှုတစ်ခုဖြစ်ပြီး ဖျက်ဆီး၍ မရနိုင်ချေ။

“ဒါ ဘာကြီးလဲ” ချင်ရွှမ်လန်သည် မျက်လုံးအပြူးသားဖြင့် ဇဝေဇဝါ ဖြစ်မိနေ၏။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သစ္စာဖောက်တဲ့အတွက် တန်ကြေးပဲ” လီယွင်က အေးစက်စက် ပြောလိုက်သည်။

လက်ရှိအခြေအနေမှာတော့ ချင်ကလန်သည် ကျိန်းသေပေါက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို လေးလေးစားစား ပြုရမည်ဖြစ်၏။ မရိုမသေ၊ မလိုက်မနာနှင့် ငြင်းဆန်ပုန်ကန်မှုများ တည်ရှိသည်ဆိုပါက အလုံးစုံသော ဖျက်ဆီးခြင်းကို ခံရမှာ သေချာ၏။

ပထမတစ်ကြိမ်တုန်းက ဆိုးယုတ်သည့် ကိစ္စရပ်များကို ပြုလုပ်ခဲ့ဖူးသော ချင်ကလန်သည် နောက်တစ်ကြိမ် ဤကဲ့သို့သော ကိစ္စရပ်များကို မတွေးတော၊ မကြံစည်ဟု မည်သူမှ အာမ မခံနိုင်ချေ။ ထို့ကြောင့်ပင်လျှင် လီယွင်သည် ကြိုတင်ကာဖြင့် ဤကဲ့သို့သော အစီအစဉ်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ချင်ကလန်သည်သာ ပုန်ကန်ချင်သည့် အတွေးမျိုး တည်ရှိလာသည်ဆိုပါက သူသည် ချက်ချင်း တစ်ဖက်လူ အားလုံးကို သတ်ဖြတ်ပစ်မှာ သေချာ၏။ ထိုသို့သတ်ဖြတ်ရန်အတွက် သူ၏ အတွေးတစ်ချက်သာလျှင် လိုအပ်၏။

“ကျုပ် နားလည်ပါပြီ”

ချင်ရွှမ်လန်သည် နာနာကြင်ကြင်ဖြင့် ပြောလိုက်၏။ သူသည် ရိုသေစွာဖြင့် ဦးခေါင်းကို ညွတ်လိုက်မိသည်။ သူ့အနေနှင့် စောဏတုန်းက ဖြစ်တည်ခဲ့သည့် အဖြူရောင်အလင်း၏ သဘောသဘာဝကို နားမလည်သေးဘူး ဆိုသော်လည်း ချင်ကလန် တစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် အရာဖြစ်ကြောင်း အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။

“ကောင်းပြီ” လီယွင်သည် သဘောတူညီဟန် ပြုလိုက်၏။ ပြီးနောက် ရေနွေးခွက်ကို အသာ ကောက်ယူကာ မော့လိုက်လေ၏။

“ခင်ဗျားသွားတော့”

“ကောင်းပါပြီ”

ချင်ရွှမ်လန်သည် မတ်တပ်ထရပ်ပြီးသည့်နောက် ဦးညွတ်ကာ ဂါရဝပြုလိုက်၏။ “သနားညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုတော့ သွားလိုက်ပါအုံးမယ်။ စီနီယာ အနာဂတ်မှာ အမိန့်ပေးချင်တယ်ဆိုရင် လွတ်လွတ်လပ်လပ် ကြိုက်သလို အမိန့်ပေးနိုင်ပါတယ်”

“နေအုံး”

ချင်ရွှမ်လန် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှထွက်ခွာရန် ပြင်နေတုန်းမှာပဲ လီယွင်က ထပ်မံကာ ပြောဆိုလိုက်သည်။

“စီနီယာ... ညွှန်ကြားစရာ တစ်ခုခုများ ရှိနေလို့လား” ချင်ရွှမ်လန်သည် ရုတ်တရက် ရပ်တန့်ကာဖြင့် စိတ်ဝင်တစား မေးမြန်းလိုက်၏။

“မကြာခင် မြေအင်မော်တယ်လောကကြီးထဲမှာ ပြောင်းလဲမှုတချို့ ဖြစ်လာလိမ့်မယ်။ ဒီတော့ ချင်ကလန် အနေနဲ့ စောစောစီးစီး ပြင်ဆင်ထားတာ အကောင်းဆုံးဖြစ်မယ်။ မဟုတ်ရင် ဖျက်ဆီးခံရဖို့ အခြေအနေမှာ ရှိနေတယ်” လီယွင်က တည်ငြိမ်စွာ ပြောလိုက်သည်။

အင်ပါယာတိုင်ချူး အနေနှင့် ကောင်းကင်မူလလောကကြီးထဲသို့ ပြန်လာသည့် ရည်ရွယ်ချက်ကို လီယွင်က လက်ရှိ အချိန်တွင် သိရှိပြီး ဖြစ်နေ၏။ တချို့သောအရာများသည် သူ့အတွက် လျှို့ဝှက်ချက် မဟုတ်ချေ။ သို့ပေမဲ့ တခြားသောသူများအတွက်တော့ လျှို့ဝှက်ချက် ဖြစ်လို့နေခဲ့၏။

ထို့အပြင် လျှို့ဝှက်ချက်ကို ပြောဆိုသည့် နေရာတွင် မည်သူ့ကို ပြောဆိုရမည်။ မည်သူ့ကို မပြောဆိုသင့်ဘူး ဆိုသော အကြောင်းအရာများကို သူက နားလည်ပြီးဖြစ်၏။ တချို့သောသူများအနေဖြင့် အသေးစိတ် အချက်အလက်များကို သိချင်သည်ဆိုပါက ကျိန်းသေပေါက် အရင်းအမြစ်များနှင့် လဲလှယ်ရန် လိုအပ်သည်။

ချင်ကလန်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်နှင့် ပတ်သက်ဆက်နွယ်သည့် နောက်လိုက် အဖွဲ့အစည်းတစ်ခု ဖြစ်သွားခဲ့သည် ဆိုလျှင်တောင်မှ ထိုကဲ့သို့သော စည်းမျဉ်းများကတော့ တည်ရှိနေသေး၏။

“မကြာခင် ဟုတ်လား”

ချင်ရွှမ်လန်သည် တွန့်ကနဲ ဖြစ်သွားမိ၏။ ထိုစကားစုကို ကြားသည့်အချိန်မှာတော့ သူသည် ခေါင်းပင် ကိုက်မိနေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီမှ သတိပေးမှု ဖြစ်ကြောင်း သူက နားလည်ပြီး ဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ အရိပ်ကို ခိုလှုံပြီးသည့် ကလန်တစ်ခုသည် ဖျက်ဆီးခြင်းကို ခံလိုက်ရသည် ဆိုပါက လူရယ်စရာ ဖြစ်မည် မဟုတ်ပါလား။

သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ထုတ်ဖော်ပြောဆိုသည့် နေရာတွင် အကြမ်းဖျင်း ကျလွန်းလှ၏။ မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မည်သည့်အရာမျိုး ဖြစ်မည်ဆိုသည်ကို သေသေချာချာ မပြောဆိုခဲ့ချေ။ ကြိုတင်ပြင်ဆင်ထားရန်သာ ပြောဆိုခဲ့၏။

ဤနေရာတွင် မေးခွန်းတစ်ခု တည်ရှိလာခဲ့၏။ မည်ကဲ့သို့ ပြင်ဆင်ရမည်နည်း။

“ကျုပ် မေးချင်ပါတယ် စီနီယာ... မြေအင်မော်တယ်လောကက ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်လာမှာလဲ” ချင်ရွှမ်လန်သည် စိတ်ဝင်တစားဖြင့်‌ မေးမြန်းလိုက်၏။

လီယွင်သည် မျက်ခုံးကိုပင့်ကာဖြင့် တစ်ဖက်လူကို ကြည့်လိုက်၏။ စားပွဲခုံကို လက်ချောင်းများနှင့် အသာ‌ တောက်ကာဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ စည်းမျဉ်း ဥပဒေသတွေကို ခင်ဗျား နားမလည်ဘူးလား”

“အမ်”

ချင်ရွှမ်လန်၏ အပြုံးက ကြောင်အအနှင့် ဖြစ်သွား၏။ သူသည် စည်းမျဉ်းကို သဘာဝအားဖြင့် နားလည်ပြီး ဖြစ်၏။ သို့ပေမဲ့ လက်ရှိ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လာရသည့် ရည်ရွယ်ချက်သည် ခွင့်လွှတ်မှုကို တောင်းခံရန်သာ ဖြစ်၏။ အခွင့်အရေးများကို ဝယ်ယူရန် မဟုတ်ချေ။ ထို့ကြောင့် သူ၏ သိုလှောင်လက်စွပ်ထဲတွင် များများစားစား မပါလာခဲ့ချေ။ ထို့ကြောင့် သူ့၌ ရှိသည့် အရာများနှင့် သတင်းအချက်အလက် မည်မျှများများ ဝယ်ယူ၍ ရမည်ကို မသိရှိချေ။

ခဏလောက် စဉ်းစားပြီးသည့်နောက် ချင်ရွှမ်လန်သည် အံကိုကြိတ်ကာဖြင့် သိုလှောင်လက်စွပ်ကို ချွတ်လိုက်၏။ ထိုအရာကို စားပွဲပေါ်သို့ တင်ကာဖြင့် လီယွင်ရှေ့ဆီသို့ တိုးပေးလိုက်သည်။ ပြီးနောက် လေးလေးနက်နက်ဖြင့် ထပ်မံကာ မေးမြန်းလိုက်၏။

“စီနီယာ... ကျုပ် အလျင်စလိုနဲ့ ရောက်လာတာဆိုတော့ ဘာမှ သိပ်ပြီး မပြင်ဆင်ခဲ့ရပါဘူး။ ကျုပ်အနေနဲ့ ဒီပစ္စည်းတွေနဲ့ လဲလှယ်လို့ရတဲ့ သတင်းအချက်အလက် ဘာရှိမလဲဆိုတာ မသိပါဘူး”

စောဏကလေးတင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ကြိုတင်ပြင်ဆင်ခြင်း ပြုလုပ်ရန်အတွက် သူ့ကို သေသေချာချာ ပြောဆိုခဲ့၏။ မဟုတ်ပါက ချင်ကလန်အနေနှင့် ပျက်ဆီးခြင်းအဖြစ်သို့ ရောက်ရှိသည့် အန္တရာယ် စက်ဝန်းထဲသို့ ကျရောက်နေခဲ့၏။ ထို့ကြောင့် နာကျင်စရာ ဖြစ်သည်ဆိုလျှင်တောင်မှ သူသည် တချို့သော သတင်းအချက်အလက်များကို စုံစမ်းမှ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက ချင်ကလန်သည် အလစ်အငိုက် မိသွားနိုင်သည်။

“အင်း အစစ်အမှန်အင်မော်တယ်ကို ပျိုးထောင်ပေးနိုင်စွမ်းရှိတဲ့ မိသားစုတစ်ခု ပီသပါပေတယ်” လီယွင်သည် သိုလှောင်လက်စွပ်ကို လှမ်းကြည့်ကာဖြင့် ရယ်မောလိုက်၏။

ချင်ရွှမ်လန် ယူဆောင်လာသည့် အထဲတွင် အင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်တစ်ခု ပါရှိ၏။ ထိုအရာကို ကောင်းကင်မူလလောကထဲတွင် ထားသည်ဆိုပါက ခန့်မှန်း၍မရနိုင်သည့် အားအင်အဆင့် အဖြစ် ထွက်ပေါ်လာ ပေလိမ့်မည်။ အင်ပါယာအဆင့်ဆေးပင်ဆိုသည်မှာ များပြားလှသည့်ဂိုဏ်းများအနေနှင့် တစ်ယောက် နှင့် တစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်လုယူရန် အဆင်သင့်ဖြစ်လို့နေသည့် အရာမျိုးပင်။

သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ချင်ရွှမ်လန်သည် ထိုအရာကို နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ ထုတ်ဖော်လိုက်၏။ ကြည့်ရသည်မှာ ချင်ကလန်၏ လက်ထဲတွင် အင်ပါယာအဆင့် စိတ်ဝိညာဉ် ဆေးပင်များ များများစားစား ရှိသည့်ပုံပင်။ တစ်ခုလောက် ထုတ်ဖော်ပေးလိုက်ရသည်မှာ ဘာမှထူးခြားလှပုံမပေါ်ချေ။

“ဒီပစ္စည်းက တန်ဖိုးရှိတယ် ဆိုပေမဲ့ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းအရာအနေနဲ့ ပတ်သက်လို့တော့ မလုံလောက်သေးဘူး။ ကျုပ်ခင်ဗျားကို စကားလေးခုပဲ ပြောပြလိုက်မယ်” လီယွင်သည် သိုလှောင်လက်စွပ်ကို အသာသိမ်းကာ ပြောလိုက်၏။

“ဘယ်လိုစကားတွေလဲ” ချင်ချွမ်လန်က တကယ်ကို စိတ်ဝင်စားမိတော့၏။

“ငရဲလောကကို သတိထား” လီယွင်က အသာပြောလိုက်သည်။

“ငရဲလောကဟုတ်လား” ချင်ချွမ်လန်က ကြောင်အသွား၏။ သူသည် ဤအင်အားစုနှင့် အမှန်ပင် ရင်းနှီးလို့ နေခဲ့၏။ နိရယအင်ပါယာ ဖန်တီးခဲ့သည့် ဂိုဏ်းကဏ္ဍတစ်ခု ဖြစ်သည်မဟုတ်ပါလား။ လက်ရှိအချိန်မှာတော့ နိရယလောကကြီးသည် နိမ့်ကျသည့် အခြေအနေတစ်ခုဆီသို့ ကျဆင်းသွား၏။ အင်ပါယာတစ်ယောက်ကို မဆိုနှင့်။ တော်ဝင်သူတော်စင်ပင် မကျန်တော့ချေ။

ထို့ကြောင့် သူတို့အနေနှင့် ဂရုပြုရန် လိုအပ်နေလေသေးသည်လား။ ထို့အပြင် နိရယအင်ပါယာ ပြန်လာသည် ဆိုလျှင်တောင် သူမအနေနှင့် ချင်ကလန်ကို ဘာလုပ်နိုင်မည်နည်း။ အတိတ်တုန်းကလည်း မည်သည့်ရန်ငြိုးမှ ရှိလှသည် မဟုတ်သလို လက်ရှိ၌လည်း မည်သည့်ရန်ငြိုးမှ မရှိကြချေ။

ငရဲအင်ပါယာအနေနှင့် လက်စားပြန်ချေချင်သည် ဆိုလျှင်တောင်မှ ပထမဦးဆုံးအနေနှင့် ထာဝရအစစ်အမှန် အင်မော်တယ်နှင့် ပိုင်လီတို့ဆီကို သွားသင့်သည် မဟုတ်ပါလား။ အဘယ်သို့ ချင်ကလန်အား လာရောက် ပတ်သက်နေရသနည်း။

All Chapters