← Chapters

အပိုင်း (၅၁၆)

Vol. 35 Ch. 516

အပိုင်း (၅၁၆)

Vol. 35 Ch. 516

“အသင်္ချေများပြားတဲ့ လောကအသီးသီးထဲမှာ မြေအင်မော်တယ်လောက တစ်ခုတည်းမှာပဲ ငရဲလောက ရှိနေတယ်လို့ ထင်နေတာလား”

လီယွင်သည် ချင်ရွှမ်လန်ကို လှမ်းကြည့်လိုက်၏။ သူ့အနေနှင့် တစ်ဖက်လူ၏ အတွေးများကို ကြည့်ရှုရင်း တကယ်ပင် ရယ်မောချင်မိ၏။ ချင်ရွှမ်လန်၏ အတွေးများသည် တကယ့်ကို ရိုးစင်းလို့နေခဲ့၏။

မြေအင်မော်တယ်လောကတွင် တည်ရှိနေသော ထာဝရ အစစ်အမှန်အင်မော်တယ်သည် တချို့သော လျှို့ဝှက်ချက်များကို သိ၏။ သို့သော် ချင်ကလန်နှင့် နီးစပ်သည့် အကြောင်းအရာ မဟုတ် သောကြောင့် လာရောက်ကာ ပြောပြလိမ့်မည်မဟုတ်ချေ။

[ဘာသာပြန်သူ၏ ရှင်းတမ်း - ငရဲလောက ဆို၍ မူရင်းစာရေးဆရာက ချုံငုံရေးသားထားသော်လည်း ဘာသာပြန်ဆိုရာတွင် နေရာတိုင်း ငရဲလောကဟူ၍ ရှုပ်ထွေးနေမည် စိုးသောကြောင့် ဘာသာပြန်သူက ငရဲလောကကို ပြန်လည် ခွဲခြားထားသည်။

နိရယလောက - မြေအင်မော်တယ်လောကမှ နိရယအင်ပါယာ ထူထောင်ထားသော ဂိုဏ်းတစ်ခုဖြစ်ပြီး သူမသည် မူရင်း ငရဲလောက၏ အမွေအနှစ်များကို ရရှိကာ ကျင့်ကြံခဲ့သူဖြစ်၏။

ရောရုဝ - မူရင်းငရဲလောက၏ အခွဲတစ်ခု ဖြစ်ပြီး နက်နဲအလင်းလောကကြီးတွင် အခြေစိုက်သည်။

ငရဲလောက - မူရင်းငရဲလောက ဖြစ်ပြီး လောကအသီးသီးတို့ကို လွှမ်းမိုးသိမ်းပိုက်ခဲ့ဖူးသည်။ အင်မော်တယ်အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက် တည်ထောင်ထားခြင်းဖြစ်ပြီး ၎င်း၏ လက်အောက်တွင် ကွာစီအင်မော်တယ် အင်ပါယာကဲ့သို့ ကျင့်ကြံသူပေါင်း မရေမတွက်နိုင်အောင် ရှိသည်။]

“စီနီယာ ဘာကိုပြောချင်တာပါလဲ။ နိရယအင်ပါယာ ပြီးတော့ မတူညီတဲ့လောကမှာ ငရဲလောကကို တည်ဆောက်ထားနိုင်တဲ့ တခြားသူတွေ ရှိနေသေးတာလား” ချင်ရွှမ်လန်၏ နှလုံးသားတစ်ခုလုံးက တုန်ယင်သွားခဲ့၏။ သူကမေးမြန်းလိုက်၏။

“မဟုတ်ရင်ရော” လီယွင်သည် မျက်ခုံးပင့်ကာ ပြန်လည်ခွန်းတုံ့ပြန်လိုက်သည်။

“ဒါက....”

ချင်ရွှမ်လန်သည် ပြောစရာစကားပင် ပျောက်ကွယ်သွားခဲ့၏။ သူ၏ အလိုလိုသိစိတ်အရ ဤကိစ္စသည် ရိုးရှင်းသည့် အရာမျိုးမဟုတ်ဘဲ လျှို့ဝှက်ချက်ပေါင်းများစွာ တည်ရှိနေသည်ဖြစ်ကြေင်း နားလည်လိုက်မိ၏။

မတူညီသည့် ဂိုဏ်းကဏ္ဍအသီးသီးတွင် တူညီသည့် နာမည်တစ်ခု ရှိရုံသာဆိုပါက အဆင်ပြေနိုင်ကောင်း ပြေနိုင်၏။ သို့ပေမဲ့ မဟုတ်လျှင်ရော ....။

စီနီယာ၏ အသွင်အပြင်ကို သုံးသပ်ရမည်ဆိုလျှင် ဤကိစ္စသည် ပိုမိုကာ ကြီးမားသည့် ကိစ္စရပ်မျိုး ဖြစ်ပုံပေါ်၏။ မြေအင်မော်တယ်လောက၏ နိရယလောကနှင့် စီနီယာပြောသည့် ငရဲလောကသည် ချိတ်ဆက်နေခြင်းမျိုး ဖြစ်နိုင်၏။ ထိုသို့ဆိုလျှင် မြေအင်မော်တယ်လောကကြီးသည် ကျိန်းသေပေါက် ဒုက္ခ ရောက်ပေပြီ။

ချင်ကလန်သည် အလုံးစုံသုတ်သင်ခြင်းကို ခံရမည့် အခြေအနေမျိုးသို့ပါ ရောက်ရှိနေသည်ဆိုလျှင် ထိုငရဲ လောကသည် မည်မျှကြောက်မက်ဖွယ်ရာ ကောင်းမည်နည်း။ ထို့ပြင် ချင်ကလန်၏ ဘိုးဘေးကြီးသည် သေဆုံးသွားခဲ့ပြီ ဆိုသော်လည်း ၎င်း၏အမွေအနှစ်များက ကျန်ရှိသေး၏။ အစစ်အမှန် အင်မော်တယ်အဆင့် အစီအရင်များ၊ များပြားလှသည့် တော်ဝင်အင်ပါယာများ စောင့်ကြပ်လျက်ရှိနေသော ချင်ကလန်ကို တခြားသောသူများက လာရောက် ရန်ပြုတိုက်ခိုက်ရန်ဆိုသည်မှာ နှစ်ခါပြန် စဉ်းစားရမည့်ကိစ္စမျိုးပင်။

“တွေးနေတာတွေကို ရပ်လိုက်တော့။ ခင်ဗျားတို့ ချင်ကလန်က မြေအင်မော်တယ်လောကမှာ အဓိက စွမ်းအားမြင့် ဂိုဏ်းကဏ္ဍတစ်ခုအဖြစ် သုံးသပ်လို့ရတယ်။ ဒါပေမဲ့ ငရဲလောကရဲ့ ရှေ့မှာတော့ သေးငယ်တဲ့ ပုရွက်ဆိတ်လေးသာသာပဲ”

လီယွင်ကအသာပြောလိုက်၏။ “ပိုပြီးတိတိကျကျ ပြောရမယ်ဆိုရင် မြေအင်မော်တယ်လောကကြီးတစ်ခုလုံး ပူးပေါင်းမယ် ဆိုရင်တောင်မှ နည်းနည်းလေးကြီးလာတဲ့ ပုရွက်ဆိတ်အဖြစ်ပဲဖြစ်မယ်”

ချင်ရွှမ်လန်သည် ထိုစကားစုကို ကြားရသည့်အချိန်မှာတော့ ဆွံ့အသွားမိ၏။ သူ့အနေနှင့် စိတ်ပျက်လက်ပျက် ခံစားမှုမျိုးကို ရရှိလာခဲ့၏။ နှလုံးသားထဲတွင် ရှိနေသည့် မျှော်လင့်ခြင်း အရိပ်အယောင်အားလုံးသည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့၏။ ထိုသို့ဆိုလျှင် သူတို့ မည်ကဲ့သို့ တန်ပြန်တိုက်ခိုက်ရမည်နည်း။ မည်သို့ပင် တွက်ချက်တွက်ချက် ငရဲလောက၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို သူတို့အနေနှင့် တွန်းလှန်နိုင်လိမ့်မည် မဟုတ်ချေ။

အရိုးသားဆုံးပြောရမည်ဆိုလျှင် ရှေးတုန်းက နိရယအင်ပါယာ၏ လုပ်ဆောင်ချက်များကို အခြေခံ ကြည့်ရမည်ဆိုလျှင် ငရဲလောကကို အထင်သေး၍ မရနိုင်ကြောင်း သိရှိပြီးဖြစ်၏။ သို့ပေမဲ့ ကြည့်ရှုရသည်မှာ သူသည် တကယ်ပင် အထင်သေးခဲ့မိ၏။ ရန်သူသည် မြေအင်မော်တယ်လောကမှာ ရှိသည့် ရန်သူများ မဟုတ်ဘဲ တခြားသောဘက်မှ ရောက်ရှိလာမည့် ရန်သူများဖြစ်ပုံပေါ်သည်။

မြေအင်မော်တယ်လောကသည် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသည့် ရန်သူမျိုးကို ရင်ဆိုင်ရမည်နည်း။ တဖက်လူများသည် မကောင်းမွန်သည့်အတွေးများသာ တည်ရှိသည် ဆိုပါက ကျိန်းသေပေါက် မြေအင်မော်တယ်လောက ကဲ့သို့သော လောကငယ်လေး တစ်ခုကို ဖျက်ဆီးဖို့ဆိုသည်မှာ နှစ်ခါပြန် စဉ်းစားမည့် ကိစ္စမျိုးမဟုတ်ချေ။

တစ်ဖက်လူများသည် အလွန်ဆန်းကြယ်ပြီး အားကောင်းလွန်းလှသည့်‌ လောကများဆီမှ သက်ဆင်း လာခဲ့သည့်လူများ ဖြစ်သည်ဆိုပါက ကျိန်းသေပေါက် ထာဝရရှင်သန်မှုကို ပိုင်ဆိုင်ရယူနိုင်မည့် စွမ်းအားမြင့် ကျင့်ကြံသူများသာ ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သောသူများ၏ စွမ်းဆောင်ရည်အနေနှင့် အဘယ့်ကြောင့် သူတို့၏ မြေအင်မော်တယ်လောကဆီမှ လူများကိုလာရောက်ကာ အနိုင်ကျင့်ဖို့ စဉ်းစားရသနည်း။

သူ့အနေနှင့် ထိုအတွေးကို စိတ်ကူးထဲ၌ တွေးတောလျက် ရှိနေသည်ဆိုလျှင်တောင်မှ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို ထုတ်ဖော်ပြောနေသလိုမျိုးဖြစ်ကြောင်း သူက နားလည်မိ၏။

မြေအင်မော်တယ်လောကဆီသို့ ထိုသူများ ရောက်ရှိလာခြင်းဆိုသည်မှာ ကျိန်းသေပေါက် ဖြစ်လာနိုင်မည့် ကိစ္စတစ်ခုဖြစ်သည်။ လက်ရှိအခြေအနေ၌ သူတွေးရန်လိုအပ်သည်မှာ ချင်ကလန်ကို မည်ကဲ့သို့ ကာကွယ်ပေးရမည် ဆိုသည့် အကြောင်းအရာပင်ဖြစ်၏။ အလုံးစုံ ခုခံမှုပြုလုပ်ရန် ဆိုသည်မှာ‌တော့ ဟာသတစ်ခု ဖြစ်ပေလိမ့်မည်။ ထို့အတွက် သူ့၌ ယုံကြည်ချက် မရှိချေ။

“စီနီယာ... ငရဲလောကကြီး လာမယ်ဆိုတာ သိနေပြီဆိုမှတော့ ဘယ်အချိန်ရောက်မယ်ဆိုတာကို သိသင့်တယ်လေ။ စီနီယာ မေးချင်ပါတယ်”

ချင်ရွှမ်လန်သည် လက်ကိုယမ်းခါလိုက်၏။ “စည်းမျဉ်းစည်းကမ်းကို ကျုပ်နားလည်ပါတယ် စီနီယာ။ ဒါပေမဲ့ ကျုပ်ဆီမှာ တခြားအရင်းအမြစ် မရှိတော့ပါဘူး။ ဒီတော့ အရင်းအမြစ် တချို့တလေကို တစ်စုံတစ်ယောက်ကို ပေးပို့ခိုင်းလိုက်လို့ ရတယ်မလား”

“ကောင်းကင်လျှို့ဝှက်နန်းဆောင်က အကြွေး လက်မခံဘူး”

လီယွင်သည် ထိုစကားစုကို ပြောဆိုလိုက်လေ၏။ ပြောပြောပြီးချင်းမှာပဲ သူက ဆက်လက်ကာ ပြောပြန်သည်။ “ပြီးတော့ ငရဲလောကကြီးနဲ့ ပတ်သက်မယ် ဆိုရင် ခင်ဗျားအနေနဲ့ ချင်ကလန်တစ်ခုလုံးရဲ့ အမွေအနှစ်တွေကို ယူခဲ့မယ်ဆိုရင်တောင်မှ ငရဲလောကနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဝယ်ယူလို့ရမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားနဲ့ သူတို့ကြားမှာရှိတဲ့ ကွာခြားမှုက ကောင်းကင်နဲ့မြေကြီးလို ကွာခြားလွန်းလို့ပဲ”

ချင်ရွှမ်လန် “..........”

ကြည့်ရသည်မှာ သူအတွေး လွန်ခဲ့ပုံပေါ်၏။ မြေအင်မော်တယ်လောက၏ ထိပ်ဆုံးအဆင့်စွမ်းအားမြင့် ဂိုဏ်းကဏ္ဍထဲတွင် ပါဝင်သည့် သူတို့သည် ဘိုးဘေးကြီးမရှိဘူး ဆိုလျှင်တောင်မှ တကယ့်ကိုကြီးမားလှသည့် ဂိုဏ်းကဏ္ဍကို ပိုင်ဆိုင်သူအဖြစ် တည်ရှိနေသေး၏။ စီနီယာ၏မျက်လုံးထဲတွင်တော့ ထုတ်ဖော်ကာ ပြောဆိုရမည့် အခြေအနေမျိုးပင် မရှိအောင် သိမ်ငယ်လွန်းလှချေ၏။

“ကောင်းပြီ” လီယွင်သည် တစ်စုံတစ်ခုကို တွေးတောမိပုံပေါ်၏။ ထို့ကြောင့် အသာသက်ပြင်းချလိုက်သည်။

“ချင်ကလန်၊ ပြီးတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့အောက်မှာရှိတဲ့ လက်အောက်ခွဲတစ်ခု၊ အင်း.. တကယ်လို့ ကျုပ်အနေနဲ့ သဲလွန်စ တချို့တလေတောင် မပေးဘူးဆိုရင် တရားမမျှတရာ ကျမှာပေါ့”

ချင်ရွှမ်လန်သည် ထိုစကားကိုကြားရသည့်အချိန်မှာတော့ ပျော်ရွှင်သွား၏။ သူသည် ဦးကိုညွတ်ကာဖြင့် အော်ဟစ်လိုက်မိ၏။ “ဒီဂျူနီယာ သေချာ နားထောင်ပါ့မယ်”

သူ၏ နှလုံးသားတစ်ခုလုံးသည် အလွန်ပဲ တုန်လှုပ်လျက်ရှိနေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အောက်သို့ ဝင်ရောက်ရခြင်းဆိုသည်မှာ အကျိုးကျေးဇူးကင်းမဲ့သည့် အရာတော မဟုတ်ချေ။ လက်ရှိ အခြေအနေတွင် အကျိုးကျေးဇူး ရောက်ရှိလာပြီမဟုတ်ပါလား။

မိမိ၏လူများကို စောင့်ရှောက်ကာကွယ်ရခြင်း သည် အားလုံးသောသူတို့ ပြုလုပ်ရမည့်အရာပင် ဖြစ်လေ၏။ ထိုကဲ့သို့သော အလေ့အထမျိုးကို သက်ရှိသတ္တဝါတိုင်းသည် ဖယ်ခွာလိမ့်မည်မဟုတ်ချေ။ ကောင်းမွန်သည့်အရာများ ရှိသည်ဆိုပါက အပြင်လောကတွင် ရှိနေသည့် သူစိမ်းများကိုမပေးဘဲ မိမိလူများကိုသာ ပေးအပ်တတ်သည်မှာ လူသားတို့၏ သဘာဝပင်။

“ဒီအတောအတွင်း ခင်ဗျားတို့ ဘိုးဘေးကြီးကို သတိထားရမယ်” လီယွင်က အသာပြောလိုက်၏။

“ဟမ်” ချင်ရွှမ်လန်သည် ရုတ်တရက် ခေါင်းမော့လိုက်၏။ သူ၏မျက်လုံးများသည် နဝေတိမ်တောင် အမူအရာများနှင့် ဖြစ်တည်လို့နေခဲ့၏။ ဤအရာသည် မည်သို့သော အခြေအနေမျိုးနည်း။

“ဘိုးဘေးကြီး ဟုတ်လား”

ချင်ကလန်တစ်ခုလုံးတွင် ယခု ဘိုးဘေးကြီးလို့ ခေါ်ဆိုနိုင်သည့်သူ မည်သူရှိ သနည်း။

ရှိ၏။ သို့ပေမဲ့ ၎င်းတို့၏ အားအင်အဆင့်သည် သူ့ထက်ပင် ပိုမိုကာ အားကောင်းလှသည်မဟုတ်ချေ။ အသက်ရှည်ရှည် နေထိုင်နိုင်စွမ်းသာ ရှိနေ၏။ စီနီယာအစဉ်လိုက်ဆိုလျှင် စီနီယာကျသည်ဆိုသော်လည်း ထူးထွေ ကောင်းမွန်လှသည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သူများ မဟုတ်ချေ။ တခြား အသက်အရွယ် ကြီးမားလှသည့် ဘိုးဘေးကြီးများမှာတော့ သေဆုံးသွားခဲ့ပြီဖြစ်ပြီး ၎င်းတို့၏သင်္ချိုင်းကိုယ်စီမှ မြက်ပင်များ ပင်လျှင် မီတာ သုံးရာလောက်ပင် ရှိနေလောက်ပေပြီ။

တစ်ချက် ကြည့်ရှုလိုက်သည်ဆိုသည်နှင့် ချင်ရွှမ်လန်သည် အသက်ရှင်ကျန်ရစ်ခဲ့သည်ဖြစ်သော ဘိုးဘေး များကို ထပ်မံကာ တွေးတောလိုက်၏။ စီနီယာနန်းဆောင်သခင်သည် ကျိန်းသေပေါက် အကြောင်းအရာမရှိဘဲ ထုတ်ဖော် ပြောဆိုလိမ့်မည်မဟုတ်ချေ။ ၎င်းပြောဆိုလိုက်သည့် စကားလုံးတစ်ခု၏နောက်ကွယ်တွင် အကြောင်းအရင်းနှင့် အဓိပ္ပါယ်များ ပါဝင်နိုင်၏။

ဖြစ်နိုင်သည်မှာ ....။

ချင်ရွှမ်လန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။ ချင်ကလန်မှ တစ်စုံတစ်ယောက်သည် ငရဲလောကကြီး ၏ ဘက်တော်သားတစ်ယောက်ဖြစ်နေလေသည်လား။ ထိုသူသည် ဘိုးဘေးများထဲမှ တစ်ယောက် ဖြစ်နေသည်လား။ တွေးကြည့်ပြီးသည့်နောက် ချင်ရွှမ်လန်၏နှလုံးသားထဲတွင် စိုးရိမ်ကြောက်လန့်မှုများ ဖြစ်တည်လာခဲ့၏။

ပဉ္စမအကြီးအကဲပြုလုပ်ခဲ့သည့် အကြောင်းအရာများကို ပြန်လည်တွေးတောရမည်ဆိုလျှင် သူတို့၏ ကလန်ထဲတွင် ရှိနေသည့် ဘိုးဘေးများထဲတွင် သူလျှိုတစ်ယောက် ရှိနေသည်လား။ ထိုအတွေးကို တွေးပြီးသည့်နောက် ချင်ရွှမ်လန်သည် ဦးခေါင်းကို ညွတ်ကာပြောလိုက်၏။ “စီနီယာ အလုပ်များနေပြီနဲ့ တူတယ်။ ကျုပ် မနှောင့်ယှက်တော့ပါဘူး”

“သွား သွား” လီယွင်သည် အမှတ်မထင် ပြန်လည်ကာပြောဆိုလိုက်သည်။

“ကောင်းပါပြီ” ချင်ရွှမ်လန်သည် လေးလေးစားစားဖြင့် ဦးညွတ်ကာ မြန်မြန်ဆန်ဆန် ထွက်ခွာသွားခဲ့၏။

လီယွင်သည် ထိုင်ခုံပေါ်တွင် အသာထိုင်ပြီးသည့်နောက် ချင်ရွှမ်လန် ထွက်ခွာသွားသည်ကို ကြည့်ရှုလိုက်၏။ ပြီးနောက် ရေနွေးခွက်ကို အသာကောက်ယူကာဖြင့် မော့လိုက်၏။ သူ၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ “အင်း ဒီလူက ငယ်ရွယ်သေးတာပဲ”

“အင်း နိရယအင်ပါယာအနေနဲ့ တစ်စုံတစ်ခု ပြုလုပ်တော့မယ်နဲ့ တူတယ်” လီယွင်သည် မေးစေ့ကို လက်တစ်ဖက် နှင့်ပွတ်ကာ တီးတိုးရေရွတ်လိုက်၏။

မြေအင်မော်တယ်လောကကြီးတွင် နိရယအင်ပါယာသည် နိရယလောကကို တည်ဆောက်ခဲ့၏။ သို့ပေမဲ့ ထိုအရာကြီးသည် ကြီးထွားရင့်သန် မလာခဲ့ချေ။ နိရယအင်ပါယာသည် ကျိန်းသေပေါက် တခြားသူများ၏ ဝိညာဉ်များကို အဆင်အခြင်မဲ့ သိမ်းဆည်းခြင်းကို မပြုလုပ်ခဲ့ချေ။ တချို့သော ကျင့်ကြံသူများကိုသာ ဂိုဏ်းသားအဖြစ် ခေါ်ယူခဲ့သည်။

ထို့ကြောင့်ပင်လျှင် ချင်ရွှမ်လန်သည် နိရယလောကကြီးကို ကြည့်ရှုသည့်နေရာ၌ ရိုးရှင်းသည့်အမြင်ကိုသာ တည်ရှိခဲ့ခြင်းပင်ဖြစ်သည်။ တစ်ဖက်လူများ၏ ဆန်းကြယ်လှသည့် သဘောသဘာဝကို သတိပြုမိပုံ မပေါ်ပေ။ အချိန်သာ လုံလောက်သည်ဆိုပါက နိရယအင်ပါယာအနေနှင် နိရဠလောကကြီးတစ်ခုလုံးအား ခန့်မှန်း၍ မရအောင် အားကောင်းလှသည့် ဂိုဏ်းကဏ္ဍတစ်ခုအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိနေ၏။ မြေအင်မော်တယ်လောကကြီး တစ်ခုလုံးကိုပင် လွှမ်းမိုးနိုင်စွမ်းရှိနေ၏။

ကံဆိုးစွာဖြင့် ထိုအရာများအားလုံးကို မဖြစ်ခင်မှာပဲ ထာဝရအစစ်အမှန်အင်မော်တယ်နှင့် အင်ပါယာ ပိုင်လီတို့သည် ပူးပေါင်း၍ သူမကို ချုံခိုတိုက်ခိုက်ခဲ့သည်။

“ငရဲလောကကြီးက လောကအသီးသီးတို့ကို လွှမ်းမိုးနိုင်ခဲ့တယ်” လီယွင်သည် စနစ်ကို လှမ်းကာ ကြည့်ရှုလိုက်၏။

ဂိုဏ်းကဏ္ဍအသီးသီးတို့၏ နာမည်ထဲတွင် ငရဲလောကဆိုသောနာမည်ကို သူက ကြည့်ရှုလိုက်၏။ ထိုအရာသည် တကယ့်ကို အလားအလာ အကောင်းဆုံးနေရာတစ်ခုဖြစ်ပြီး တခြားသောသူများနှင့် အတူယှဉ်တွဲကာ တည်ရှိနေသည်ဆိုလျှင်တောင် အခြားသောသူများထက် ပိုမိုကာ ထူးခြားလှသည့်အရာတစ်ခုပင်။

All Chapters