အပိုင်း (၅၁၈)
Vol. 35 Ch. 518
“ခင်ဗျား ခန့်မှန်းတာ အမှန်ပဲ”
လီယွင်သည် ယုံကြည်ချက် ရှိစွာဖြင့် ပြောဆိုလိုက်၏။ “မြေအင်မော်တယ်လောက က ကျိန်းသေပေါက် ခန့်မှန်းလို့မရတဲ့ ရန်သူတွေကို ဆွဲဆောင်သလို ဖြစ်နေတယ်။ ပြီးတော့ မြေအင်မော်တယ် လောကမှာရှိတဲ့ နိရယပြည်က နက်နဲအလင်းလောကမှာရှိတဲ့ ရောရုဝပြည်နဲ့ ဆက်စပ်မှု ရှိနေတယ်”
“ဪ”
ရှေးအင်ပါယာ တိုင်ချူး၏ မျက်လုံးများက တောက်ပသွားခဲ့သည်။ သူ၏ အတွေးအတိုင်း အကြောင်းအရာများက ဖြစ်တည်နေသည်လား။ ထိုအရာကို တွေးပြီးသည့်နောက် သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများ ပေါ်ပေါက်လာခဲ့၏။ သူ့အနေနှင့် နိရယအင်ပါယာကို အသက်ရှင်ခွင့် လုံးဝမပေးနိုင်ချေ။
“စီနီယာ”
ရှေးအင်ပါယာ တိုင်ချူးသည် တစ်စုံတစ်ခုကို သတိရသွားပုံပေါ်၏။ ထပ်မံကာ ပြောဆိုရန် ပြင်လိုက်၏။ သို့ပေမဲ့ သူသည် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို အလျှင်အမြန် ထုတ်ယူကာ လီယွင်၏ အရှေ့ဆီသို့ ချပေးလိုက်၏။ “ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါအုံး စီနီယာ”
ဤအရာသည် တိုင်ချူးနတ်နယ်မြေမှ ဂျူနီယာများ ပြောဆိုလိုက်သည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ စည်းမျဉ်းတစ်ခုဖြစ်သည်။ သတင်းအချက်အလက်များ ရယူရန်အတွက် တစ်စုံတစ်ယောက်သည် တူညီသည့် ပစ္စည်းတစ်ခုကို ပေးအပ်ရ၏။ နိရယအင်ပါယာသည် အစစ်အမှန် အင်မော်တယ်တစ်ယောက်ဖြစ်၏။ ထို့ကြောင့် ရှေးအင်ပါယာ တိုင်ချူးသည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ အစစ်အမှန် အင်မော်တယ်အဆင့် ပစ္စည်းတစ်ခုကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ကောင်းကင်မူလလောကကြီး တစ်ခုလုံးနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အစစ်အမှန် အင်မော်တယ်အဆင့် ပစ္စည်းတစ်ခုကို ထုတ်ဖော်ဖို့ ဆိုသည်မှာ သူတတ်နိုင်သေး၏။ ထို့အပြင် သူသည် တခြားသောလောကများဆီသို့ နှစ်ပေါင်းများစွာ ခရီးလှည့်လည် သွားလာနေသည့် လူတစ်ယောက်လည်း ဖြစ်သည် မဟုတ်ပါလား။
“ကျုပ်မေးချင်ပါတယ် စီနီယာ... နိရယအင်ပါယာ အခု ဘယ်မှာလဲ”
“နိရယအင်ပါယာက အခုအချိန် ငရဲလောကမှာ အားမွေးနေတယ်” လီယွင်က အမှတ်မထင် ပြောဆိုလိုက်၏။
“ငရဲလောက ဟုတ်လား”
ရှေးအင်ပါယာ တိုင်ချူးက မျက်မှောင်ကုတ်လိုက်၏။ ဤစကားစုကို သူ သိပ်ပြီး မရင်းနှီး သလိုပင်။ စီနီယာ ပြောဆိုနေသည့် အရာသည် သူအသိထဲရှိ တူညီသည့် လောကကြီးတစ်ခု ဖြစ်ပုံ မပေါ်ပေ။ ကြည့်ရသည်မှာ ရှုပ်ထွေးသည့် လေဟာနယ်ကြီးထဲတွင် တည်ရှိနေသည့် လောကသေးလေး တစ်ခုများလား။
“ငရဲလောကဆိုတာ နိရယအင်ပါယာ ဖန်တီးထားတဲ့ လောကတစ်ခုဖြစ်ပြီး ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ရဲ့ နိယာမတွေ ပါဝင်နေတယ်။ လောကငယ်လေးတစ်ခု ဆိုပေမဲ့ သာမန်လူတွေ အနေနဲ့ ဒါကို ရှာဖွေတွေ့ရှိဖို့ဆိုတာ စိန်ခေါ်မှု တစ်ခုပဲ” လီယွင်က ရှင်းပြလိုက်၏။
သူသည် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ တစ်ဖက်လူဆီသို့ လှမ်းကာ ပစ်ပေးလိုက်သည်။ “ဒါ ငရဲလောက ရှိတဲ့နေရာပဲ။ ဒါပေမဲ့ ခင်ဗျား အဲကို သွားမယ်ဆိုရင် သူ့ကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“ဘာကို ဆိုလိုတာလဲ”
ရှေးအင်ပါယာ တိုင်ချူးက မျက်မှောင်ကုတ်လိုက်၏။ အန္တိမကျင့်ကြံသူ တစ်ယောက် အနေနှင့် သူသည် လက်ရှိ နိရယအင်ပါယာထက် များစွာသော ကျင့်ကြံခြင်းအဆင့် မြင့်မားလှသူဖြစ်၏။ ဂျူနီယာ တစ်ယောက်ကိုပင် ဖိနှိပ်နိုင်ခြင်း မရှိဘူးဆိုပါက သူ၏ ရှေးအင်ပါယာတစ်ယောက်ဆိုသော ဂုဏ်သိက္ခာသည် အမှန်ပင် ကျဆင်း သွားပေလိမ့်မည်။
“ငရဲလောကမှာ ဆက်ခံသူတွေ အများကြီး ရှိခဲ့တယ်ဆိုပေမဲ့ သူတို့ဆီမှ ဝှက်ဖဲတွေ မရှိဘူးလို့ ခင်ဗျား ထင်နေတာလား။ ဥပမာအားဖြင့် နက်နဲအလင်းလောကမှာ ရောရုဝပြည်ကြီးက ရုတ်တရက် ထိုးတက်ပြီး အောင်မြင်လာခဲ့တယ်လေ” လီယွင်၏ စကားသံများသည် ပိုမိုကာ ဆန်းကြယ်လာခဲ့၏။
“ဒါက......” ရှေးအင်ပါယာ တိုင်ချူးသည် ဆွံ့အသွားခဲ့သည်။ လီယွင် ပြောဆိုသည့်အတိုင်းပင် နက်နဲအလင်း လောကကြီး၏ ရောရုဝပြည်သည် အချိန်အတိုင်းအတာတိုအတွင်း တိုးတက် မြင့်မားလာခဲ့၏။ အချိန်မကြာသေးသော်လည်း လက်ရှိအချိန်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းသည့် အင်အားစုကို ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်သည်။
ရောရုဝပြည် - ထိုရောရုဝပြည်သည် နက်နဲအလင်းလောကကြီး တစ်ခုလုံးကိုပင် သိမ်းဆည်းလုနီးပါး ဖြစ်နေခဲ့၏။ ပုန်ကုန်သူများအားလုံးသည် သတ်ဖြတ်ခြင်းကိုခံခဲ့ရပြီး နောက်လိုက်အဖြစ် မဝင်ချင်သည့် လူများမှာလည်း ထွက်ပြေးလျက် ရှိနေ၏။
ရှေးအင်ပါယာ တိုင်ချူးကဲ့သို့သော လူပင်လျှင် ထွက်ပြေးလာခဲ့ရသည် မဟုတ်ပါလား။ ထိုအကြောင်းအရာများကို စဉ်းစားပြီးသည့်နောက် ရှေးအင်ပါယာ တိုင်ချူး၏ မျက်နှာသွင်ပြင်က မဲမှောင်သွား၏။ သူသည် စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။ “စီနီယာ... တခြားနည်းလမ်း ရှိသေးလား”
မြေအင်မော်တယ်လောကကြီးတွင် နိရယအင်ပါယာရှိ၏။ သို့ပေမဲ့ မည်သည့်နေရာတွင် ရှိနေမှန်း မသိချေ။ ထိုသို့ဆိုလျှင် မြေအင်မော်တယ်လောကကြီးသည် အနာဂတ်၌ ဒုတိယမြောက် နက်နဲအလင်းလောကကြီး ကဲ့သို့ပင် ဖြစ်သွားနိုင်သည် မဟုတ်ပါလား။ မည်သူမှ အာမ မခံနိုင်ချေ။ ထိုသို့ဆိုလျှင် ကောင်းကင်မူလ လောကကြီးကိုလည်း သက်ရောက်လာပေလိမ့်မည်။
ဟုတ်ပေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည်သာ ဝင်ရောက်လှုပ်ရှားသည်ဆိုပါက အရာအားလုံးသည် ကြီးမားလာလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ စီနီယာနန်းဆောင်သခင်သည် လျစ်လျှူရှုကောင်း လျစ်လျှူရှုထားနိုင်၏။ ထို့အပြင် နိရယအင်ပါယာသည် နန်းဆောင်သခင် အကြောင်း သိရှိပြီးသား ဖြစ်၏။ သူမအနေနှင့် နန်းဆောင်သခင်ကို သွားရောက်ကာ ရန်မပြုသေးသမျှ မည်သည့် အန္တရာယ်ကိုမှ ကြုံရလိမ့်မည် မဟုတ်ချေ။
“ဒီမှာ”
လီယွင်က ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် ပြောဆိုလိုက်၏။ “ဒါပေမဲ့ ဈေးနှုန်းတစ်ခုတော့ ရှိတာပေါ့”
ရှေးအင်ပါယာတိုင်ချူး “....”
“ဪ... ကျုပ်ပြောဖို့ မေ့နေသေးတယ်”
လီယွင်သည် တစ်စုံတစ်ခုကို သတိရသွားပုံပေါ်၏။ ထို့ကြောင့် ဆက်လက်ကာ ပြောဆိုလိုက်သည်။ “ရောရုဝပြည်ရဲ့ ခေါင်းဆောင် ဒီနေရာကို ရောက်လာဖို့ ဆွဲဆောင်စေခဲ့တဲ့အရာက နိရယပြည်ရဲ့ နိရယအင်ပါယာ မဟုတ်ဘူး”
“အမ်”
ရှေးအင်ပါယာက မျက်ခုံးပင့်လိုက်မိ၏။ သူသည် မကောင်းသည့် ခံစားချက်များကို အာရုံခံလိုက်မိ၏။ “ဖြစ်နိုင်တာက .......”
“ခင်ဗျားပဲ”
လီယွင်သည် ရှေးအင်ပါယာ တိုင်ချူးအား လက်ညှိုးထိုးကာဖြင့် တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ “ရောရုဝပြည်မှာ နည်းလမ်းပေါင်းမြောက်များစွာ ရှိတယ်လေ။ အဲဒီဟာတွေထဲမှာ တကယ့်ကို အားကောင်းလှတဲ့ နည်းလမ်းတွေ ကလည်း အပြိုင်အဆိုင်ပေါ့။ နက်နဲအလင်းလောကကြီးကနေ ဘယ်သူမှ သတိမပြုမိအောင် ထွက်ပြေး လာနိုင်လိမ့်မယ်လို့ ခင်ဗျား တကယ်ထင်နေတာလား”
သူက ဆက်ပြောလိုက်၏။ “ပြီးတော့ မြေအင်မော်တယ်လောကနဲ့ နက်နဲအလင်းလောကမှာရှိတဲ့ နိရယလောကနဲ့ ရောရုဝပြည် တူညီတဲ့ မူလအရင်းအမြစ်က ဆိုပေမဲ့ နှစ်ဖက်လုံးက ကောင်းမွန်တဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘူး။ နိရယအင်ပါယာက စွမ်းအားမြင့် ရန်သူတွေကို ဆွဲဆောင်ဖို့ ဆိုတဲ့ ရူးကြောင်ကြောင် အတွေးမျိုး ရှိမှာ မဟုတ်ဘူး။ မြေအင်မော်တယ်လောကမှာ ရှိနေတဲ့ အရင်းအမြစ်တွေကို သူပဲ လိုချင်မှာပေါ့။ တခြားသူတွေကို ဘယ်ပေးချင်ပါ့မလဲ”
လောကကြီးသည် ကျယ်ပြောသည်ဆိုသောကြောင့် ရရှိနိုင်သည့် အကြောင်းအရာများလည်း များပေလိမ့်မည်။ တခြားသူများနှင့် ဝေမျှကာ ရယူရမည်ဆိုပါက ကျိန်းသေပေါက် နည်းပါးမှာ ဖြစ်၏။ နိရယအင်ပါယာ၏ ကိုယ်ပိုင် အမူအကျင့်နှင့် စိတ်နေစိတ်ထားအရဆိုလျှင် အရင်းအမြစ်များကို မျှဝေဖို့ တစ်ချက်လေးမှ စဉ်းစားလိမ့်မည် မဟုတ်ချေ။
“ကျုပ်ကြောင့် ဟုတ်လား” ရှေးအင်ပါယာ တိုင်ချူးက ကြောင်အသွားမိ၏။ ကောင်းကင်မူလလောကကြီး၏ အန္တရာယ်သည် သူနှင့်ပတ်သက် ဆက်နွယ်နေမည်ဟု သူက မထင်မှတ်ခဲ့ချေ။ သူသည် သေသေချာချာ သတိအပြည့်နှင့် လာရောက်ခဲ့ခြင်းသာဖြစ်၏။ သို့ပေမဲ့ လက်ရှိရရှိခဲ့သည် ရလဒ်သည် သူ့ကို တကယ်ပင် အံ့အားသင့်စေခဲ့သည်။
“ရေတွက်လို့ မရတဲ့ လောကအသီးသီးကို အုပ်ချုပ်ခဲ့တဲ့ အင်အားစုအခွဲတွေနဲ့ ရင်ဆိုင်ရရင် ခင်ဗျားဆီမှာ ဘယ်လိုနည်းလမ်းမျိုးပဲ ရှိရှိ အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ဘူး” လီယွင်က အမှတ်မထင် ပြောဆိုလိုက်၏။
ထို့အပြင် ငရဲလောကကြီးသည် အင်မော်တယ် အင်ပါယာတစ်ယောက် ပိုင်ဆိုင်ခဲ့ဖူးသည့် လောက ဖြစ်၏။ ထိုကဲ့သို့သော စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် လက်ရှိအချိန်တွင် မည်သည့်နေရာတွင် ရှိမှန်း မသေချာ လျှင်တောင်မှ ၎င်းတို့ ထုတ်ဖော်အသုံးပြုနိုင်သည့် နည်းလမ်းများသည် လွယ်လွယ်ကူကူနှင့် ဖျောက်ဖျက်၍ ရနိုင်သည့် အရာများ မဟုတ်ကြောင်း လီယွင်က ယုံကြည်မိသည်။
သေခြင်းနှင့် ရှင်ခြင်းကို ဂရုစိုက်ခြင်း မရှိသည့် လောကတစ်ခု ဖြစ်သည့်အတွက်ကြောင့် ကျိန်းသေပေါက် ထိုကဲ့သို့သော လူမျိုးကို သတ်ဖြတ်ပစ်ရန် လွယ်ကူလှမည် မဟုတ်ချေ။ တူညီသည့် လောကအဆင့်ဆီမှ လူတစ်ယောက်ပင်လျှင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ လုံလောက်သည့် ကောင်းကင်လျှို့ဝှက်အမှတ်များ ရှိသည်ဆိုပါက လီယွင်အနေနှင့် တစ်ဖက်လူ၏ အခြေအနေကို မေးမြန်းနိုင်၏။
သို့ပေမဲ့ မည်သူ သိရှိမည်နည်း။ အင်မော်တယ် အင်ပါယာတစ်ယောက် မည်သည့်နေရာတွင် တည်ရှိမည် ဆိုသည်ကို ရှာဖွေဖို့ ဆိုသည်မှာ တကယ်ပင် ဈေးကြီးလှပေမည်။
“စီနီယာ” ထိုအချိန်မှာတော့ ရှေးအင်ပါယာ တိုင်ချူးသည် သတိပြန်ဝင်သွားခဲ့သည်။
“ကျုပ် ဘာလုပ်ရမလဲ” သူသည် အလောတကြီးဖြင့် မေးမြန်းလိုက်၏။
လက်ရှိအချိန်မှာတော့ နိရယအင်ပါယာသည် သူ့အတွက် စိုးရိမ်ပူပန်စရာ မဟုတ်တော့ချေ။ သူသည် နက်နဲအလင်း လောကကြီးဆီမှ ရောရုဝပြည်ကို ဆွဲဆောင်သလို ဖြစ်စေခဲ့၏။ နိရယအင်ပါယာကို သူသတ်ဖြတ်ခဲ့သည့် ဆိုလျှင်တောင်မှ ရန်သူများသည် လာရောက်ဦးမှာဖြစ်၏။ အရေးအကြီးဆုံး အကြောင်းအရာသည် သူ၏ ကိုယ်ပိုင် အမှားကို မည်ကဲ့သို့ ပြန်လည်ပြုပြင်ရမည့်ဆိုသည့် အကြောင်းအရာပင်ဖြစ်သည်။
“လက်ရှိအချိန်မှာတော့ ခင်ဗျား ဘာမှ လုပ်လို့မရဘူး။ ရောရုဝအရှင်ရဲ့ တပည့်တွေက ကောင်းကင်မူလ လောကကြီးဆီ လာတဲ့လမ်းကိုတောင် ရောက်နေပြီ။ မကြာခင်မှာ သူတို့က မြေအင်မော်တယ်လောကဆီကို ခြေချလိမ့်မယ်။ ပြီးတော့ ကောင်းကင်မူလလောကကြီးဆီပေါ့” လီယွင်က ရှင်းပြလိုက်၏။
“စီနီယာ.... သူတို့ ရောက်ရှိလာဖို့အတွက် အချိန်ဘယ်လောက် ကျန်သေးလဲ” ရှေးအင်ပါယာ တိုင်ချူးက မေးမြန်းလိုက်သည်။
“ခင်ဗျား တည်နေရာ ပတ်လမ်းကြောင်းထဲကို သွားပြီးတော့ ခုခံချင်လို့လား” လီယွင်သည် ရှေးအင်ပါယာ တိုင်ချူးကို ကြည့်ရှုလိုက်၏။ တစ်ဖက်လူ၏ အတွေးများကို သူ ကြိုတင်ကာ မြင်၏။
“ဟုတ်ပါတယ်” ရှေးအင်ပါယာ တိုင်ချူးက ခေါင်းညိတ်လိုက်သည်။
“ဒီသတင်းက တန်ဖိုးကြီးမားတယ်။ အသေးစိတ်ကို ခင်ဗျားသိချင်တယ်ဆိုရင် ခင်ဗျားအနေနဲ့ တန်ဖိုးကြီးမားတဲ့ အရာတွေကို ပေးအပ်ရလိမ့်မယ်” လီယွင်က အမှတ်မထင် ပြောဆိုလိုက်၏။ ရှေးအင်ပါယာ တိုင်ချူးအား သတင်းအချက်အလက်များကို လိုချင်သည့်နေရာတွင် အလောမကြီးရန် သူက သတိပေးလိုက်ခြင်း ဖြစ်၏။