← Chapters

အပိုင်း (၅၁၉)

Vol. 35 Ch. 519

အပိုင်း (၅၁၉)

Vol. 35 Ch. 519

“တန်ဖိုးက ကြီးမားတယ် ဆိုရင်တောင် ကျုပ် ကျိန်းသေပေါက် ပေးချင်ပါတယ်” ရှေးအင်ပါယာ တိုင်ချူးသည် စိတ်ဆုံးဖြတ်ပြီးစွာဖြင့် ပြောဆိုလိုက်၏။

“ဟမ်” လီယွင်သည် ခေါင်းကို ခါယမ်းကာဖြင့် အသာရယ်မောလိုက်၏။ ငရဲလောကကြီး ဆိုသည်မှာ ကျိန်းသေပေါက် တိုင်ချူး တားဆီးနိုင်သည့် အရာမျိုး မဟုတ်ချေ။ ၎င်းအနေနှင့် အားကုန်ထုတ်ကာ သတ်ဖြတ်မည် ဆိုလျှင်တောင်မှ ခြင်းကျားနှင့် ရေသယ်သကဲ့သို့ပင် ဖြစ်နေနိုင်သည်။

“အင်း.. အန္တိမကျင့်ကြံခြင်း ပစ္စည်းငါးခု” လီယွင်သည် လက်ချောင်း ငါးချောင်းကို ထောင်ကာဖြင့် ပြောဆိုလိုက်၏။

“ငါး... ငါးခု ဟုတ်လား” ရှေးအင်ပါယာ တိုင်ချူးသည် ဆွံ့အသွားမိ၏။ စီနီယာနန်းဆောင်သခင် ပြောသည်မှာ အမှန်ပင်ဖြစ်သည်။ ကုန်ကျစရိတ်သည် သူမည်သို့မှ တတ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ သူ၏ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သည့် ချမ်းသာကြွယ်ဝမှုများ အားလုံးသည် ဤသတင်းအချက်အလက်ကို ဝယ်ယူရင်း တစ်ခါတည်း ကုန်ဆုံးသွားတော့မည့်ပုံပင်။ သို့ပေမဲ့ အံကိုကြိတ်ကာဖြင့် ပေးအပ်ဖို့သာ စဉ်းစားရပေမည်။

ခဏလောက် စဉ်းစားပြီးသည့်နောက် ရှေးအင်ပါယာ တိုင်ချူးသည် အန္တိမအဆင့် ကျင့်ကြံခြင်းနည်းစနစ် နှစ်ခု၊ အန္တိမအဆင့် စိတ်ဝိညာဉ်ဆေးပင် တစ်ခု၊ ပြီးနောက် အန္တိမအဆင့် အနည်းငယ် ပျက်စီးယိုယွင်းလျက် ရှိနေသည့် လက်နက် တစ်ခုကို သူ၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်၏။ ဤပစ္စည်းလေးခုသည် သူ၏ တန်ဖိုးအရှိဆုံး ပစ္စည်းများ ဖြစ်၏။ တန်ကြေးကလည်း အမှန်ပင် ကြီးမားလွန်းလှ၏။ ထိုအရာများကို ပေါင်းစပ်မည်ဆိုလျှင် တစ်ဖက်လူ ပြောသည်ထက် တစ်ခုသာလျှင် နိမ့်ကျလျက် ရှိနေ၏။

လီယွင်သည် အရာအားလုံးကို တစ်ချက်လှမ်းကြည့်ပြီးသည့်နောက် ခေါင်းကို ခါယမ်းလိုက်သည်။ “လိုနေသေး တယ်”

နောက်ဆုံးလက်နက် တစ်ခုသည် သိသိသာသာပင် ထိခိုက်ထားသော်လည်း ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေလေ၏။ ထိုအရာသည် သင်္ချိုင်းထဲမှ ဆွဲထုတ်လာသည့် အရာတစ်ခုကဲ့သို့ပင်။ အညိုရောင် သွေးစီးကြောင်းများသည် လက်နက်၏ မျက်နှာပြင်ပေါ်တွင် တည်ရှိနေသေး၏။ တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းသည့် လက်နက်တစ်ခုပင်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် ထိုအရာ၏ စွမ်းအင်များသည် အသက်ဝင်နိုင်ခြင်း မရှိသော်လည်း ၎င်းသည် အပြင်ဘက်တွင် တားမြစ်တည်နေရာတစ်ခုကို ဖြစ်ပျက်သွားလောက်အောင် ကြောက်စရာကောင်းသည့် အရာပင် ဖြစ်၏။ တော်ဝင်အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ထိုလက်နက်နှင့် တွေ့ဆုံသည် ဆိုပါက ကျိန်းသေပေါက် စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုကို ခံရပြီး ဤလက်နက်၏ ရုပ်သေးတစ်ခု ဖြစ်လာမှာ သေချာ၏။ ထို့ကြောင့် ဤလက်နက်၏ပိုင်ရှင်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သက်သေခံလို့ နေ၏။

“ဒါ.. ဒါ ရောရုဝပြည်က လက်နက်လား”

လီယွင်သည် လက်နက်ကို ခဏလောက် စိုက်ကြည့်လိုက်၏။ ပြီးနောက် လက်ကိုလှမ်းကာဖြင့် ယူဆောင်လိုက်လေ၏။ ဤအရာသည် နတ်ဘုရားဘီးတစ်ခုဖြစ်ပြီး တစ်ခုလုံး မဲနက်လျက် ရှိနေလေ၏။ မယုံကြည်နိုင်လောက်အောင် နက်နဲလွန်းလှသည့် တာအို၏ လက္ခဏာများ တည်ရှိနေပြီး အရာအားလုံးကို စုပ်ယူလျက် ရှိနေသလိုပင်။

ပိုမိုကာ ကြည့်ရှုလေ၊ ကြည့်ရှုနေသူ၏ ဝိညာဉ်သည် အထဲသို့ ရောက်ရှိသွားသလို ခံစားရလေဖြစ်၏။ နတ်ဘုရား ဘီး၏ အထဲတွင် သေးငယ်လှသော လောကလေးတစ်ခု တည်ရှိ နေသည့်ပုံပင်။ နတ်ဘုရားဘီးသည် မပျက်ဆီးခင်က များပြားလှသည့် ဝိညာဉ်များကို ထိုအထဲတွင် ပိတ်လှောင်ခဲ့သည့်ပုံ ပေါ်၏။ သို့ပေမဲ့ အစိတ်အပိုင်း များသာဖြစ်ပြီး ဝိညာဉ်၏ အကောင်းပကတိ တည်ရှိမှုက ပျောက်ကွယ်သွားခဲ့၏။

“စီနီယာက တကယ့်ကို အမြင်စူးရှတာပဲ” ရှေးအင်ပါယာ တိုင်ချူးသည် ချီးကျူးလိုက်မိ၏။ ဤနတ်ဘုရားဘီး၏ ပိုင်ရှင်သည် နက်နဲအလင်းလောကကြီး၏ ရောရုဝပြည်မှဖြစ်ပြီး အဆင့်မြင့်သည့် တည်နေရာတွင် တည်ရှိသော ကျင့်ကြံသူတစ်ယောက်၏ လက်နက်ပစ္စည်းလည်း ဖြစ်လို့နေ၏။

ရှေးအင်ပါယာတိုင်ချူးသည် ထိုသူကို သတ်ဖြတ်ခဲ့ပြီးသည့်နောက် လက်နက်ကို ယူဆောင်ခဲ့၏။ ဤနတ်ဘုရားဘီး၏ တန်ဖိုးကို သူက သဲသဲကွဲကွဲ သိရှိပြီး ဖြစ်လေ၏။ သူ သိမ်းဆည်းထားခြင်းသည် အမှန်ပင် ကောင်းမွန်လှသည့်အရာ ဖြစ်လာခဲ့တော့၏။ စီနီယာနန်းဆောင်သခင်သည်သာ ထိုအရာ၏ တန်ဖိုးကို သိရှိသည် ဆိုပါက ကျိန်းသေပေါက် သူ့ကို တောင်းဆိုသည့် အရာများကို လျော့ပေါ့စဉ်းစားပေးမှာ သေချာသည်။

“ကံဆိုးတာက......”

လီယွင်သည် ခေါင်းကို အသာခါယမ်းလိုက်၏။ သူသည် နတ်ဘုရားဘီးကို အသာချကာဖြင့် တီးတိုး ရေရွတ်လိုက်၏။ “ဒီလက်နက်က ထိခိုက်ထားတာပဲ”

“စီနီယာ”

ရှေးအင်ပါယာ တိုင်ချူးက မြန်မြန်ဆန်ဆန် ပြောလိုက်သည်။ “တကယ်လို့ ပြန်ပြင်လိုက်မယ်ဆိုရင် ဒါက တကယ့်ကို အပြစ်အနာအဆာ ကင်းမဲ့တဲ့ အန္တိမအဆင့် လက်နက်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ကောင်းကင်မူလ လောကကြီး တစ်ခုလုံးထဲတောင်မှ ဒီအရာက တကယ့်ကို ပြိုင်ဘက်ကင်းအရာတစ်ခုအဖြစ် တည်ရှိလာလိမ့်မယ်”

“ခင်ဗျားက ဒါကို တန်ကြေးတိုးမြှင့်ဖို့ ကြိုးစားနေတာလား”

လီယွင်သည် ရှေးအင်ပါယာ တိုင်ချုးကို တစ်ချက် လှမ်းကြည့်ပြီးသည့်နောက် နတ်ဘုရားဘီးကို အသာကမ်းပေးလိုက်၏။ “ခင်ဗျား ဒါကို ပြင်နိုင်တယ်ဆိုရင် ခင်ဗျားအတွက် အန္တိမအဆင့် ပစ္စည်းတစ်ခု လျော့ပေးဖို့ ကျုပ် ဆုံးဖြတ်ပေးမယ်”

“ဒါက.....”

ရှေးအင်ပါယာ တိုင်ချုးက ကြောင်အသွား၏။ ရောရုဝပြည်၏ အရာအားလုံးသည် တကယ်ပင် အဆုံးစွန်အထိ ဆန်းကြယ်လွန်းလှသည်။ ဤနတ်ဘုရားဘီးကို ပြန်လည်ပြင်ဆင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သလောက် နီးပါးပင်။ ရောရုဝပြည်၏ အကူအညီကို သွားရောက် တောင်းခံဖို့ ဆိုသည်မှာ ပိုမို၍ မဖြစ်နိုင်ပေ။ ကိုယ်တိုင်ကိုယ်ကျ သွားသည်ဆိုပါက ကျိန်းသေပေါက် သူ့ကို ဝိုင်းဝန်းကာ သတ်ဖြတ်မှာ သေချာသည်။

“ဘာကြောင့်လဲ။ မလုပ်နိုင်ဘူးလား”

လီယွင်က ရယ်မောကာ ပြောဆိုလိုက်၏။ “ခင်ဗျားတောင် မလုပ်နိုင်ဘူး ဆိုမှတော့ ဘယ်လိုဖြစ်ပြီး ဒီအရာတစ်ခုကို ပြန်လည်ပြင်ဆင်ဖို့ ပြောဆိုနေရတာလဲ”

“ကျုပ်”

ရှေးအင်ပါယာ တိုင်ချုး၏ အမူအရာက နာနာကျင်ကျင် ဖြစ်တည်သွား၏။ လက်ရှိ အခြေအနေတွင် သူ့၌ အန္တိမအဆင့် ပစ္စည်းနှစ်ခုသာလျှင် ကျန်ရှိတော့၏။ တစ်ခုသည် သူကိုယ်တိုင် ဖန်တီးထားသည့် နည်းစနစ် တစ်ခုဖြစ်ပြီး နောက်တစ်ခုမှတော့ သူ၏ နောက်ကျောဘက်ရှိ ဓားသာလျှင်ဖြစ်၏။ ဤနှစ်ခုသည် သူ၏ အသက်သွေး ရတနာများပင် ဖြစ်သည်။

တစ်ဖက်သောသူကို ပေးအပ်လိုက်ခြင်း ဆိုသည်မှာ သူ၏အရေပြား၊ အသားများကို လှီးဖြတ်ကာ ပေးအပ် လိုက်ခြင်းနှင့် ဆင်တူ၏။ သေသေချာချာ ပြန်လည်ကာ စဉ်းစားပြီးသည့်နောက် ရှေးအင်ပါယာ တိုင်ချုးသည် အံကိုကြိတ်လိုက်၏။ နောက်ထပ် နည်းစနစ်တစ်ခုကို ထုတ်ယူပြီး လီယွင်၏ရှေ့တွင် ချပေးလိုက်၏။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်၏။

“စီနီယာ... ဒါ ကျုပ်ကိုယ်တိုင် ဖန်တီးထားတဲ့ နည်းစနစ် တစ်ခုပါ။ အန္တိမထိပ်ဆုံးအဆင့်ထိ ကျင့်ကြံလို့ရတဲ့ အရာတစ်ခုပဲ။ နောက်ဆုံးပစ္စည်းနေရာမှာ အစားထိုးလို့ရလား”

“ရပါတယ်” လီယွင်က ခေါင်းညိတ်လိုက်၏။ သူ၏အကြည့်သည် ရှေးအင်ပါယာ တိုင်ချူး၏ နောက်ကျောဘက်တွင် ရှိနေသည့် ဓားဆီသို့ အကြည့်ရောက်သွားသည်။

လီယွင်၏ အကြည့်ကို အာရုံခံမိသည့်နောက် ရှေးအင်ပါယာ တိုင်ချုးသည် အနောက်ကိုပင် တစ်လှမ်းဆုတ်လိုက် မိ၏။ သူ၏ တန်ဖိုးအထားရဆုံး ရတနာသည် ဤအရာသာလျှင် ကျန်တော့၏။ သူ၏ အသက်သွေးဓားကိုသာ ဆုံးရှုံးသွားသည် ဆိုပါက သူ၏ အားအင်အဆင့်သည် သုံးဆလောက် ပိုမိုကာ လျော့ကျသွားမှာ သေချာ၏။ လက်နက်ရှိခြင်း၊ မရှိခြင်းသည် တကယ့် အစစ်အမှန် တိုက်ပွဲများတွင် တကယ်ကို သိသာစေ၏။

“စိတ်မပူပါနဲ့”

လီယွင်က အသာရယ်မောလိုက်သည်။ “ကျုပ် ခင်ဗျားလက်နက်ကို စိတ်မဝင်စားပါဘူး”

ထိုစကားကို ကြားရသည့် အချိန်မှာတော့ ရှေးအင်ပါယာ တိုင်ချုးသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက် မိ၏။ သို့ပေမဲ့ သူသည် သတိအပြည့်နှင့်တော့ တည်ရှိလျက် ရှိနေတုန်းပင်။

“ဒါ ခင်ဗျားလိုချင်တဲ့ အရာတွေပဲ။ ရောရုဝပြည်က လူတွေ လာတဲ့အချိန်မှာ သူတို့ကို ဘယ်လို ရပ်တန့်အောင် လုပ်ရမလဲ ဆိုတာကတော့ ခင်ဗျားရဲ့ ကိုယ်ပိုင်အရည်အချင်းပေါ်မှာ မူတည်တယ်” လီယွင်သည် ရှေးအင်ပါယာ တိုင်ချုးဆီသို့ ကျောက်စိမ်းပြားတစ်ခုကို လှမ်းကာ ပစ်ပေးလိုက်၏။

ရှေးအင်ပါယာ တိုင်ချုးသည် ထိုအရာကို ဖမ်းယူပြီးသည့်နောက် နတ်ဘုရား အသိအမြင်များကို ထည့်သွင်းကာ အကြောင်းအရာများကို ဖတ်ရှုလိုက်၏။ သူ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် တကယ်ပဲ တင်းမာသွားခဲ့သည်။

“ခြောက်လကြာရင်လား” ရှေးအင်ပါယာ တိုင်ချုးသည် တည်ကြည်စွာဖြင့် ပြောဆိုလိုက်၏။

“ဟုတ်တယ်” လီယွင်က ခေါင်းညိတ်လိုက်သည်။

“အချိန်ကတော့ တကယ် ကြပ်တာပဲ” ရှေးအင်ပါယာ တိုင်ချုးသည် ပါဝင်သည့် အကြောင်းအရာများကို ကြည့်ရှုလိုက်၏။ သူ၏ မျက်မှောင်သည် တဖြည်းဖြည်းချင်း ကုတ်ဝင်သွားခဲ့၏။

နှစ်ဝက်ခန့်ကြာပြီးသည့်နောက်‌ ရောရုဝပြည်မှ အန္တိမကျင့်ကြံသူ ငါးယောက်တို့ ရောက်ရှိလာမည်ဖြစ်ပြီး မြေအင်မော်တယ်လောကကြီး နှင့် အဆက်အသွယ် တည်ရှိနေသော တောရိုင်း တည်နေရာထဲသို့ ရောက်ရှိလာပေ လိမ့်မည်။ ၎င်း၏ နောက်မှာလည်း ရောရုဝပြည်မှ ကျွမ်းကျင်သူများလိုက်ပါလာကြသည်။ မည်သူမှသာ ဝင်ရောက် တိုက်ခိုက်ခြင်း မပြုပါက ဤငါးယောက်တို့ မြေအင်မော်တယ်လောကသို့ ရောက်ရှိသည်နှင့် တပြိုင်နက် ၎င်းတို့သည် တည်နေရာလမ်းကြောင်းကို ဖွင့်လှစ်ပေလိမ့်မည်။

တည်နေရာလမ်းကြောင်းကြီး ဖြစ်တည်လာသည်နှင့်အမျှ နက်နဲအလင်းလောကရှိ ရောရုဝပြည်သည် ကျိန်းသေပေါက် ဤကျယ်ပြောလှသောလောကကြီးနှင့် အလုံးစုံ ပေါင်းစပ်တော့မှာ ဖြစ်၏။ ထိုသို့ဆိုလျှင် မြေအင်မော်တယ်လောကသည်သာမက ခရမ်းရောင်နက်နဲလောက၊ ကောင်းကင်မူလလောကကြီးတို့ကလည်း သက်ရောက်လာပေလိမ့်မည်။

“အင်း... အချိန်က တကယ့်ကို ကြပ်နေတာပဲ” ရှေးအင်ပါယာ တိုင်ချုးသည် သက်ပြင်းချလိုက်မိ၏။

“ကျုပ် ထပ်ပြီးပြောမယ်။ ခင်ဗျား လုပ်ခဲ့တဲ့ အကြောင်းအရာတွေ အကုန်လုံးက သဲထဲရေသွန် ဖြစ်နေပြီ။ ဒီတော့ ဒီအချိန်မှာ သူတို့ရောက်ရှိလာမယ့်အချိန်ကို တိတိကျကျ သိရှိတယ်ဆိုရင်တောင် ခင်ဗျားအနေနဲ့ သူတို့ကို တားဆီးနိုင်ဖို့ လွယ်မှာ မဟုတ်ဘူး” လီယွင်က အသာပြောလိုက်သည်။

“ဘာပဲပြောပြော ကျုပ် ကြိုးစားကြည့်ရမယ်”

ရှေးအင်ပါယာ တိုင်ချုးသည် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်၏။ သူက ဦးညွတ်လိုက်၏။ “ကျုပ်အခု မြေအင်မော်တယ်လောကရဲ့ တောရိုင်းတည်နေရာဆီသွားမယ်။ ဒီတစ်ကြိမ် ကျုပ်မသေဘူးဆိုရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ပြန်လာပြီးတော့ ကျုပ်ရဲ့ ကျေးဇူးတင်မှုကို ပြသပါ့မယ် စီနီယာ”

All Chapters