အပိုင်း (၅၂၀)
Vol. 35 Ch. 520
ရန်သူငါးယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ရသည့် အချိန်တွင် ရှေးအင်ပါယာတိုင်ချူးသည် အသက်ရှင်ရက် ပြန်လာနိုင်လိမ့်မည်ဟူ၍ မမျှော်လင့်ထားချေ။ သူ့အနေနှင့် တစ်ဖက်လူများကို တားဆီးရန် လုံလောက်သည့် အခြေအနေမျိုးကို ရရှိချင်မှ ရရှိပေလိမ့်မည်။ သို့ပေမဲ့ မကြိုးစားဘူးဆိုပါက သူသည် မိမိကိုယ်ကို သစ္စာဖောက် သလို ခံစားရမည် မဟုတ်ပါလား။ ထို့ကြောင့် သေဆုံးရမည် ဆိုလျှင်တောင်မှ သူသည် ထိုလမ်းကို ရဲရဲလျှောက်ရပေလိမ့်မည်။
လီယွင်သည် လက်ကို အသာဝှေ့ယမ်းပြီး မည်သည့်စကားမှ မပြောတော့ချေ။ ထွက်ခွာ သွားခဲ့ပြီ ဖြစ်သော ရှေးအင်ပါယာတိုင်ချူးဆီကို လှမ်းကာကြည့်ရှု၏။ ပြီးနောက် ရှေ့တွင်ရှိနေသည့် စနစ်၏ မြင်ကွင်းဆီသို့ လှမ်းကာ ကြည့်လိုက်၏။
ရောရုဝပြည်မှလူများသည် နှစ်ဝက်အတွင်း ရောက်ရှိလာပေလိမ့်မည်။ အစစ်အမှန်တရားမှာတော့ ၎င်းတို့ အားလုံးသည် အစောကြီးကတည်းက စတင်ကာ လှုပ်ရှားနေကြပြီဖြစ်၏။ နက်နဲအလင်းလောကကြီးထဲတွင် ရှိနေသည့် ရောရုဝပြည်၏ လွှမ်းမိုးမှုသည် မြေအင်မော်တယ်လောကတွင်ရှိနေသည့် နိရယပြည်၏ လွှမ်းမိုးမှုထက် ပိုမိုကာ ကြောက်မက်ဖွယ်ရာကောင်းလွန်းသည်။
ရှေးအင်ပါယာတိုင်ချူး ထွက်ခွာပြီးသည့်နောက် လီယွင်သည် သူ၏ရှေ့တွင် ရှိနေသည့်အရာအားလုံးကို သိမ်းဆည်းပြီး ကောင်းကင်လျှို့ဝှက်အမှတ်များဖြင့် လဲလှယ်လိုက်၏။ စနစ်တွင် ရှိနေသည့် အမှတ်များကို လှမ်းကာ ကြည့်ရှုရင်းနှင့် သူက တွက်ချက်လိုက်မိ၏။ ဖြစ်နိုင်သည်မှာ သူ့အနေနှင့် အင်မော်တယ်ဘုရင် အဆင့်ဆီကို ရောက်ရှိရန်ဆိုသည်မှာ သိပ်ပြီး အလှမ်းမဝေးတော့ချေ။
လက်ရှိအချိန်တွင် အားအင်အဆင့်နှင့်သာ လဲလှယ်နိုင်စွမ်း ရှိနေ၏။ ရန်သူများနှင့် ရင်ဆိုင်သည့်နေရာတွင် အသုံးပြုရမည့် အချို့သောအရာများကလည်း တည်ရှိလို့နေသေး၏။ ထို့ပြင် အားအင့်အဆင့်ဆိုသည်မှာ အလွန်ပင် အရေးကြီးလှ၏။ သူ့အနေနှင့် ကိုယ်တိုင် မလှုပ်ရှားချင်ပေ။ တကယ်လို့ လှုပ်ရှားသည်ဆိုပါကလည်း ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်အဆင့်ကို ထုတ်ဖော်ပြီး တစ်ဖက်လူကို ဖိနှိပ်ခြင်းသာ ပြုလုပ်ချင်၏။
ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးသည် တချို့သော လျှို့ဝှက်အတတ်ပညာ နည်းစနစ်များကို အသုံးပြုမှ ဖြစ်ပေလိမ့်မည်။ ရှေးအင်ပါယာတိုင်ချူးဆီမှ ရရှိထားသည့် နည်းစနစ်များကို ကိုင်ဆောင်ပြီးသည့်နောက် သူသည် သူ့ကိုယ်သူ အဆင့်မြှင့်တင်ရန် ကြိုးစားလျက် ရှိနေသည်။
“နက်နဲအလင်းလောကကြီးက တည်နေရာပတ်လမ်းကြောင်းထဲကနေ ဖြတ်သန်းပြီးတော့ ရောက်ရှိလာမှာပဲ။ သူတို့က အချိန်ယူရလိမ့်မယ်။ ဒီတော့ ငါ့အနေနဲ့ အဲဒီလောကကြီးကို အသာဆွဲယူပြီးတော့ မြေအင်မော်တယ် လောကနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် .....” လီယွင်သည် အပြင်ဘက် လေဟာနယ်ကို လှမ်းကြည့်ပြီးနောက် လက်တစ်ဖက်ဖြင့် မေးစေ့ကို ပွတ်သပ်နေ၏။ သူ၏မျက်လုံးထဲတွင် တွေးတွေးဆဆ အမူအရာများ ထင်ပေါ်လျက် ရှိနေ၏။ သူသည် အကောင်းမွန်ဆုံးသော အကြံအစည်များကို စဉ်းစားနေခြင်းပင် ဖြစ်၏။
စနစ်ဆီမှ ကြည့်ရှုရမည်ဆိုလျှင် လက်ရှိနက်နဲအလင်းလောကကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းကြောင်း သူက နားလည်၏။ နက်နဲအလင်းလောကကြီးရှိ ရောရုဝပြည်၏ ဆက်ခံသူသည် အင်မော်တယ် ဘုရင်အဆင့်နှင့် ခြေတစ်လှမ်းသာလျှင် ဝေးကွာသည့် အခြေအနေဆီသို့ ကျင့်ကြံထားနိုင်ခဲ့သည်။
နက်နဲအလင်းလောကကြီးသည်သာ မြေအင်မော်တယ်လောကနှင့် ပေါင်းစပ်သွားသည်ဆိုပါက ထိုရောရုဝ ပြည်၏ ဆက်ခံသူသည် ကျိန်းသေပေါက် အင်မော်တယ်ဘုရင်အဆင့်ဆီသို့ တက်လှမ်းသွားနိုင်၏။ ဤကဲ့သို့သော အပြုအမူမျိုးသည် ကြီးမားသည့် ပြဿနာကို ဖန်တီးလိုက်ခြင်း ဖြစ်ကြောင်း သံသယ ရှိစရာမလိုချေ။ မြေအင်မော်လောက၊ ခရမ်းရောင်နက်နဲလောက၊ ကောင်းကင်မူလ လောကမှလူများသည် ပေါင်းစပ်ပြီး ခုခံမယ်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ဖိနှိပ်ခြင်းကို ခံရပေလိမ့်မည်။
“ဒါ နည်းနည်းတော့ အလှည့်အပြောင်း များတာပဲ” လီယွင်သည် နှုတ်ခမ်းကို ကိုက်လိုက်မိ၏။ သူသည် လောကကြီးများကြားတွင် ပိုမိုကောင်းမွန်သည့် ဟန်ချက်ညီတရား ပေါ်ပေါက်စေချင်မိ၏။
နက်နဲအလင်းလောကကြီးနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင်တောင် အချိန်အတိုင်းအတာတို အတွင်းတွင် ကြီးကြီးမားမား တိုးတက်လာလိမ့်မည် မဟုတ်ချေ။ အချိန်အတော်ကြာသည်ဆိုပါက မြေအင်မော်တယ်လောက နှင့် တခြားသောလောက အားလုံးပင်လျှင် လုံးဝသုတ်သင်ခြင်းကို ခံရပြီး လောကပျက်ကြီးများ အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ သူသာ ဝင်ရောက်လှုပ်ရှားခြင်း မရှိပါက အားလုံးသည် ကူရာမဲ့သည့် အခြေအနေဆီသို့ ရောက်ရှိပေလိမ့်မည်။
ထို့အပြင် လက်ရှိ မြေအင်မော်တယ်လောကကြီး၌ အစစ်အမှန်အင်မော်တယ်များသည် ထိပ်ဆုံးအဆင့်၌သာ တည်ရှိ၏။ အင်မော်တယ်ဘုရင်အဆင့်ဆိုသည့် ကျင့်ကြံခြင်းနှင့် အလွန့်အလွန်ပင် ဝေးကွာလျက်ရှိနေ၏။ အားကောင်းလွန်းလှသည့် စွမ်းအားမြင့်ကျင့်ကြံသူများနှင့် ရင်ဆိုင်သည့်နေရာတွင် ကျိန်းသေပေါက် သံသယရှိစရာမလိုဘဲ သေဆုံးသွားမှာ သေချာ၏။ ထို့သို့ဆိုလျှင် သူ၏ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆိုသည်ကလည်း အလှပြထားသည့် အရာတစ်ခုသာ ဖြစ်လာပေလိမ့်မည်။
“အင်း.. တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်”
လီယွင်က တီးတိုးရေရွတ်လိုက်၏။ သူ၏အကြည့်သည် တခြားသော တည်နေရာဆီသို့ရောက်ရှိလာ၏။ လေဟာနယ်ကို ဖြတ်သန်းပြီးသည့်နောက် သူ၏မျက်လုံးထဲ၌ ကျယ်ပြောလွန်းလှသည့် လောကကြီးတစ်ခုကို မြင်နေရ၏။
“ငါ တခြားလောက တစ်ခု၊နှစ်ခုလောက်နဲ့ ပေါင်းစပ်ပြီးတော့မှ နက်နဲအလင်းလောကကြီးရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ဖို့ ကြိုးစားရမယ်”
မြေအင်မော်တယ်လောကနှင့် တခြားသောလောကများသည် နက်နဲအလင်းလောကကြီး၏ ယှဉ်ပြိုင်ဘက်များ မဟုတ်လှချေ။ သို့ပေမဲ့ ပေါင်းစပ်ရမည့် တစ်ချို့လေကများ ကျန်နေသေးသည်။ ဥပမာအားဖြင့် နက်နဲမီးတောက်လောကကြီးသည် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားခဲ့၏။ ထိုအစိတ်အပိုင်းများသည် သိုင်းလောကကြီးနှင့် နက်နဲလျှို့ဝှက်နယ်မြေပင် ဖြစ်၏။
၎င်းတို့လောက နှစ်ခု၏ အလုံးစုံသော အားအင်အဆင့်သည် စဉ်းစားသုံးသပ်ရမည့်အရာမျိုးပင် ဖြစ်၏။ ထိုလောကနှစ်ခုသာ အရင်ဆုံး သူခေါ်ဆောင်ထားနိုင်သည်ဆိုပါက နက်နဲမီးတောက်လောကကြီးသည် ကောင်းကင်မူလလောကကြီးနှင့် ယှဉ်တွဲကာ ပြန်လည် မွေးဖွားလာသည်ဟုပင် သတ်မှတ်ရပေတော့မည်။ ထိုအရာကို တွေးပြီးသည့်နောက် လီယွင်သည် တွန့်ဆုတ်မနေတော့ချေ။
“အင်း ရှိတဲ့ ကောင်းကင်လျှို့ဝှက်အမှတ်တွေကို အသုံးပြုပြီးတော့ ငါ့ရဲ့အားအင်အဆင့်တွေကို တိုးပေးအုံး”
[ဒင်… ဂုဏ်ယူပါတယ် လက်ခံသူ။ သင်၏အားအင်အဆင့်သည် အင်မော်တယ်ဘုရင် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့၏]
ဘုန်း
ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်သံကြီးထွက်ပေါ်လာပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းတွင်တော့ ပေပေါင်းများစွာ မြင့်မားလှသည့်အရပ်နှင့် ဆန်းကြယ်လှသည့် စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်က လေဟာနယ်ထဲတွင် ပုံရိပ်ယောင်အဖြစ် ပေါ်ပေါက်လာခဲ့သည်။ ၎င်းသည် သေမျိုးလောက ဆီသို့ ဆင်းသက်လာသည့် နတ်သားတစ်ပါးကဲ့သို့ပင်။ ကောင်းကင်လျှို့ဝှက်နန်းဆောင် တစ်ခုလုံးဆီမှ အလင်းတန်းများသည် ထိုသူ့ဆီသို့ ကျဆင်းလျက်ရှိနေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ တည်နေရာ တစ်ခုလုံးနီးပါးသည် ရောင်စဉ်အလင်းတန်းများ ထွန်းတောက်နေသည်ဟုပင် ပြောဆို၍ရသည်။
လီယွင်၏ အော်ရာများသည် တဖြည်းဖြည်းနှင့် တိုးတက်လာခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည်သာ တားဆီးထားသည်မဟုတ်ပါက ကောင်းကင်မူလလောကကြီးသည် ထိုအော်ရာကြောင့် တစ်စစီ ဖြစ်ကုန်မှာ သေချာ၏။ အမှန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
လောကကြီး၏ အကန့်အသတ် အထက်တွင် ရှိနေပြီး လောကကြီးတစ်ခုလုံးက လက်ခံထားနိုင်သည့် အရာမျိုးမဟုတ်ချေ။ လီယွင်သည်သာ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏အပြင်ဘက်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်ဆိုပါက နတ်ဘုရား ကပ်ဘေးကို ဆွဲဆောင်ဖို့ပင် မလိုအပ်ချေ။ ကောင်းကင်မူလလောကကြီး တစ်ခုလုံးသည် ဘာမှမရှိခဲ့သလိုပင် ပျောက်ကွယ်သွားမှာ သေချာသည်။
အချိန်အတော်ကြာပြီးသည့်နောက် တီးတိုးညည်းသံတစ်ခုက ထွက်ပေါ်လာ၏။ “အင်မော်တယ်ဘုရင်အဆင့် နောက်ဆုံးလား”
လီယွင်သည် လက်နှစ်ဖက်ကိုနောက်ပစ်ကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် ရပ်လျက်ရှိနေသည်။
“ဒီအားအင်အဆင့်က မူလနက်နဲမီးတောက်လောကကြီးနှင့် စိန်ခေါ်ဖို့အတွက် လုံလောက်တဲ့ အားအင် အဆင့်မျိုး မဟုတ်သေးဘူး။ ဒါပေမဲ့ ကွဲပြားလျက်ရှိနေတဲ့ နက်နဲလျှို့ဝှက်လောကနှင့် အစစ်အမှန် သိုင်းလောကကြီးတို့အတွက်တော့ လုံလောက်တာထက်တောင် ပိုနေမယ်။ ငါကြည့်ရမယ်။ အစစ်အမှန် သိုင်းလောက၊ နက်နဲလျှို့ဝှက်လောကနှင့် နက်နဲအလင်းလောကတို့ ဒီလောကတွေကို ပေါင်းစပ်ပြီးတဲ့ နောက်မှာ လောကကြီးရဲ့ အလုံးစုံအားအင်အဆင့်က ဘယ်လောက်ထိ တိုးတက်သွားမလဲ” လီယွင်သည် မျှော်လင့်တကြီးဖြင့် ပြောလိုက်မိ၏။
မူလကောင်းကင်မီးတောက် လောကကြီးထက် မည်သို့မျှ နိမ့်ပါးမည် မဟုတ်တာကတော့ သေချာ၏။ အင်မော်တယ် အင်ပါယာအဆင့် စွမ်းအားမြင့်ကျင့်ကြံသူများကို လက်ခံထားနိုင်စွမ်း မရှိဘူး ဆိုလျှင်တောင်မှ အင်မော်တယ်ဘုရင်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်ကို လက်ခံထားဖို့ ဆိုသည်မှာ ပြဿနာ မဟုတ်နိုင်ချေ။
လောက၏ အဆင့်အတန်းသည် တကယ့်ကို ကျိန်းသေပေါက် တိုးတက်သွားမှာ သေချာ၏။ ထပ်မံကာ တူညီသည့် လောကတချို့ကို ပေါင်းစပ်လိုက်မည်ဆိုပါက အစစ်အမှန် အင်မော်တယ် အင်ပါယာများပင် နေထိုင်နိုင်စွမ်း ရှိနေသည့်အရာ ဖြစ်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် အစစ်အမှန် အင်မော်တယ် အင်ပါယာ များ ရောက်ရှိလာမည်လား။ သေတော့ မသေချာလှပေ။
ထို့ပြင် အင်မော်တယ်အင်ပါယာ ဆိုသည်မှာ ဒီဘက်ခေတ်ကြီးတွင် အလွန့်အလွန်ကို ရှားပါးလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများ ဖြစ်၏။ ၎င်းတို့သည် အင်မော်တယ်အင်ပါယာ အဖြစ် ဖြစ်တည်လာခဲ့ပြီးသည့်နောက် ၎င်းတို့၏ မူရင်း လောကထဲတွင် နေထိုင်လိမ့်မည်ဟု မည်သူကမှ အာမ မခံနိုင်ချေ။
လီယွင်သည် စနစ်ဆီသို့ တစ်ချက် လှမ်းကြည့်ပြီးသည့်နောက် နက်နဲလျှို့ဝှက်နယ်မြေ၏ တည်နေရာကို အတည်ပြုလိုက်၏။ လက်တစ်ဖက်ကို လှမ်းမြှောက်ကာဖြင့် သူသည် လေဟာနယ်ထဲသို့ ဖမ်းဆွဲလိုက်၏။
ဘုန်း
လေဟာနယ်တစ်ခုလုံး တုန်ယင်သွားခဲ့ပြီးသည့်နောက် များပြားလွန်းလှသည့် စွမ်းအင်လှိုင်းများသည် ရှုပ်ထွေးလှသည့် တည်နေရာလမ်းကြောင်း၏ အတွင်းဘက်သို့ ရောက်ရှိသွားခဲ့၏။ ပြီးနောက် တခြားသော လက်တစ်ဖက်သည် မတူညီသည့် တည်နေရာတစ်ခုဆီမှ ရောက်ရှိလာခဲ့ပြီးသည့်နောက် လောကကြီးနှစ်ခုကို စတင်ကာ ပေါင်းစပ်လေသည်။
တဝုန်းဝုန်းနှင့် ကျယ်လောင်သောအသံများ ထွက်ပေါ်လာခဲ့လေ၏။ လောကကြီးနှစ်ခုကို ပေါင်းစပ်ပြီး သည့်နောက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့် အသံများ ဖြစ်တည်လာကာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်လှိုင်းများသည် တည်နေရာအနှံ့ဆီ ပျံ့နှံ့သွားသည်။ ပြီးနောက် အလွန်မြန်ဆန်သည့် နှုန်းထားဖြင့် လောကကြီးက ရွေ့လျားနေလေ၏။