အပိုင်း (၅၂၁)
Vol. 35 Ch. 521
နက်နဲအလင်းလောက - ကျယ်ပြောလှသောလောကကြီး တစ်ခုဖြစ်ပြီး အဆုံးမဲ့ ကြီးမားလွန်းလှ၏။ နက်နဲ မီးတောက်လောကကြီးမှ ခွဲထွက်လာခဲ့ပြီးနောက် ၎င်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ပါရမီရှင်များကို မွေးထုတ်ပေးနိုင်စွမ်း ရှိခဲ့သည့် လောကကြီးတစ်ခု ဖြစ်လာခဲ့၏။ ၎င်းတို့သည် ပျက်စီးမှု အခြေအနေဆီမှ သက်ဝင်နိုးထလာခဲ့သည့် ရှေးသားရဲကြီးတစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။
သို့ပေမဲ့ နှစ်သန်းပေါင်းများစွာကြာမြင့်ပြီး နက်နဲအလင်းလောကကြီး ထိပ်ဆုံးအဆင့်သို့ ရောက်ရှိလာသည့် အချိန်တွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အင်အားစုတစ်ခုက ထွက်ပေါ်လာခဲ့၏။ ထိုအရာသည် အရာအားလုံးကို ဖျက်ဆီးလုနီးပါးပင်။ လက်ရှိအခြေအနေမှာတော့ နက်နဲအလင်းလောကကြီး ထဲတွင် အဆုံးမဲ့ များပြားလှသည့် သတ္တဝါများသည် သွေးချောင်းစီးလျက်ရှိနေပြီး နေရာအနှံ့တွင်လည်း တိုက်ပွဲများနှင့် ဖြစ်တည်နေခဲ့၏။
မြေပြင် တည်နေရာတစ်ခုလုံးတွင် သွေးများနှင့် ပြည့်နှက်လျက် ရှိနေ၏။ အနားပတ်ဝန်းကျင်သို့ လှမ်းကြည့်မည်ဆိုလျှင် မြေပြင်တစ်ခုလုံးသည် ဆိုးရွားစုတ်ပြတ်လျက် ရှိနေပြီး ချောင်းများသည်လည်း စီးဆင်းရာမှ ရပ်တန့်လျက်ရှိ၏။ တောင်နှင့်မြောင်းများ အားလုံးတို့သည် ပျက်စီးလျက် ရှိနေပြီး ကျင့်ကြံခြင်း တည်နေရာတစ်ခုလုံးသည်လည်း အပျက်အစီးများအဖြစ်သို့ ပြောင်းလဲခဲ့သည်။
တော်တော်များများသော ကျင့်ကြံသူများသည် အိုးမဲ့အိမ်မဲ့အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ကောင်းကင်ယံ ထက်တွင် ကြယ်များပင်လျှင် ပျက်စီးလျက် ရှိနေ၏။ ထိုကြယ်များ၏ အရောင်အဆင်းကလည်း မှေးမှိန်လို့နေ၏။ ရေတွက်၍မရအောင် များပြားသည့် စွမ်းအားမြင့်ကျင့်ကြံသူများ၏ အလောင်းများသည် မြေပြင် တည်နေရာတစ်ခုလုံးတွင် ပြန့်ကျဲလျက်ရှိနေပြီး ကြောက်မက်ဖွယ်ရာကောင်းသော အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။
နက်နဲအလင်းလောကကြီး၏ အခြေအနေတစ်ခုလုံးကို ဖော်ညွှန်းပြောဆိုရမည်ဆိုလျှင် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိပြီးသည့်နောက် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ အောက်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ခြင်းပင်။ ဤအရာအားလုံး၏ အဓိကလက်သည်သည် ရောရုဝပြည်အရှင်ကြောင့်ပင်။
လက်ရှိအခြေအနေတွင် အလွန်ခန့်ညားပြီး ကြီးမားလွန်းလှသည့် နန်းတော်ကြီးတစ်ခုထဲတွင် ဆန်းကြယ် လှသည့် လူတစ်ယောက်သည် အလယ်ဗဟို၌ မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းသည် အရာအားလုံးတို့ကို ငုံ့မိုးကာ ကြည့်ရှုနိုင်စွမ်းရှိနေသည့် လူတစ်ယောက်ပင်ဖြစ်၏။ ၎င်း၏ ပုံပန်းသွင်ပြင်သည် ပုံရိပ်ယောင်ကဲ့သို့ ဖြစ်တည်နေသည် ဆိုလျှင်တောင်မှ ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအင်လှိုင်းများကို ထုတ်ဖော်နိုင်တုန်းပင်။
“တိုင်ချူး၏ သဲလွန်စကို ရပြီလား” ထိုသူသည် ဖြည်းညှင်းစွာဖြင့် ပြောဆိုလိုက်၏။ ကျယ်ပြောလှသည့် ကောင်းကင်ယံတစ်ခုလုံးသည် သူ၏ စကားစု ထွက်ပေါ်လာသည်နှင့် တပြိုင်နက် များပြားလှသည့် ပြောင်းလဲမှုများ ဖြစ်တည်လာခဲ့၏။ ကောင်းကင်ယံတွင် ရှိနေသည့် တိမ်များပင်လျှင် လွင့်စင်သွားခဲ့၏။
“အရှင့်ကို သတင်းပို့ပါတယ်”
အမဲရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ သူ၏ မျက်လုံးများသည် နီရဲနေခဲ့၏။ သူသည် ဒူးထောက်ကာ ဂါရဝပြုလိုက်သည်။
“ကျုပ်... တိုင်ချူး ဘယ်နေရာမှာရှိတယ်ဆိုတာကို ကောင်းကောင်းအတည်ပြုနိုင်ပါပြီ။ သူကနက်နဲအလင်း လောကကြီးထက် ဘယ်လိုမှအားမနည်းတဲ့ လောကတစ်ခုကို ဝင်သွားခဲ့ပုံပေါ်တယ်”
“ဪ”
ထိုဆန်းကြယ်လှတဲ့လူသည် ခန္ဓာကိုယ်ကို အသာလှည့်လိုက်၏။ သူ၏ နှာခေါင်းပေါက်မှ ထွက်ပေါ်နေသည့် အသက်ရှူနှုန်းကပင်လျှင် ဆူနာမီမုန်တိုင်းကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ၎င်း၏ ထူးမခြားနားလှသည့် မျက်လုံးများသည် ဟိုးအဝေး လေဟာနယ်တည်နေရာ တစ်ခုလုံးကို ဖြတ်သန်းကာ လှမ်းမျှော်ကြည့်ရှုနေ၏။
“သူ့ကိုရှာပြီးတော့ ပြန်ခေါ်ခဲ့” ထိုသူက ပြောဆိုလိုက်၏။ သူ၏အသံသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အေးစက်မှုများ ပါဝင်လျက်ရှိနေသည်။
အဓိကဟောခန်းကြီးထဲတွင် လက်ရှိ တည်ရှိနေကြသော များပြားလှသည့် ကျင့်ကြံသူ တစ်ယောက်ချင်းစီတိုင်းကလည်း စွမ်းအားမြင့် ကျင့်ကြံသူများပင် ဖြစ်၏။
သူတို့ခေါင်းဆောင်၏ စကားကို ကြားရချိန်မှာတော့ သူတို့အားလုံး၏ ခန္ဓာကိုယ်တွင် သတ်ဖြတ်လိုခြင်း ဆန္ဒများ ဖြစ်တည်လာခဲ့၏။ ရောရုဝပြည်သည် လောကကြီးတစ်ခုလုံးကို သိမ်းပိုက်ခဲ့ပြီးပြီဖြစ်၏။ ထို့ပြင် တခြားသောသူများကို ငရဲသားအဖြစ် ကမ်းလှမ်းခဲ့၏။ တိုင်ချူးသည် ထိုသူများထဲမှ တစ်ယောက်သာလျှင် ဖြစ်၏။ ထို့ပြင် တိုင်ချူး၏ အားအင်အဆင့်သည် ခန့်မှန်း၍မရနိုင်သလို အင်မော်တယ်ဘုရင်အဆင့်နှင့် နီးကပ်လျက် ရှိနေသောသူမျိုးပင်။
ရောရုဝပြည်အရှင်တစ်ယောက်ဖြစ်သော သူပင်လျှင် အချိန်အတိုင်းအတာတိုအတွင်း တိုင်ချူးကို အနိုင်မယူနိုင်ခဲ့ချေ။ သို့ပေမဲ့ များပြားလှသည့် အကျိုးအမြတ်များကို မျှော်ကိုးပြီးသည့်နောက် အန္တိမ စွမ်းအားမြင့် ကျင့်ကြံခြင်းအဆင့်တွင် ရှိနေသည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်ကို ဂိုဏ်းထဲသို့ ခေါ်ဆောင်ခြင်းဆိုသည်မှာ တကယ့်ကို ကောင်းမွန်လှသည့်အရာပင် ဖြစ်သည်။
သို့ပေမဲ့ တိုင်ချူးသည် မည်သူမျှ ထင်မှတ်မထားသည့် အရာမျိုးကို တုံ့ပြန်ခဲ့၏။ ခုခံခဲ့သည်သာ မဟုတ်ပေ။ ရောရုဝပြည်၏ သံတမန်ကိုပင် တစ်ခါတည်း သတ်ဖြတ်ခဲ့၏။ ပြီးသည့်နောက် နက်နဲအလင်းလောကဆီမှ ထွက်ခွာကာဖြင့် ပြေးလေ၏။ တိုင်ချူးသည် ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး မယုံကြည်နိုင်စရာ ကောင်းလှသည့် အမြန်နှုန်းကို ပိုင်ဆိုင်၏။
ရောရုဝပြည်သည် ထူးခြားလွန်းလှသည့် နည်းစနစ်များကို ထုတ်ဖော်ကာ လိုက်လံသည်ဆိုလျှင်တောင်မှ မည်သူမျှသည် တစ်ဖက်လူကို မမှီခဲ့ချေ။ အကယ်၍ လိုက်နိုင်မည် ဆိုလျှင်တောင်မှ သူတို့သည် အပြည့်အဝ လိုက်ပါရဲမည်မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် နက်နဲအလင်းလောကကြီး တစ်ခုလုံးကိူ တည်ငြိမ်အောင် ပြုလုပ်ရန်လိုအပ်ပြီး အရာအားလုံး သူတို့၏လက်အောက်တွင် တည်တည်ငြိမ်ငြိမ် တည်ရှိနိုင်ရန် ဖန်တီးရပေဦးမည်။
ယခု နက်နဲအလင်းလောကကြီးတစ်ခုလုံးသည် အပြည့်အဝ လွှမ်းမိုးခြင်းကို ခံလိုက်ရပြီး ရန်ဘက်များ အားလုံး သည်လည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြပြီဖြစ်၏။ ထို့ကြောင့် ထွက်ပြေးသွားခဲ့ပြီဖြစ်သောလူအား လိုက်လံဖြေရှင်းရန် အချိန်အခါ ကျရောက်လာခဲ့ပြီဖြစ်၏။
“နားလည်ပါတယ်” ချပ်ဝတ်ကို ဝတ်ဆင်ထားသည့်လူသည် လေးလေးစားစားနှင့် ပြောဆိုလိုက်သည်။
မကြာခင်မှာပဲ နန်းတော်၏ အပြင်ဘက်ဆီသို့ နတ်ဘုရားလှေတစ်စင်းက ထွက်ခွာသွားခဲ့၏။ ဤနတ်ဘုရားရွက်သင်္ဘောသည် ရောရုဝပြည်အရှင် ရရှိခဲ့သည့်အမွေအနှစ်တစ်ခုဖြစ်ပြီး ရှေးငရဲအင်ပါယာ ချန်ခဲ့သည့်အရာပင် ဖြစ်သည်။ ရှုပ်ထွေးလှသည့် လေဟာနယ် တည်နေရာထဲတွင် မြန်မြန်ဆန်ဆန်နှင့် သွားလာနိုင်စွမ်းရှိနေပြီး ၎င်း၏အမြန်နှုန်းသည် အင်မော်တယ်ဘုရင်တစ်ယောက်၏ အမြန်နှုန်းနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်းရှိ၏။
ရွက်သင်္ဘောကြီး အဝေးဆီ၌ ပျောက်ကွယ်သွားသည်ကို လှမ်းကာကြည့်ရှုပြီးသည့်နောက် နန်းတော်ထဲတွင် ရှိနေသည့်လူသည် အေးစက်စက်အသံဖြင့် ပြောဆိုလိုက်သည်။ “တိုင်ချူးရဲ့ မွေးရပ်မြေက နက်နဲအလင်းလောကကြီးထက် ဘယ်လိုမှ အားမနည်းတဲ့လောကကြီး တစ်ခုလား။ မထင်မှတ်ထားလောက်အောင်ဘဲ သူကထွက်ပြေးပြီးတဲ့နောက်မှာ ရောရုဝပြည်ကို လက်ဆောင် တစ်ခုပေးဖို့ စီစဉ်ခဲ့တာကိုး”
နောက်ထပ်စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် ရှေ့သို့လှမ်းတက်ကာ လေးလေးစားစား ပြောလိုက်၏။ “တိုင်ချူးရဲ့တည်နေရာကို ကျုပ်တို့ ရှာဖွေတွေ့ရှိသွားပြီဆိုမှတော့ ရောရုဝပြည်ကို ထပ်မံချဲ့ထွင်ဖို့အတွက် လက်ရွေးစင်အဖွဲ့သားတွေကို ကျုပ်တို့ခေါ်ဆောင်သွားမယ်။ ကျုပ်တို့ တိုင်ချူးကို ဖမ်းရုံသာ မကဘူး၊ ပြည့်စုံတဲ့ လောကကြီးတစ်ခုကို ထပ်မံသိမ်းပိုက်ဖို့ အခွင့်အရေးကို ရရှိခဲ့ပြီ။ လောကကြီးနှစ်ခုရဲ့ အခြေခံ အရင်းအမြစ်တွေကိုသာ ရရှိမယ်ဆိုရင် အရှင်... ကျိန်းသေပေါက် အရှင်က ခရီးဝေးကို သွားနိုင်မဲ့လူတစ်ယောက် ဖြစ်လာလိမ့်မယ်”
“ပြိုင်ဘက်ကင်းတဲ့ အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်စရာ မရှိဘူး။”
“အလျင်မလိုနဲ့”
ထိုသူသည် လက်ကိုအသာမြှောက်ကာဖြင့် တည်ငြိမ်အေးချမ်းစွာ ပြောလိုက်သည်။
“နက်နဲအလင်းလောကကြီးထက် ဘယ်လိုမှ အားမနည်းတဲ့ လောကတစ်ခုဆိုမှတော့ ကျိန်းသေပေါက် အခြေခံတချို့ကို ပိုင်ဆိုင်မှာပေါ့။ ဘာတစ်ခုကိုမှ နားမလည်သေးခင် အလျင်စလို လုပ်လို့မရဘူး၊ အသေးစိတ် အချက်အလက်တွေကို ကျုပ်တို့သိပြီဆိုမှ တည်နေရာလမ်းကြောင်းတစ်ခုကို အပြည့်အစုံ ဖန်တီးမယ်။ ပြီးရင် ကျုပ်တို့ လက်ရွေးစင်တပ်သားတွေအားလုံးကို လောကဖြတ်သန်းစေပြီးတော့ တစ်ခါတည်းသိမ်းပိုက် အနိုင်ယူလိုက်မယ်”
“ဒါပေမဲ့ အရှင် အချိန်တော်တော်များများ ကုန်မယ်နဲ့တူတယ်” ထိုသူသည် ခက်ခက်ခဲခဲဖြင့် လှမ်းကာ ပြောလိုက်၏။
“အချိန်ကုန်တယ် ဟုတ်လား။ အချိန်ကုန်လည်း ကျုပ်တတ်နိုင်တယ်”
ထိုသူသည် ထပ်မံကာပြောလိုက်သည်။ “နေအုံး၊ အဲလောကကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အပြည့်အစုံ နားလည်အောင်စောင့်အုံး၊ ပြီးမှကျုပ်တို့ ပြုမူဆောင်ရွက်ကြမယ်။ ဒါနဲ့ ....”
ကျယ်လောင်လှသော အသံကြီးတစ်ခုက ထွက်ပေါ်လာခဲ့၏။ နက်နဲအလင်းလောကကြီးတစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွားခဲ့၏။ တောင်များ၊ ချောင်းများအားလုံးတုန်ယင်သွားခဲ့ပြီး ကောင်းကင်ယံတွင် ရှိနေသည့် ကြယ်များအားလုံးသည် အရောင်အဆင်း ကင်းမဲ့သွား၏။ ဘာမှန်းမသိသည့် ဖိအားကြီးတစ်ခုက ကျဆင်းလာခဲ့ပြီး အားလုံးသောသူတို့သည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အခြေအနေမျိုးကို ကြုံဆုံနေရ၏။ လောကကြီးတစ်ခုလုံး အဆုံးသတ်တော့မည်သကဲ့သို့ပင်။
“ဘာတွေဖြစ်နေတာလဲ”
အဓိကဟောခန်းကြီးအတွင်းမှာတော့ များပြားလှသည့် စွမ်းအားမြင့်ကျင့်ကြံသူ များ၏ အမူအရာများသည် ပြောင်းလဲသွား၏။ ၎င်းတို့သည် လေဟာနယ်ထဲကို လှမ်းကာကြည့်ရှုလိုက်ကြ၏။ တစ်ယောက်ချင်းစီတိုင်းသည် စိုးရိမ်ကြောင့်လန့်မှုများနှင့် ပြည့်နှက်လျက်ရှိနေကြသည်။
သူတို့သည် ထိုကဲ့သို့သော ခံစားမှုမျိုးကို ခံစားရသည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီဖြစ်၏။ ဤအရာသည် ကြောက်ရွံ့မှု ဖြစ်၏။ သက်ရှိသတ္တဝါများ၏ အရှေ့တွင် ပုရွက်ဆိတ်တစ်ကောင် ဖြစ်နေရသည့် ကြောက်ရွံ့မှုမျိုးပင်။
ရှေးကောင်းကင်အင်ပါယာသည် နက်နဲအလင်းလောကကြီးတစ်ခုလုံးကို ငုံ့မိုးကာကြည့်ရှုပြီး တုံ့ပြန် လှုပ်ရှားနေသလိုပင်။ သူတို့အားလုံးသည် စွမ်းအင်ကင်းမဲ့သလို ခံစားနေရ၏။
“ဒါဘာကြီးလဲ” ရောရုဝပြည်၏အရှင်သည် ရုတ်တရက် ခေါင်းကိုမော့ကာဖြင့် လေဟာနယ်ထဲသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ကြီးမားလှသည့် လက်ကြီးတစ်ဖက်သည် နက်နဲအလင်း လောကကြီးတစ်ခုလုံးကို ဆုပ်ကိုင်ကာဖြင့် တည်နေရာပတ်လမ်းကြောင်းထဲသို့ ဆွဲခေါ်သွားကြောင်း သူ မြင်နေရသည်။
တစ်ဖက်လူ၏ အော်ရာများသည် သူ့ကိုကြက်သီးများပင် ထစေခဲ့၏၊ အချိန်အတော်ကြာပြီးသည့်နောက် သူသည် ခက်ခက်ခဲခဲဖြင့် စကားလုံးတစ်ခုကိုသာ ရွတ်ဆိုလိုက်မိ၏။ “အင်မော်တယ် ဘုရင်လား”