အပိုင်း (၅၁၇)
Vol. 35 Ch. 517
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်မှာတော့ ....
ရှေးအင်ပါယာတိုင်ချူးသည် ခဏကြာအောင် စောင့်စားလိုက်၏။ ချင်ရွှမ်လန် နန်းဆောင်ထဲသို့ အရင်ဆုံး ဝင်ရောက်သွားခဲ့သောကြောင့် ရှေးအင်ပါယာတိုင်ချူးသည် ဝင်၍ မရခဲ့ချေ။
“ဒါ ကောင်းကင်လျှို့ဝှက်နန်းဆောင်လား”
ရှေးအင်ပါယာတိုင်ချူးသည် အပြင်ဘက်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး ရှေးဆန်ပြီး ကြည့်ကောင်းလွန်းလှသည့် နန်းဆောင်ကြီးကို လှမ်းကာ ကြည့်ရှုနေ၏။ သူ၏ မျက်လုံးထဲတွင် တွေးတွေးဆဆ အမူအရာများ ဖြစ်တည်လျက် ရှိနေပြီး သူဆိုလျှင်တောင်မှ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းဘက်သို့ လှမ်းမျှော်ကာ မကြည့်ရှုနိုင်ချေ။
ကြည့်ရသည်မှာ ဖျက်ဆီး၍မရနိုင်သော အော်ရာများ၏ လွှမ်းခြုံမှုကိုခံထားရပြီး အထဲတွင်ရှိနေသည့် အကြောင်းအရာများ ကို မည်သူကမှ ကြည့်ရှု၍ မရနိုင်ချေ။ အတင်းကြည့်ရှုရန် ကြိုးစားလိုက်သည် နှင့်တပြိုင်နက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် တုံ့ပြန်မှုကို ပြန်လည်ကာ ခံစားရ၏။ သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့် တောင်မှ ထိုအရာကို မခုခံနိုင်ခဲ့ချေ။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က အသင်္ချေ များပြားတဲ့ လောကတွေကို ပေါင်းစပ်နိုင်တယ်လေ။ အနာဂတ်ကိုလည်း လှမ်းမျှော်ကာ ကြည့်ရှုနိုင်တယ်။ အင်း.. သူက ကျိန်းသေပေါက် အင်မော်တယ်ဘုရင်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လိမ့်မယ်။ ပြီးတော့ အနာဂတ်အကြောင်းနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ ခန့်မှန်းနိုင်တဲ့ ဘယ်သူ့ကိုမှ ငါမတွေ့ခဲ့ဘူးပဲ” ရှေးအင်ပါယာတိုင်ချူးက တီးတိုးရေရွတ်လိုက်၏။
ဤလူသည် အချိန်၏ မြစ်ရေစီးကြောင်းကို လှည့်လည် ခရီးသွားလာနိုင်ပြီး အနာဂတ်တွင် ဖြစ်တည်မည့် အကြောင်းအရာများ ကို ကြည့်ရှုနိုင်စွမ်းရှိသည့်လူ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
“အင်မော်တယ်ဘုရင် တစ်ယောက်အနေနဲ့ သူက လက်ရှိ ကောင်းကင်မူလလောကကြီးရဲ့ ကောင်းကင်တာအိုကို ထိန်းချုပ်ထားနိုင်စွမ်း ရှိနေတယ်။ ကောင်းကင်တာအိုရဲ့ ထိန်းချုပ်မှု အထက်မှာရှိနေတဲ့သူ။ ဒါကြောင့် သူက ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို လွယ်လွယ်ကူကူနဲ့ ထုတ်ဖော်ပြသနိုင်တာလား”
ရှေးအင်ပါယာတိုင်ချူးသည် တွေးတောလေ၊ သူ၏ မျက်လုံးများ ပိုမိုကာ တောက်ပလာလေဖြစ်၏။ သူ့အနေနှင့် မြူများကြားထဲတွင် ရှိနေသည့် အစစ်အမှန်တရားကို လှမ်းကာ ကိုင်တွယ်နိုင်စွမ်း ရှိနေသလို ခံစားနေမိ၏။ အင်မော်တယ်ဘုရင်တစ်ယောက် တည်ရှိနေသည်သာ မှန်ကန်သည် ဆိုပါက ရောရုဝအရှင် လာရောက် တိုက်ခိုက်မည် ဆိုလျှင်တောင်မှ ကြောက်လန့်စရာ မလိုတော့ချေ။
သူ အတွေးနက်လျက် ရှိနေတုန်းမှာပဲ ချင်ကလန်၏ ခေါင်းဆောင်သည် နန်းဆောင်၏ အပြင်ဘက်ဆီသို့ လှမ်းလျှောက် ထွက်လာ၏။ သူ့ကို အသာဖြတ်သန်းသွားပြီးသည့်နောက် ရှေးအင်ပါယာ တိုင်ချူးသည် တစ်ဖက်လူကို လှမ်းကာ ကြည့်ရှုလိုက်၏။ တော်ဝင်အင်ပါယာတစ်ယောက်၏ စွမ်းအားအဆင့် ကျင့်ကြံခြင်းကိုသာ မြင်ရသောကြောင့် သူ့အနေနှင့် တစ်ဖက်လူကို သိပ်ပြီး ဂရုမစိုက်လှချေ။ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်လည်ကာ ပြင်ဆင်ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ လျှောက်ဝင်လိုက်၏။
“တိုင်ချူးက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို လာတွေ့ပါတယ်” ရှေးအင်ပါယာ တိုင်ချူးသည် နှုတ်ဆက်လိုက်သည်။
မနီးမဝေးတွင်တော့ လီယွင်သည် ရေနွေးခွက်ကို ကိုင်ကာ ရေနွေးသောက်လျက် ရှိနေ၏။ “ခင်ဗျားရဲ့ စိတ်ရှည်မှုကတော့ တခြားလူတွေထက် ပိုပြီးတော့ သာတာပဲ။ ကောင်းကင်မူလလောကကြီးရဲ့ ပြောင်းလဲမှုတွေကို မြင်ရတဲ့အချိန်မှာ တိုင်ချူးနတ်နယ်မြေကို အရင်ဆုံး ပြန်လိုက်သေးတယ်။ ကောင်းကင် လျှို့ဝှက်နန်းဆောင်ဆီကို မလာသေးခင် ဒီလိုကိစ္စမျိုးကို အရင်သွားလုပ်သေးတယ်ဆိုတော့ ခင်ဗျားက တကယ့်ကို စိတ်ရှည်တဲ့ လူတစ်ယောက်မှန်း သိသာနေတယ်။ ပြီးတော့ ခင်ဗျား စိတ်ပူနေတာက ကျုပ် ခင်ဗျားနဲ့ ရန်သူ ဖြစ်သွားမှာကို မဟုတ်လား”
“ဟမ်”
ရှေးအင်ပါယာ တိုင်ချူး၏ မျက်နှာသွင်ပြင်က အေးခဲသွား၏။ သူသည် ကြောင်အအဖြင့် ပြောလိုက်သည်။ “နန်းဆောင်သခင် နားလည်မှု လွဲနေပါပြီ”
ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် သူ့အနေနှင့် တခြားသောသူများ၏ အာရုံစိုက်မှုကို ရှောင်ရှားချင်စိတ် ရှိလို့နေခဲ့၏။ သို့ပေမဲ့ နန်းဆောင်သခင်သည် သူ့ကို ကြိုတင်ကာ မြင်ခဲ့ပြီးပြီ ဖြစ်၏။ သူသည် အံ့အားမသင့်ခဲ့ချေ။ နန်းဆောင်သခင်၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရှိနေသည့် အော်ရာများသည် မြူများအဖြစ် ရစ်သိုင်းလျက် ရှိနေ၏။ ထို့ကြောင့် ၎င်း၏ အစစ်အမှန် အားအင်အဆင့်ကို သုံးသပ် ကြည့်ရှုရန် မဖြစ်နိုင်ချေ။
နန်းဆောင်သခင်၏ အားအင်အဆင့်သည် သူတွက်ချက်ထားသည့် အခြေအနေနှင့် နှိုင်းယှဉ်လို့ရနိုင်သည်ဟုသာ သုံးသပ်၍ရ၏။ မည်သည့် နေရာက ရောက်ရှိလာသူဖြစ်မှန်း သိရှိရန် မဖြစ်နိုင်လှချေ။
“နန်းဆောင်သခင်ရဲ့ အားအင်အဆင့်အရဆိုရင် ကျုပ်လို လူတစ်ယောက်ကို ပုရွက်ဆိတ်လေးတစ်ကောင် ဖိနှိပ် လိုက်သလို လွယ်လွယ်ကူကူ အနိုင်ယူနိုင်ပါတယ်။ တိုင်ချူးနတ်နယ်မြေကို ကျုပ် အရင်ဆုံး သွားရတဲ့ အကြောင်းရင်းကတော့ အိမ်နဲ့ဝေးနေတာ ကြာနေလို့ပါပဲ။ ဒါကြောင့် အိမ်ကို ပြန်ချင်တယ်။ ပြီးတော့ အိမ်မှာရှိတဲ့ အကြောင်းအရာတွေကို သွားပြီး စစ်ဆေးချင်တယ်” ရှေးအင်ပါယာတိုင်းချူးက ပြောလိုက်၏။
“ခင်ဗျားရဲ့ စကားလုံးတွေမှာ တချို့အရာတွေက မှန်ကန်တယ် ဆိုပေမဲ့ တချို့အရာတွေက လေးနက်မှု ကင်းမဲ့ နေတယ်” လီယွင်က အသာရယ်မောလိုက်သည်။
ရှုပ်ထွေးလှသည့် တည်နေရာပတ်လမ်းကြောင်းထဲမှ ပြန်လည် ရောက်ရှိလာခဲ့သော အန္တိမကျင့်ကြံသူ တစ်ယောက် သည် ကောင်းကင်မူလလောကကြီးထဲသို့ မဝင်ခင်တည်းက အပြင်မှ ကြည့်ရှုပြီးဖြစ်၏။
တိုင်ချူးနတ်နယ်မြေ၏ လက်ရှိအခြေအနေကို သိရှိပြီးသား ဖြစ်ပေလိမ့်မည်။ လက်ရှိ အခြေအနေတွင် ထိုကဲ့သို့ လိမ်ညာ ပြောဆိုခြင်းဆိုသည်မှာ ဘာမှ အရာမရောက်လှချေ။ တခြားသောလူများနှင့် အလုပ်ဖြစ်မည် ဆိုလျှင်တောင်မှ သူ့ကို လာရောက် လှည့်ဖျားရန်အတွက်တော့ ရှေးအင်ပါယာ တိုင်ချူးသည် မည်သို့မှ ဖြစ်လိမ့်မည် မဟုတ်ချေ။
ထိုအရာကို ကြားသည့်အချိန်မှာတော့ ရှေးအင်ပါယာ တိုင်ချူးသည် ခေါင်းကို ငုံ့လိုက်မိ၏။ သူသည် လီယွင်နှင့် အကြည့်ချင်း မဆုံရဲချေ။ သူ၏ ယခင်က ရှိခဲ့သည့် အတွေးအားလုံးသည် အလုံးစုံ ပေါ်ပေါက်သွားခဲ့ပြီဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လာရောက်ရန် သူ့အနေနှင့် တွန့်ဆုတ်ခဲ့၏။ လီယွင်အနေနှင့် သူ့ကို လှုပ်ရှား တိုက်ခိုက်လိုက်မည်ကို စိုးရွံ့နေမိ၏။ ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အားအင်အဆင့်သည် သူ၏အဆင့်ထက် ပိုမိုကာ သာလွန်းနေသည်ဟုလည်း ထင်မှတ်ခဲ့သည်။
“စီနီယာ... ကျုပ် ဒီကိုလာရတဲ့ အကြောင်းအရင်းကတော့ ကောင်းကင်မူလလောကကြီးရဲ့ အပြင်ဘက် သက်ရှိတွေ ဆီကနေ စီနီယာ့အကြောင်း သိရှိခဲ့တာကြောင့်ပဲ။ သူတို့ပြောပုံအရဆိုရင် သူတို့က ကောင်းကင်မူလလောကကြီး နားမှာ နေထိုင်နေတာ အချိန်တချို့ကြောင့်ကြာပြီတဲ့။ အဲတာ မှန်ရဲ့လား” ရှေးအင်ပါယာ တိုင်ချူးက မေးမြန်းလိုက်၏။
သူ့အနေနှင့် နက်နဲအလင်းလောကမှ ကိစ္စရပ်များနှင့် ပတ်သက်၍ အမှန်ပဲ စိုးရိမ်နေမိ၏။ ကောင်းကင်မူလ လောကကြီးနားတွင် ထိုကဲ့သို့ သက်ရှိသတ္တဝါများ နေထိုင်ခြင်းကို သူ့အနေနှင့် အတည်ပြုချင်မိသည်။
လီယွင်သည် အမှတ်မထင်ဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ “ခင်ဗျားက ထာဝရမြို့ကို ပြောတာလား”
“ဟုတ်ပါတယ်”
ရှေးအင်ပါယာ တိုင်ချူးသည် ခေါင်းကို ညိတ်ကာဖြင့် ဆက်လက် ပြောဆိုလိုက်သည်။ “နက်နဲအလင်း လောကကြီးဆီမှာ ပြောင်းလဲမှု အနည်းငယ် ရှိနေတယ်။ ကျုပ်ထင်တာကတော့ နက်နဲအလင်းလောကကြီးမှာ ရှိတဲ့ လူတွေက ကျိန်းသေပေါက် ဒုက္ခပေးလိမ့်မယ်။ ဒီလိုဆိုရင် ဒီလူတွေကလည်း ဒီနေရာမှာနေဖို့ ခွင့်ပြုပေးသင့်တဲ့ လူတွေ မဟုတ်ဘူး။ မဟုတ်ရင် ကောင်းကင်မူလလောကကြီးက ကြီးမားတဲ့ ကပ်ဘေးကြီးကို ကျရောက်သွားနိုင်တယ်”
“ခင်ဗျား အတွေးလွန်နေပြီ”
လီယွင်သည် လက်ကို ယမ်းခါလိုက်၏။ “ဒီလူတွေက ခင်ဗျားကို လိမ်ညာလှည့်စား ခဲ့တဲ့လူတွေ မဟုတ်ဘူး။ သူတို့က မူလနက်နဲမီးတောက်လောကကြီးကနေ ဆင်းသက်လာကြတဲ့ လူတွေပဲ။ ကောင်းကင်မူလလောကကြီး နားမှာ နေထိုင်နေတာ နှစ်သန်း ထောင်နဲ့တောင်ချီနေပြီ။ သူတို့က လက်ရှိ နက်နဲအလင်းလောကကြီးနဲ့ သက်ဆိုင်မှု လုံးဝမရှိဘူး”
“ကျုပ် နားလည်ပါပြီ” ရှေးအင်ပါယာ တိုင်ချူးက ခေါင်းညိတ်လိုက်၏။ သူ့အနေနှင့် ထပ်မံကာ မေးမြန်းရန် မစီစဉ်ခဲ့ချေ။ နန်းဆောင်သခင်၏ စကားလုံးများသည် တကယ့်ကို လေးနက်လွန်းလှ၏။ နန်းဆောင်သခင်ကို ယုံကြည်ရန် ရွေးချယ်ခဲ့သည်ဆိုမှတော့ သူ့အနေနှင့် အလုံးစုံ ယုံကြည်သင့်သည် မဟုတ်ပါလား။
“ချီလင်းရဲ့ သက်တမ်းနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျုပ် သူ့ကို ကူညီပေးခဲ့တာပဲ။ မဟုတ်ရင် ချီလင်းက လက်ရှိ အခြေအနေမှာ သေဆုံးနေပြီး ဖြစ်လိမ့်မယ်” လီယွင်သည် ရှေးအင်ပါယာတိုင်ချူး၏ အတွေးများကို နားလည်ပုံပေါ်သည်။ ထို့ကြောင့် တည်တည်ငြိမ်ငြိမ်ဖြင့် ရှင်းပြလိုက်၏။
“ဟမ်” ရှေးအင်ပါယာ တိုင်ချူးက ကြောင်အအဖြင့် ပြုံးလိုက်မိ၏။ သူ၏ သံသယများကို တစ်ဖက်လူက သိရှိနေပြန်၏။ နက်နဲမီးတောက်လောကဆီမှ ရောက်ရှိလာခဲ့သည့် ချီလင်းသည် အဘယ်ကြောင့် ယနေ့အချိန်ထိ အသက်ရှင်နေထိုင်နေရသနည်းဟု သူက စဉ်းစားနေမိ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အဖြေကို ရရှိခဲ့ပြီး ဖြစ်သည်။
“စီနီယာ ပြောသလိုဆိုရင် ကျုပ် စိတ်ချရပါပြီ”
ရှေးအင်ပါယာ တိုင်ချူးက အသာပြောလိုက်၏။ ပြီးသည့်နောက် သူသည် လက်ကို အသာမြှောက်ကာဖြင့် ပြောလိုက်၏။ “စီနီယာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို မလာခင်မှာ တိုင်ချူး နတ်နယ်မြေက ဂျူနီယာတွေ ပြောနေတာကို ကြားခဲ့တယ်။ မြေအင်မော်တယ်လောကမှာရှိတဲ့ နိရယပြည် အကြောင်းပေါ့။ ငရဲလောကကြီးရဲ့ ခေါင်းဆောင်က အခုအချိန်မှာ ပျောက်နေတယ်တဲ့။ စီနီယာအနေနဲ့ သူမ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို သိပါသလား”
“သူမနဲ့ ရန်ဘက်တွေအဖြစ် ပြုလုပ်ဖို့ ခင်ဗျားမှာ အစီအစဉ် ရှိတာလား” လီယွင်သည် အပြုံးတစ်ဝက်နှင့် မေးမြန်းလိုက်သည်။
“ဟုတ်ပါတယ်”
ရှေးအင်ပါယာ တိုင်ချူးသည် တစ်ချက်ကလေးမှ ဖုံးကွယ်မထားချေ။ “နိရယပြည်က နက်နဲအလင်း လောကမှာရှိတဲ့ ရောရုဝပြည်နဲ့ ဆက်စပ်လိမ့်မယ်လို့ ကျုပ် သံသယဝင်နေတယ်လေ။ ဒီကိစ္စကို သေသေချာချာ ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိဘူးဆိုရင် ခန့်မှန်းလို့မရနိုင်တဲ့ ရန်သူတွေ ရောက်ရှိလာနိုင်တယ်”
မြေအင်မော်တယ်လောကနှင့် ကောင်းကင်မူလလောကကြီးသည် ပေါင်းစပ်မှု မရှိသေးဘူး ဆိုပါက သူအနေနှင့် မြေအင်မော်တယ်လောက၏ ကိစ္စများကို တစ်ချက်ကလေးမှာ ဦးနှောက်ခြောက်ခံကာ တွေးတော နေလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိအချိန်၌ လောကကြီးနှစ်ခုက ပေါင်းစပ်ထားပြီးဖြစ်၏။ ထို့ကြောင့် မြေအင်မော်တယ်လောကကြီးသည်သာ ကပ်ဘေးကြီးကို ရင်ဆိုင်ရသည်ဆိုပါက ကျိန်းသေပေါက် ကောင်းကင်မူလ လောကကြီးသည် အကျိုးဆက်ကို ခံစားရမှာ သေချာသည်။