← Chapters

အပိုင်း (၅၂၃)

Vol. 35 Ch. 523

အပိုင်း (၅၂၃)

Vol. 35 Ch. 523

"ဒါ ….."

သူတို့အရှင်၏ စကားကိုကြားရသည့်အခါမှာတော့ လူပေါင်းများစွာတို့သည် အတွေးများဖြစ်တည်လာခဲ့ကြ၏။ သူတို့အရှင်ပြောသည်မှာ အမှန်ပင် ဖြစ်၏။ တိုင်ချူး၏လောကရ၌ အင်မော်တယ်ဘုရင်တစ်ယောက်သည်သာ ရှိနေခဲ့သည် ဆိုပါက အမှန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းပေလိမ့်မည်။ အားလုံးသောသူတို့ကို စိတ်ညစ်စရာ ဖြစ်စေပေလိမ့်မည်။ သို့ပေမဲ့ တခြားသောတစ်ဖက်မှ ကြည့်ရှုရမည်ဆိုလျှင် ထိုအရာသည် အခွင့်အရေးတစ်ခု ဖြစ်နေသည် မဟုတ်ပါလား။ နက်နဲအလင်းလောကကြီးသည် ယခင်နက်နဲမီးတောက်လောကကြီးနှင့် မတူညီတော့ချေ။ ထို့ကြောင့် အကန့်အသတ်များ ရှိလာခဲ့၏။ ပိုမိုကာ မြင့်မားသည့်အဆင့်ကို တက်လှမ်းနိုင်ရန်အတွက် ၎င်းတို့သည် ပိုမိုကာ အားကောင်းလှသော တခြားလောကအသီးသီးကို ရှာဖွေရန် လိုအပ်လာခဲ့ကြ၏။ ယခုတိုင်ချူး၏ လောကသည် သူတို့၏ အခွင့်အရေးများကို ဖော်ညွှန်းပြသလျက် ရှိနေ၏။

ဟားဟား ….။

ရောရုဝအရှင်သည် ရယ်မောလိုက်၏။ သူသည် ဖြေးညှင်းစွာဖြင့် ခန္ဓာကိုယ်ကိုလှည့်ပြီး အားလုံးသော သူတို့ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

"ရောရုဝပြည်ကို ပြောင်းပြန်လှန်ပစ်ဖို့အတွက် စီစဉ်နေတာက ပါရမီရှင် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်တယ် ဆိုတာ ငါအားလုံးရဲ့ အသက်ကို အာမခံနိုင်တယ် "

ထိုစကားကို ကြားရသည့်အချိန်မှာတော့ အားလုံးသောသူတို့သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ သူတို့သည် အရှင်၏ နောက်သို့ လိုက်ပါလာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ အရှင်၏ ဝှက်ဖဲများကို မည်သူမှ မမြင်ဖူးခဲ့ချေ။ ထိုကဲ့သို့ ပြောဆိုခဲ့သောကြောင့် သာမန်ထက်ပိုသည့် ဝှက်ဖဲများကို ပိုင်ဆိုင်နေသည် ဖြစ်ကြောင်း သူတို့က သံသယရှိစရာ မရှိတော့ချေ။ ထို့အပြင် ရောရုဝပြည် ဆိုသည်မှာ ထိုကဲ့သို့ အရာများ မရှိဘဲနှင့် မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မည်မဟုတ်ချေ။

ဤအတောအတွင်း တခြားသော တစ်ဖက်ခြမ်းတွင်တော့ နက်နဲအလင်းလောကဆီမှ နတ်ဘုရား ရွက်သင်္ဘောတစ်စင်းက ထွက်ပေါ်လာခဲ့ပြီး လေဟာနယ်ထဲသို့ ရွေ့လျားသွားလာနေ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် သန်းထောင်နှင်ချီသော အကွာအဝေးသို့ ရောက်ရှိသွားခဲ့၏။ မယုံကြည်နိုင်စရာ အမြန်နှုန်းပင်။

"ခေါင်းဆောင် …. အရှင်က တိုင်ချူးလောကကြီးကို သွားဖို့ ကျုပ်တို့ငါးယောက်ကိုပဲ ညွှန်ကြားခဲ့တယ်။ ဒါက နည်းနည်း မလွန်လွန်းဘူးလား" အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့်လူသည် အသာ မေးမြန်းလိုက်၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အော်ရာများ ထွက်ပေါ်နေသည်ကို ကြည့်ရှုရမည်ဆိုလျှင် ကျိန်းသေပေါက် အားကောင်းလှသည့် ကျင့်ကြံသူဖြစ်ကြောင်း သိရှိနိုင်၏။ တခြားသော ကျင့်ကြံသူများနှင့် မတူပဲ ၎င်းသည် ရောရုဝပြည်၏ သုန်မှုန်နေသည့်အော်ရာများမျိုး ထွက်ပေါ်ခြင်း မရှိသည့် သက်ရှိသတ္တဝါ တစ်ယောက်ပင် ဖြစ်၏။

"အင်း …… ဒါကတော့ မလွန်ပါဘူး။ "

ချပ်ဝတ်ကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် ခေါင်းကိုမော့လိုက်၏။ ချပ်ဝတ်၏ အောက်ခြေတွင် မည်သည့် အသွင်သဏ္ဍာန်မျိုးမှ မရှိချေ။ ခေါင်းထက်တွင်လည်း အရိုးခေါင်းကြီး တစ်ခုသာရှိပြီး အရိုးခေါင်း၏ မျက်လုံးနှစ်ခုတွင် ခြောက်ခြားဖွယ်ရာ မီးစိမ်းနှစ်ခုကသာ တောက်ပနေ၏။ မည်သူမှသည် ၎င်း၏ မျက်လုံးများကို သေသေချာချာ စူးစိုက်ကာ မကြည့်ရဲကြချေ။ ၎င်းသည် ကြောက်မက်ဖွယ်ရာကောင်းသည့် ပုံပန်းသွင်ပြင်မျိုးနှင့် ဖြစ်၏။ နှစ်ပေါင်းမည်မျှကြာ ရောရုဝအရှင်၏ နောက်သို့ လိုက်ပါခဲ့သနည်း မသိသလို မည်သည့်နေရာမှ ရောရုဝအရှင် သူ့ကို ရှာဖွေတွေ့ရှိခဲ့သနည်း ကိုလည်း မည်သူမှ မသိရှိချေ။

အန္တိမထိပ်ဆုံးအဆင့် ကျင့်ကြံသူဖြစ်ပြီး ၎င်းသည် သတ်ဖြတ်၍ မရနိုင်သော အလောင်းကောင်လည်း ဖြစ်လေ၏။ ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားလျှင်တောင်မှ ပြန်လည်ကာ အသစ်ဖြစ်တည်နိုင်ခဲ့၏။ ဤစွမ်းရည်ကို အမှီပြုပြီးနောက် ၎င်းသည် နက်နဲအလင်းလောကရှိ ရေတွက်၍မရအောင် များပြားသည့် နိုင်ငံအသီးသီးကို ပြောင်းပြန်လှန်ပစ်ခဲ့၏။ တစ်ဖက်လူများသည် ထိုကဲ့သို့သော ဖိအားကို လုံးဝ မခံနိုင်ခဲ့ချေ။ ထို့ကြောင့်ပင်လျှင် ရောရုဝပြည်ကို အညံ့ခံခဲ့ရသည်။

"တိုင်ချူး နေထိုင်တဲ့ လောကကြီးက အထင်သေးလို့ မရဘူး။ နက်နဲအလင်းလောကကြီးထက် အားနည်းမှာ မဟုတ်ဘူး။ ကျုပ်တို့ ငါးယောက်တည်းဆိုရင်"

ထိုသူ၏ အမူအရာက လေးနက်သွားခဲ့၏။ တခြားသောသူများသည် သတ်ဖြတ်၍ မရနိုင်သော်လည်း သူကတော့ ခြားနားလှ၏။ သူက သေဆုံးနိုင်၏။ ထို့ပြင် တိုင်ချူးနှင့် တစ်ယောက်ချင်း တိုက်ခိုက်သည် ဆိုပါက အနိုင်ရရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ချေ။ တိုင်ချူးသည် ဓားကျင့်ကြံသူဖြစ်ပြီး နက်နဲအလင်းလောကကြီးတွင် သာမန်ထက်ပိုသည့် ဂုဏ်ကိုပိုင်ဆိုင်သူလည်း ဖြစ်၏။ တစ်ခြားသောလေးယောက်သည် အနိုင်မယူနိုင် လျှင်တောင်မှ ဖိနှိပ်ခြင်းကိုသာ ခံရမှာဖြစ်၏။ သို့ပေမဲ့ သူကတော့ သေဆုံးသွားနိုင်၏။

"စိတ်မပူနဲ့ တိုင်ချူးနဲ့ တိုက်ခိုက်ပြီး သေဆုံးသွားခဲ့မယ်ဆိုရင် ဒါက ခင်ဗျားအတွက် ကောင်းချီးတစ်ခုတောင် ဖြစ်ရင် ဖြစ်နိုင်တယ်။ "

“ဟမ် …”

ထိုသူသည် မျက်ခုံးကို ပင့်ကာဖြင့် ဇဝေဇဝါ ဖြစ်သွားမိသည်။ "ဘာကိုဆိုလိုတာလဲ"

"ခင်ဗျား မသေနိုင်တဲ့ အခြေအနေကို လိုချင်နေတာ မဟုတ်လား" ချပ်ဝတ်ကို ဝတ်ဆင်ထားသော သူသည် တည်ကြည်သော အမူအရာဖြင့် ပြောလိုက်၏။

လောကကြီးနှင့် တစ်သားတည်း ဖြစ်တည်မှသာလျှင် ထာဝရအဖြစ်သို့ ရောက်ရှိမှာဖြစ်၏။ သို့ပေမဲ့ သူဆိုလိုနေသော မသေဆုံးခြင်း ဆိုသည်မှာ ထိုသို့မဟုတ်ပေ။ အနည်းငယ် ခြားနားလို့နေ၏။ အင်မော်တယ်ဘုရင်တစ်ယောက်၏ မသေဆုံးနိုင်ခြင်းသည် အစစ်အမှန်ဖြစ်သော်လည်း အန္တိမအဆင့် တစ်စုံတစ်ယောက်အတွက် မသေဆုံးနိုင်ခြင်းသည် ဝှက်ဖဲ တစ်ခုခုကို ထုတ်သုံးထားခြင်းသာ ဖြစ်ပေလိမ့်မည်။

ထိုသူသည် တခြားသော လူလေးယောက်ကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် တံတွေး မျိုချလိုက်မိ၏။ ပြီးနောက် ပြောလိုက်သည်။ "ကျုပ်သာ သေဆုံးသွားမယ်ဆိုရင် ခင်ဗျားတို့လို ဖြစ်လာမယ်လို့ ပြောချင်တာလား။"

“ဟားဟားဟား”

“ဟားဟားဟား”

နတ်ဘုရား ရွက်သင်္ဘောကြီးပေါ်တွင်တော့ ကြက်သီးထလောက်စရာ ရယ်သံလေးခုက ထွက်ပေါ်လာခဲ့၏။ ကျင့်ကြံသူတစ်ယောက် ဆိုလျှင်တောင်မှ ၎င်းတို့၏ အသံကို ကြားရလျှင် ကြက်သီးထကြမှာ သေချာ၏။

"စိတ်မပူနဲ့"

ချပ်ဝတ်နှင့်လူသည် ထိုသူ၏အနားဆီသို့ အသာချဉ်းကပ်လာပြီး ပုခုံးကိုပုတ်ကာ အဓိပ္ပာယ်ပါပါနှင့် ပြောလိုက်သည်။

"အရှင်က သူရဲ့နောက်လိုက်တွေကို ဘယ်တော့မှ စွန့်ပစ်ခဲ့မှာ မဟုတ်ဘူး။ ရောရုဝပြည်ကသာ လောကအသီးသီးမှာ အောင်ပွဲတွေ ရယူနိုင်ခဲ့မယ် ဆိုရင် ခင်ဗျားက အင်ပါယာ ဖြစ်လာနိုင်တယ်။ သာမန် အင်ပါယာတစ်ယောက် မဟုတ်ဘူး။ အင်မော်တယ် အင်ပါယာပဲ။ ခင်ဗျား နားလည်လား"

“ကျုပ် …..”

ထိုသူ၏ မျက်နှာက နီရဲသွားခဲ့၏။ အသက်ရှုသံများကလည်း မြန်ဆန်လာခဲ့၏။ သူ၏ ရှေ့တွင်ရှိနေသော အနာဂတ်ကို လှမ်းမြင်နေရသကဲ့သို့ပင်။ ၎င်းသည် အင်မော်တယ် အင်ပါယာအဆင့်သို့ တက်လှမ်းရန် စိတ်ကူးပင် မယဉ်ရဲချေ။ သို့ပေမဲ့ သူသည် ထိုသို့မြင့်မားလှသည့် အခြေအနေတစ်ခုကို တကယ်ပင် ရောက်ရှိနိုင်မည်လား။

ထိုသူသည် သူ၏ အမူအရာများကို ထိန်းသိမ်းပြီးသည့်နောက် သူ၏ရှေ့တွင် ရှိနေသော တခြားသော လေးယောက်ကို လှမ်းကာကြည့်ရှုလိုက်၏။ ထိုသူများသည် သက်ရှိများဟူ၍ အဓိပ္ပာယ်ဖွဲ့ဆို၍ ရနိုင်သည့်လူများ မဟုတ်ကြချေ။ ဝိညာဉ် သို့မဟုတ် အလောင်းကောင်းများဟု ပြောလျှင် ပိုမို သင့်တော်၏။

သို့ပေမဲ့ ဘာဖြစ်သနည်း။ သူသည်သာ ထိုသူများကဲ့သို့ ဖြစ်လာသည် ဆိုပါက အလုံးစုံသော အားအင်အဆင့်ကို ပိုင်ဆိုင်မှာဖြစ်ပြီး သေဆုံးတော့မည် မဟုတ်ချေ။ သေဆုံးခြင်း မရှိပါက ပိုမိုမြင့်မားသည့် အဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေးများကို ရှာဖွေနိုင်သည် မဟုတ်ပါလား။

"ကျုပ် သေတဲ့အထိ အရှင့်ကို အလုပ်အကြွေးပြုမယ်" ထိုသူသည် လေးလေးနက်နက်ဖြင့် ကျိန်ဆိုလိုက်သည်။

"အရမ်းကောင်းတယ် "

ချပ်ဝတ်နှင့်လူသည် ထိုသူ၏ ပုခုံးကို အသာပုတ်လိုက်၏။

"နှစ်ပေါင်းတစ်သန်းလောက်ကြာပြီးရင် ခင်ဗျားက ဒီနေ့ရွေးချယ်မှုအတွက် အရမ်းကို ကျေးဇူးတင်နေမိလိမ့်မယ်။ ခင်ဗျားက ရောရုဝပြည်ကို ဝင်ရောက်ခဲ့ပြီဖြစ်တော့ ကျုပ်တို့ ခင်ဗျားကို ဘာမှမဖုံးကွယ်တော့ဘူး။ ကျုပ်တို့ ….."

ထိုသူသည် လက်ကို အသာလှန်လိုက်၏။ လက်ဝါးတစ်ခု အရွယ်အစားရှိသော အမြူတေတစ်ခုသည် လေဟာနယ်ထဲကို ထိုးတက်လာခဲ့၏။ အရွယ်အစားက သေးငယ်လှသော်လည်း ၎င်းဆီမှ ထွက်ပေါ်နေသည့် အော်ရာများသည် ကြောက်မက်ဖွယ်ရာ ကောင်းလှချေ၏။ ထိုအရာထွက်ပေါ်လာသည်နှင့် နတ်ဘုရားများ၏ အော်ဟစ်သံများ၊ ဝိညာဉ်များ၏ ညီးညူးသံ ……စသည့် အသံများသည် အားလုံးသောသူတို့၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

"ဒါဘာကြီးလဲ"

ထိုသူသည် တစ်ဖက်လူ၏ လက်ထဲရှိ အရာကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် ထိုအရာ၏ အဆင့်ကို သေသေချာချာ မသိရှိချေ။ သိရှိသည်မှာတော့ လောကကြီးတစ်ခုလုံးကိုပင် ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိသည်မှာတော့ သေချာ၏။

"အစောပိုင်းတုန်းက ကျုပ်တို့ငါးယောက်ကိုပဲ ဘာလို့စေလွှတ်လိုက်တာလဲလို့ မေးခွန်းထုတ်ခဲ့တယ် မဟုတ်လား" ချပ်ဝတ်နှင့်လူက အသာပြုံးကာ မေးမြန်းလိုက်သည်။

"အမှန်ပါပဲ"

ထိုသူက ခေါင်းညိတ်လိုက်၏။ သူ့အနေဖြင့် လောကကြီးတစ်ခုလုံးကို ရင်ဆိုင်ရာတွင် အဘယ့်ကြောင့် လူငါးယောက်ကိုသာ လွှတ်လိုက်သနည်းဟု နဝေတိမ်တောင် ဖြစ်ခဲ့၏။ သူတို့ သွားမည့် လောကကြီးသည် အားနည်းသည် ဆိုပါက အကျိုးအကြောင်း သင့်လျော်သေး၏။ သိူ့ပေမဲ့ တိုင်ချူး၏ လောကကြီးသည် ထိုသို့ အားမနည်းချေ။

"အခု ခင်ဗျားကို ကျုပ်ပြောပြမယ်။ ကျုပ်တို့ နောက်လိုက်တွေက တိုင်ချူးလောကထဲကို ရောက်နှင့်နေပြီ။ ဒီဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးကြောင့် ကျုပ်တို့ စစ်သည်တွေက ကျုပ်တို့ရောက်လာမှာကို စောင့်နေကြပြီ"

ချပ်ဝတ်နှင့်လူသည် ဝိညဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးကို လှမ်းကြည့်ပြီးသည့်နောက် တီးတိုးရေရွတ်လိုက်၏။ "ကျုပ်တို့ မရောက်သေးဘူးဆိုပေမဲ့ ကျုပ်တို့ရဲ့ ဂုဏ်သတင်းက အဲဒီလောကထဲမှာ ကြိုပြီး ပျံ့နှံ့နေစေရမယ်"

All Chapters