ရာဇဝတ်ကောင်ကို ဖော်ထုတ်ခြင်း
Vol. 6 Ch. 588
ပိုင်ရှောင်ချန်းသည် ပိုင်ချီကို တိတ်ဆိတ်စွာ ကြည့်ရင်း ရပ်နေသည်။ သူသည် ဤကျောက်တိုင်သာမက ဖြစ်နိုင်ချေရှိသည့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှင့် ဝိညာဥ်ဆေး ကျောက်တိုင်များမှ ပိုင်ဟောင်၏ အမည်အား ဖယ်ထုတ်လိုက်ပုံကို စိတ်မဆိုးချေ။
အမှန်တွင် ပိုင်ရှောင်ချန်းအတွက် ဤကိစ္စကို စဥ်းစားနေရန်ပင် မလိုအပ်ချေ။ သူ၏ လိမ်လည်ခဲ့သည်ဆိုသော သတင်းသည် မျိုးနွယ်စုတစ်ခုလုံးသို့ ပျံ့နှံ့သွားမည်ကို ချက်ချင်းပင် သိလိုက်သည်။
ပိုင်ချီသည် ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးခြင်းပင် မပြုဘဲ ပိုင်ဟောက်၏ အဆင့်များကို အရင် ဖယ်ထုတ်လိုက်သည့် အချက်က အလွန် သိသာသွားသည်။ သူသည် ပိုင်ဟောက်၏ အစ်ကို ဖြစ်ပြီး ကြားဖူးထားသော အကြောင်းများအတိုင်းပင် အေးစက်စွာ ဆက်ဆံလေသည်။
" ရှင်းပြဖို့ အခွင့်အရေးတောင် မပေးဘူး "
ပိုင်ရှောင်ချန်းသည် သက်ပြင်းတစ်ချက်ချကာ တွေးလိုက်သည်။ သူသည် ဒေါသမထွက်ဘဲ ပိုင်ဟောက်အတွက် ဝမ်းနည်းမိလေသည်။
"အင်း၊ သခင်မချိုင်နဲ့ ပိုင်ချီက ပိုင်ဟောက်ကို ဒီလိုဆက်ဆံပုံထောက်ရင် သူ့အဖေရဲ့ သဘောထားကိုလည်း အတော်အသင့်တော့ သဘောပေါက်သွားပါပြီ "
သူသည် နေရာတွင် တိတ်ဆိတ်စွာ ရပ်နေစဥ် ပိုင်ချီ၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာလေသည်။
"မျိုးနွယ်စုထဲမှာ ငါနဲ့ အဖေ့ရဲ့ ရာထူးတွေကြောင့် ကျန်တဲ့လူအများစုက မင်းကို အပြစ်တင်ဖို့ မသက်မသာ ခံစားရနိုင်တယ်၊ ပိုင်ဟောက်။ ဒါပေမဲ့ ငါကတော့ အဲဒီလိုမဟုတ်ဘူး။ မင်းက တရားမဝင်သား တစ်ယောက်ဖြစ်ပြီး မင်းနာမည်ကို မျိုးနွယ်စုရဲ့ အဆင့်သတ်မှတ်ဇယားတွေမှာ ထားဖို့ အခွင့်အရေး မရှိဘူး။ “
"မင်းရဲ့ အစ်ကို တစ်ယောက်အနေနဲ့ မင်းဘာသာ နာမည်တစ်လုံးရအောင် လုပ်နိုင်ဖို့ မျှော်လင့်ခဲ့တာ။ တကယ်တော့ မင်းကို ဂုဏ်ပြုပေးဖို့ ဒီနေရာကို ရောက်လာခဲ့တာ။ ဆိုးတာက မင်းက စိတ်ပျက်စရာကောင်းအောင် လုပ်ခဲ့တာပဲ "
သူက ခေါင်းကို ခါရမ်းကာ လူအုပ်ဘက်ကို လှည့်ကာ လက်ချင်း ဆုပ်လိုက်သည်။
" မျိုးနွယ်စုဝင် ရောင်းရင်းတို့။ ကျုပ်၊ ပိုင်ချီက ပိုင်ဟောက်လုပ်ခဲ့တာတွေ အတွက် အားလုံးကို တောင်းပန်ချင်ပါတယ်။"
သူသည် ခါးကိုင်းသည်အထိ ဦးညွှတ်ပြီး ပိုင်ရှောင်ချန်းကို လျစ်လျူရှုလျက် လှည့်ထွက်ကာ အလင်းတန်းအဖြစ် အဝေးသို့ ထွက်သွားလေသည်။
ပိုင်ရှောင်ချန်းသည် တိတ်ဆိတ်စွာ ရပ်နေရင်း သူ့ပေါ်ကျရောက်လာသော အကြည့်များကို ခံစားနေမိသည်။ ခဏကြာလျှင် ဖျော့တော့စွာ ပြုံးလိုက်ပြီး လှည့််ကာ လမ်းလျှောက်ထွက်သွားတော့သည်။
"ငါ ပိုင်ချီကို လျှော့တွက်ခဲ့မိတယ်ထင်တယ်။ သူက နည်းနည်းတော့ ကျိတ်ကြံထားမှာပဲ။"
မြောက်ပိုင်းရှိ သူ့တဲသို့ ပြန်လာပြီးနောက် တင်ပျဥ်ခွေထိုင်ချကာ စဥ်းစားနေလိုက်သည်။
"အင်း၊ ဒါကတော့ မျှော်မှန်း ရမ်းသမ်းပြီး လုပ်ရတာကိုး။ ဒါပါပဲ။ ငါကတော့ ကန်ထုတ်ခံလိုက်ရတာပေါ့။ ပိုင်ချီက ပိုင်ဟောင်ရဲ့ နာမည်ကို အဆင့်ဇယားကနေ ဖယ်ပစ်လိုက်လို့ ရပေမဲ့ ဘာဖြစ်ခဲ့လဲဆိုတာ အားလုံးကို မေ့ပစ်ခိုင်းလိုက်လို့တော့ ဘယ်ရမလဲ။ ခုချိန်မှာ ငါ လူသတ်သမားကို လှုပ်ရှားဖို့ အခွင့်အရေး ပေးသင့်တယ်။"
သူသည် ချက်ချင်းပင် လမ်းလျှောက်ထွက်ရန် စဥ်းစားလိုက်သော်လည်း မော့ကြည့်ကာ အချိန်ကိုစစ်ပြီးနောက်တွင် မျက်လုံးများ မှိတ်၍ ထာဝရအသက်ရှည်နည်း ကျင့်စဥ်ကိုသာ ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
ညနေခင်းရောက်လျှင် ပိုင်ရှောင်ချန်းဆီမှ ကိုယ်ပွားတစ်ခု လျှောက်ထွက်လာကာ မျိုးနွယ်စု၏ အပြင်ဘက်ဆီသို့ ဦးတည်သွားလေသည်။
တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းအစစ်သည် သူ၏ အငွေ့အသက်ကို ဖုံးကွယ်လိုက်ရာ တဲတံခါးကို ဖွင့်ကာ အထဲသို့ ဝင်မလာမချင်း၊ သူရှိနေမှန်း မသိနိုင်ကြပေ။
ပိုင်မျိုးနွယ်စု၏ အပြင်ဘက်တွင် သူ၏ မီးကိုယ်ပွားသည် မျက်နှာသေဖြင့် အရှိန်မြှင့်ကာ သူ၏ ကျင့်ကြံခြင်းအခြေခံကိုလည်း အခြေခိုင်မာခြင်းအဆင့်တွင် ထားရှိပြီး သရဲကြီးမြို့သို့ ဦးတည်သွားလေသည်။
မကြာမီမှာပင် သူ၏ အမူအရာသည် လှုပ်ခတ်သွားပြီး နေရာတွင် ရပ်လိုက်သည်။ လှည့်ကြည့်လိုက်လျှင် သူ့ဆီသို့ အရှိန်မြင့်မြင့်ဖြင့် လာနေသော အလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။
ထိုအလင်းတန်းသည် ဝတ်ရုံနက်နှင့်လူ ဖြစ်ပြီး လူသတ်ငွေ့များ မှိန်ဖျော့စွာ ထွက်ပေါ်နေသည်။ ကောက်ကျစ်သော အပြုံးနှင့် သူ့မျက်လုံးများမှာလည်း လူသတ်ချင်စိတ်များ လှုပ်ခတ်နေလျက်ရှိသည်။ သူ့ဘေးပတ်လည်တွင် အမုန်းဝိညာဥ်များက တိမ်တိုက်သဖွယ်ရှိနေပြီး ဝိညာဥ်အငွေ့အသက်များက ချက်ချင်းပင် အောက်လမ်းဆရာဟု ခွဲခြားသိနိုင်ပေသည်။
ပိုင်ရှောင်ချန်း မျိုးနွယ်စုထဲသို့ ပထမဆုံး ရောက်ရှိချိန်က သူတွေ့ခဲ့သည့် ပြဿာဒ်ထဲတွင် သခင်မချိုင်နှင့်အတူ စကားပြောနေသူပင် ဖြစ်သည်။
"မင်းကို စောင့်နေတာ ကြာပြီ "
ပိုင်ရှောင်ချန်းက ကျယ်လောင်စွာ ပြောလိုကိသည်။ "မင်းပေါ်လာချိန်တန်ပြီပဲ။"
အနက်ရောင်ဝတ်စုံနှင့်လူသည် စောင့်နေသည့်အလား နေရာတွင် ရပ်နေသည့် ပိုင်ရှောင်ချန်းကို တွေ့လိုက်ရသောအခါ အံ့ဩသွားပုံ ပေါ်လေသည်။ အမှန်မှာ သူသည် ပိုင်ဟောက်ကို တချိန်လုံး ချောင်းနေခဲ့သူဖြစ်သည်။ သို့သော် မျိုးနွယ်စုထဲတွင် မလှုပ်ရှားရဲပေ။ ဤသို့ဖြင့် ဒေါသတကြီး ဖြစ်နေသော သခင်မချိုင်သည် နောက်ဆုံးတွင် သူ့ကို လုပ်သာလုပ်ရန် နားချပြီး သူ၏ လုံခြုံရေးကိုပါ အာမခံပေးလိုက်သည်။ သို့သော် ပိုင်ဟောက်ကို မျိုးနွယ်စုထဲတွင် တိုက်ခိုက်တော့မည့်ဆဲဆဲတွင် အံ့ဩဖွယ်ကောင်းစွာ သူထွက်သွားသည်ကို တွေ့လိုက်ရသည်။
အစပိုင်းတွင် ဝမ်းမြောက်ဝမ်းသာဖြင့် ချက်ချင်းပင် နောက်မှ လိုက်ခဲ့သည်။ သို့သော် ယခုမူ ပိုင်ရှောင်ချန်း၏ မျက်လုံးများထဲမှ အေးခဲသော အကြည့်နှင့် သူ့စကားလုံးများကို ကြားလိုက်ရသောအခါ ရုတ်တရက် ထူးဆန်းကာ ထိတ်လန့်သွားရသည်။
" မင်း "
ပိုင်ရှောင်ချန်းသည် ထိုလူကိုချိန်ရွယ်၍ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထိုလူ၏ဘေးပတ်လည်တွင် အေးစိမ့်ချီများ ဝန်းရံသွားသည်။
အနက်ရောင် ဝတ်စုံနှင့်လူမှာ တုန့်ပြန်ချိန်မရလိုက်ဘဲ လုံးဝ အဝိုင်းခံလိုက်ရသည့်အတွက် မျက်နှာပျက်သွားလေသည်။ သူ ထွက်ပြေးချင်သော်လည်း နေရာမှာပင် အေးခဲခံလိုက်ရကြောင်း ချက်ချင်း သိသွားသည်။
" မဖြစ်နိုင်ဘူး "
သူက သရဲသဘက်ကို မြင်လိုက်ရသည့်အလား ထိတ်လန့်တကြား အော်လိုက်သည်။ သူ့စိတ်သည် ချာချာလည်ထွက်သွားပြီး သေစေနိုင်သည့် အန္တရာယ်ကြီးကို ခံစားလိုက်ရလေသည်။သူက လျှာကို ကိုက်ကာ ပါးစပ်ထဲမှ သွေးများ ထွေးထုတ်လိုက်ပြီး သူ့နှင့်အတူ ယူလာသော ဝိညာဥ်များအားလုံးကို ဖောက်ခွဲပစ်လိုက်သည်။
သို့သော် ထိုမျှ မကသေးပေ။ သူ၏ ရည်ရွယ်ချက်မှာ အေးစိမ့်ချီမှ လွတ်မြောက်ရန်ဖြစ်ပြီး ဝိညာဥ်ပေါက်ကွဲစွမ်းအားမျှနှင့် မလုံလောက်ဟု ယုံကြည်သဖြင့် သူ့ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်းကိုပါ ပေါက်ကွဲစေခဲ့သည်။
သူ၏ အောက်ပိုင်းတစ်ခြမ်းလုံးသည် မြည်ဟီးကာ ပေါက်ကွဲသွားပြီး အပေါ်ပိုင်း ရင်ခြမ်းကို နောက်သို့ တွန်းထုတ်ပေးလိုက်သည်။ သူ့မျက်နှာမှာ ဖြူဖျော့ကာ အသေအလဲ ကြောက်ရွံ့နေပုံ ပေါ်လေသည်။
" မင်းက ပိုင်ဟောက် မဟုတ်ဘူး "
ဝတ်ရုံနက်နှင့် လူသည် တုန်လှုပ်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် ပိုင်ရှောင်ချန်းသည် ရှေ့သို့ တစ်လှမ်းတိုးလာပြီး သူ့ရှေ့တည့်တည့်တွင် ပေါ်လာသည်။ လက်ကို ဆန့်ထုတ်ကာ အော်ဟစ်နေသော လူ၏ ခေါင်းပေါ်သို့ သူ့လက်ကို တင်လိုက်သည်။
"တာအိုရောင်းရင်း၊ ကျေးဇူးပြုပြီး ခွင့်လွှ--"
စကားမဆုံးမီမှာပင် သူ့ခန္ဓာကိုယ်သည် တောင့်တင်းသွားကာ မျက်လုံးများ ပြူးထွက်လာလေသည်။ သူ့ေခါင်းတစ်ခုလုံးချာချာ လည်ထွက်သွားပြီး သူနောက်ဆုံးကြားလိုက်ရသည်မှာ ပိုင်ရှောင်ချန်း၏ စကားတစ်ခွန်းဖြစ်သည်။
"ဝိညာဥ်ရှာဖွေခြင်း"
ကျင့်ကြံသူအများစုမှာ ဝိညာဥ်ရှာဖွေခြင်း ပညာရပ်များ တစ်ခုမဟုတ်၊ တစ်ခု ရှိတတ်ကြသည်။ ဤသို့သော နည်းလမ်းအများစုကို နတ်ဘုရားအစွမ်းသတ္တိဟုပင် ထည့်မတွက်ချေ။ ဤနည်းများသည် အခြားတစ်ယောက်၏ စိတ်ထဲသို့ နတ်ဘုရားအာရုံ ပို့လွှတ်ကာ သူတို့၏ မှတ်ဥာဏ်များထဲတွင် အထက်စီးနည်းဖြင့် မွှေနှောက်ရှာဖွေသော ရိုးရိုးရှင်းရှင်း နည်းလမ်းများဖြစ်သည်။ ပညာရပ်တစ်ခုနှင့် တစ်ခုကြားတွင် ကွဲပြားသော လှည့်ကွက်များ၊ နည်းလမ်းများ ရှိသော်လည်း အများစုသည် ရှာဖွေခံဝိညာဥ်ကို ရှာနေစဥ်အတွင်း မထိခိုက်စေရန် သုံးသော နည်းလမ်းဖြစ်သည်။
ဝတ်ရုံနက်နှင့်လူမှာမူ ကံဆိုးစွာဖြင့်ပင် ပိုင်ရှောင်ချန်းက ဝိညာဥ်ရှာဖွေခြင်းတွင် မကျွမ်းကျင်မှုသည့်အပြင် လှည့်ကွက်များ၊ အထူးနည်းလမ်းများလည်း မရှိပေ။ ထို့ပြင် သူသည် ဝိညာဥ်ရှာဖွေခြင်းကို သူ့အတွက် လုပ်နေခြင်း မဟုတ်ဘဲ ပိုင်ဟောက်အတွက်သာ လုပ်နေခြင်းဖြစ်သည်။
ကိုယ်ပွားသည် ဝတ်ရုံနက်လူကို ဝိညာဥ်ရှာဖွေနေစဥ် အမျိုးမျိုးသော မြင်ကွင်းများကို ပိုင်မျိုးနွယ်စုထဲမှ ပိုင်ရှောင်ချန်းအစစ်က မြင်တွေ့နေရသည်။
"မင်းနာမည်က ရွှီဟိုင်၊ အော်၊ အဲဒီလိုတွေ ဖြစ်ခဲ့တာပေါ့။ တကယ်တော့ သခင်မချိုင်ပဲကိုး...။ ပိုင်ဟောက်က သူအခြေခိုင်မာခြင်းအဆင့်ကို ရောက်သွားပြီလို့ လူသိရှင်ကြား ဖော်ထုတ်လိုက်တဲ့အချိန်မှာ သူ့နောက်ကို လိုက်ဖို့ လူသတ်သမား ဒါဇင်ချီပြီး စီစဥ်ပေးခဲ့တယ်။ ပိုင်ဟောက်က အခြေခိုင်မာခြင်း အဆင့်ပဲရှိသေးပေမဲ့ အချဥ်တော့ မဟုတ်ဘူး။ သူက သေချာပြင်ဆင်ထားပြီးတော့ သူ့နောက်လိုက်ခဲ့တဲ့သူတွေကို ကျားကုပ်ကျားခဲ ပြန်တိုက်ခဲ့သေးတယ်။ သူက ရောင်ခြယ်မီးတောက်တွေကိုတောင် သုံးခဲ့သေးတာ။ အဆုံးမှာတော့ လူသတ်သမား အတော်များများဆီကနေ ရှောင်ထွက်နိုင်ခဲ့ပြီး တချို့ကို သတ်တောင်သတ်ခဲ့သေးတယ် "
ပိုင်ရှောင်ချန်းသည် ဝတ်ရုံနက်လူ၏ မှတ်ဥာဏ်ထဲတွင် တွေ့ရသည်များကြောင့် အံ့ဩတုန်လှုပ်သွားသည်။ အထူးသဖြင့် ပိုင်ဟောက်၏ သာမန်နှင့် မတူသော ရောင်ခြယ်မီးတောက်ကို လက်နက်အဖြစ် အသုံးပြုပုံများကြောင့် ဖြစ်သည်။
ဝတ်ရုံနက်နှင့်လူသည်လည်း အလားတူ အံ့ဩသွားကြောင်း ပိုင်ရှောင်ချန်းပြောနိုင်လေသည်။ မည်သို့ပင်ဖြစ်စေ၊ သူသည် အောက်လမ်းဆရာသခင်အဆင့်မျှသာ ဖြစ်ပြီး သူမြင်နေရသည်များကို သေချာနားမလည်ပေ။ သို့သော် ပိုင်ရှောင်ချန်းမှာမူ မတူပေ။
"သူ လုပ်သွားတာက၊ အဲဒါက "
သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ကာ ပိုင်ဟောက်၏ ထူးကဲထက်မြက်ပုံကြောင့် အံ့ဩသွားပြီး သူ အဆုံးသတ်သွားရပုံကြောင့် စိတ်မချမ်းမသာဖြစ်ရလေသည်။
" နောက်ဆုံးမှာ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက အရမ်းအားနည်းနေသေးတာ နှမြောစရာကောင်းလိုက်တာ။ ဒီလူရဲ့ အဆုံးသတ်ဝိညာဥ်လက်နက်နဲ့ အပစ်ခံလိုက်ရပြီး တည်နေရာရွှေ့ပြောင်းသွားတာ။ သူ့နှလုံးနဲ့ သွေးကြောတွေက ပျက်စီးသွားရတယ် "
အဆုံးတွင် ပိုင်ဟောက်အသတ်ခံရခြင်းသည် သူ၏ ကျင့်ကြံခြင်းအခြေခံ အဆင့်တက်ခြင်းကြောင့် မဟုတ်ဘဲ မီးတောက်ဖန်တီးသည့် စွမ်းရည်ကြောင့်ဖြစ်ကြောင်း ပိုင်ရှောင်ချန်း သေချာသွားလေသည်။
"သခင်မချိုင်၊ အင်း။ ဒီတော့ ပိုင်ဟောက်ရဲ့ သုတေသနမှတ်တမ်းတွေက သူ့ဆီမှာ ရှိတာပေါ့။"
ပိုင်ရှောင်ချန်း၏ ရေကိုယ်ပွား ထွက်လာရာ နောက်ထပ်ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်းသည် အနည်းငယ်မျှ တွေဝေခြင်းမရှိဘဲ တဲထဲမှ ထွက်ကာ ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်အားလုံးကို ဖုံးကွယ်လျက် သခင်မချိုင်ကို ပိုင်ရှောင်ချန်း ပထမဆုံးအကြိမ် မြင်တွေ့ခဲ့သည့် ပြဿာဒ်ဆီသို့ ဦးတည်သွားလေသည်။
ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံ လက်ရှိအဆင့်အရ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများပင် အလွန်အမင်း မကြိုးစားလျှင် သူ့ကို သတိထားမိမည် မဟုတ်ပေ။ နတ်အဆင့် ခေါင်းဆောင်ကြီးတစ်ယောက်သာ သိနိုင်မည်ဖြစ်သည်။ သို့သော် မျိုးနွယ်စု နတ်အဆင့်ခေါင်းဆောင်ကြီးသည် သူ၏ နတ်ဘုရားအာရုံကို မျိုးနွယ်စုထဲတွင် တချိန်လုံး ထုတ်လွှတ်မထားနိုင်သည့်အပြင် ဖြစ်ပျက်သမျှ အသေးအဖွဲကိစ္စအားလုံးကို အမြဲတမ်း အာရုံစိုက်မနေနိုင်ပေ။
ပိုင်ရှောင်ချန်း၏ ရေကိုယ်ပွားသည် ညအမှောင်ထုအောက်ဝယ်တွင် ပြဿာဒ်နားရောက်လာသည်အထိ တိတ်ဆိတ်စွာ လျှောက်လာခဲ့သည်။ သူ၏ အငွေ့အသက်ကို ဂရုတစိုက် ဖုံးကွယ်ကာ သခင်မချိုင်၏ နေအိမ်ဆီသို့ လှမ်းလာခဲ့သည်။
ရေကိုယ်ပွားသည် ပိုင်ဟောက်၏ မှတ်စုများကို စတင်ရှာဖွေတော့မည့် အချိန်မှာပင် သူ၏ခန္ဓာကိုယ်လှုပ်ရှားသွားပြီး နေရာတွင် ရပ်ကာ သခင်မချိုင်နှင့် ပိုင်ချီတို့ စကားပြောနေသည့် နေအိမ်ထဲမှ အခန်းကို ကြည့်လိုက်သည်။
" ချီအာ "
သခင်မချိုင်က အနည်းငယ် စိတ်ပူပန်နေဟန်ဖြင့် ပြောလိုက်သည်။
"ဟို ခွေးသားပိုင်ဟောက်ရဲ့ မှတ်စုတွေကို လေ့လာဖို့ အချိန်ပိုယူသင့်တယ်။ ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်တဲ့ စွမ်းရည်ရှိရင် ခေါင်းဆောင်ကြီးက အခု သူ မင်းကို တန်ဖိုးထားတာထက်ကို ပိုပြီး တန်ဖိုးထားမှာ။"
"အဲဒီအခါကျမှ မင်းအတွက် ဘိုးဘွားပိုင်မြေကို ဖွင့်ပေးဖို့ သဘောတူမှာ။"
"ဘိုးဘွားပိုင်မြေက ပိုင်မျိုးနွယ်စုရဲ့ တစ်ခုတည်းသော နတ်ဝိညာဥ် တည်ရှိတဲ့ နယ်မြေပဲ။ ဘိုးဘွားပိုင်မြေ ပွင့်သွားတာနဲ့ မျိုးနွယ်စုထဲမှာရှိတဲ့ ဘယ်သူမဆို ဝင်ရောက်နိုင်ပြီ။ နည်းလမ်းအရဆိုရင်တော့ ဘယ်သူမဆို နတ်ဝိညာဥ်ကို ရအောင် ယူနိုင်ပေမဲ့ ခေါင်းဆောင်ကြီးကသာ မင်း ယူသင့်တယ်လို့ သဘောတူရင် အကုန်လုံးက တရားဝင်ဖြစ်သွားမှာပဲ။ သွေးနှောမျိုးဆက်တွေက ဒီကိစ္စကို ဘာမှ ပြောနိုင်မှာ မဟုတ်တော့ဘူး။ နတ်ဝိညာဥ်ကို မင်းပဲ ရယူနိုင်တော့မှာ။"
"မင်း အဲဒီနတ်ဝိညာဥ်ကို ရတာနဲ့ နတ်သားရဲဝိညာဥ် အစိတ်အပိုင်းငါးခု တစ်စုံလုံးနဲ့ လဲပြီးတော့ ယင်ယန်ဝိညာဥ်ကို ပုံဖော်လို့ ရပြီ။ မင်းအဖေတောင် မင်းဖို့ အဲဒါကို တောင်းမပေးနိုင်ဘူး။ မင်းကိုယ်တိုင် ယူမှပဲ ရမှာ "
ထို့နောက် သခင်မချိုင်သည် ထိုကိစ္စနှင့် ပတ်သက်၍ ဆက်လက်တိုက်တွန်းနေတော့သည်။