ရွေးချယ်စရာ
Vol. 168 Ch. 2508
ဂေဟာအပြင်ဘက်မှာ ကောင်းကင်ဘုံအင်မော်တယ်များက ဝင်ရောက်လာကြ၏။
“ရှဲ့ယန်လား…”
ရှဲ့ချင်းချန်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ထိုကျင့်ကြံသူများ၏ ခေါင်းဆောင်သည် ယန်ယန်းအင်မော်တယ်ဘုရင်၏ တန်ဖိုးထားခြင်းခံရသော မင်းသားယန်ဖြစ်လေသည်။ သူ၏ နောက်ဘက်မှာ ကောင်းကင်အဆင့်သတ်မှတ်ချက်တွင် အဆင့်(၄) ဝင်သော ပြန်ဝင်စားပကတိအင်မော်တယ် လေ့ရွှမ်ပါလာ၏။
“ညီအစ်ကိုဆူ ရှိတဲ့နေရာကို မင်းသိလို့လား”
ရှဲ့ချင်းချန်က တည်တံ့စွာ မေးလိုက်၏။
“ဒါပေါ့”
မင်းသားယန်၏ မျက်နှာပေါ်တွင် အူမြူးအားရနေသော အမူအရာတစ်ခု ပေါ်ထွက်လာပြီး သူက ပြုံးပြလိုက်၏။
“မင်းရဲ့ ညီအစ်ကိုဆူက ကျုံးဖေးယွီရဲ့ ဖိအားပေးမှုကြောင့် ဆိုးယုတ်ရေကန်ထဲကို ကျဆင်းပြီး သေသွားပြီ”
“အား…”
ကောင်းကင်ဘုံအင်မော်တယ်ယွီယွင်နှင့် တခြားသူများက တုန်လှုပ်၍ ထိတ်လန့်တကြား ရေရွတ်လိုက်ကြ၏။
ရှဲ့ချင်းချန်က သူ၏ လက်သီးနှစ်ဖက်ကို အလိုလိုဆုပ်ပြီး အံကိုကြိတ်ကာ ပြောလိုက်၏။
“အဲဒါ မဖြစ်နိုင်ဘူး… ညီအစ်ကိုဆူမှာ ပို့ဆောင်ရေးအဆောင်ရှိတယ်… သူက မနိုင်ဘူးဆိုရင်တောင် အဆူရာတိုက်ပွဲမြေကနေ ထွက်ခွာသွားလို့ရတယ်”
“ဘာက မဖြစ်နိုင်ရမှာလဲ”
မင်းသားယန်က လှောင်ရယ်လိုက်၏။
“ကျုံးဖေးယွီက ကိုယ်တိုင်တိုက်ခိုက်ခဲ့တာ… ဆူဇီမိုက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့် ၂၄ပဲ ရှိတယ်… သူက ထွက်ပြေးဖို့ အခွင့်အရေးရမယ်လို့ မင်းထင်လို့လား… နောက်ပြီး ညီအစ်ကိုလေ့ကလည်း အဲဒါကို ကိုယ်တိုင်မြင်တွေ့ခဲ့တယ်”
လေ့ရွှမ်က အဲဒါကို တိတ်တဆိတ် အသိအမှတ်ပြုသည့်အလား သူ့ရှေ့မှာရှိသော မင်းသားယန်ကို မျက်ခုံးပင့်၍ ကြည့်လိုက်၏။
မင်းသားယန်က ထိုနေရာမှာ မရှိခဲ့သော်လည်း သူသည် အခြေအနေတစ်ရပ်လုံးကို ပြန်လည်ကြားသိခဲ့ရပြီးဖြစ်သည်။
ကျုံးဖေးယွီတစ်ယောက်တည်းက ဆူဇီမိုကို ဆိုးယုတ်သွေးကန်ထဲသို့ တွန်းပို့ဖို့ မဖြစ်နိုင်ပေ။
မင်းသားယန်က အဲဒါကို သိရှိထားသော်လည်း သူက မင်းသမီးယုယန်နှင့် ကျုံးဖေးယွီကို ပြဿနာတက်စေရန် တမင်ရည်ရွယ်ကာ ပြောလိုက်ခြင်းဖြစ်၏။
လေ့ရွှမ်သည် မင်းသားယန်၏ စိတ်ကို ဖတ်မိသော်လည်း သူက အဲဒါကို ထုတ်ဖော်ပြောဆိုမနေပေ။
သို့သော်လည်း သူက မလိမ်ညာလိုပေ။ ထို့ကြောင့် သူက နှုတ်ဆိတ်နေခြင်းဖြစ်၏။
“ညီအစ်ကိုဆူက သေပြီလား”
ရှဲ့ချင်းချန်၏ မျက်လုံးက နီရဲသွားပြီး သူက မယုံကြည်နိုင်စွာဖြင့် ခေါင်းကိုခါယမ်းလိုက်၏။
ကောင်းကင်ဘုံအင်မော်တယ်ယွီယွင်က ညင်သာစွာ သက်ပြင်းချလိုက်၏။
“ပြန်ဝင်စားပကတိအင်မော်တယ်တစ်ယောက်အနေနဲ့ ကျုံးဖေးယွီက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့် ၃ ဝင်တယ်… သူတိုက်ခိုက်မယ်ဆိုရင် ဆူဇီမိုက အခွင့်အရေးတစ်ခုတောင်မရတာ ဖြစ်နိုင်တယ်”
နောက်ထပ်လူတစ်ယောက်က ပြောလိုက်၏။
“ဆူဇီမိုက ဒုံမင်းအင်မော်တယ်မုန့်ယောင်နဲ့ နက်ရှိုင်းတဲ့ ရန်ငြိုးရန်စ ရှိထားတယ်… ကျုံးဖေးယွီကလည်း ဒုံမင်းအင်မော်တယ်မုန့်ယောင်နဲ့ တစ်ဂိုဏ်းတည်းသားတွေပဲ… သူက ဆူဇီမိုကို တိုက်ခိုက်တယ်ဆိုတာ ဖြစ်နိုင်တယ်”
မင်းသားယန်က သူ၏ ခေါင်းကို အနည်းငယ်မော့လိုက်၏။
“ချင်းချန်… ငါ အခုလာတယ်ဆိုတာ မင်းကို အခွင့်အရေးတစ်ခုပေးမလို့ပဲ”
“မင်း ဘာပြောချင်တာလဲ”
ရှဲ့ချင်းချန်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
မင်းသားယန်က ပြောလိုက်လေသည်။
“မင်းရဲ့နောက်လိုက် ဆူဇီမိုက ကျုံးဖေးယွီသတ်လို့ သေသွားပြီ… မင်းက သူ့အတွက် လက်စားချေပေးချင်တယ်ဆိုရင် မင်းက ငါနဲ့ ပူးပေါင်းလို့ရတယ်… ဘာပဲပြောပြော ငါ့မှာ ညီအစ်ကိုလေ့ရဲ့ အကူအညီရှိတဲ့အတွက် ကျုံးဖေးယွီကို တိုက်ခိုက်နိုင်တယ်”
“ချင်းချန်… တကယ်တော့ မင်းက ချိပ်စည်းအတွက် ဆက်ပြီးတိုက်ခိုက်စရာတော့ မလိုတော့ဘူး… မင်းက စိတ်ဝိညာဉ်တိမ်စိုင်ချိပ်စည်းရအောင် ငါ့ကိုကူညီပေးမယ်ဆိုရင် မင်းက နောက်ပိုင်းမှာ ငါ့ရဲ့ လူယုံတစ်ယောက်ဖြစ်လာမယ်”
ရှဲ့ချင်းချန်က ဒေါသထွက်လွန်းသော်လည်း သူက ရယ်မောလိုက်၏။
ဆူဇီမို သေဆုံးသည့်အကြောင်း ပြောဆိုချိန်မှာ မင်းသားယန်၏ မျက်နှာပေါ်ရှိ အူမြူးအားရနေသော အကြည့်ကြောင့် သူက ရွံရှာစက်ဆုပ်နေခဲ့ပြီဖြစ်၏။
ယခု မင်းသားယန်၏ တင်စီးလွန်းသော လေသံက သူ့ကို ပို၍ပင် အလိုမကျဖြစ်လာစေ၏။
မင်းသားယန်သည် ဆူဇီမိုအတွက် လက်စားချေရန် သူတို့နှစ်ယောက် ပူးပေါင်းချင်သည့်အလား စကားကို ကြည့်ကောင်းအောင် ပြောဆိုနေ၏။
သို့သော်လည်း တကယ်တမ်းမှာတော့ မင်းသားယန်သည် သူ့ကို အညံ့ခံစေလိုခြင်းဖြစ်လေသည်။
“ညီအစ်ကိုဆူအတွက် တရားမျှတမှုကို ငါရှာမှာပါ”
ရှဲ့ချင်းချန်က သူ၏ လက်ကို ကာပြပြီး စိတ်မရှည်နိုင်စွာ ပြောလိုက်၏။
“ဒါပေမဲ့ ပူးပေါင်းဖို့အကြောင်းကို ပြောနေစရာမလိုတော့ဘူး… သွားတော့”
ထိုစကားကို ကြားသောအခါ မင်းသားယန်၏ အမူအရာက ချက်ချင်းပင် တည်တံ့သွားပြီး သူက အေးစက်စွာ ပြောလိုက်၏။
“ရှဲ့ချင်းချန်… မင်း တကယ်ကို အရှက်မရှိတဲ့ကောင်ပဲ”
“မင်း ဘာစကားပြောလိုက်တာလဲ”
ရှဲ့ချင်းချန်က ဒေါသတကြီး စိုက်ကြည့်လိုက်၏။
မင်းသားယန်က လှောင်ရယ်လိုက်၏။
“ငါက မင်းကို ငါနဲ့ပူးပေါင်းစေချင်လို့ မင်းကို မျက်နှာသာပေးနေတာ… မဟုတ်ရင် မင်းလို နိမ့်ကျသက်ရှိက ငါနဲ့ပူးပေါင်းဖို့ ထိုက်တန်တယ်လို့ မင်းထင်လို့လား”
ထိုစကားလုံးများက အလွန်တရာ စူးရှလွန်းပြီး လေ့ရွှမ်ပင်လျှင် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ရှဲ့ချင်းချန်၏ သွေးက ဆူပွက်လာပြီး သူက ဒေါသတချေင်းချောင်းထွက်သွား၏။
ကောင်းကင်ဘုံအင်မော်တယ်ယွီယွင်က အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ သူက ရှေ့သို့ အလောတကြီး တက်လှမ်းပြီး ရှဲ့ချင်းချန်ကို ဆွဲကာ အသံနှိမ့်၍ ပြောလိုက်၏။
“မင်းသား… ကျေးဇူးပြုပြီး စိတ်လျှော့ပါ… အရမ်းကာရော မလုပ်ပါနဲ့”
“ဘာလို့လဲ… မင်းက ငါ့ကိုတောင်မှ တိုက်ခိုက်ချင်တာလား”
မင်းသားယန်က မျက်ခုံးအနည်းငယ်ပင့်ကာ ပြောလိုက်၏။
“မင်း ငါ့ကို ထိရဲမယ်ဆိုရင် ငါက မင်းကို အခုချက်ချင်း ဒုက္ခိတဖြစ်အောင်လုပ်ပြီး အဆူရာတိုက်ပွဲမြေကနေ ကန်ထုတ်ပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး”
ရှဲ့ချင်းချန်က အနည်းငယ် မောဟိုက်နေပြီး သူ၏ မျက်လုံးထဲရှိ အမျက်ဒေါသက တဖြည်းဖြည်း ငြိမ်သက်လာခဲ့၏။
အခြားသူများ သည်းမခံနိုင်သည့်အရာကို သည်းခံခြင်းဖြင့်သာ အခြားသူများ မရနိုင်သည့်အရာကို ရရှိနိုင်ပေမည်။
ထိုစကားသည် သူ့အမေ မသေခင် ပြောခဲ့သည့်စကားဖြစ်ပြီး သူက အဲဒါကို အမြဲတမ်းအမှတ်ရနေ၏။
သူ၏ စိတ်ရှည်သည်းခံနိုင်စွမ်းကြောင့် မဟုတ်လျှင် သူသည် ယခုအချိန်ထိ ရှင်သန်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
လေ့ရွှမ်က ရှဲ့ချင်းချန်ကို နက်ရှိုင်းစွာကြည့်ပြီး သူ့ဘာသာသူ တွေးနေ၏။
‘ဒီလူက ဒီလိုမျိုး အရှက်ခွဲမှုကို သည်းခံနိုင်ဖို့အတွက် ဘယ်လောက်တောင် ရည်မှန်းချက်ကြီးနေတာလဲ’
ပါရမီအရည်အချင်း၊ မျိုးဆက်သွေးနှင့် အဆင့်အတန်းတို့မှာ မင်းသားယန်သည် ရှဲ့ချင်းချန်ထက် သာလွန်ပေလိမ့်မည်။
သို့သော်လည်း လေ့ရွှမ်၏ ထင်မြင်ချက်အရ ရှဲ့ချင်းချန်သည် အနာဂတ်မှာ မင်းသားယန်ထက် နိမ့်ကျချင်မှ နိမ့်ကျပေလိမ့်မည်။
တကယ်ဆို သူ့ရှေ့မှ ချောမောလှပသော မျက်နှာနှင့် ဤမင်းသားသည် တော်ဝင်မိသားစု၏ မျိုးဆက်များကြားမှာ တစ်နေ့ ထင်ရှားပေါ်လွင်လာလိမ့်မည်ဟုပင် သူက ခံစားမိနေ၏။
“ကောင်းတယ်… အဲ့လိုပဲ ဖြစ်ရမှာပေါ့”
ရှဲ့ချင်းချန် မျက်လွှာချသွားသည်ကို မင်းသားယန် တွေ့မြင်သောအခါ သူက စိတ်ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်၏။
သူက ရှဲ့ချင်းချန်၏ နောက်ဘက်မှာရှိသော ကောင်းကင်ဘုံအင်မော်တယ်များကို ကြည့်ပြီး ပြောလိုက်၏။
“မင်းတို့ရဲ့သခင်က အညံ့မခံချင်ဘူး…. ဒါပေမဲ့ ငါက မင်းတို့ကို အခု အခွင့်အရေးတစ်ခုပေးမယ်… မင်းတို့တွေက ငါ့ရဲ့ဘက်မှာ ရပ်တည်မလား… ဒါမှမဟုတ် မင်းတို့တွေက အဆူရာတိုက်ပွဲမြေကနေ ကန်ထုတ်ခံရဖို့ကို စောင့်နေမလား”
ကောင်းကင်ဘုံအင်မော်တယ်များက ရှဲ့ချင်းချန်ကို အလိုလိုကြည့်လိုက်ကြ၏။
ရှဲ့ချင်းချန်က မှင်သေသေဖြင့် ရှိနေပြီး နှုတ်ဆိတ်နေ၏။
မင်းသားယန်သည် ယခင် သူဆုံးရှုံးခဲ့ရသည့် ကောင်းကင်အင်မော်တယ်များကို ဖြည့်တင်းဖို့အတွက် လူအင်အားစုဆောင်းရန် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သူက ပြောနိုင်နေပြီဖြစ်၏။
“မင်းသားချင်းချန်… ကျုပ်တောင်းပန်ပါတယ်”
ကောင်းကင်အင်မော်တယ်ယွီယွင်က အရင်ဆုံး ရှေ့သို့ထွက်ရပ်လိုက်၏။
“ဉာဏ်ရှိတဲ့ ငှက်တစ်ကောင်က အသိုက်လုပ်ဖို့အတွက် ပိုကောင်းတဲ့ သစ်တစ်ပင်ကို….”
“ထွက်သွားစမ်း”
ရှဲ့ချင်းချန်က သူ့ကို လှည့်ပင်မကြည့်ဘဲ ဖြတ်အော်လိုက်၏။
ကောင်းကင်ဘုံအင်မော်တယ်ယွီယွင်က သူ၏ ပခုံးကို တွန့်ပြီး မင်းသားယန်ဘက်သို့ လျှောက်လှမ်းသွား၏။
သူရောက်မလာခင်မှာပင် ကောင်းကင်ဘုံအင်မော်တယ်ယွီယွင်က ဦးညွှတ်လိုက်၏။
“မင်းသားယန်… ကျုပ် ခင်ဗျားအကြောင်းကို အများကြီးကြားဖူးတယ်… ကျုပ်က ခင်ဗျားနောက်ကို လိုက်ပါခွင့်မရခဲ့တာ နှမျောစရာပဲ… အခု ကျုပ်က ခင်ဗျားရဲ့ အသိအမှတ်ပြုမှုကို ရပြီဆိုတော့ ကျုပ်က ခင်ဗျားထံမှာ သစ္စာရှိရှိနဲ့ အမှုထမ်းပါ့မယ်”
“ကောင်းတယ်ကွာ… ကောင်းတယ် ကောင်းတယ်”
မင်းသားယန်က ရယ်မောလိုက်၏။
ကောင်းကင်ဘုံအင်မော်တယ်ယွီယွင်က အရင်ဆုံး ရှေ့သို့ထွက်ရပ်လာခဲ့၏။ ထို့နောက် ချက်ချင်းပင် နောက်ထပ် လူကိုးယောက်ကလည်း မင်းသားယန်ဘက်သို့ ရောက်ရှိလာခဲ့၏။
တစ်ခဏချင်းမှာပင် ရှဲ့ချင်းချန်၏ နောက်ဘက်မှာ လူခြောက်ယောက်သာလျှင် ကျန်တော့၏။
“ဟဲဟဲ… အကျိုးအကြောင်းနားမလည်တဲ့ လူခြောက်ယောက်က ကျန်နေသေးတာပဲ”
မင်းသားယန်က ရယ်မောပြောဆိုလိုက်၏။
“မင်းတို့တွေက…”
ထိုအခါမှသာ ရှဲ့ချင်းချန်သည် တစ်ဖက်သို့လှည့်ပြီး သူ့ဘေးမှာရှိသည့် လူခြောက်ယောက်ကို ကြည့်ပြီး စကားပြောချင်သော်လည်း ရပ်တန့်လိုက်၏။
“မင်းသား… သွားကြရအောင်”
သူတို့ခြောက်ယောက်ကြားမှာ အဆင့်(၉) ကောင်းကင်ဘုံအင်မော်တယ်တစ်ယောက်က ပြောလိုက်၏။
“ကျုပ်တို့တွေက စိတ်ဝိညာဉ်တိမ်စိုင်ချိပ်စည်းအတွက် တိုက်ခိုက်ဖို့ အခွင့်အရေးရမှာ မဟုတ်တော့ဘူး”
“အဲဒါ ဟုတ်ပါတယ်”
နောက်ထပ်လူတစ်ယောက်က ပြောလိုက်၏။
“မင်းသား… ခင်ဗျားက ကျုပ်အသက်ကို တစ်ခါကယ်ပေးခဲ့ဖူးတယ်… ကျုပ်က ခင်ဗျားကို သေချာပေါက် စွန့်ခွာမှာ မဟုတ်ဘူး… ဒါပေမဲ့ ကျုပ်တို့တွေက အခုဒီမှာဆက်နေမယ်ဆိုရင် အရှက်ရရုံပဲ ရှိတော့မယ်”
ရှဲ့ချင်းချန်က အတန်ကြာ တွေးတောတုံ့ဆိုင်းနေပြီးနောက် သူ၏ အကြည့်က ပြတ်သားလာခဲ့၏။
သူသည် ဆူဇီမို မထွက်ခွာခင် သတိပေးခဲ့သည့်စကားကို အမှတ်ရနေဆဲဖြစ်၏။
‘ချိပ်စည်းအတွက် နောက်ဆုံးတိုက်ပွဲကိုရောက်ဖို့ ရက်၂၀ကျော် လိုသေးတယ်… ဒီအချိန်အတောအတွင်း ကျုပ်တစ်ခုခုဖြစ်သွားမယ်ဆိုရင် ဘာမှမပူနဲ့… နောက်ဆုံးအခိုက်အတန့်အထိ လက်မလျှော့လိုက်နဲ့’
ထိုအချိန်တုန်းက ရှဲ့ချင်းချန်သည် ထိုစကားကို နားမလည်ခဲ့ပေ။ ယခု သူက ထိုစကားကို ပြန်တွေးကြည့်ရင်း ဆူဇီမိုသည် တစ်စုံတစ်ရာဖြစ်ပျက်လာမည်ကို ကြိုတင်သိရှိခဲ့ပုံရလေသည်။
သူ၏ စကားလုံးများမှာ ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်တစ်ခု ရှိနေ၏။
ဒါ့အပြင် ဆူဇီမိုသည် နောက်ဆုံးအချိန်ထိ လက်မလျှော့ရန် သူ့ကို နှစ်ကြိမ်တိုင်တိုင် သတိပေးခဲ့၏။
ထို့သို့အတွေးဖြင့် ရှဲ့ချင်းချန်က ပြောလိုက်၏။
“ညီအစ်ကိုတို့…. မင်းတို့ရဲ့ သစ္စာရှိမှုနဲ့ ယုံကြည်မှုအတွက် ငါ ကျေးဇူးတင်ပါတယ်… မင်းတို့ရဲ့ ပို့ဆောင်ရေးအဆောင်တွေကို ဆုတ်ဖြဲပြီး ဒီနေရာကနေ ထွက်သွားကြတော့”
“ငါကတော့ ဒီနေရာမှာ စောင့်ကြည့်ဦးမယ်… ဘာပဲဖြစ်ဖြစ် ရက်၂၀ကျော်ဆိုတာ ခဏလေးပါပဲ”