← Chapters

စုန့်စဲကို သတ်ဖြတ်ခြင်း

Vol. 168 Ch. 2513

စုန့်စဲကို သတ်ဖြတ်ခြင်း

Vol. 168 Ch. 2513

ဟာ….

လက်ရှိလူတိုင်းက တုန်လှုပ်၍ ထိတ်လန့်တကြားဖြစ်သွားကြ၏။

ထိုစကားလုံးများက အလွန်တရာ သူရဲကောင်းဆန်ပြီး ကမ္ဘာတုန်လောက်လေသည်။

ရှေးဟောင်းမြို့တော်၏ အထက်ရှိ ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှ ပကတိအင်မော်တယ် ခြောက်ဦးပင်လျှင် အံ့အားသင့်၍ ထိတ်လန့်သွားကြ၏။

“ဒီကောင်လေးက တော်တော်ရဲတင်းတာပဲ”

“သူက အခုချိန်မှာ ရန်သူတွေပတ်လည်ဝိုင်းနေတယ်… ကျုံးဖေးယွီနဲ့ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံး ၁၀ထဲက တခြားပညာရှင်လေးယောက်အပါအဝင် ထိပ်သီးကောင်းကင်အင်မော်တယ်ရာချီကလည်း ရှိနေတယ်… ဒါတောင် သူက လေ့ရွှမ်လို သန်မာတဲ့ရန်သူတစ်ယောက်ကို ချုပ်နှောင်ပြီးမှ ပြန်လွှတ်ပေးရဲသေးတယ်… သူ့ရဲ့ရဲဝံ့မှုကို ဘယ်သူက ယှဉ်နိုင်တော့မှာလဲ”

နတ်မိမယ်ဂမ္ဘီရကြိုးကြာ၏ လှပသောမျက်လုံးများက ဝင်းလက်တောက်ပလာပြီး သူမက မနေနိုင်ဘဲ ပြောလိုက်၏။

“နောက်ပြီးကျရင် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်က သူ့ရဲ့အကဲဖြတ်တန်ဖိုးမှာ အဲဒီစကားကို သေချာပေါက်ထည့်ရေးရမယ်”

“ဒါပေါ့”

“မင်း ငါ့ကို တကယ်ပဲ လွှတ်ပေးရဲလို့လား”

လေ့ရွှမ်က နောက်ဆုံးမှာ မယုံကြည်နိုင်သော အကြည့်ဖြင့် ပြောလိုက်၏။

ပွင့်ပွင့်လင်းလင်းပြောရပါက သူသည် ဆူဇီမို၏ နေရာမှာ ရှိနေမည်ဆိုလျှင် သူသည် ဆူဇီမိုကို သေချာပေါက် လွှတ်ပေးလိမ့်မည် မဟုတ်ပေ။ ထိုအပြုအမူသည် ကျားတစ်ကောင်ကို သူ့ကျက်စားရာ တောအုပ်သို့ ပြန်လွှတ်ပေးလိုက်ခြင်းနှင့် မကွာခြားပေ။

“မင်းကို သတိမပေးဘူးဆိုပြီး ငါ့ကိုအပြစ်မတင်နဲ့”

လေ့ရွှမ်က အံကိုကြိတ်ကာ ပြောလိုက်၏။

“ငါ့ရဲ့ကိုယ်ကာယနဲ့ မျိုးဆက်သွေးအရဆို ငါက ငါ့ရဲ့တိုက်ခိုက်ရည်ခွန်အားကို ပြန်ရဖို့ သိပ်ကြာလိုက်မှာ…. မင်း...”

လေ့ရွှမ်က စကားဆုံးအောင် မပြောရသေးခင်မှာပင် ဆူဇီမိုက သူ့ကို လွှဲကာ ပစ်ထုတ်လိုက်၏။

လေ့ရွှမ်သည် တွေဝေရှုပ်ထွေးသော အမူအရာဖြင့် ဆူဇီမိုကို ကြည့်လိုက်၏။ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူက သူ၏ သိုလှောင်အိတ်ထဲကနေ ဆေးလုံးလက်တစ်ဆုပ်ကို ထုတ်ယူကာ ပြန်လည်ကုသဖို့အတွက် မျိုချလိုက်၏။

ဆူဇီမိုက ရှဲ့ချင်းချန်ကို ကြည့်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်၏။

“ဘာမှပူမနေနဲ့… စိတ်ဝိညာဉ်တိမ်စိုင်ချိပ်စည်းကို သွားယူလိုက်… ကျုပ်ဒီနေရာကို စောင့်ကြပ်ပေးထားမယ်… ဘယ်သူကမှ ဖြတ်ကျော်မလာနိုင်စေရဘူး”

အဲဒါသည် ယခင်ကနှင့် တူညီသလောက်နီးပါးရှိသော စကားပင်ဖြစ်လေသည်။

စောစောက လူတိုင်းသည် ထိုစကားက အလွန်တရာ ရယ်စရာကောင်းပြီး မောက်မာဝင့်ကြွားလွန်းသည်ဟု ခံစားခဲ့ရ၏။

သို့သော် ယခု လူတိုင်းသည် သူ၏ စကားလုံးများမှာ ကိုင်လှုပ်၍မရနိုင်သော ယုံကြည်မှုတစ်ခုကို ခံစားမိလိုက်၏။

“ဒါ... ဒါက...”

ရှဲ့ချင်းချန်က တွေဝေတုံ့ဆိုင်းနေဆဲဖြစ်၏။

“ကျုပ်ဘေးနားမှာ ခင်ဗျားရှိနေရင် ကျုပ်လုပ်ချင်တိုင်းလုပ်လို့ မရဘူး”

ဆူဇီမိုက ညင်သာစွာ ခေါင်းညိတ်ပြီး ရှဲ့ချင်းချန်ကို ယုံကြည်စိတ်ချစေလိုသော အကြည့်ဖြင့် ကြည့်လိုက်၏။

“ကောင်းပြီလေ”

ရှဲ့ချင်းချန်က ဆက်လက်၍ တွေဝေတုံ့ဆိုင်းမနေတော့ဘဲ ပါရမီတံတား၏ တစ်ဖက်မှာရှိသော အထီးကျန်ကျွန်းရှိရာသို့ လှည့်ထွက်သွား၏။

“ငါတို့သူ့ကို ဖြတ်သွားခွင့်ပေးလို့မရဘူး… တိုက်”

မင်းသားမင်ကျုံးက အလောတကြီး လှုံ့ဆော်လိုက်၏။

မင်းသမီးယုယန်၊ မင်းသားဖုန့်နှင့် တခြားသူများကလည်း ပူပန်ကြောင့်ကြလာပြီး အလောတကြီး အမိန့်ပေးလိုက်ကြ၏။

တကယ်တော့ မင်းသားများ အမိန့်ပေးနိုင်သည်ထက် ပိုမိုမြန်ဆန်စွာပင် လူငါးယောက်က တိုက်ခိုက်လိုက်ကြပြီဖြစ်သည်။

ကျုံးဖေးယွီ၊ စုန့်စဲ၊ ကောင်းကင်အင်မော်တယ် လောယန်၊ ယွဲ့ဟိုင်နှင့် ရှဲ့ထျန်ဟွမ်း…။ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး ၁၀ထဲမှ ပညာရှင်ငါးဦးသည် အလိုအလျောက်နားလည်မှုရယူပြီး ဦးတည်ဘက် ငါးခုခွဲကာ ဆူဇီမိုထံ တစ်ချိန်တည်း ဝင်ရောက်လာကြ၏။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် ရှဲ့ချင်းချန်ကို နှုတ်ဆက်လိုက်ခါစဖြစ်၏။ သူက လူတိုင်းကို ကျောပေးထားပြီး ပြန်လှည့်မလာရသေးပေ။

ဤမြင်ကွင်းသည် လေ့ရွှမ်ကို ဆူဇီမို တိုက်ခိုက်ခဲ့ပုံနှင့် အတော်လေးဆင်တူလေသည်။

“ဟမ်”

ဆူဇီမိုက လှည့်မကြည့်ခင်မှာပင် အန္တရာယ်ကို အာရုံခံမိသွား၏။

သူ၏ အမူအရာက ပြောင်းလဲမသွားဘဲ သူ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က အစိုင်အခဲနီးပါး စုဖွဲ့ကာ သူက ယခင်ဘယ်တုန်းကမှ မထုတ်ဖော်ခဲ့ဖူးသည့် ဓမ္မပညာရပ်တစ်ခုကို ဆင့်ခေါ်လိုက်၏။

အဲဒါသည် စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခုကို ဆွဲယူလိုက်သည့်အလား အဆုံးမဲ့ဆိုးယုတ်သွေးချီက လျင်မြန်စွာ စုစည်းလာ၏။

ချောက်ချားစရာကောင်းသော အော်ရာတစ်ခုက တိုက်ပွဲကွင်းပေါ်ကို ဆင်းသက်လာခဲ့လေသည်။

ကျုံးဖေးယွီနှင့် အခြားသူများက ရင်တထိတ်ထိတ်ဖြစ်ကာ သူတို့၏ အမူအရာများက သုန်မှုန်တည်တံ့လာ၏။ ထိုအော်ရာနှင့် ရင်ဆိုင်ရချိန်မှာ သူတို့၏ နှလုံးများက အထိန်းကွပ်မဲ့စွာ တုန်လာ၏။ အလွန်တရာကြောက်စရာကောင်းသော တစ်စုံတစ်ရာက ဆင်းသက်ရောက်ရှိလာသည့်အလားပင်။

ရုတ်တရက်ဆိုသလို…

“ဝေါင်း…”

ကျယ်လောင်သော ကျားဟိန်းသံနှင့်အတူ သိပ်သည်းပြင်းထန်ကြီးမားသော ဆိုးယုတ်အော်ရာတစ်ခုနှင့် ဧရာမကျားဖြူတစ်ကောင်က အနောက်ဘက်အရပ်ကနေ စုန့်စဲ၏ နောက်မှာ ရုတ်တရက်ပေါ်ထွက်လာ၏။

အထွတ်အမြတ်တောကောင်ကျားဖြူက ဆင်းသက်ရောက်ရှိလာ၏။

ကျားဖြူအထွတ်အမြတ်တောကောင် ပေါ်ထွက်လာသောအခါ လက်ရှိလူတိုင်းသည် သူတို့၏ ဝိညာဉ်များနှင့် မျိုးဆက်သွေးအနက်ပိုင်းထဲမှလာသော ဖိအားတစ်ရပ်ကို ခံစားလိုက်ရပြီး တုန်လှုပ်ချောက်ချားလာကြ၏။

ကျားဖြူအထွတ်အမြတ်ဝိညာဉ်၏ မျက်လုံးများက နီရဲနေပြီး သူက စုန့်စဲကို မမှိတ်မသုန် စိုက်ကြည့်ကာ ရှေ့သို့ခုန်အုပ်လိုက်၏။

ကျားဟိန်းသံကြားမှာ ပကတိအင်မော်တယ်ငါးဦးသည် ခုခံဖို့အတွက် သူတို့၏ အသံပိုင်းလျှို့ဝှက်အတတ်များကို အလောတကြီး ထုတ်ဖော်လိုက်ကြ၏။

ကျားဖြူအထွတ်အမြတ်ဝိညာဉ်က ရုတ်တရက် စုန့်စဲ၏ နောက်ဘက်မှာ ပေါ်ထွက်လာပြီး သူ့ကို ထွက်ပြေးလွတ်မြောက်ဖို့ မည်သည့်အခွင့်အရေးမှ မပေးပေ။

စုန့်စဲသည် ခုခံတိုက်ခိုက်လိုပြီး နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ချက်ချင်းထုတ်ဖော်လိုက်၏။

ကံဆိုးစွာနှင့်ပင် ထိုပညာရပ်များထဲ မည်သည့်အရာကမှ ကျားဖြူအထွတ်အမြတ်တောကောင်၏ ခုန်အုပ်မှုကို မခုခံနိုင်ပေ။

ကျားဖြူအထွတ်အမြတ်တောကောင်က သူ၏ ပါးစပ်ကို ဖွင့်ဟပြီး စုန့်စဲကို ချက်ချင်းပင် ကိုက်ဝါးလိုက်၏။ သွေးများက အဆက်မပြတ် ပန်းထွက်လာပြီး ဆိုးယုတ်အော်ရာတစ်ခုက စုန့်စဲ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူ၏ အသက်ဓာတ်အားကို ဖျက်ဆီးပစ်နေ၏။

အဲဒါက အလွန်တရာ တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်လေသည်။

ကျင့်ကြံသူများစွာ၏ ရှေ့မှာ ကျားဖြူတစ်ကောင်က အနောက်အရပ်ကနေ ရုတ်တရက်ပေါ်ထွက်လာပြီး စုန့်စဲကို ကိုက်ချလိုက်၏။

စုန့်စဲက သွေးများအလိမ်းလိမ်းဖြစ်သွားပြီး လုံးဝမလှုပ်ရှားနိုင်တော့ပေ။ သူ၏ မျက်လုံးများက ကြောက်လန့်မှုဖြင့် ပြူးကျယ်၍ သူ၏ ခန္ဓာကိုယ်ထဲမှာ အသက်ဓာတ် ဆက်လက်၍ မကျန်ရှိတော့ပေ။

စုန့်စဲက သေဆုံးသွားပြီဖြစ်၏။

ကျားဖြူသည် စုန့်စဲ၏ အလောင်းကို ကိုက်ပြီး လေထဲမှာ မတ်တတ်ရပ်နေ၏။ သူ့ထံမှ တုန်လှုပ်စရာကောင်းသော ဆိုးယုတ်အော်ရာတစ်ခု ဖြာထွက်နေလေသည်။ သူသည် လောကရှိ သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ပြီး ပြိုင်ဘက်ကင်းနေ၏။

စုန့်စဲက သေဆုံးသွားသော်လည်း သူက သူ၏ သိုလှောင်အိတ်ထဲကနေ ပို့ဆောင်ရေးအဆောင်ကို ထုတ်ယူထားဆဲဖြစ်ကာ သူမသေခင် အဲဒါကို ခြေမွှလိုက်၏။

ကံဆိုးစွာနှင့်ပင် အဲဒါက နောက်ကျသွားခဲ့ပြီဖြစ်၏။

စုန့်စဲ၏ အလောင်းကို အလင်းတန်းတစ်ခုက လွှမ်းခြုံကာ သူ့ကို အဆူရာတိုက်ပွဲမြေကနေ ခေါ်ထုတ်သွား၏။

ဤအရာသည် သေစေနိုင်စွမ်းအားမှာ ပြိုင်ဘက်ကင်းသော ငရဲဖိနှိမ်မီးဖို၏ စတုတ္ထမြောက် လျှို့ဝှက်အတတ် ကျားဖြူအလောင်းသိမ်းယူခြင်း ဖြစ်လေသည်။

တကယ်တမ်းမှာတော့ ကျားဖြူအလောင်းသိမ်းယူခြင်းသည် ကြောက်စရာကောင်းသော်လည်း ထိုအရာသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်တွင် အဆင့် ၅မှာ ရပ်တည်နေသော စုန့်စဲကို လှုပ်ရှားကွက်တစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်လောက်သည့် အတိုင်းအတာအထိ မဟုတ်ပေ။

စုန့်စဲကလည်း အားမနည်းပေ။

သို့သော်လည်း ဤနေရာက ဆိုးယုတ်သွေးချီဖြင့် လွှမ်းခြုံထားသော အဆူရာတိုက်ပွဲမြေဖြစ်နေသည်။ ဆူဇီမိုကတော့ သူသည် ဆိုးယုတ်သွေးကန်၏ အစပ်မှာ ရှိနေ၏။ ထို့ကြောင့် ကျားဖြူဖြစ်ပေါ်လာသည့်အခါ ၎င်းသည် ရေကန်ထဲမှ ဆိုးယုတ်သွေးပမာဏများစွာကို စုပ်ယူပြီး အစိုင်အခဲနီးပါး စုဖွဲ့လာခဲ့၏။

ဤဆိုးယုတ်သွေးချီသည် ပကတိအင်မော်တယ်များပင် မခုခံနိုင်ဘဲ ရှောင်လွှဲရသော တစ်စုံတစ်ရာဖြစ်သည်။

ဆူဇီမိုသည် ဆိုးယုတ်ရေကန်ထဲတွင် အသက်ရှင်နိုင်ခဲ့သည့် အကြောင်းအရင်းမှာ သူသည် ကျားဖြူအလောင်းသိမ်းယူခြင်း၏ လျှို့ဝှက်အတတ်ကို ကျင့်ကြံရန် သူ၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာအပေါ် မှီခိုခဲ့သောကြောင့်ဖြစ်သည်။

စုန့်စဲက သန်မာ၍ သူ့မှာ ဝှက်ဖဲများစွာ ရှိသော်လည်း သူသည် ကျားဖြူဆိုးယုတ်သွေး၏ ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိပေ။

ဒါ့အပြင် ကျားဖြူဆိုးယုတ်သွေးသည် အလွန်တရာအားကောင်းသော သတ်ဖြတ်ခြင်းနည်းစနစ်တစ်ခုပုံစံဖြင့် ပေါ်ထွက်လာခဲ့၏။

ထိုလျှို့ဝှက်အတတ် ထွက်ပေါ်လာပြီးနောက် နေရာတစ်ခုလုံးက သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား၏။

စောစောက ဆူဇီမိုကို တိုက်ခိုက်လိုသော ကျင့်ကြံသူများအားလုံးသည် တုန်လှုပ်စွာဖြင့် နေရာမှာပင် အမြစ်တွယ်ရပ်ကာ စောစောကမြင်ကွင်းကနေ ရုန်းထွက်မလာနိုင်ကြပေ။

ရှဲ့ချင်းချန်က ခြေလှမ်းအနည်းငယ်သာ လျှောက်လှမ်းရသေးပြီး စိုးရိမ်ပူပန်နေဆဲဖြစ်ကာ အလိုလိုလှည့်ကြည့်လိုက်၏။

ထိုအကြည့်တစ်ချက်နှင့်အတူ အနောက်အရပ်ကနေ ကျားဖြူတစ်ကောင်ပေါ်ထွက်လာပြီး စုန့်စဲကို ချက်ချင်းသတ်ဖြတ်လိုက်သည်ကို သူက တွေ့မြင်လိုက်ရ၏။

ယခုအခါမှာသာ ရှဲ့ချင်းချန်က အမှန်တကယ် စိတ်သက်သာရာရသွား၏။ ဒါ့အပြင် သူ့မှာ နောက်ဆုံးအနိုင်ရရှိသူ အမှန်တကယ်ဖြစ်လာဖို့ အခွင့်အရေးတစ်ခုရှိနေသည်ကို နားလည်သဘောပေါက်လိုက်၏။

ယန်ယန်းနန်းတော်၏ ရင်ပြင်မှာ….

ကျင့်ကြံသူများစွာက ဤနေရာမှာ စုဝေးရောက်ရှိနေကြပြီး အဆူရာတိုက်ပွဲမြေတွင် ဖြစ်ပျက်နေသည့်အရာကို မသိရှိကြပေ။ သူတို့သည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်မှုကိုသာ စောင့်ကြည့်ပြီး ထင်ကြေးပေးနိုင်ကြလေသည်။

“လေ့ရွှမ်က သူ့ကို ကာကွယ်ပေးထားတာတောင် မင်းသားယန်က ဒုက္ခိတဖြစ်လုနီးပါးပုံစံနဲ့ ထွက်ပြေးလာရတယ်ဆိုတော့…”

“အဲဒါကို ကျုံးဖေးယွီလုပ်တာပဲ ဖြစ်ရမယ်… သူတစ်ယောက်တည်းမှာပဲ အဲ့လိုမျိုးအစွမ်းအစရှိမယ်”

လူတိုင်းက ဆွေးနွေးပြောဆိုနေစဉ် နောက်ထပ်အလင်းတစ်ခုက ရင်ပြင်ပေါ်မှာ ဖျတ်ခနဲလက်သွား၏။

ထို့နောက် ချက်ချင်းပင် သွေးသံရဲရဲ အလောင်းတစ်လောင်းက လေထဲကနေ ကျဆင်းကာ မြေပြင်ပေါ်မှာ မလှုပ်မယှက်လဲကျသွား၏။ သူ၏ ခန္ဓာကိုယ်ထဲမှာ မည်သည့်အသက်ဓာတ်မှ မကျန်ရှိတော့ဘဲ သေဆုံးသွားခဲ့ပြီဖြစ်သည်။

“ဒါက ကံဆိုးတဲ့ ဘယ်အရူးလဲ… ပို့ဆောင်ရေးအဆောင်ကို ချိုးခြေခဲ့တာတောင် သူက သတ်ခံလိုက်ရသေးတယ်”

“ဟားဟား… သူက သူ့အဆင့်လောက်နဲ့ အဆူရာတိုက်ပွဲမြေမှာ ဝင်ပါချင်တာကိုး… သူက ငါတို့လိုမျိုး အပြင်ကနေ ပွဲကြည့်ပရိသတ်လုပ်နေသင့်တယ်”

လူအုပ်ကြားထဲမှ ရယ်မောပြောဆိုသံများက ဆက်တိုက်ထွက်ပေါ်လာ၏။

“ဟမ်”

လူတစ်ယောက်က မျက်မှောင်ကြုတ်လိုက်၏။

“အဲဒီအလောင်းရဲ့ ခါးပေါ်မှာ အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်ရဲ့ တံဆိပ်ပြားရှိနေတယ်မလား”

“အာဏာပါးကွက်သား အစောင့်တပ်သားလား”

လူတစ်ယောက်က ရှေ့သို့တက်လှမ်းပြီး အလောင်းကို လှမ်းကန်လိုက်၏။

သူသည် အလောင်း၏ မျက်နှာကို တွေ့မြင်သောအခါ ထိုလူက တုန်လှုပ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဒယီးဒယိုင်ဆုတ်ခွာလာခဲ့၏။

ဟာ….

အခြားသောကျင့်ကြံသူများကလည်း ပင့်သက်ကို ရှိုက်လိုက်ကြ၏။

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ အဆင့် ၅ ၊ အာဏာပါးကွက်သား အစောင့်တပ်သားများ၏ နံပါတ် ၁ .. စုန့်စဲ။

စုန့်စဲပင်လျှင် သေဆုံးသွားရပြီဖြစ်သည်။

အဆူရာတိုက်ပွဲမြေမှာ အတိအကျ ဘာတွေဖြစ်ပျက်နေတာလဲ….။

All Chapters