ကြောက်စရာကောင်းသောနည်းလမ်းများ
Vol. 168 Ch. 2516
ယန်ယန်းနန်းတော်၏ ရင်ပြင်တွင်...။
ကျင့်ကြံသူများစွာသည် ယခုတင်ရောက်ရှိလာပြီး သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်သွားသည့် ကောင်းကင်အင်မော်တယ်လောယန်ကို ကြည့်လိုက်ကြ၏။ သူတို့သည် တုန်လှုပ်၍ ကြောင်အ,မှင်တက်နေကြ၏။
“ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၈ ဝင်တဲ့ ကောင်းကင်အင်မော်တယ်လောယန်တောင်မှ ဒီလိုမျိုးဆိုးဆိုးဝါးဝါးအခြေအနေနဲ့ အဆုံးသတ်သွားရတယ်ဆိုတော့...”
“စုန့်စဲနဲ့ယှဥ်ရင် သူကကံကောင်းတယ်လို့ဆိုရဦးမယ်... ဘာပဲပြောပြော သူက အသက်ရှင်နိုင်ခဲ့တယ်”
“ကြည့်ရတာတော့... သူက သူ့ဘဝရဲ့နှောင်းပိုင်းအရွယ်ကို ဝင်ရောက်သွားပြီ သူ့အနေနဲ့ အဆင့်-၈ကို ထိန်းထားဖို့မပြောနဲ့ ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်မှာတောင်မှ ရှိဖို့က မဖြစ်နိုင်တော့ဘူး”
ခဏမျှငြိမ်သက်သွားပြီးနောက် လူအုပ်ကြားထဲမှ ဆွေးနွေးပြောဆိုသံများက ထွက်ပေါ်လာ၏။ လူတချို့သည် သူ့ကိုစတင်၍လက်ညှိုးထိုးကာ တီးတိုးတီးတိုးပြောဆိုလာကြသည်။
ကောင်းကင်အင်မော်တယ်လောယန်၏ အမူအရာက သုန်မှုန်လာခဲ့လေသည်။
သူ၏ ဘေးပတ်လည်မှ စကားလုံးများသည် သူ၏ နှလုံးသားကို ထက်ရှသောဓားများကဲ့သို့ ထိုးစိုက်လာခဲ့သည်။
သူ၏ ဘဝက ဤကဲ့သို့ပင် ဖျက်ဆီးခံခဲ့ရလေပြီ။
အောက်ဘုံမှတက်လှမ်းလာသည့် ကျင့်ကြံသူတစ်ယောက်၏ လက်ထဲမှာ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။
ပို၍ပင်မခံမရပ်နိုင်စရာကောင်းသည်မှာ လွန်ခဲ့သည့်နှစ်တစ်ထောင်က ဤလူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အားနည်းလွန်းနေခဲ့၏။ တကယ်ဆို သူသည် ဤလူကို လုံးဝပင်အရေးမလုပ်ခဲ့ပေ။
ထိုစဥ်မှာပင် နောက်ထပ်အလင်းတစ်ခုက ရင်ပြင်ထက်မှာ ဖျတ်ခနဲလက်သွား၏။
ထို့နောက်ချက်ချင်းပင် သွေးချောင်းများဆိုးနေသောလူတစ်ယောက်က ပေါ်ထွက်လာပြီး ဖြူဖပ်ဖြူရော်အမူအရာဖြင့် ချိုင့်ဝင်နေသော သူ၏ ရင်ဘတ်ကို လက်ဖြင့်အုပ်ကိုင်ကာ မြေပြင်ပေါ်မှာ ဒယီးဒယိုင်လျှောက်လှမ်းလာ၏။
“မင်းသားထျန်ဟွမ်း”
လူအုပ်ကြီးက အံ့အားတသင့်ရေရွတ်လိုက်ကြ၏။
မင်းသားထျန်ဟွမ်းသည် ဤတစ်ခေါက်ချိပ်စည်းအတွက်တိုက်ပွဲမှာ ရေပန်းအစားဆုံး ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ခဲ့သည်။
မင်းသားထျန်ဟွမ်းမှာ စွမ်းအားကြီးမားသော အကူအညီပေးမည့်သူများမရှိသော်လည်း သူကိုယ်တိုင်က ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်ယောက်ထဲမှ ပညာရှင်တစ်ဦးဖြစ်လေသည်။ သူသည် အထီးကျန်ကျွန်းပေါ်သို့ အရောက်သွားနိုင်ခဲ့မည်ဆိုလျှင် သူသည် အခြားသောမင်းသားများနှင့်ရင်ဆိုင်ရာမှာ ကြီးမားသော အားသာချက်ရရှိလာပေလိမ့်မည်။
မင်းသားထျန်ဟွမ်းသည် ကျန်မင်းသားများကြားမှာ အရင်ဆုံး ဖယ်ရှားရှင်းလင်းခံရလိမ့်မည်ဟု ဘယ်သူကမှ ထင်မှတ်မထားခဲ့ကြပေ။
ရှဲ့လင်ပင်လျှင် အံ့အားသင့်စွာဖြင့် မျက်မှောင်အနာည်းငယ်ကြုတ်လိုက်၏။
“အဲဒီတိုက်ပွဲက အရမ်းကို ကြောက်စရာကောင်းလွန်းမနေဘူးလား”
“တကယ်ပဲ... အဲဒါက စတင်ရုံပဲရှိသေးတယ်... ဒါပေမဲ့ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က ထိပ်ဆုံးဆယ်ယောက်ထဲက သုံးယောက်က ထွက်လာခဲ့ရပြီ... တစ်ယောက်ကသေပြီး တစ်ယောက်က ဘဝသက်တမ်းကုန်ဆုံးသွားတယ်... နောက်တစ်ယောက်က ဒဏ်ရာအပြင်းအထန်ရလာခဲ့တယ်”
“အဲဒါ... ကျုံးဖေးယွီရဲ့လက်ချက်ဖြစ်မယ်... သူကလွဲရင် တခြားဘယ်သူကမှ ဒီလောက်ထိစွမ်းအားကြီးမားတဲ့ တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်နိုင်မှာမဟုတ်ဘူး”
“အဲဒါသူပဲဖြစ်မယ်... တာအိုရောင်းရင်းလေ့ရွှမ်က တူညီတဲ့တိုက်ခိုက်ရည်ခွန်အားရှိပေမယ့် သူက မင်းသားထျန်ဟွမ်းအပေါ် ဒီလောက်ထိရက်စက်နိုင်မှာမဟုတ်ဘူး”
လူတိုင်းက အသည်းအသန်ဆွေးနွေးပြောဆိုလိုက်ကြ၏။
ရှဲ့လင်က ရှေ့သို့တက်လှမ်းပြီး ဆေးလုံးတချို့ကို ထုတ်ယူကာ မင်းသားထျန်ဟွမ်းကို တိုက်ကျွေးလိုက်၏။ သူက မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
“အထဲမှာ ဘာတွေဖြစ်နေတာလဲ... အဲဒါကျုံးဖေးယွီရဲ့လက်ချက်လား”
“မဟုတ်ဘူး”
မင်းသားထျန်ဟွမ်းက အနည်းငယ်မောဟိုက်နေပြီး ဒေါသထွက် ခံပြင်းစွာဖြင့် ပြန်ဖြေလိုက်၏။
“အဲဒါ ကျုံးဖေးယွီမဟုတ်ဘူးလား”
ရှဲ့လင်က စဥ်းစားရခက်သွား၏။ ခဏမျှစဥ်းစားပြီးနောက် အတွေးတစ်ခုက သူ၏ စိတ်ထဲ ဖျတ်ခနဲပေါ်ထွက်လာသည်။
ရုတ်တရက် သူသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ အချိန်နတ်ဘုရားစွမ်းအားကို ထိန်းချုပ်နိုင်သည့် လူတစ်ယောက်ကို အမှတ်ရသွားလေသည်။
“အဲဒါ သူများလား”
ရှဲ့လင်၏ အမူအရာက မယုံကြည်နိုင်စွာဖြင့် အနည်းငယ်ပြောင်းလဲသွား၏။
အဆူရာတိုက်ပွဲမြေ၊ ဆိုးယုတ်သွေးကန်၏ ရှေ့တွင်...။
စုန့်စဲက ရှုံးနိမ့်သွားပြီးနောက် မင်းသားမင်ကျုံးက ဒေါသချောင်းချောင်းထွက်နေ၏။ ထိုအခိုက်အတန့်မှာ သူသည် ဆက်လက်၍သည်းမခံနိုင်တော့ဘဲ တည်တံ့စွာပြောလိုက်၏။
“ငါ့အထင်တော့... ငါတို့တွေက ဒီလူကို အရင်ဆုံးပူးပေါင်းပြီး ဖိနှိမ်သင့်တယ်”
“ဒါပေါ့”
မင်းသမီးယုယန်က ပြောလိုက်၏။
“ဒီလူက တံတားကိုပိတ်ဆို့ထားတော့ ငါတို့ထဲ ဘယ်သူကမှ မဖြတ်ကျော်နိုင်ဘူး... ရှဲ့ချင်းချန်က စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းကို ယူသွားတော့မှာ ငါတို့က ကြည့်နေရတယ်”
“အမှန်ပဲ...”
မင်းသားယွီကလည်း ရှေ့သို့ထွက်လာပြီး သဘောတူလက်ခံလိုက်၏။
“ငါတို့ပူးပေါင်းပြီး ဒီလူကို အရင်ဆုံးဖိနှိမ်ကြတာပေါ့”
မင်းသားချင်းယန်က ထပ်ပြောလိုက်၏။
“အမှန်ပဲ... စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းကို ငါတို့ထဲက ဘယ်သူပဲရရအဆင်ပြေတယ်... ငါတို့က အဲဒီကောင်စုတ် ရှဲ့ချင်းချန်ကိုတော့ ရယူခွင့်မပေးနိုင်ဘူး... ဟုတ်တယ်မလား”
ဆူဇီမိုက သူ၏ ရှေ့တည့်တည့်မှ ထိပ်သီးကောင်းကင်အင်မော်တယ်ရာချီကိုကြည့်ပြီး လှောင်ရယ်လိုက်၏။
“ဘာမဟုတ်တဲ့လူတစ်အုပ်စုပဲ... မင်းတို့တွေ ပူးပေါင်းထားမယ်ဆိုရင်တောင် ငါ့အတွက်တော့ ဘာမှမဟုတ်ဘူး”
ထိုစကားလုံးများက လူတိုင်း၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းဖြစ်သည်။
လက်ရှိ ကောင်းကင်အင်မော်တယ်များအားလုံးနီးပါးသည် အဆင့်-၉ ကောင်းကင်အက်မော်တယ်များဖြစ်ကြသည်။ ဒါ့အပြင် သူတို့ထဲမှတချို့သည် ကျုံးဖေးယွီနှင့် ယွဲ့ဟိုင်ကဲ့သို့ ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာပင် ရှိကြလေသည်။
သို့သော်ယခု... ဆူဇီမို၏ စကားလုံးများက လူတိုင်းကို ပစ်မှတ်ထားလိုက်ခြင်းဖြစ်နေသည်။
“မောက်မာတဲ့အရူးကောင်”
“ဘယ်လိုတောင် အပြောကြီးနေတာလဲ”
“အားလုံးပဲ... အတူပူးပေါင်းတိုက်ခိုက်ကြမယ်... သူ့ကိုမှတ်လောက်သားလောက် သင်ခန်းစာတစ်ခု ပေးလိုက်ကြရအောင်”
ကျင့်ကြံသူများက မကျေမချမ်းဖြစ်လာကြပြီး မင်းသားများ၏ အမိန့်ကို စောင့်မနေဘဲ တစ်ယောက်ပြီးတစ်ယောက် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကိုထုတ်ဖော်ကာ တိုက်ခိုက်လိုက်ကြ၏။
နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက မရေမတွက်နိုင်သော ရေစီးကြောင်းများကဲ့သို့ အရပ်တစ်ဘက်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး ဒေါသူပုန်ထနေသော ဒီရေလှိုင်းများအဖြစ် စုဆုံသွားလေသည်။
ကောင်းကင်အဆင့်ဓမ္မရတနာများက လေထဲမှာ မရေမတွက်နိုင်သော နတ်ဘုရားအလင်းများအဖြစ် တစ်ခုပြီးတစ်ခုပြောင်းလဲသွားပြီး မထိုးဖောက်နိုင်သော ပိုက်ကွန်တစ်ခုအဖြစ် ယှက်ဖြာကာ ဆူဇီမိုကို လွှမ်းခြုံလာခဲ့သည်။
ခေါင်းသုံးလုံးလက်ခြောက်ဖက်...။
ကျင့်ကြံသူရာချီ၏ ဝိုင်းပတ်ပို့ဆို့မှုအောက်မှာ ဆူဇီမိုက လုံးဝနောက်မဆုတ်ဘဲ သူ၏ အန္တိမနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ကာ ပါရမီတံတားကို တစ်ယောက်တည်းခုခံပေးနေ၏။
သူ့မှာနောက်ထပ် ခေါင်းနှစ်လုံးနှင့် လက်လေးဖက် ထွက်လာခဲ့၏။ သူက လက်တစ်ဖက်မှာ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၊ နောက်လက်တစ်ဖက်မှာ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်နှင့် နောက်ထက်တစ်ဖက်မှာ အမြီးခုနှစ်ချောင်းဖီးနစ်ယပ်တောင်ကို ကိုင်ဆွဲထား၏။
သူ၏ အားနေသော ကျန်လက်သုံးဖက်က နတ်ဘုရားစွမ်းအားများနှင့် ဓမ္မပညာရပ်များကို ဆင့်ခေါ်ပြီး သူကနေရာမှာပင် မတ်တတ်ရပ်နေ၏။
သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးသည် လေထဲမှာ အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ဓမ္မရတနာများ၏ မထိုးဖောက်နိုင်သော ပိုက်ကွန်ကို ထိခတ်ကာ ဧရာမအပေါက်တစ်ပေါက်ကို ဖန်တီးလိုက်၏။
ဓမ္မရတနာများက သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးနှင့် ထိတွေ့ရိုက်ခတ်မိသောအခါ သူတို့က ချက်ချင်းပင် အောက်ကို သပ်ချခံလိုက်ရ၏။
တစ်ခဏချင်းမှာပင် ပိုက်ကွန်တစ်ခုလုံးက သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးဖြင့် ကြေမွပျက်စီးသွားလေသည်။
ကောင်းကင်အဆင့် ဓမ္မရတနာတချို့က ဆင်းသက်လာနိုင်ခဲ့သည်ဆိုလျှင်တောင် သူတို့သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ လက်ချက်ဖြင့် လွင့်စင်ထွက်သွားကြ၏။
ဆူဇီမိုသည် စိတ်ဝိညာဥ်လိပ်ဒိုင်းကာကို ဆင့်ခေါ်ပြီး တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံပကတိရေကို ထုတ်ဖော်လိုက်၏။ ၎င်းက စိတ်ဝိညာဥ်လိပ်ဒိုင်းကာကို လွှမ်းခြုံသွားပြီး ပို၍ပင်တုန်လှုပ်စရာကောင်းသော ပင်ကိုနတ်ဘုရားစွမ်းအားခံစစ်ကို ဖြစ်ပေါ်စေကာ နတ်ဘုရားစွမ်းအားများနှင့် လျှိူ့ဝှက်အတတ်များ၏ ထိတွေ့ရိုက်ခတ်မှုကို ခုခံပေးနေ၏။
တစ်ချိန်တည်းမှာပင် ဆူဇီမိုက သူ၏ လျှို့ဝှက်အတတ်ကိုလှည့်ပတ်ပြီး ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်ကားချပ်ကို ထုတ်ဖော်ကာ သူ၏ ခွန်အားကို နောက်တစ်ဖန်မြင့်တက်လာစေ၏။
ကြီးမားသောကြယ်နယ်မြေများက သူ၏ ဦးခေါင်ထက်မှာ ပေါ်ထွက်လာပြီး ကြယ်အလင်းရောင်သန်းပေါင်းများစွာက ဖြန်းပက်ကျဆင်းကာ သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။
ထိပ်သီးကောင်းကင်အင်မော်တယ်ရာချီက တစ်ချိန်တည်းမှာ တိုက်ခိုက်လာသည်ဆိုလျှင်တောင် သူတို့က ဆူဇီမိုကို မကိုင်လှုပ်နိုင်ကြပေ။
တကယ်ဆို သူတို့သည် သူ့ကိုခြေတစ်လှမ်းပင် နောက်ဆုတ်အောင် မပြုလုပ်နိုင်ကြပေ။
“ငါ့ရဲ့အစွမ်းအစကိုလည်း မင်းတို့တွေကို ပြပေးရတာပေါ့”
ဆူဇီမိုက တိုက်ခိုက်မှုများ၏ ပထမလှိုင်းကို ခုခံပြီးနောက် သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာကာ လက်နှစ်ဖက်ဖြင့် သူ၏ ဓားကွက်များကို ဆင့်ခေါ်လိုက်၏။ တုန်လှုပ်စရာကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခုက သူ၏ ခန္ဓာကိုယ်ထဲကနေ ပစ်လွင့်ထွက်ပေါ်ကာ တိမ်စိုင်များကြား တလိပ်လိပ်တိုးဝင်သွား၏။
သူသည် ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်များကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်လေသည်။
နောက်ခဏ၌ မြေပြင်က အက်ကွဲ၍ ကောင်းကင်က ပြိုကျလာ၏။
သန်းနှင့်ချီသော ကောင်းကင်သတ်ဖြတ်ခြင်းဓားချီများက ရှေ့တည့်တည့်ရှိလူအုပ်ကြားမှာ ပေါက်ကွဲထွက်ပေါ်လာ၏။
ကောင်းကင်ထက်မှာ ကြယ်များသည် ကသောင်းကနင်းဖြစ်၍ မရေမတွက်နိုင်သော ဓားချီများက ဓားချီနတ်နဂါးတစ်ကောင်အဖြစ် စုဖွဲ့ကာ အောက်ကိုထိုးဆင်းလာလေသည်။
၎င်းဖြတ်သွားရာနေရာတိုင်း သွေးသံရဲရဲဖြင့် ကျိုးပြတ်သွားသော ခြေလက်များက ပြန့်ကျဲထွက်လာ၏။
မင်းသားချင်းယန်၏ ခြေဖဝါးအောက်မြေပြင်က ရုတ်တရက်အက်ကွဲသွားပြီး ဓားချီမိုးပျံမြွေက တိုးထွက်လာခဲ့လေသည်။ သူက ကမန်းကတန်းရှောင်လွှဲလိုက်၏။
ဖောက်...
ထိုသို့ဆိုလျှင်တောင် မိုးပျံမြွေက ကိုက်ချက်တစ်ချက်တည်းဖြင့် သူ့ခန္ဓာကိုယ်၏ ထက်ဝက်ကျော်ကို ပြတ်ကျသွားစေ၏။ လတ်ဆတ်သောသွေးများက ပန်းထွက်လာပြီး သူ၏ ကိုယ်တွင်းအင်္ဂါများက ညှီစို့စို့သွေးနံ့ဖြင့် ဖိတ်စင်ပြန့်ကျဲသွား၏။
မင်းသားချင်းယန်သည် လိပ်ပြာလွင့်မတတ်ကြောက်လန့်သွားပြီး နေရာမှာဆက်မနေရဲတော့ပေ။ သူက ပို့ဆောင်ရေးအဆောင်ကိုထုတ်ယူကာ အဆူရာတိုက်ပွဲမြေကနေ ထွက်ခွာသွား၏။
ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်များ၏ ပေါက်ကွဲထွက်ပေါ်လာမှုကြောင့် တိုက်ပွဲမြေက ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။
ဤအချိန်တောအတွင်းမှာ အလင်းတန်းများက တဖျတ်ဖျတ်လက်သွား၏။
လူတချို့သည် ဆက်လက်၍တောင့်မခံနိုင်တော့ဘဲ အဆူရာတိုက်ပွဲမြေကနေ ထွက်ခွာဖို့ရွေးချယ်လိုက်ကြ၏။
သို့သော်လည်း ဆူဇီမို၏ တန်ပြန်တိုက်ခိုက်မှုက ရပ်တန့်မသွားပေ။ သူသည် လက်ဟန်ချိပ်စည်းများကို ဆက်တိုက်ဆင့်ခေါ်ပြီး သူ၏ အမြူတေစိတ်ဝိညာဥ်ကို လှည့်ပတ်လိုက်၏။
ရုတ်တရက် သူ၏ ဘေးတွင် အရောင်မတူသော မီးတောက်လေးခုက ပေါ်ထွက်လာ၏။
တောင်ပိုင်းမင်းလီမီး၊ အင်မော်တယ်တာအိုမီး၊ မိစ္ဆာတာအိုမီးနှင့် ဗုဒ္ဓတာအိုမီး။
မီးတောက်လေးခုက လျင်မြန်စွာပေါင်းစည်းသွားပြီး ဧရာမမီးလုံးတစ်လုံးအဖြစ်ပြောင်းလဲကာ လောကရှိအရာရာတိုင်းကို အရည်ဖျော်ချနိုင်ပုံရသော မနှိုင်းယှဥ်သာအောင် ချစ်ချစ်တောက်အပူလှိုင်းတစ်ခုကို ဖြာထုတ်ပေးနေ၏။
မီးတောက်တာအိုမှာ အလွန်တရာနက်ရှိုင်းစွာ ကျင့်ကြံထားသော လေ့ရွှမ်သည် ထိုမီးလုံးမှာပါဝင်သည့် ကြောက်စရာကောင်းသောစွမ်းအားကို အာရုံခံမိနိုင်၏။
သို့သော်လည်း ထိုစွမ်းအားက သူ့ကို ခြိမ်းခြောက်ဖို့ မလုံလောက်ပေ။
ထိုစဥ်မှာပင် ဆူဇီမိုက မီးလုံးကို လူအုပ်ကြားထဲသို့ ပစ်ထုတ်လိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏ အသိစိတ်ထဲကနေ နောက်ထပ်စိတ်ဝိညာဥ်မီးတောက်တစ်ခုက ပစ်လွင့်ထွက်ပေါ်ကာ မီးလုံးထဲသို့ ဝင်ရောက်သွား၏။
ထိုအခိုက်အတန့်မှာ လေ့ရွှမ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲလာလေသည်။