စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်၏ မင်းသား
Vol. 168 Ch. 2520
ယန်ယန်းနန်းတော်၏ ရင်ပြင်မှာ...။
ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်တွင် အဆင့်-၅ ဝင်ခဲ့သော စုန့်စဲက သေဆုံးသွားခဲ့သည်။
ကောင်းကင်အင်မော်တယ်လောယန်က သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်ကာ မင်းသားထျန်ဟွမ်းက ဒဏ်ရာအပြင်းအထန် ရရှိလာခဲ့၏။
လူတိုင်းသည် ထိုသည်ကို တွေ့မြင်ပြီးနောက် စိတ်ခံစားချက်များစွာဖြင့် ပြည့်နှက်လာကြသည်။
ချိပ်စည်းအတွက်တိုက်ပွဲက တစ်မူထူးခြားစွာ ပြင်းထန်ကြမ်းတမ်းမည်ကို သူတို့က မျှော်လင့်ထားခဲ့ပြီးသားဖြစ်သည်။
သို့သော်လည်း ထိုတိုက်ပွဲသည် ပြင်းထန်ကြမ်းတမ်းသည့်အဆင့်ကို ကျော်လွန်ပြီး အဲဒါကို သွေးပျက်ချောက်ချားစရာကောင်းသည်ဟုပင် ဖော်ပြနိုင်နေပြီဖြစ်သည်။
ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးတစ်ဆယ်ထဲဝင်သော ပညာရှင်များပင်လျှင် ဤကဲ့သို့သောအခြေအနေဖြင့် အဆုံးသတ်သွားရသည်။
“နောက်ပြီး သူတို့မှာ ပို့ဆောင်ရေးအဆောင်တွေ ရှိနေသေးတယ်... ပို့ဆောင်ရေးအဆောင်တွေသာမရှိရင် ကောင်းကင်အင်မော်တယ်လောယန်နဲ့ မင်းသားထျန်ဟွမ်းတို့ကလည်း ချမ်သာရာရချင်မှတောင်ရလိမ့်မယ်”
“ကောင်းကင်အင်မော်တယ်လောယန်က မသေသေးဘူးဆိုလျှင်တောင် သူက သိပ်ကြာကြာနေရမှာမဟုတ်တော့ဘူး”
ကျင့်ကြံသူများစွာက ဆံပင်များဖြူဖွေးနေသော လူအိုကြီးကောင်းကင်လောယန်ကို လက်ညှိုးထိုးကာ သူတို့၏ လေသံကို ဖုံးဖိထားခြင်း မရှိပေ။
ကောင်းကင်အင်မော်တယ်လောယန်၏ အိုမင်းနေသောမျက်နှာက သုန်မှုန်သွား၏။
သည့်ယခင်က သူသည် ကြိုတင်ခန်းမှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၈ ဝင်ပြီး သူ၏ အထွတ်အထိပ်မှာရှိခဲ့၏။ ဘေးပတ်ဝန်းကျင်မှကျင့်ကြံသူများသည် သူ့ကို တွေ့မြင်သောအခါ ကြည်ညိုလေးစားမှုကို ထုတ်ဖော်ပြသကြပေလိမ့်မည်။ သူ့ကို အရင်က ဤကဲ့သို့သောပုံစံဖြင့် ဘယ်သူက ပြောဆိုရဲခဲ့လို့လဲ။
သို့သော်ယခု သူသည် သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်သွားပြီး သူ၏ သွေးချီက အားနည်းနေပြီဖြစ်၏။ သူ၏ အမြူတေစိတ်ဝိညာဥ်က ညှိုးခြောက်နေပြီး သူသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင်သတ်မှတ်ချက်ထဲ ဝင်ရောက်ဖို့မပြောနှင့် လက်ရှိအဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ယောက်ကိုပင် အနိုင်ရနိုင်တော့မည်မဟုတ်ပေ။
ကောင်းကင်အင်မော်တယ်လောယန်၏ ယခင်အဆင့်အတန်းနှင့် ဂုဏ်ကျက်သရေထွန်းတောက်ခဲ့သော အောင်မြင်ရရှိမှုများအရ သူ့အနေဖြင့် ဤနေရာမှာနေပြီး ဤကဲ့သို့အရှက်ခွဲခံရမှုများကို ကြိတ်မှတ်ခံစားနေစရာမလိုပေ။
သို့သော်လည်း သူက မချင့်မရဲဖြစ်နေ၏။
သူသည် နောက်ဆုံးရလဒ်အတွက် ဤနေရာမှာ စောင့်ဆိုင်းလိုလေသည်။ ဆူဇီမိုက ဆိုးဆိုးဝါးဝါးရှုံးနိမ့်သွားမလား သို့မဟုတ် သူက ချက်ချင်းပင် သေဆုံးသွားမလား သူက သိလိုနေ၏။
ကျုံးဖေးယွီက ထိုသို့လုပ်နိုင်သည်ဟု သူယုံကြည်မိလေသည်။
ကျုံးဖေးယွီသည် မည်သို့ပင်ဆိုစေ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်တွင် အဆင့်-၃ ဝင်သော ပြန်ဝင်စားပကတိအင်မော်တယ်တစ်ဦးဖြစ်၏။
ဒါ့အပြင် သူသည် ယွဲ့ဟိုင်နှင့် ပူးပေါင်းနိုင်ပြီး သူတို့ဘက်မှာ ကောင်းကင်အင်မော်တယ်ရာချီလည်း ရှိနေသည်။
ထိုစဥ်မှာပင် ရင်ပြင်ထက်မှာ အလင်းတစ်ချက် ဖျတ်ခနဲလက်ပြီး ပုံရိပ်များစွာက တစ်ယောက်ပြီးတစ်ယောက်ပေါ်ထွက်လာ၏။
မင်းသားရှင်းယန်က သူ၏ ယိုယွင်းပျက်စီးနေသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ ထွက်ပြေးလာခဲ့၏။ သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေ၏။ သူက ဘယ်လောက်တောင် တုန်လှုပ်လာခဲ့သလဲ မသိရပေ။
အခြားသောကျင့်ကြံသူအများစုကလည်း ဒဏ်ရာဗရပွနှင့် သွေးများက တောက်လျှောက်စီးကျနေကြ၏။
ရှဲ့လင်က ရှေ့သို့အလောတကြီးတက်ပြီး မင်းသားရှင်းယန်၏ ထိခိုက်ဒဏ်ရာများကို တည်ငြိမ်စေ၍ သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နိုင်စေရန် ကူညီပေးလိုက်၏။
“မင်းသားရှင်းယန်ကလည်း ထွက်လာပြီ”
“ထင်ထားတဲ့အတိုင်းပဲ သူ့ရဲ့ကျင့်ကြံမှုက အစကတည်းက မြင့်မားမှုမှမရှိတာ သူ့ရဲ့လက်အောက်က ပညာရှင်နှစ်ဦးကလည်း ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာရှိပေမယ့် ကျုံးဖေးယွီနဲ့အခြားသူတွေနဲ့ယှဥ်ရင် အရမ်းကိုနိမ့်ကျလွန်းတယ်”
“မင်းသားဘယ်လောက်များများကျန်သေးလဲ”
“အထဲမှာ မင်းသားမင်ကျုံး.. မင်းသမီးယုယန်.. မင်းသားဖုန့်နဲ့ မင်းသားယွီတို့ ကျန်သေးတယ်... ဒါပေမဲ့ မင်းသမီးယုယန်မှာ ကျုံးဖေးယွီရဲ့အကူအညီရှိသလို မင်းသားယွီမှာလည်း ယွဲ့ဟိုင်ရဲ့အကူအညီရှိတယ်... သူတို့နှစ်ယောက်က အနိုင်ရဖို့အခွင့်အရေးပိုများတယ်”
“လူတစ်ယောက်လိုနေသေးသလိုပဲ”
နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ခဏမျှတွက်ချက်ပြီးနောက် အရေအတွက်က မမှန်ကန်သည်ကိုသတိထားမိကာ မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
နောက်ထပ်လူတစ်ယောက်က အတန်ကြာစဥ်းစားတွေးတောပြီးနောက် သတိရသွားကာ နှုတ်ခမ်းကိုမဲ့ပြီး ပြောလိုက်၏။
“အဲဒါက လူဆယ်ယောက်ကျော်ကျော်ပဲခေါ်သွားတဲ့ ရှဲ့ချင်းချန်ပေါ့... သူ့မှာက အခွင့်အရေးလုံးဝရှိမှာ မဟုတ်ဘူး”
“အမှန်ပဲ... သူ့ဘေးမှာ လောက်လောက်လားလားလူဆိုလို့ တက္ကသိုလ်က ဆူဇီမိုပဲရှိတယ်... ဒါပေမဲ့ သူကလည်း အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲဖြစ်တယ်လို့ ငါကြားထားတယ်”
နောက်ထပ်လူတစ်ယောက်က ရယ်မောပြောဆိုလိုက်၏။
“အားလုံးပဲ... မင်းတို့တွေ ဘယ်လိုထင်လို့လဲ ဒီတစ်ခေါက် ချိပ်စည်းအတွက်တိုက်ပွဲက အရမ်းကိုကြောက်စရာကောင်းတယ်... စုန့်စဲ.. ကောင်းကင်အင်မော်တယ်လောယန်နဲ့ မင်းသားရှဲ့ထျန်ဟွမ်းတို့တောင်မှ ဒီလိုပုံစံနဲ့အဆုံးသတ်သွားခဲ့ရတယ်...သူ့လိုမျိုး အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်က ဘာများလုပ်နိုင်မှာလဲ”
ကျင့်ကြံသူအများစုသည် စုန့်စဲ၊ ကောင်းကင်အင်မော်တယ်လောယန်နှင့် အခြားသူများ၏ အခြေအနေကို အာရုံရောက်ရှိနေပြီး ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှ ပြောင်းလဲမှုများကို သူတို့က သတိမထားမိကြပေ။
သူ၏ ဘေးပတ်လည်မှ ဆွေးနွေးပြောဆိုသံများကို နားထောင်ရင်း ကောင်းကင်အင်မော်တယ်လောယန်၊ မင်းသားထျန်ဟွမ်း၊ မင်းသားရှင်းယန်နှင့် ယခုတင် အဆူရာတိုက်ပွဲမြေကနေ ထွက်ပြေးလွတ်မြောက်လာသော အခြားသူများ၏ အမူအရာများက ပျက်ယွင်းသွားကြ၏။
“မင်းတို့တွေ ဘာသိလို့လဲ”
မင်းသားရှင်းယန်က ဆက်လက်၍သည်းမခံနိုင်တော့ဘဲ လူအုပ်ကြီးကို အော်ငေါက်လိုက်၏။
လူတိုင်းက ထိတ်လန့်သွားကြ၏။
ရုတ်တရက်ဆိုသလို...။
နောက်ထပ်အလင်းတစ်ခုက ရင်ပြင်ထက်မှာ ဖျတ်ခနဲပေါ်ထွက်လာ၏။ ထို့နောက်ချက်ချင်းပင် မင်းသားမင်ကျုံး၊ မင်းသားဖုန့်နှင့် မင်းသားယွီတို့၏ ပုံရိပ်များက ရင်ပြင်ထက်မှာ ဆင်းသက်ရောက်ရှိလာကြသည်။
သိပ်မကြာခင် မင်းသမီးယုယန်၏ ပုံရိပ်ကလည်း ပေါ်ထွက်လာခဲ့လေသည်။
တစ်ချိန်တည်းမှာပင် မီးတောက်များနှင့်လောင်ကျွမ်း၍ အနက်ရောင်မီးခိုးများအူထွက်နေသော ကောင်းကင်အင်မော်တယ်တစ်ရာကျော်က တစ်ယောက်ပြီးတစ်ယောက်ပေါ်ထွက်လာကာ ခြောက်သွေ့အက်ကွဲနေသော အသံများဖြင့် စူးစူးဝါးဝါးအော်ဟစ်အကူအညီတောင်းလိုက်ကြ၏။
ရှဲ့လင်၏ ဦးဆောင်မှုအောက်မှာ ကျင့်ကြံသူတစ်အုပ်စုက ရှေ့သို့တက်ပြီး ကောင်းကင်အင်မော်တယ်များကို ကယ်တင်ပေးလိုက်လေသည်။
“ဘာတွေဖြစ်နေတာလဲ”
“မင်းသားလေးပါးက ထွက်လာပြီဆိုတော့... ချိပ်စည်းအတွက်တိုက်ပွဲက အဆုံးသတ်သွားပြီပေါ့... ဟုတ်တယ်မလား”
“စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းကို ဘယ်သူရသွားတာလဲ... မင်းသမီးယုယန်လား”
ကျင့်ကြံသူများစွာက တွေဝေရှုပ်ထွေးနေပြီး သူတို့၏ ခေါင်းထဲမှာ မရေမတွက်နိုင်သော မေးခွန်းများ ပေါ်ထွက်လာ၏။
ကျုံးဖေးယွီနဲ့ ယွဲ့ဟိုင်က ဘယ်မှာလဲ။
အခြားသူတွေကရော ဘယ်ကိုရောက်ကုန်တာလဲ... စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းက ဘယ်သူရသွားတာလဲ။
ဒီကောင်းကင်အင်မော်တယ်တွေကို ဤမျှအတိုင်းအတာအထိ ဘယ်သူကလောင်ကျွမ်းစေခဲ့တာလဲ။
လူတိုင်းက ဆွေးနွေးပြောဆိုနေစဥ် ရင်ပြင်ထက်မှာ နောက်ထက်အလင်းတစ်ခုက ဖျတ်ခနဲလက်သွားပြီး ယွဲ့ဟိုင်၏ ပုံရိပ်က ပေါ်ထွက်လာကာ မြေပြင်ပေါ်သို့ ဘုန်းခနဲပစ်ကျသွား၏။
ယွဲ့ဟိုင်က ထိခိုက်ဒဏ်ရာရရှိထားသည့်ပုံ မပေါ်ပေ။ သို့သော်လည်း လူတိုင်းက သူတို့၏ စိတ်ဝိညာဥ်အငိစိတ်များဖြင့် စစ်ဆေးကြည့်ပြီးနောက် သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။
သူက သေနေလေပြီ။
ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၇... တောင်းတန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ ယွဲ့ဟိုင်က သေဆုံးသွားပြီဖြစ်သည်။
“အထဲမှာ... ဘာ..ဘာတွေ ဖြစ်နေတာလဲ”
“မေးစရာလိုသေးလို့လား... အထဲမှာ ကျုံးဖေးယွီတစ်ယောက်ပဲကျန်တော့တယ်... အဲဒါကို သူလုပ်တာနေမှာပေါ့”
“ဟမ့်...”
မင်းသမီးယုယန်၏ အမူအရာက တည်တံ့သွားပြီး သူမက အေးစက််စွာနှာတစ်ချက်မှုတ်လိုက်၏။
“အဲဒါက အစ်ကိုကျုံးနဲ့ ဘာမှမဆိုင်ဘူး... ပေါက်တက်ကရတွေ လျှောက်မပြောနဲ့”
ယွဲ့ဟိုင်၏ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာအပြင်းအထန်ရ၍ သေဆုံးသွားသည်ကို ရှဲ့လင်က တစ်ချက်ကြည့်ရုံနှင့် ပြောနိုင်လေသည်။
ကျုံးဖေးယွီက အဲဒါကို လုပ်တာမဟုတ်ဘူးဆိုလျှင် ဖြစ်နိုင်ခြေက တစ်ခုတည်းသာရှိတော့သည်။
ရင်ပြင်ပေါ်မှာ နောက်ထပ်အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွား၏။
ကျုံးဖေးယွီပေါ်ထွက်လာသောအခါ သူ၏ မျက်နှာကဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူက ပျာပျာသလဲဖြစ်နေ၏။ ယန်ယန်းနန်းတော်သို့ ပြန်လည်ရောက်ရှိလာပြီးတာတောင် သူက အကြောက်မပြေသေးဘဲ အနောက်ဘက်ကို လှည့်ကြည့်နေဆဲဖြစ်၏။
သူသည် နဂါးကြေးခွံကနေ လုံးလုံးလျားလျား လွတ်မြောက်လာသည်ကို သေချာစေပြီးမှ သူကစိတ်သက်သာစွာ သက်ပြင်းချကာ တဖြည်းဖြည်းသူ့ကိုယ်သူ ဣန္ဒြေဆယ်လိုက်၏။
“အစ်ကိုကျုံး... ရှင်တောင်မှ...”
မင်းသမီးယုယန်က တွေဝေရှုပ်ထွေးသောအမူအရာဖြင့် ကျုံးဖေးယွီကိုကြည့်ကာ စကားပြောချင်သော်လည်း ရပ်တန့်လိုက်၏။
ကျုံးဖေးယွီက ခဏမျှနှုတ်ဆိတ်နေပြီးနောက် ပြောလိုက်၏။
“ယုယန်... ငါစိတ်မကောင်းပါဘူး အဆူရာတိုက်ပွဲမြေမှာ ငါ့ရဲ့ခွန်အားအပြည့်အဝကို မထုတ်ဖော်နိုင်ခဲ့ဘူး... ငါ့ရဲ့ လက်တွေက အချုပ်အနှောင်မိနေတယ်”
“ဒါပေမဲ့... မပူပါနဲ့ ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက်တိုက်ပွဲကျရင် ငါ့ရဲ့အစစ်အမှန်ခွန်အားကို သူ့ကို ငါပြပေးလိုက်မယ်”
ထိုသို့ပြောရင်း သူက ယန်ယန်းမြို့တော်၏ ပို့ဆောင်ရေးဝင်္ကပါရှိရာသို့လျှောက်လှမ်းကာ သိပ်မကြာခင် ပျောက်ကွယ်သွား၏။
မင်းသမီးယုယန်က စိတ်ဆိုးမာန်ဆိုးဖြင့် ခြေဆောင့်လိုက်လေသည်။
ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက်တိုက်ပွဲမှာ သူ့ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်တော့ရော ဘာလုပ်လို့ရမှာလဲ။
သူမက စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်၏ မင်းသမီးဖြစ်လာမည့်အခွင့်အရေးကို ဆုံးရှုံးခဲ့ရပြီးပြီဖြစ်သည်။
ကောင်းကင်အင်မော်တယ်လောယန်က ထိုသည်ကိုတွေ့မြင်သောအခါ သူက နောက်ဆုံးရလဒ်ကို ခန့်မှန်းမိသွားပြီဖြစ်ပြီး သူက ဤနေရာမှာဆက်နေဖို့ အဓိပ္ပါယ်မရှိတော့ပေ။
ကျုံးဖေးယွီထွက်ခွာသွားပြီးနောက် သူကလည်း လှည့်ထွက်ကာ အင်မော်တယ်ပျံဂိုဏ်းရှိရာသို့ ပြန်သွားဖို့ပြင်လိုက်၏။
ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများက စဥ်းစားရခက်သွားကြ၏။
“ကျုံးဖေးယွီရဲ့စကားက ဘာအဓိပ္ပါယ်လဲ.. သူတောင်မှ ရှုံးနိမ့်ခဲ့ရတာလား”
“အဲလိုပဲဖြစ်မယ်... ကြည့်ရတာတော့ ငါတို့ ယန်ယန်းအင်မော်တယ်နိုင်ငံရဲ့ ပြန်ဝင်စားပကတိအင်မော်တယ် အရှင်လေ့ရွှမ်က သူ့ကိုအနိုင်ယူခဲ့တာဖြစ်မယ်”
“အရှင်လေ့ရွှမ်ရဲ့ခွန်အားက ကျုံးဖေးယွီရဲ့ အထက်မှာရှိတယ်ဆိုတာ ငါသိသားပဲ”
“ဒါပေမဲ့... အရှင်လေ့ရွှမ်က အထဲမှာဘာလုပ်နေတာလဲ... သူက မင်းသားတစ်ပါးမဟုတ်ဘူးလေ သူက စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းကို ဘယ်လိုလုပ်ရယူနိုင်မှာလဲ”
“ငါတို့... တစ်ယောက်ယောက်ကို လျစ်လျူရှုမိထားတဲ့ပုံပဲ”
ထိုစဥ်မှာပင် အဆူရာတိုက်ပွဲမြေကနေ နောက်ထက်လူတစ်ယောက်ထွက်လာခဲ့၏။
လေ့ရွှမ်က ပေါ်ထွက်လာလေသည်။
သူ၏ ဘေးပတ်လည်မှ သိပ်သည်းများပြားသောလူအုပ်ကြီးကိုကြည့်ပြီး လေ့ရွှမ်က သက်ပြင်းချလိုက်၏။
“ချိပ်စည်းအတွက်တိုက်ပွဲက ပြီးဆုံးသွားပြီ”
“ပြီးသွားပြီလား... စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းကို ဘယ်သူရသွားတာလဲ”
လူတိုင်းက အလိုလိုမေးမြန်းလိုက်ကြ၏။
လေ့ရွှမ်က ပြောလိုက်လေသည်။
“အဆူရာတိုက်ပွဲမြေမှာ မင်းသားတစ်ပါးပဲ ကျန်တော့တယ်... ဒါတောင် စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းကို ဘယ်သူရသွားတာလဲလို့ မင်းတို့က ငါ့ကို မေးနေကြသေးတာလား”
“မင်းသားတစ်ပါးပဲကျန်တော့တာလား.. သူက...”
“ရှဲ့ချင်းချန်ပဲ”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ထိုစဥ်မှာပင် ယန်ယန်းနန်းတော်အထက်ကနေ ခံ့ညားထည်ဝါသောအသံတစ်သံထွက်ပေါ်လာ၏။
“စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းကို ပိုင်ဆိုင်သူရှိလာခဲ့ပြီ... စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်ရဲ့ မင်းသားအသစ်က ရှဲ့ချင်းချန် ဖြစ်လာပြီ”
ထိုအသံနှင့်အတူတွဲဖက်၍ ရှဲ့ချင်းချန်သည် သူ၏ လက်ထဲရှိ ပြိုးပြိုးပြက်ပြက်တောက်ပနေသော ချိပ်စည်းတစ်ခုနှင့်အတူ နန်းတော်အထက်မှာပေါ်ထွက်လာ၏။ ချက်ချင်းပင် သူသည် အဆုံးမဲ့ဂုဏ်ကျက်သရေဖြင့် ဖုံးလွှမ်းခံလိုက်ရသည့်အလားပင်။
စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်း၏ လွှမ်းခြုံမှုအောက်မှာ သူက လင်းထိန်စွာတောက်ပနေ၏။
ထိုအလင်းရောင်အောက်မှာ သူ့နောက်ဘက်မလှမ်းမကမ်းတွင် ကြော့ရှင်းသန့်ပြန့်သောသွင်ပြင်များနှင့် အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်ရှိနေသည်ကို သတိထားမိသည့်သူ မရှိသလောက်နီးပါးပင်။