မင်းကတော့သေချင်နေတာပဲ
Vol. 168 Ch. 2510
“ဟိုမှာကြည့်စမ်း”
နတ်မိမယ်ဂမ္ဘီရကြိုးကြာက အားတက်သရောဖြစ်သွားပြီး အောက်ဘက်ရှိ ဆိုးယုတ်သွေးကန်ကို လက်ညှိုးထိုးကာ အံ့အားတသင့်ပြောလိုက်၏။
“ဘာလဲ”
အခြားသောပကတိအင်မော်တယ်ငါးဦးက လှည့်ကြည့်လိုက်ပြီး သူတို့၏ အမူအရာများက အနည်းငယ်ပြောင်းလဲသွားကြသည်။
ရှေးဟောင်းမြို့တော်၏ အလယ်ရှိသွေးရောင်ရေကန်က ဖြည်းဖြည်းချင်းလည်ပတ်လာ၏။
၎င်းသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုဖြင့် ဆွဲယူခံရပြီး ဧရာမဝဲကတော့တစ်ခုကို ဖြစ်ပေါ်လာသည့်အလားပင်။
ပကတိအင်မော်တယ် ခြောက်ဦးက သူတို့၏ အာရုံစိုက်ပြီး ငုံ့ကြည့်လိုက်ကြ၏။
သူတို့သည် ဧရာမဝဲကတော့၏ အလယ်မှာ ရေကန်အောက်ခြေ၌ထိုင်နေသည့် ပုံရိပ်တစ်ခုကို ခပ်ရေးရေးတွေ့မြင်လိုက်ရ၏။
ထိုသူက ဆူဇီမိုဖြစ်သည်။
ပကတိအင်မော်တယ် ခြောက်ဦးသည် ဆူဇီမိုမသေသေးဘူးဆိုတာကို သိရှိထားပြီးသားဖြစ်ပြီး အံ့အားသင့်မသွားကြပေ။
ပကတိအင်မော်တယ်ခြောက်ဦးကို တကယ်တမ်းတုန်လှုပ်သွားစေသည့်အရာမှာ သူတို့၏ စိတ်ဝိညာဥ်အသိစိတ်ထောက်လှမ်းမှုကနေတစ်ဆင့် ဆူဇီမိုသည် ဆိုးယုတ်သွေးကန်ထဲမှာ တစ်လနီးပါးနေထိင်ခဲ့၏။ သူသည် ပျက်စီးထိခိုက်မှုမရှိခဲ့ရုံသာမက သူ၏ အော်ရာက အရင်ကထက်ပင် များစွာပိုမိုသန်မာလာ၏။
“သူ..သူက အဆင့်ချိုးဖျက်တက်လှမ်းတော့မယ်နဲ့တူတယ်”
“ဘုရားရေ... သူက ရေကန်ရဲ့အောက်ခြေမှာ ဘယ်လိုအခွင့်အလမ်းနဲ့ကြုံတွေ့ခဲ့ရတာလဲ... ရက်၃၀ မပြည့်ခင်မှာတင် သူက ဒီအဆင့်ထိကျင့်ကြံနိုင်ခဲ့ပြီ... သူက အဆင့်ချိုးဖျက်တက်လှမ်းပြီး အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လာတော့မှာလား”
“ဒီကောင်လေးက သူ့ရဲ့အဆင့်ချိုးဖျက်တက်လှမ်းမှုနဲ့ ဆိုးယုတ်ရေကန်တစ်ခုလုံးကို တကယ်ကြီးလှုပ်ခတ်စေနိုင်ခဲ့တာပဲ”
ပကတိအင်မော်တယ်ခြောက်ဦး၏ မျက်နှာများပေါ်တွင် မယုံကြည်နိုင်မှုတို့က ပြည့်နှက်လာ၏။
သူတို့က အဲဒါကို သူတို့၏ မျက်လုံးများနှင့် ကိုယ်တိုင်မြင်တွေ့ရခြင်းမရှိလျှင် သူတို့က ထိုအရာကို ယုံကြည်လိမ့်မည်မဟုတ်ပေ။
နတ်မိမယ်ဂမ္ဘီရကြိုးကြာက သူမ၏ ငေးငိုင်ရာကနေ အရင်ဆုံးနိုးထလာပြီး ဤအချင်းအရာ၏ စစ်မှန်မှုကို လက်ခံလိုက်၏။ သူမ၏ နှုတ်ခမ်းက အပြုံးတစ်ခုဖြင့် ကွေးညွှတ်သွားပြီး ညင်သာစွာ ပြောလိုက်၏။
“ချိပ်စည်းအတွက် တိုက်ပွဲက တစ်ခါထပ်ပြီး စိတ်ဝင်စားဖို့ကောင်းလာတော့မယ်”
“စောစောတုန်းက စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းကို ဘယ်သူရမလဲ နင်တို့တွေငါ့ကို မေးခဲ့ကြတယ်မလား... အခု ငါ့မှာအားပေးရမယ့် လူတစ်ယောက်ရှိလာပြီ”
သူမ ထိုသို့ပြောလိုက်သည့်ခဏမှာပင် ဆူဇီမို၏ အော်ရာက ရေကန်၏ အနက်ပိုင်းထဲမှာ တလိပ်လိပ်ထိုးတက်လာပြီး အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။
အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်။
ရက် ၃၀ မပြည့်ခင်မှာပင် ဆူဇီမိုက ကောင်းကင်အင်မော်တယ်နယ်ပယ်မှာ အဆင့်တစ်ဆင့်ကို ချိုးဖျက်တက်လှမ်းသွားခဲ့ပြီဖြစ်၏။
ပကတိအင်မော်တယ်ခြောက်ဦး၏ အတွေ့အကြုံနှင့်ပင်လျှင် သူတို့သည် ဤကျင့်ကြံမှုအလျင်အဟုန်မှာ တုန်လှုပ်သွားကြသည်။
ထိုစဥ်မှာပင် ရေကန်အောက်ခြေမှာရှိသော ပုံရိပ်က သူ၏ ခေါင်းကိုရုတ်တရက် မော့လိုက်၏။ သူသည် သွေးမြူခိုးများကနေတစ်ဆင့် ပကတိအင်မော်တယ်ခြောက်ဦးရှိရာဘက်သို့ ကြည့်နေသည့်အလားပင်။
ခဏမျှရပ်တန့်သွားပြီးနောက် ထိုပုံရိပ်က သူ၏ အကြည့်ကိုရုပ်သိမ်းကာ သူ၏ အသက်ရှုသံကိုထိန်းညှိပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်ကို အထိုင်ကျစေဖို့အတွက် ဘေးပတ်လည်မှာရှိသော ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ရူးသွပ်စွာ ဆက်လက်စုပ်ယူနေ၏။
“ဘာလဲဟ”
ပကတိအင်မော်တယ်ခြောက်ဦးက အိုးတိုးအမ်းတမ်းအမူအရာများနှင့်အတူ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
“သူက စောစောက ငါတို့ကို တစ်ချက်လှမ်းကြည့်လိုက်တဲ့ပုံပဲ”
ဂမ္ဘီရသက်တံ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သောအကြည့်တစ်ခုပေါ်ထွက်လာပြီး သူက မေးလိုက်လေသည်။
“သူ..သူက ငါတို့ကိုရှာတွေ့သွားပြီလား”
တခြားလူငါးဦးက အဲဒါကို မယုံကြည်နိုင်ဘဲ စဥ်းစားရခက်နေကြ၏။
အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
ပကတိအင်မော်တယ်ပညာရှင်များအနေဖြင့် သူတို့သည် အဆူရာတိုက်ပွဲမြေရှိ သွေးမြူခိုးများ၏ အနက်ပိုင်းထဲမှာ ပုန်းကွယ်နေပြီး ကောင်းကင်အင်မော်များ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့်ထောက်လှမ်းနိုင်သော အမြင့်မှာရှိနေကြ၏။
ဆူဇီမိုက အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်လေသည်။ သူက သူတို့၏ တည်နေရာကို ဘယ်လိုလုပ်အာရုံခံနိုင်မှာလဲ။
ခဏနေပြီးနောက် နတ်မိမယ်ဂမ္ဘီရကြိုးကြာက ညင်သာစွာ ချောင်းဟန့်ကာ သတိပေးလိုက်၏။
“ဂမ္ဘီရသက်တံ... ကောင်းကင်အဆင့်သတ်မှတ်ချက်ကို ထုတ်ယူပြီး သူ့ရဲ့အဆင့်ရပ်တည်ချက်ကို ပြောင်းလဲပေးရတော့မယ်နဲ့တူတယ်”
“အာ... ဟုတ်သားပဲ”
ဂမ္ဘီရသက်တံက နားလည်သဘောပေါက်သွားပြီး ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကို အလောတကြီးဖြန့်ထုတ်လိုက်၏။
သူ၏ လက်ချောင်းထိပ်မှာ အစစ်အမှန်အမြုတေကို စုစည်းပြီး သူက ရပ်တန့်ကာမေးလိုက်၏။
“အခု... သူ့ရဲ့အဆင့်ရပ်တည်ချက်က ဘယ်လောက်ဖြစ်မလဲ”
“အဆင့်-၁၀ ကတော့ သူ့အတွက် သေချာပေါက် မသင့်လျော်တော့ဘူး”
“အမှန်ပဲ... ဒီကောင်လေးက အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်ကတည်းက သူကအဆင့်-၁၀မှာ ရပ်တည်နေနိုင်ခဲ့ပြီ... အခု သူက အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လာပြီဆိုတော့..”
“သူ့ကို အရမ်းအမြင့်ကြီးမထားနဲ့ဦး ... ငါတို့က အခြေအနေကိုအကဲခတ်စောင့်ကြည့်ပြီး သူ့မှာ ဘာဝှက်ဖဲတွေရှိမလဲ ကြည့်ရမယ်ထင်တယ်”
“အဆင့်-၇ ဆိုရင်ကော ဘယ်လိုလဲ”
“အဆင့်-၇က အဆင်ပြေတယ်... အရင်ဆုံး အဲဒီနေရာမှာပဲ ထားလိုက်ကြတာပေါ့”
ပကတိအင်မော်တယ်ခြောက်ဦးက ဆွေးနွေးပြောဆိုပြီး ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ ဆူဇီမို၏ အဆင့်ရပ်တည်ချက်ကို အောက်ဆုံးကနေ အဆင့်-၇သို့ မြှင့်တင်ပေးလိုက်၏။
အစက အဆင့်-၇ မှာ ရှိနေသောယွဲ့ဟိုင်က အဆင့်-၈ သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ဆိုးယုတ်ရေကန်မှ ရုတ်ရုတ်သဲသဲအခြေအနေက အဖွဲ့ခုနှစ်ဖွဲ့၏ စိတ်အာရုံကို ဆွဲဆောင်မိသွားလေသည်။
သို့သော်လည်း သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များက ပကတိအင်မော်တယ်ပညာရှင်များထက် များစွာနိမ့်ကျလေသည်။
ထို့ကြောင့် သူတို့သည် ရေကန်အောက်ခြေကို မထောက်လှမ်းနိုင်ဘဲ ထိုနေရာမှာ ဖြစ်ပျက်နေသည့်အရာကို မသိရှိကြပေ။
“ငါသိပြီ”
ထိုစဥ်မှာပင် မင်းသားရှင်းယန်၏ စိတ်ထဲသို့ အတွေးတစ်ခု ဖျတ်ခနဲဝင်ရောက်လာ၏။
“ဒီရုတ်ရုတ်သဲသဲအခြေအနေက ပါရမီတံတားပေါ်ထွက်လာတော့မယ်ဆိုတဲ့ အရိပ်လက္ခဏာတစ်ခုပဲဖြစ်ရမယ်”
ကျင့်ကြံသူများစွာက နားလည်သဘောပေါက်လာကြ၏။
မင်းသားယန်က လှောင်ရယ်ကာ နှုတ်ခမ်းမဲ့၍ပြောလိုက်၏။
“ဘယ်သူမဆို အဲဒါကို ခန့်မှန်းနိုင်တာပဲ... မင်းက အဲဒါကို တရေးတယူလုပ်ပြောနေစရာလိုလို့လား”
မင်းသားရှင်းယန်၏ အမူအရာက ပျက်ယွင်းသွား၏။
အခြားအဖွဲ့ခြောက်ဖွဲ့နှင့်ယှဥ်လျှင် သူက တစ်ဖွဲ့ချင်းအလိုက် အားအနည်းဆုံးဖြစ်လေသည်။
သူတို့သည် ရှေးဟောင်းမြို့တော်သို့ ရောက်ရှိသည့်အချိန်မှာ သူတို့အဖွဲ့မှာ လူ ၁၄ ယောက်သာကျန်တော့သည်။ ဒါ့အပြင် သူ့အဖွဲ့မှာ ထိပ်သီးကောင်းကင်အင်မော်တယ်ပညာရှင်များ ရှိမနေပေ။
သူ့မှာ ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်၏ အောက်ဆုံးနားမှာ ရပ်တည်နေသော အဆင့်-၉ ကောင်းကင်အင်မော်တယ်နှစ်ယောက်သာ ရှိလေသည်။
သူတို့နှစ်ယောက်က ပူးပေါင်းမည်ဆိုလျှင်တောင် သူတို့သည် ကျုံးဖေးယွီနှင့် အခြားသူများနှင့်ယှဥ်ပါက များစွာနိမ့်ကျနေ၏။
မင်းသားရှင်းယန်က ခြောက်ကပ်စွာရယ်မောလိုက်ပြီး ခွန်းတုံ့ပြန်ရဲခြင်း မရှိပေ။
ထိုစဥ်မှာပင် ဆိုးယုတ်ရေကန်၏ အလယ်ရှိ အထီးကျန်ကျွန်းကနေ အလင်းတစ်ခုဆန့်တန်းကာ လူတိုင်းရှိရာသို့ ဖြည်းဖြည်းချင်းတိုးဝင်လာ၏။
ပါရမီတံတားက ဆင်းသက်လာခဲ့လေပြီ။
“ဟားဟား...ငါပြောတာမှန်နေတာပဲ”
မင်းသားရှင်းယန်က အူမြူးအားရစွာဖြင့် ရယ်မောလိုက်၏။
ပါရမီတံတားက ဆိုးယုတ်ရေကန်ကို ဖြတ်ကျော်လာခဲ့၏။ သို့သော်လည်း တံတားက အတော်လေးကျဥ်းမြောင်းပြီး လူနှစ်ယောက် သုံးယောက် ဘေးချင်းယှဥ်၍ လျှောက်သာရုံသာရှိလေသည်။
ပါရမီတံတားပေါ်တွင် အပြင်းထန်အကြမ်းတမ်းဆုံး ပဋိပက္ခများ ဖြစ်ပွားလာတော့မည်ကို ကြိုတင်ခန့်မှန်း၍ ရနိုင်လေသည်။
ပါရမီတံတားကို ဖြတ်ကျော်ခြင်းက ပထမဆုံးခြေလှမ်းသာဖြစ်လေသည်။
အထီးကျန်ကျွန်းကို ရောက်ရှိလာပြီးနောက် မင်းသားများကြားမှာ ခါးသီးသောတိုက်ပွဲတစ်ခုက ရှိလာပေဦးမည်။
စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းကို ဘယ်သူရနိုင်မလဲ မသိရသေးပေ။
ဘုန်း...
ပါရမီတံတားက ကမ်းစပ်သို့ရောက်ရှိလာခဲ့ပြီဖြစ်၏။
သို့သော်လည်း အဖွဲ့ခုနှစ်ဖွဲ့က တစ်ဖွဲ့နှင့်တစ်ဖွဲ့ စိုးရိမ်ပူပန်နေပြီး ဘယ်သူကမှ အလျင်စလို မလှုပ်ရှားကြပေ။
ကျင့်ကြံသူများစွာက တင်းကျပ်လေးလံနေပြီး ကြီးမားသောတိုက်ပွဲတစ်ခုက အချိန်မရွေးဖြစ်ပွားလာနိုင်၏။
ထိုစဥ်မှာပင် တစ်ဦးတည်းသောလူတစ်ယောက်က အဝေးကနေ ခိုင်မာသောခြေလှမ်းများဖြင့် လျှောက်လှမ်းလာ၏။ လူတိုင်း၏ ရှေ့မှောက်မှာပင် သူက ပါရမီတံတားရှိရာသို့ လျှောက်လှမ်းသွားလေသည်။
ကျင့်ကြံသူရာချီက ငေးမောမှင်တက်သွားကြ၏။
ထိုသူကို မှတ်မိသိရှိသွားပြီးနောက် အဲဒါက အလွန်တရာရယ်စရာကောင်းသည်ဟု ခံစားရပြီး မင်းသားများက ကျိန်ဆဲလိုက်ကြ၏။
“ဟားဟားဟားဟား”
မင်းသားရှင်းယန်က ဟားတိုက်ရယ်မောလိုက်၏။
“ရှဲ့ချင်းချန်... မင်းက တစ်ယောက်တည်းနဲ့ စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းကို လုယူချင်သေးတယ်ပေါ့... အိပ်မက်သာမက်နေလိုက်”
လူအုပ်ကြားထဲမှာ ရယ်မောသံများက ဆက်တိုက်ထွက်ပေါ်လာ၏။
ရှဲ့ချင်းချန်ဖြစ်ပျက်ခဲ့သည့်အရာနှင့်ပတ်သက်၍ လူတိုင်းက သိရှိထားကြပြီးသားဖြစ်သည်။
လူတိုင်း၏ မျက်လုံးထဲမှာ ရှဲ့ချင်းချန်သည် ခေါင်းမာသော လေလွင့်ခွေးတစ်ကောင်ကဲ့သို့ ထိုအခိုက်အတန့်မှာ သနားစရာနှင့် ရယ်စရာကောင်းနေသည်။
မည်သူကမှ မတိုက်ခိုက်ကြပေ။
အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သော ရှဲ့ချင်းချန်က သူတို့အပေါ် ခြိမ်းခြောက်နိုင်စွမ်းလုံးဝမရှိသောကြောင့်ဖြစ်သည်။
အခြားသူများ၏ အကူအညီမရှိဘဲ မည်သည့်မင်းသားမဆို သူ့ကို သူတို့၏ ခြေရင်းမှာ နင်းချေနိုင်လေသည်။
ရှဲ့ချင်းချန်က လူတိုင်း၏ လှောင်ပြောင်သရော်မှုများကို လျစ်လျူရှုပြီး သူ၏ လက်သီးကို တင်းတင်းဆုပ်ကာ ပါရမီတံတားဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းသွား၏။
သူသည် စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းကို ရယူချင်လေသည်။
သူသည် နယ်မြေဒေသတစ်ခုကိုအုပ်စိုးသော မင်းသားတစ်ပါးဖြစ်လိုပြီး သူ့အမေ၏ နာမည်ကို သူ့ဘာသာသူ သန့်စင်ရှင်းလင်းပေးချင်၏။
သူသည် နောက်ဆုံးအခိုက်အတန့်ထိ အလျှော့မပေးလိုပေ။
ထိုကဲ့သို့ပင် လူတိုင်း၏ ရှေ့မှောက်မှာ ရှဲ့ချင်းချန်က ဆိုးယုတ်သွေးကန်၏ အစပ်သို့ ရောက်ရှိလာပြီး ပါရမီတံတားနှင့်ခြေတစ်လှမ်းသာလိုတော့၏။
“ဒူးထောက်လိုက်စမ်း”
ကောင်းကင်အင်မော်တယ်ယွီယင်က သတိထားစောင့်ကြည့်နေ၏။ မင်းသားယန်၏ မနှစ်မြို့မှုကို တွေ့မြင်သောအခါ သူက ရှေ့သို့ချက်ချင်းပင်တက်လှမ်းပြီး ရှဲ့ချင်းချန်ကို လှမ်းကန်လိုက်၏။
ရှဲ့ချင်းချန်က ခုခံတော့မည့်ဆဲဆဲမှာပင် စွမ်းအားကြီးမားသော စိတ်ဝိညာဥ်အသိစိတ်ကဆင်းသက်လာပြီး သူ့ကိုဖိချထားကာ သူက လုံးဝမလှုပ်ရှားနိုင်တော့ပေ။
ဘုန်း...
ရှဲ့ချင်းချန်က ကောင်းကင်အင်မော်တယ်ယွီယင်၏ အကန်ခံရပြီး မြေပြင်ပေါ်မှာ ဝပ်တွားကျသွား၏။
စွမ်းအားကြီးမားသော စိတ်ဝိညာဥ်အသိစိတ်ဖိအားက ပျက်ပြယ်မသွားဘဲ သူက မတ်တတ်ထရပ်မလာနိုင်ပေ။
ရှဲ့ချင်းချန်၏ မျက်လုံးများက နီရဲနေပြီး သူက သူ့ရှေ့မှာရှိသော ရွှေရောင်တံတားနှင့် တံတား၏ တစ်ဘက်မှာရှိသော အထီးကျန်ကျွန်းကို ကြည့်နေ၏။ ပြတ်သားသောအကြည့်နှင့်အတူ သူက ဖြည်းဖြည်းချင်း ရှေ့သို့ တွားသွားလိုက်လေသည်။
“ရှဲ့ချင်းချန်... မင်းသားယန်က မင်းကို အခွင့်အရေးတစ်ခုပေးခဲ့တယ်... ဒါတောင် မင်းက ကိုယ့်ရဲ့အကန့်အသတ်ကိုကိုယ်မသိဘဲ ချိပ်စည်းကိုလုယူဖို့ ခေါင်းမာပြီး ဒီကိုရောက်လာသေးတယ်ပေါ့”
ကောင်းကင်အင်မော်တယ်ယွီယင်က ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ရှဲ့ချင်းချန်၏ ကျောကိုဆောင့်နင်းကာ အေးစက်စွာအော်ငေါက်လိုက်၏။
“ငါ့ရဲခြေဖဝါးအောက်မှာ မင်းက ပါရမီတံတားပေါ်ကို ဘယ်လိုတက်လှမ်းနိုင်မလဲ ကြည့်ရသေးတာပေါ့”
ယွီယင်သည် တစ်ခါတုန်းက ရှဲ့ချင်းချန်နှင့် ရင်းနှီးခဲ့ဖူး၏။
ယခုသူက ထိုသူကို အနိုင်ကျင့်ကာ ညှင်းပန်းနှိပ်စက်နေ၏။
လူတိုင်းက အူမြူးအားရနေပြီး ပြပွဲကို အားရပါးရစောင့်ကြည့်နေကြ၏။
“မင်းက သေချင်နေတာပဲ”
ထိုစဥ်မှာပင် ဆိုးယုတ်ရေကန်ရှိရာဘက်ကနေ အေးစက်၍မကောင်းဆိုးဝါးဆန်သောအသံတစ်သံက ထွက်ပေါ်လာလေသည်။