အခန်း (၁၂၄၆-၁၂၄၈)
Vol. 84 Ch. 1246-1248
အပိုင်း(၁၂၄၆)
နှစ်ရက်ကြာသော် ကြောက်မက်ဖွယ်သတင်းတစ်ခုသည် မုန်တိုင်းတစ်ခုနှယ် မြောက်ပိုင်း ကမ်းရိုးတန်းဒေသ တစ်ခုလုံးကို လျင်မြန်စွာ လွှမ်းခြုံသွားတော့သည်။
ရွှယ်ပင်းနန်းတော် ပျက်စီးခဲ့ချေပြီ။
နှစ်ထောင်ပေါင်းများစွာ မြောက်ပိုင်း ကမ်းရိုးတန်းဒေသကို လွှမ်းမိုးခဲ့သည့် ကြယ်သုံးပွင့် အင်အားစု ရွှယ်ပင်းနန်းတော်သည် မြို့တော်ငါးခု၏ ဖမ်းဆီးမိန့်ထုတ်ခံရသူ ကျန်းချန်၏ လက်အောက်တွင် ပျက်စီးခဲ့ရသည်။
ကျန်းချန်သည် ရွှယ်ပင်းနန်းတော်ကို ဓားတစ်လက်တည်းဖြင့် တစ်ကိုယ်တော် နှိမ်နင်းခဲ့ပြီး ရွှယ်ပင်းနန်းတော်မှ နတ်ဝိညာဉ်ဘုရင်ဆယ်ပါးကို ရှင်းလင်းခဲ့သည်။
နတ်သန္ဓေအင်ပါယာ ဖြစ်သည့် ရွှယ်ပင်းနန်းတော်၏ နန်းတော်သခင် ရွှယ်ထျန်းဟဲပင် ကျန်းချန်၏ လက်ထဲတွင် ကျဆုံးခဲ့ရ၏။
ဤနောက်ပိုင်းတွင် ကျန်းချန်သည် သုံးလအကြာတွင် လူသားဧကရာဇ်နန်းတော်ကို တည်ထောင်ကာ မြောက်ပိုင်း ကမ်းရိုးတန်း ဒေသများကို အုပ်စိုးမည်ဟုလည်း ကြေညာခဲ့သည်။
ထိုသတင်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မြောက်ပိုင်း ကမ်းရိုးတန်းဒေသ တစ်ခုလုံးသည် တုန်လှုပ်ခြောက်ခြားကာ အံ့အားသင့်ခဲ့ကြရသည်။
ကြယ်သုံးပွင့် အင်အားစု ဂိုဏ်းကြီးတစ်ဂိုဏ်းကို တစ်ကိုယ်တော် နှိမ်နင်းရန် ဆိုသည်မှာ မည်မျှပင် ကြောက်မက်ဖွယ်ကောင်း၍ အင်အားကြီးမားလိုက်ပါသနည်း။
တစ်ခဏ အတွင်းမှာပင် ကမ်းရိုးတန်းဒေသရှိ အင်အားစုများစွာသည် ထိတ်လန့် တုန်လှုပ်ကုန်ကြတော့သည်။
မကြာမီမှာပင် အင်အားစုအချို့သည် ကျန်းချန်ကို ထောက်ခံရန် ဆုံးဖြတ်ကာ လူသားဧကရာဇ် နန်းတော်ကို လေးစားလိုက်နာကြောင်း ပြသခဲ့ကြသည်။
သို့သော် အများစုမှာမူ အခြေအနေကို စောင့်ကြည့်ရန်သာ ရွေးချယ်ခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် ကျန်းချန်က ရွှယ်ပင်းနန်းတော်ကို တစ်ဦးတည်း ဖျက်ဆီးနိုင်လောက်အောင် အင်အားကြီးသော်လည်း မြို့တော်ငါးခု၏ ဖမ်းမိန့်ထုတ်ခြင်းကို ခံနေရသူ ဖြစ်နေသေးသောကြောင့်ပင်။
မြို့တော်ငါးခုသာ ဤသတင်းကို သိသွားလျှင် ကျန်းချန်သည် လူသားဧကရာဇ် နန်းတော်ကို မည်ကဲ့သို့ အောင်မြင်စွာ တည်ဆောက်နိုင်ပါမည်နည်း။
သို့သော်လည်း ကျုံးကျိုးကုန်းမြေသည် နယ်မြေကျယ်ဝန်းပြီး မြောက်ပိုင်းကမ်းရိုးတန်း ဒေသသည် ဝေးလံခေါင်းပါးကာ မြို့တော်ငါးခုနှင့် မိုင်ပေါင်း သန်းနှင့်ချီ ဝေးကွာ၍ သတင်းအချက်အလက် ပို့ဆောင်ရန် မလွယ်ကူလှပေ။
မြို့တော်ငါးခု၏ ဖမ်းမိန့်ထုတ်သည့် အမိန့်စာပင် မြောက်ပိုင်း ကမ်းရိုးတန်းဒေသသို့ ပြန့်နှံ့ရန် နှစ်ဝက်နီးပါး ကြာမြင့်ခဲ့၏။
ထို့ကြောင့် ကျန်းချန်က လူသားနန်းတော်ကို တည်ထောင်လိုကြောင်း သတင်းသည် မြောက်ပိုင်း ကမ်းရိုးတန်းဒေသတွင်သာ ပြန့်နှံ့ခဲ့သည်။
စန်းဝူဟန်၏ ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့မှုကြောင့် အနည်းဆုံးတော့ မြို့တော်ငါးခုသည် ကမ်းရိုးတန်းဒေသများမှ သတင်းများကို အချိန်တိုအတွင်း သိရှိရန် ခက်ခဲဦးမည် ဖြစ်၏။
ကမ်းရိုးတန်းဒေသ တစ်ခုလုံး ကျန်းချန်ကြောင့် တုန်လှုပ်နေစဉ်တွင် ကာယကံရှင်ဖြစ်သည့် ကျန်းချန်ကမူ ထိုကိစ္စများကို လုံးဝ ဂရုမစိုက်အားခဲ့ပေ။
သူက စန်းဝူဟန် ယူလာခဲ့သည့် ပစ္စည်းများဖြင့် ဟွမ်ယွမ်ကောင်းကင်ဓားအမိန့်ကို ပြုလုပ်နေခဲ့သည်။
လူသားဧကရာဇ်နန်းတော် တည်ထောင်မည့် သတင်းကို ထုတ်ပြန်ရန် ဆုံးဖြတ်ပြီးကတည်းကစ၍ မြို့တော်ငါးခုမှ လူများ သိရှိသွားမည်ကို သူ မကြောက်တော့ပေ။
မြို့တော်ငါးခုတွင် ရှည်လျားသော သမိုင်းကြောင်း နှင့် ခန့်မှန်း၍ မရနိုင်သော စွမ်းအားများ ရှိနေသော်လည်း သူ တစ်ဦးတည်းကို ကိုင်တွယ်ရန် အင်အားအများအပြား စေလွှတ်နိုင်မည်တော့ မဟုတ်ချေ။
ကျန်းချန် သိရှိထားသလောက် ယန်ဒီမြို့ရှိ နတ်သန္ဓေအင်ပါယာထဲတွင် အင်အားအကောင်းဆုံးသူမှာ နတ်သန္ဓေအင်ပါယာ နယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည့် သူ့ဆရာ ရှောင်တုလီ ဖြစ်သည်။
အခြားသော မြို့များရှိ နတ်သန္ဓေအင်ပါယာများသည် သူ့ဆရာ ရှောင်တုလီထက် သာလွန်သော စွမ်းရည်မျိုး မရှိကြပေ။
သူ၏လက်ရှိအင်အားဖြင့် အစွမ်းကုန် တိုက်ခိုက်မည်ဆိုလျှင်နတ်သန္ဓေအင်ပါယာ နယ်ပယ်၏ စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့် ကျင့်ကြံသူများကိုပင် သတ်ပစ်နိုင်ပြီ ဖြစ်သည်။
ဓားအမိန့်ကို ပြုလုပ်ပြီး ဟွမ်ယွမ် ကောင်းကင်ဓားအစီအရင်ကို အသက်သွင်းလိုက်လျှင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် နှစ်ဆ တိုးလာနိုင်ပေသည်။
ထိုအချိန်သို့ရောက်လျှင် မြို့တော်ငါးခုထဲတွင် တံခါးပိတ် ကျင့်ကြံနေသည့် မွန်းစတားအိုကြီးများ မပေါ်ပေါက်သ၍ နတ်သန္ဓေအင်ပါယာ သုံးလေးယောက်ကို ရင်ဆိုင်ရလျှင်ပင် သူ လုံးဝ မကြောက်ရွံ့တော့ပေ။
တိတ်ဆိတ်သော လျှို့ဝှက်ခန်းထဲတွင် ကျန်းချန်သည် ရှုပ်ထွေးသော စည်းတံဆိပ်များကို ဆက်တိုက် ပြုလုပ်ကာ ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်၏ ဓားအမိန့်ကို ပြုလုပ်နေခဲ့သည်။
တစ်နေ့နှင့် တစ်ည ကြာမြင့်ခဲ့ပြီးနောက်တွင် တစ်ပေခန့်ရှိသည့် ရွှေရောင်ဓားတိုလေး တစ်ချောင်းသည် နောက်ဆုံးတွင် ကျန်းချန်၏ ရှေ့၌ ပေါ်လာခဲ့၏။
"ဟွမ်ယွမ်ကောင်းကင်ဓားအမိန့်.. နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ"
ကျန်းချန်၏ မျက်လုံးများတွင် အလင်းရောင်တစ်ခု လင်းလက်သွားပြီး သူ၏ ရှေ့မှ ရွှေရောင်ဓားတိုလေးကို ချက်ချင်းပင် ဆွဲယူကာ လေထုထဲတွင် ပေါ်လာခဲ့သည်။
သူက ရွှေရောင်ဓားတိုလေးကို လက်နှစ်ဖက်ဖြင့် ထိန်းချုပ်လိုက်ပြီး နက်နဲသော လက်ဟန်တစ်ခုကို လျင်မြန်စွာ ပြုလုပ်လိုက်၏။
"ဟွမ်ယွမ် ကောင်းကင်ဓားအစီအရင်.. အသက်ဝင်"
ကြုံးဝါးသံနှင့်အတူ ရွှေရောင်ဓားတိုလေးသည် ကောင်းကင်ယံတွင် ရွှေရောင်အလင်းအဖြစ် တိုက်ရိုက် ပြောင်းလဲသွားပြီး နေရောင်ခြည်က မြေပြင်ကို လင်းထိန်စေ သကဲ့သို့ ပြန့်ကျဲ၍ ကျဆင်းလာခဲ့၏။
"ဝုန်း ဝုန်း ဝုန်း"
ရွှေရောင်ဓားတိုလေးမှ ဖြစ်ပေါ်လာသော ရွှေရောင်အလင်း၏ လမ်းညွှန်မှုအောက်တွင် အောက်ဘက်ရှိ ရွှေရောင်အလင်း သုံးရာခြောက်ဆယ်သည် တစ်ပြိုင်နက်တည်း နီးပါး ကောင်းကင်ပေါ်သို့ မြင့်တက်လာခဲ့ပြီး ပြန့်ကျဲနေသော ရွှေရောင်အလင်းနှင့် ပဲ့တင်ထပ်လာခဲ့သည်။
တဖြည်းဖြည်းနှင့် ကောင်းကင်ယံအပြည့်ရှိ ရွှေရောင်အလင်းသည် ရွှေရောင်အလင်းတန်း သုံးရာခြောက်ဆယ်နှင့် ပေါင်းစပ်သွားပြီး အားကောင်းသော ရွှေရောင် အကာအကွယ် အစီအရင် တစ်ခု အဖြစ် ပြောင်းလဲကာ အောက်ဘက်ရှိ အဆောက်အဦး အားလုံးကို ဖုံးအုပ်လိုက်သည်။
ထိုခဏတွင် ကျန်းချန်သည် ရှေးဟောင်း သတ္တမအဆင့် အစီအရင် ဖြစ်သည့် ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်ကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့သည်။
"ဒါက ကျန်းချန် ဖန်တီးထားတဲ့ ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်လား.. တကယ်ကို သာမန် မဟုတ်ဘူးပဲ"
စန်းဝူဟန်သည် လေထဲရှိ ရွှေရောင် အကာအကွယ် အစီအရင်ကို မော့ကြည့်ရင်း စိတ်နှလုံးထဲတွင် တုန်လှုပ်နေခဲ့သည်။
ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများနှင့် ပေါင်းစပ်ထားသော ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်၏ ဓားစွမ်းအားသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ပင် ရောက်ရှိနေခဲ့သည်။
နတ်ဝိညာဉ်ဘုရင် နယ်ပယ် နဝမအဆင့် ကျင့်ကြံသူပင် ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်၏ ဓားစွမ်းအားကို ရင်ဆိုင်ရလျှင် အလွယ်တကူ ပိုင်းဖြတ်ခံရမည်ဟု သူထင်၏။
"ဟွမ်ယွမ်ကောင်းကင်ဓားအစီအရင်.. ဖုံးကွယ်စေ"
ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်ကို အသက်သွင်းပြီးနောက်တွင် ကျန်းချန်သည် လက်နှစ်ဖက်ကို လက်ရှားလိုက်ရာ အင်အားကြီးမားသော ရွှေရောင် အစီအရင် အကာအကွယ်သည် လေထုထဲတွင် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်က ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်ကို ဝှက်ထားပြီးနောက်တွင် သူ့အခန်းသို့ ပြန်သွားရန် ပြင်ဆင်နေစဉ် စန်းဝူဟန်၏ ပုံရိပ်သည် သူ၏ နံဘေးမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"နန်းတော်သခင်.. အကြီးအကဲလုံ ဆီကနေ သတင်းရောက်လာတယ်"
ထိုစကားကို ကြားလျှင် ကျန်းချန်သည် စိတ်ဝင်တစား ဖြစ်သွားခဲ့၏။
သူက စန်းဝူဟန်၏ မျက်နှာကို ကြည့်ကာ တိုက်ရိုက် မေးလိုက်သည်။
"ပြောပါဦး.. အကြီးအကဲလုံ ဘာတွေများ ရှာတွေ့ခဲ့လဲ"
လူသားဧကရာဇ်နန်းတော်ကို တရားဝင် မတည်ထောင်ရသေးသော်လည်း စန်းဝူဟန်နှင့် အခြားသူများက ကျန်းချန်ကို နန်းတော်သခင်ဟု စတင် ခေါ်ဝေါ်နေကြပြီ ဖြစ်သည်။
စန်းဝူဟန်နှင့် လုံထျန်းဝူတို့ နတ်ဝိညာဉ် ဘုရင်နှစ်ပါးကိုလည်း ကျန်းချန်က လူသားဧကရာဇ် နန်းတော်၏ အကြီးအကဲများအဖြစ် ခန့်အပ်ခဲ့ပြီး ကိစ္စများစွာကို တာဝန်ယူစေခဲ့သည်။
"အကြီးအကဲလုံ ဆီက သတင်းအရ ယန်ဒီမြို့က နန်းတော်သခင်တို့ ဆရာတပည့်နှစ်ယောက်လုံးကို ယန်ဒီမြို့ကနေ နှင်ထုတ်ထားတဲ့ အမိန့်ကို လွန်ခဲ့တဲ့တစ်နှစ်က ထုတ်ပြန်ခဲ့တယ်"
"ငါ့အထင် ယန်ဒီမြို့ရဲ့ သဘောထားက သိပ်တော့ မရှင်းလင်းသေးဘူး.. ဒါပေမယ့် သိပ်မကြာခင်မှာ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကတော့ ကံကြမ္မာငင်တော့မယ် ထင်တယ်.. ရှန်းဖုန်းမြို့ရဲ့ နတ်သန္ဓေအင်ပါယာက နောက်သုံးရက်ကြာရင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို အပြစ်ပေးဖို့ သွားမယ်လို့ သိရတယ်"
စန်းဝူဟန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ရှန်းဖုန်းမြို့ရဲ့ လူတွေက အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို တိုက်ခိုက်မလို့လား"
စန်းဝူဟန်၏ စကားကို ကြားလျှင် ကျန်းချန်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
မြို့တော်ငါးခုက အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို တိုက်ခိုက်ရန် စီစဉ်နေပုံရသည်။
"နန်းတော်သခင် အသုံးပြုတဲ့ တိမ်တိုက်ဝါးမျို လျှို့ဝှက်နည်းစနစ်က အံဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ မူပိုင်ပညာရပ် ဖြစ်နေတာကြောင့် မြို့တော်ငါးခုက နန်းတော်သခင်နဲ့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းတို့ ကြားမှာ ဆက်ဆံရေး နီးနီးကပ်ကပ် ရှိတယ်လို့ ယုံကြည်နေကြတယ်"
"မြို့တော်ငါးခုက အံဖွယ်တိမ်တိုက်ဂိုဏ်းကို ဖိအားပေးပြီး နန်းတော်သခင်ရဲ့ သတင်းကို အချိန်အတော်ကြာကတည်းက စုံစမ်းနေခဲ့ပေမဲ့ တိုက်ရိုက် အရေးယူမှုကိုတော့ မလုပ်ခဲ့ကြဘူး"
"အခုတော့ သူတို့ မအောင့်အီးနိုင်တော့ဘူး ထင်ပါရဲ့.. အံဖွယ်တိမ်တိုက်ဂိုဏ်းကို တိုက်ခိုက်ပြီး အကြမ်းဖက်ဖို့တောင် ပြင်ဆင်နေကြပြီ"
စကားပြောနေရင်း စန်းဝူဟန်၏ မျက်လုံးများတွင် လေးနက်သော အရိပ်အယောင် တစ်ခု လင်းလက်သွားခဲ့သည်။
ယခု အံဖွယ်တိမ်တိုက်ဂိုဏ်းက မြို့တော်ငါးခု၏ စွပ်စွဲခြင်းကို ခံနေရပြီ ဖြစ်ရာ ကျန်းချန်၏ စိတ်နေစိတ်ထားနှင့် ဆိုလျှင် သေချာပေါက် လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
ဤတစ်ကြိမ် ကျန်းချန်သာ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းသို့ သွားမည်ဆိုပါက မြို့တော်ငါးခု၏ မျက်လုံးအောက်သို့ မလွဲမသွေ ရောက်ရှိသွားပေလိမ့်မည်။
ထိုအချိန်သို့ ရောက်လျှင် သူတို့ လူသားဧကရာဇ် နန်းတော်သည် တရားဝင် မတည်ထောင်ရသေးသော်လည်း မြို့တော်ငါးခုနှင့် ရင်ဆိုင်ရနိုင်၏။
"မြို့တော်ငါးခု.. တွေ့ကြသေးတာပေါ့"
ကျန်းချန်၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားပြီး သူ့တစ်ကိုယ်လုံး၌ ချက်ချင်းပင် သတ်ဖြတ်လိုစိတ်များ ပြင်းပြလာခဲ့သည်။
မြို့တော်ငါးခု၏ ဖမ်းဆီးမိန့်ကြောင့် သူနှင့် ဆက်နွှယ်သူအားလုံးနီးပါး ရက်စက်စွာ ဖိနှိပ်ခံခဲ့ရ၏။
ယခု မြို့တော်ငါးခုက အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို တိုက်ခိုက်တော့မည် ဖြစ်ရာ သူ့အနေဖြင့် မည်ကဲ့သို့ လျစ်လျူရှုနိုင်ပါမည်နည်း။
သုံးရက်အကြာတွင် သူကိုယ်တိုင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို သွားပြီး ရှန်းဖုန်းမြို့၏ နတ်သန္ဓေအင်ပါယာနှင့် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
အံဖွယ်တိမ်တိုက်ဂိုဏ်းမှ ဂိုဏ်းဝင်များ၏ ဆံချည်တစ်မျှင်ကိုထိရဲလျှင်ပင် သူက မည်သူ့ကိုမဆို သတ်ပစ်မည် ဖြစ်၏။
အပိုင်း(၁၂၄၆) ပြီး၏
အပိုင်း(၁၂၄၇)
ကျင့်ယွင်မြို့၏ မြောက်ဘက် မိုင်ပေါင်းထောင်ချီဝေးသည့် နေရာတွင် အလွန်ခန့်ညားထည်ဝါပြီး မတ်စောက်သည့် တောင်တန်းကြီးတစ်ခု တည်ရှိသည်။
ထိုနေရာတွင် တိမ်များနှင့် မြူခိုးများက တောင်များကို ဝန်းရံထားပြီး ဧရာမသစ်ပင်ကြီးများစွာလည်း ပေါက်ရောက်နေ၏။
မတ်စောက်သည့် တောင်ထိပ်ပေါ်တွင် အဆောက်အဦး များစွာ မှိန်ပြပြ ရှိနေသည်ကို မြင်ရသည်။
ဤတောင်တန်းသည် ကြယ်သုံးပွင့် အင်အားစု ဖြစ်သည့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ပင်မဌာနချုပ် ဖြစ်သည်။
အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်က မဟာကျင့်ထျန်း နတ်ဧကရာဇ်က တည်ထောင်ခဲ့၏။
အံ့ဖွယ်တိမ်တိုက်ဂိုဏ်းတွင် ရှည်လျားသော သမိုင်းကြောင်းနှင့် ပြီးပြည့်စုံသည့် အမွေအနှစ်များ ရှိသည်။
၎င်း၏ အထွတ်အထိပ် ကာလတွင် ကျုံးကျိုးကုန်းမြေ၏ ထိပ်တန်း ကြယ်သုံးပွင့် အင်အားစု တစ်ခု ဖြစ်ခဲ့သည်။
အတိအကျပြောရလျှင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းသည် ၎င်း၏ အထွတ်အထိပ်ကာလ၌ မြို့တော်ငါးခုကဲ့သို့ ကြယ်လေးပွင့် နယ်မြေများထက်ပင် အင်အား မနိမ့်ပါးခဲ့ပေ။
နောက်ပိုင်းတွင် မဟာကျင့်ထျန်း နတ်ဧကရာဇ်သည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ နတ်သန္ဓေအင်ပါယာ ငါးပါးနှင့်အတူ ကျုံးကျိုးကုန်းမြေတွင် ပျောက်ကွယ်သွားခဲ့သည်။
ယင်းက အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ အင်အားကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့၏။
ထိုအချိန်မှစ၍ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းသည် အကြီးအကျယ် ကျဆင်းသွားခဲ့သည်။
အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ အလယ်ဗဟိုတွင် ကြီးမားသော ရင်ပြင်တစ်ခု ရှိသည်။
ရင်ပြင်၏ ရှေ့ဆုံးတွင် ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ထူးခြားသော ဟန်ပန်ရှိပြီး ချောမောသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေသည်။
ထိုလူလတ်ပိုင်းက တခြားသူ မဟုတ်ပေ။
အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူ ယွင်ကျင့်ထျန်း ဖြစ်သည်။
ယွင်ကျင့်ထျန်း၏ နံဘေးတွင် ဆံပင်များတစ်ခေါင်းလုံး ဖြူဖွေးနေပြီး နတ်မင်းကြီးကဲ့သို့ အသွင်အပြင် ရှိသည့် အဘိုးအိုတစ်ဦးနှင့် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ဦးလည်း ရှိနေသည်။
ကျန်းချန်သာ ယခု ထိုနေရာတွင် ရှိနေခဲ့လျှင် သူတို့နှစ်ဦး၏ အထောက်အထားကို တစ်ချက်ကြည့်ရုံမျှဖြင့် သိနိုင်ပေ၏။
ဆံဖြူအဘိုးအိုမှာ ရွှယ်ယန်တောင်တွင် သူ့ကို အခက်အခဲမှ ကူညီပေးခဲ့သည့် အကြီးအကဲ ထျန်းရွှယ် ဖြစ်သည်။
ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးမှာမူ စန်းဟိုင်ကျွန်းတွင် သူ့ကို တိမ်တိုက်ဝါးမျိုနည်းစနစ် သင်ကြားပေးခဲ့သည့် ယွင်ကျိရန် ဖြစ်၏။
ထိုသုံးဦး၏ အနောက်ဘက်တွင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ ရာနှင့်ချီသော အကြီးအကဲနှင့် တပည့်များသည် တိတ်ဆိတ်စွာ ရပ်နေခဲ့ကြပြီး လေထုမှာ အလွန်အမင်း လေးနက်နေပုံရ၏။
ဤအချိန်တွင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ပတ်ဝန်းကျင်ရှိ လေထုထဲတွင်လည်း အင်အားကြီး ပုဂ္ဂိုလ်များစွာ ရှိနေခဲ့သည်။
၎င်းတို့ထံမှ စကားပြောသံများ နှင့် ရယ်မောသံများသည် ကောင်းကင်ယံအနှံ့ ဖြည်းဖြည်းချင်း ပျံ့လွင့်လာ၏။
"မြို့တော်ငါးခုနဲ့ ရင်ဆိုင်ရမှာဆိုတော့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက ဇာတ်သိမ်းတော့မှာပဲ"
"အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက မြို့တော်ငါးခုက ဖမ်းမိန့်ထုတ်ထားတဲ့ ကျန်းချန်နဲ့ ဘယ်လိုမျိုး နီးစပ်တဲ့ ဆက်ဆံရေး ရှိနေလို့လဲ"
"သူတို့က သူတို့ရဲ့ မူပိုင် လျှို့ဝှက်နည်းစနစ်ကိုတောင် ကျန်းချန်ကို ပေးခဲ့တယ်လို့ ကြားတယ်"
"ဒီတစ်ကြိမ်တော့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက ကျန်းချန်ကြောင့် ပျက်စီးဖို့ များနေခဲ့ပြီ"
"............."
ကောင်းကင်ယံမှ ဆွေးနွေးသံများကို ကြားလိုက်ရလျှင် ယွင်ကျိရန်၏ လှပသောမျက်လုံးများက အေးစက်သွားခဲ့သည်။
"ဒီလူတွေ.. ကျွန်မတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို ပျက်စီးတော့မယ်လို့ တကယ်ပဲ ထင်နေကြတာလား"
"သူတို့စိတ်ထဲမှာ ဒီလိုထင်နေကြတာလည်း မဆန်းပါဘူး"
"မြို့တော်ငါးခုက နှစ်သောင်းချီကြာအောင် အမွေဆက်ခံလာခဲ့တဲ့ ကြယ်လေးပွင့် သူတော်စင် နယ်မြေတွေပဲ.. ငါတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက မြို့တော်ငါးခုနဲ့ ယှဉ်နိုင်မယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ဘူးလေ"
"ဒီလူတွေ ဒီမှာ ပေါ်လာတာက ငါတို့ ကျဆုံးတာကို စောင့်ပြီး အဲဒီနောက်မှာ မီးရှို့လုယက်ဖို့နဲ့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ အင်အားစုတွေကို ခွဲဝေယူဖို့ပဲ"
အကြီးအကဲ ထျန်းရွှယ်က ပြုံးရယ်၍ ရှင်းပြလိုက်သည်။
"အမှိုက်တွေကို ဂရုစိုက်မနေနဲ့.. အကြီးအကဲမိုက ငါတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ ဒီကနေ့ အခြေအနေကို တွက်ချက်ပြီးပြီ.. ဒီနေ့က အန္တရာယ်ရှိပုံရပေမယ့် ဂိုဏ်းအတွက် အခွင့်အရေးလည်း ဖြစ်တယ်"
"ဒီဘေးအန္တရာယ်ကို ကျော်လွှားနိုင်ရင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက အခုချိန်ကစပြီး ကောင်းကင်မှာ ပျံဝဲနိုင်လိမ့်မယ်.. အရင်ကလို ထိပ်ဆုံးအဆင့်ကို ပြန်ရောက်ဖို့တောင် မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး"
ယွင်ကျင့်ထျန်းက ပြုံး၍ ပြောလိုက်သည်။
သူ၏ မျက်နှာအမူအရာက အလွန်ပင် တည်ငြိမ်နေ၏။
လူတိုင်းက ယခုအခါတွင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းနှင့် ကျန်းချန်တို့က မြို့တော်ငါးခု၏ ဖျက်ဆီးခြင်းကို ခံရတော့မည်ဟု ထင်နေကြပေလိမ့်မည်။
သို့သော် ဤလူများသည် ကျန်းချန်က မည်သို့သော ပုဂ္ဂိုလ်မျိုးမှန်း မည်သို့ သိနိုင်ပါမည်နည်း။
အထွတ်အထိပ် ကံကြမ္မာပိုင်ရှင်။
ကျန်းချန်သည် ကံကြမ္မာနှင့်အညီ မွေးဖွားလာသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ကောင်းကင်ကို ဆန့်ကျင်ကာ ရှန်းဝူတိုက်ကြီး၏ ကံကြမ္မာကို စိုးမိုးနိုင်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။
ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။
ကျုံးကျိုးကုန်းမြေ၏ မြို့တော်ငါးခုပင် ကျန်းချန်ကို ရန်သူအဖြစ် ရွေးချယ်ပါက အကြီးအကျယ် နစ်နာလိမ့်မည် ဆိုသည်ကို ယွင်ကျင့်ထျန်း သံသယမရှိပေ။
"ဝုန်း.."
သူတို့သုံးဦး စကားပြောနေစဉ်မှာပင် ကောင်းကင်ယံ၏ အဝေးတစ်နေရာကနေ ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
မကြာမီမှာပင် လူသုံးဦးသည် ကြယ်တံခွန်များကဲ့သို့ ကောင်းကင်ကို ဖြတ်သန်း၍ ရောက်ရှိလာခဲ့ကြသည်။
၎င်းတို့ထံကနေ အင်အားကြီးမားသော အရှိန်အဝါများလည်း ပျံ့နှံ့လာခဲ့၏။
ထို့နောက်တွင် သတ်ဖြတ်လိုစိတ်ပြင်းပြသည့် အေးစက်စက် ကြုံးဝါးသံ တစ်သံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်လာခဲ့သည်။
"ငါ အရိပ်မဲ့နတ်ဧကရာဇ် ဖုန်းဝူယင်း.. မြို့တော်ငါးခုကိုယ်စား အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို စုံစမ်းမေးမြန်းဖို့ ရောက်လာခဲ့ပြီ"
"ဒီနေ့မှာ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက ငါတို့ မြို့တော်ငါးခု ကျေနပ်လောက်တဲ့ ဖြေရှင်းချက်ကို မပေးနိုင်ရင် ကျုံးကျိုးကုန်းမြေမှာ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက လုံးဝ ရှိနိုင်တော့မှာ မဟုတ်ဘူး"
အင်အားကြီးမားသောအသံသည် ကောင်းကင်ယံ တစ်ခွင် ပဲ့တင်ထပ်သွားခဲ့ရာ ရင်ပြင်ပေါ်ရှိ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ တပည့်များ၏ မျက်နှာအမူအရာကိုပင် ရုတ်တရက် ပြောင်းလဲသွားစေခဲ့သည်။
"မြို့တော်ငါးခုက လူတွေ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ"
ယွင်ကျင့်ထျန်းက အသံထွက်ပေါ်လာရာ ဆီသို့ စူးစိုက် ကြည့်လိုက်ရာ အင်အားကြီးမားသော လူသုံးဦးသည် သူ၏ အမြင်အာရုံထဲတွင် ချက်ချင်း ပေါ်လာခဲ့သည်။
ပထမဆုံး တစ်ယောက် ဖြစ်သည့် ပိုးဖဲဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအိုမှာ ရှန်းဖုန်းမြို့မှ နာမည်ကျော် အရိပ်မဲ့နတ်ဧကရာဇ် ဖုန်းဝူယင်း ဖြစ်သည်။
ဖုန်းဝူယင်း၏ နောက်တွင် သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးနှင့် ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဆံပင်ခရမ်းရောင် အမျိုးသားတစ်ဦးက လိုက်ပါလာကြ၏။
ထိုသုံးဦး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ ဖိအားသည် ပတ်ဝန်းကျင်မှ ရာနှင့်ချီသော ကျင့်ကြံသူများကို တုန်လှုပ်စေခဲ့သည်။
"ဟားဟား.. ရှန်းဖုန်းမြို့က အရိပ်မဲ့ နတ်ဧကရာဇ် ဖုန်းဝူယင်း၊ ထျန်းဝူမြို့က နတ်သန္ဓေအင်ပါယာ ဝူထျန်းရှာ၊ လဲ့ကျင့်မြို့က ခရမ်းရောင်မိုးကြိုး ဧကရာဇ် လဲ့ထျန်းရှောင်"
"မြို့တော်ငါးခုက နတ်သန္ဓေအင်ပါယာ သုံးပါးကိုတောင် စေလွှတ်လိုက်လိမ့်မယ်လို့ ငါတကယ် မထင်ထားဘူး.. မင်းတို့က ငါ့ရဲ့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို တကယ်ကို အထင်ကြီးလွန်းနေတာပဲ"
ယွင်ကျင့်ထျန်းက လေထုထဲမှ ပုံရိပ်သုံးခုကို စိုက်ကြည့်ရင်း ညင်သာစွာ ပြုံးလိုက်သည်။
"နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ သုံးပါးတောင်လား"
အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ တပည့်များစွာ၏ မျက်နှာများသည် ချက်ချင်းဆိုသလို ဖြူဖပ်ဖြူရော် ဖြစ်သွားကြ၏။
ဤတစ်ကြိမ် မြို့တော်ငါးခုသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းရန် အမှန်တကယ် ရည်ရွယ်ထားပုံရသည်။
"ယွင်ကျင့်ထျန်း.. ခေါင်းမမာစမ်းပါနဲ့"
"မင်းရဲ့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ် ရှိပေမယ့် မြို့တော်ငါးခု ရှေ့မှာတော့ ဘာမှ ပြောပလောက်စရာ မဟုတ်ဘူး"
"ကျန်းချန် ဘယ်နေရာမှာရှိနေလဲ ဆိုတာကို ထုတ်ဖော်သ၍ ငါ မင်းအသက်ကို ချမ်းသာပေးဖို့ စဉ်းစားပေးမယ်"
ဖုန်းဝူယင်းက ယွင်ကျင့်ထျန်းကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
သူ၏ အထက်စီးဆန်သော အသံက ပတ်ဝန်းကျင်တွင် ထပ်မံ ပဲ့တင်ထပ်လာခဲ့သည်။
ယွင်ကျင့်ထျန်းက ဘာစကားမှ မတုံ့ပြန်ဘဲ လက်ဟန်များကို ပြုလုပ်လိုက်ရာ ပတ်ဝန်းကျင်မှ တိမ်တိုက်များက လှုပ်ရှားလာခဲ့ပြီး ချက်ချင်းပင် အကာအရံအဖြစ် ပြောင်းလဲသွားကာ အံ့ဖွယ်တိမ်တိုက်ဂိုဏ်း တစ်ခုလုံးကို ဖုံးအုပ်ထားလိုက်သည်။
"ယွင်ကျင့်ထျန်း.. မင်းက ဂိုဏ်းရဲ့ အကာအကွယ် အစီအရင်ကို အားကိုးပြီး ငါတို့ကို တားဆီးနိုင်မယ်လို့ ထင်လား"
ဖုန်းဝူယင်းက မထီမဲ့မြင် ရယ်လိုက်ပြီး သူ၏ နံဘေးရှိ လူနှစ်ဦးကို ချက်ချင်းပင် ပြောလိုက်သည်။
"ငါတို့တွေ အတူတူ ပူးပေါင်းပြီး ဒီအစီအရင်ကို ဖျက်ဆီးပစ်လိုက်ရအောင်"
ဝူထျန်းရှာ နှင့် လဲ့ထျန်းရှောင်တို့က ခေါင်းညိတ်လိုက်ကြပြီး လက်ဖဝါးများကို တစ်ပြိုင်နက်တည်း ဆန့်ထုတ်ကာ အောက်ဘက်ရှိ အစီအရင် အကာအကွယ်ကို တိုက်ခိုက်လိုက်သည်။
နတ်သန္ဓေအင်ပါယာ သုံးပါး ပူးပေါင်းလိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများသည် ချက်ချင်းဆိုသလို အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းအကာအကွယ် အစီအရင်ကို ပြင်းပြင်းထန်ထန်ပင် ဖိနှိပ်လိုက်၏။
"ဝုန်း ဝုန်း ဝုန်း"
ကျယ်လောင်သော မြည်ဟည်းသံများသည် ကောင်းကင်ယံတွင် မိုးခြိမ်းသံ ကဲ့သို့ ပဲ့တင်ထပ်နေခဲ့၏။
နတ်သန္ဓေအင်ပါယာ သုံးပါး၏ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းအကာအကွယ် အစီအရင်သည် ခံနိုင်ရည် မရှိတော့ပေ။
မျက်စိတစ်မှိတ် အတွင်းမှာပင် အစီအရင် အကာအကွယ်သည် နတ်သန္ဓေအင်ပါယာ သုံးပါး၏ တိုက်ခိုက်မှုအောက်တွင် တုန်ယင်လာခဲ့သည်။
အပိုင်း(၁၂၄၇) ပြီး၏
အပိုင်း(၁၂၄၈)
ဤအချိန်တွင် အကြီးအကဲ ထျန်းရွှယ်၏ မျက်နှာအမူအရာသည် အနည်းငယ် မှိန်ဖျော့နေခဲ့သည်။
အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ယခင် ဂိုဏ်းကာကွယ်ရေး အစီအရင်ကို အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ တည်ထောင်သူ ဖန်တီးခဲ့ခြင်းဖြစ်ပြီး ၎င်း ရုတ်တရက် ပျောက်ကွယ်သွားသောအခါတွင် ထိုအစီအရင်ကို မည်ကဲ့သို့ ဖွင့်လှစ်ရမည်မှန်း မည်သူမျှ မသိကြတော့ပေ။
အကြီးအကဲ ထျန်းရွှယ်က အဌမအဆင့် အစီအရင်သခင် ဖြစ်သော်လည်း ထိုအစီအရင်ကို နားလည်နိုင်ခြင်း မရှိခဲ့ပေ။
ဤသို့ဖြင့် ဂိုဏ်းကာကွယ်ရေး အစီအရင်အသစ်ကို အကြီးအကဲ ထျန်းရွှယ်က တည်ဆောက်ခဲ့ရ၏။
သူ၏ ဂိုဏ်းကာကွယ်ရေး အစီအရင်က နတ်သန္ဓေအင်ပါယာ တစ်ပါး၏ တိုက်ခိုက်မှုကို တားဆီးနိုင်သော်လည်း နတ်သန္ဓေအင်ပါယာ သုံးပါး၏ ပေါင်းစည်းတိုက်ခိုက်မှုကိုမူ မည်သို့မျှ တားဆီးနိုင်မည် မဟုတ်ပေ။
"ထျန်းရွှယ်.. မင်း ခဏလောက် တစ်ယောက်ကို ထိန်းထားလိုက်.. ကျန်နှစ်ယောက်ကိုတော့ ငါပဲ တာဝန်ယူလိုက်မယ်"
ယွင်ကျင့်ထျန်းက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်း၍ ပြောလိုက်သည်။
သူ၏ ခန့်ညားသော မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဤတစ်ကြိမ်တွင် မြို့တော်ငါးခုသည် နတ်သန္ဓေအင်ပါယာ သုံးပါးကို အံ့ဖွယ်တိမ်တိုက်ဂိုဏ်းသို့ တိုက်ရိုက် စေလွှတ်ခြင်းသည် အမှန်တကယ်ပင် အနည်းငယ် ထူးခြားနေ၏။
"ဝုန်း.. ဝုန်း.. ဝုန်း"
ယွင်ကျင့်ထျန်းတို့ နှစ်ဦး စကားပြောဆိုနေစဉ်မှာပင် နောက်ထပ် တုန်လှုပ်ဖွယ်ရာ တိုက်ခိုက်သံ သုံးသံသည် လေထဲတွင် ထပ်မံ ပဲ့တင်ထပ်လာခဲ့သည်။
နတ်သန္ဓေအင်ပါယာ သုံးပါး၏ ပေါင်းစည်းတိုက်ခိုက်မှုအောက်တွင် ဂိုဏ်း၏ အကာအကွယ် အစီအရင်သည် နောက်ဆုံးတွင် ထိုကြောက်မက်ဖွယ်ကောင်းလှသော တိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ လေထုထဲတွင် ကြေးမုံကွဲသံ ကဲ့သို့ အသံများ ထွက်ပေါ်လာခဲ့၏။
"ယွင်ကျင့်ထျန်း.. မင်းကို နောက်ဆုံး အခွင့်အရေးပေးမယ်"
"မင်း ဆက်ပြီး ခေါင်းမာနေဦးမယ် ဆိုရင်တော့ မင်းရဲ့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို ငါ အမြစ်ပြတ် ရှင်းလင်းပစ်မယ်"
ဂိုဏ်း၏ အကာအကွယ် အစီအရင် ကွဲကြေပျက်စီးသွားပြီးနောက်တွင် ဖုန်းဝူယင်း၏ အေးစက်စက် အော်ဟစ်သံသည် ကောင်းကင်ယံတစ်ခွင် ပဲ့တင်ထပ်လာခဲ့သည်။
ယွင်ကျင့်ထျန်း၏ မျက်လုံးများက အလွန်တရာ တောက်ပလာခဲ့ပြီး တိုက်ခိုက်ရန် ပျံသန်းတော့မည့် ဆဲဆဲတွင် လေထုထဲမှ ပြင်းထန်သော အာကာပြင် လှုပ်ရှားမှုတစ်ခုကို ရုတ်တရက် ခံစားမိလိုက်သည်။
ယွင်ကျင့်ထျန်း ရုတ်တရက် မော့ကြည့်လိုက်ရာ ရင်ပြင်အထက်ရှိ အာကာပြင်က ရုတ်တရက် ပုံပျက်သွားသည်ကို တွေ့လိုက်ရသည်။
ထိုပုံပျက်နေသော နေရာကနေ အက်ကွဲကြောင်း တစ်ခုဖြစ်ပေါ်လာခဲ့ပြီး ရင်းနှီးသော အရှိန်အဝါတစ်ခုက ဖြည်းညင်းစွာ ပျံ့နှံ့လာသည်ကို ယွင်ကျင့်ထျန်း ခပ်ရေးရေး ခံစားမိလိုက်သည်။
တစ်ချိန်တည်းမှာပင် အာကာပြင် အက်ကွဲကြောင်းကနေ အေးစက်စက် ကြုံးဝါးသံ တစ်သံ ထွက်ပေါ်လာခဲ့၏။
"ဟက်.. ဖုန်းဝူယင်း.. မင်းအတော် လေကျယ်နေပါလား.. မင်းမှာ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို သုတ်သင်နိုင်တဲ့ အရည်အချင်းရှိမရှိ ငါကြည့်ချင်သေးတယ်"
အေးစက်စက် ကြုံးဝါးသံက လေထုထဲတွင် ပျံ့နှံ့လာသည်နှင့်အမျှ အနက်ရောင်ဝတ် လူငယ်တစ်ဦးသည် အာကာပြင် အက်ကွဲကြောင်းကနေ တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။
"ဒီကောင်လေး တကယ် ရောက်လာတာပဲ"
အာကာပြင် အက်ကြောင်းထဲမှ ထွက်ပေါ်လာသော အနက်ရောင်ဝတ် လူငယ်ကို မြင်လျှင် ယွင်ကျင့်ထျန်း၏ မျက်နှာပေါ်တွင် ရှားပါးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန် ရောက်လာချေပြီ။
ထို့အပြင် ကျန်းချန်သည် နတ်သန္ဓေအင်ပါယာအဖြစ် ရောက်ရှိလာခြင်း ဖြစ်၏။
ဒဏ္ဍာရီလာ ကံကြမ္မာ ပိုင်ရှင်သည် သူ့ကို စိတ်ပျက်စေခဲ့ခြင်း မရှိပေ။
ရုတ်တရက် တွေ့လိုက်ရသော မြင်ကွင်းက လေထုထဲရှိ ဖုန်းဝူယင်းတို့ သုံးဦးကိုပင် အံ့အားသင့်စေခဲ့၏။
မကြာမီမှာပင် သူတို့သည် ရောက်ရှိလာသူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ထိုအခါ သူတို့၏ မျက်လုံးများတွင် မယုံကြည်နိုင်သောအမူအရာ တစ်ခု ဖြစ်ပေါ်လာခဲ့၏။
"ကျန်းချန်.. ဘယ်သူများလဲမှတ်တယ်.. မင်းကိုး"
ဖုန်းဝူယင်းက သူ့မျက်လုံးကိုပင် မယုံကြည်နိုင်ခဲ့ပေ။
သူတို့ မြို့တော်ငါးခု တစ်နှစ်ပတ်လုံး ရှာဖွေနေခဲ့သည့် ကျန်းချန်သည် ဤနေရာတွင် ရုတ်တရက် ပေါ်ထွက်လာလိမ့်မည်ဟု သူ လုံးဝ မထင်ခဲ့ချေ။
သူတို့ကို ပို၍ပင် တုန်လှုပ်စေသည်မှာ ကျန်းချန်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါသည် နတ်သန္ဓေ အင်ပါယာနယ်ပယ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။
သိထားရမည်မှာ လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က အင်ပါယာ အမွေအနှစ် နယ်မြေမှ ထွက်လာခဲ့စဉ်တွင် ကျန်းချန်သည် နတ်ဝိညာဉ်ဘုရင် နယ်ပယ်သို့သာ ထိုးဖောက်နိုင်သေးပြီး ရှန်းဖုန်းမြို့၏ နံပါတ်တစ် ပါရမီရှင် ဖုန်းချင်းရီနှင့် သိပ်မကွာပေ။
ယခုအခါတွင် ဖုန်းချင်းရီက နတ်ဝိညာဉ်ဘုရင် နယ်ပယ် သတ္တမအဆင့်ကိုသာ ထိုးဖောက်နိုင်သေးသော်လည်း ကျန်းချန်ကမူ နတ်သန္ဓေအင်ပါယာ နယ်ပယ် အဆင့်ကို ရောက်နေခဲ့ပြီ ဖြစ်သည်။
မြို့တော်ငါးခု၏ တစ်ချိန်က နံပါတ်တစ် ပါရမီရှင်သည် ကျန်ချန်၏ နောက်တွင် များစွာ ပြတ်ကျန်နေခဲ့ချေပြီ။
ကျန်းချန်၏ စွမ်းဆောင်ရည်က အလွန်အံ့မခန်း ဖြစ်မှန်း သိထားသော်လည်း ဤမျှအထိ အံ့မခန်း ဖြစ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
အသက်နှစ်ဆယ်ကျော် အရွယ်လေးဖြင့် ကျန်းချန်သည် နတ်သန္ဓေအင်ပါယာ တစ်ပါး ဖြစ်လာခဲ့သည်။
ကျုံးကျိုးကုန်းမြေ၏ နှစ်ပေါင်း ၁၀၀၀၀ နီးပါး သမိုင်းတစ်လျှောက်မှာပင် ဤကဲ့သို့ အံ့မခန်း ပါရမီရှင်သည် လက်ချိုးရေတွက်နိုင်လောက်သည် အထိ နည်းပါး၏။
ကျန်းချန်ကို နောက်ထပ် နှစ်အနည်းငယ် အချိန်ပေးလိုက်လျှင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်အထိ ကြီးထွားလာနိုင်မလဲ ခန့်မှန်း၍ပင် မရပေ။
ဖုန်းဝူယင်း စိတ်နှလုံး တုန်လှုပ်နေစဉ်မှာပင် ကျန်းချန်၏ အသံသည် လေထဲကနေ ထွက်ပေါ်လာသည်။
"ဟုတ်တယ် ငါပဲ.. ဖုန်းဝူယင်း.. မင်းနဲ့မတွေ့တာ အတော်လေးတောင် ကြာခဲ့ပြီ.. မင်းရဲ့ အထက်စီးဆန်ဆန် လေလုံးတွေက အရင်အတိုင်း ပါပဲလား"
အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ပတ်ဝန်းကျင်မှ ကြည့်ရှုသူအချို့သည် ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ပါးစပ်အဟောင်းသားများ ဖြစ်သွားကြသည်။
"မြို့တော်ငါးခုက ဖမ်းမိန့်ထုတ်ထားတဲ့ ကျန်းချန်က အံ့ဖွယ် တိမ်တိုက်ဂိုဏ်းကို ရောက်လာရဲမယ်လို့ မထင်ထားမိဘူး"
"........."
ယခု ဖုန်းဝူယင်း အပါအဝင် နတ်သန္ဓေအင်ပါယာ သုံးပါး ရောက်ရှိနေသည့် အချိန်တွင်မှ ဤလူငယ် ပေါ်ထွက်လာခြင်းသည် သေခြင်းတရားကို ရှာဖွေသည်နှင့် ဘာမျှ မခြားနားပေ။
"ဟားဟား... ကျန်းချန်.. အံ့ဖွယ်တိမ်တိုက်ဂိုဏ်းဆီ မင်းကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး.. ဒါက တကယ်ကို ဘုရားသခင်ရဲ့ အလိုအရပဲ"
ဖုန်းဝူယင်းက ကျယ်လောင်စွာ ရယ်မော၍ ပြောလိုက်သည်။
"အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက မင်းတို့ ရှန်းဖုန်းမြို့ရဲ့ ပိုင်နက်မှ မဟုတ်တာ.. ငါက ဘာလို့ မလာရဲရမှာလဲ"
"မင်းတို့ မြို့တော်ငါးခုက ငါ့ကို ဖမ်းဆီးချင်တယ် မဟုတ်လား.. အခု ငါ ဒီမှာရှိနေပြီ.. မင်းတို့ သတ္တိရှိရင် တက်လာခဲ့"
ကျန်ချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် မြင့်တက်လာခဲ့သည်။
"ဟမ့်...ကျန်းချန်.. မင်း နတ်သန္ဓေအင်ပါယာ နယ်ပယ်ကို ထိုးဖောက်နိုင်ရုံလောက်နဲ့ ငါ့ရှေ့မှာ မာန်တက်လို့ရမယ် ထင်မနေနဲ့"
"ဒီနေ့ မင်း အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကနေ အန္တရာယ်ကင်းကင်း ထွက်သွားနိုင်မယ် ဆိုရင် ငါ့ ဖုန်းဝူယင်းရဲ့ နာမည်ကို ဒီနေ့ကစပြီး ပြောင်းပြန်ရေးလိုက်မယ်"
ဖုန်းဝူယင်းက အေးစက်စက် ရေရွတ်လိုက်သည်။
သူ၏ မျက်လုံးများတွင် လိုချင်တပ်မက်သည့် အရိပ်အယောင်များ မသိမသာ ယှက်သန်းသွား၏။
ရှန်းဖုန်းမြို့၏ အကြီးအကဲ တစ်ဦး အနေဖြင့် ဖုန်းဝူယင်းသည် လျှို့ဝှက်ချက် တစ်ခုကို သိရှိထားခဲ့သည်။
ယင်းမှာ ရှန်းဖုန်းမြို့မှ တပည့်တစ်ဦးသည် အင်ပါယာ အမွေအနှစ် နယ်မြေတွင် ကျန်းချန်က ရွှယ်မင်ကျောင်းဆောင်အား ယူဆောင်သွားသည်ကို မျက်မြင်တွေ့ရှိခဲ့ခြင်းပင်။
ဆိုလိုသည်မှာ အင်ပါယာ အမွေအနှစ် နယ်မြေထဲမှ ရွှယ်မင်ကျောင်းဆောင်သည် ကျန်းချန်ထံတွင် ရှိနေခဲ့၏။
ရှန်းဖုန်းမြို့သည် ကျန်မြို့တော်များ နှင့် ပူးပေါင်းကာ မည်သည့် ပေးဆပ်မှုကိုမှ မငဲ့ကွက်ဘဲ ကျန်ချန်အား ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ရသည့် အကြောင်းရင်းမှာ ရွှယ်မင်ကျောင်းဆောင်ကြောင့် ဖြစ်သည်။
ရွှယ်မင်ကျောင်းဆောင်သည် အင်ပါယာတစ်ပိုင်း ပုဂ္ဂိုလ်၏ မှော်ရတနာ ဖြစ်သည်။
၎င်းတွင် အင်ပါယာ အဆင့်ကို ထိုးဖောက်နိုင်မည့် လျှို့ဝှက်ချက် ပါဝင်ရုံသာမက သူတော်စင် ရွှယ်မင်၏ တစ်သက်တာ စုဆောင်းမှုများလည်း ပါဝင်၏။
သူတော်စင် ရွှယ်မင် ချန်ရစ်ခဲ့သော တစ်သက်တာအရင်းအမြစ်များသည် ရှန်းဖုန်းမြို့ကိုပင် လောဘဇော တက်စေခဲ့သည် ဆိုလည်းမမှားပေ။
နတ်သန္ဓေအင်ပါယာနယ်ပယ်သို့ ကျန်းချန် ဤမျှ လျင်မြန်စွာ ထိုးဖောက်နိုင်ခြင်းသည် ရွှယ်မင်ကျောင်းဆောင်နှင့် ဆက်စပ်နေနိုင်ဖွယ် ရှိသည်ဟု ဖုန်းဝူယင်း ထင်ခဲ့၏။
ယနေ့တွင် မည်မျှပင် ပေးဆပ်ရပါစေ၊ သူက ကျန်းချန်ကို ရှန်းဖုန်းမြို့သို့ ဖမ်းဆီးခေါ်ဆောင်ကာ ရွှယ်မင်ကျောင်းဆောင်ကို သိမ်းယူမည် ဖြစ်သည်။
"နာမည်ကို ပြောင်းပြန်ရေးချင်ရင်တောင် အဲဒီအခွင့်အရေးက ရှိဦးမှပဲ ဖြစ်မှာလေ"
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။
ဤအချိန်တွင် သူ၏ နှုတ်ခမ်းထောင့်များသည် ပဟေဠိဆန်စွာ ကွေးညွတ်နေခဲ့၏။
"ရှန်းဖုန်းမြို့က မင်းအတွက် ကဗ္ဗည်းကျောက်တိုင် ထူတဲ့အခါ မင်းရဲ့ နာမည်ကို ပြောင်းပြန်ရေးဖို့ အတွက် ငါတောင်းဆိုပေးမယ်"
"ကျန်းချန်.. မင်း သေချင်နေတာပဲ"
ဖုန်းဝူယင်းက ဒေါသတကြီး ကြုံးဝါးလိုက်၏။
ထို့နောက်တွင် နတ်သန္ဓေအင်ပါယာ နယ်ပယ် တတိယအဆင့်၏ အင်အားကြီးမားသော အရှိန်အဝါသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
"ဟားဟား ဖုန်းဝူယင်း.. အရိပ်မဲ့နတ်ဧကရာဇ် ဆိုတဲ့ မင်းရဲ့ နာမည်ကိုတော့ ကြားဖူးထားတာကြာပြီ.. ဒီနေ့ ငါ ယွင်ကျင့်ထျန်း မင်းနဲ့ ရင်ဆိုင်မယ်"
ယွင်ကျင့်ထျန်းက ကျယ်လောင်စွာ ရယ်မောလိုက်၏။
ထိုခဏတွင် သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။
သူ့ထံကနေ နတ်သန္ဓေအင်ပါယာ နယ်ပယ် တတိယအဆင့်၏ အရှိန်အဝါသည်လည်း အပြည့်အဝ ထွက်ပေါ်လာခဲ့၏။
"မင်းတို့နှစ်ယောက်.. ကျန်းချန်ကို အမြန်ဆုံး ရှင်းပစ်လိုက်"
ဖုန်းဝူယင်း၏ မျက်နှာအမူအရာက သုန်မှုန်နေခဲ့သည်။
သူက ကျန်ရှိသည့် နတ်သန္ဓေအင်ပါယာ နှစ်ပါးကို အမိန့်ပေးပြီးနောက်တွင် ချက်ချင်းပင် ယွင်ကျင့်ထျန်းကို တိုက်ရိုက် ရင်ဆိုင်လိုက်၏။
နတ်သန္ဓေအင်ပါယာ နှစ်ပါးအကြားမှ တိုက်ပွဲသည် မကြာခင် စတင်တော့မည် ဖြစ်သည်။
အပိုင်း(၁၂၄၈) ပြီး၏