အခန်း (၁၂၅၂-၁၂၅၄)
Vol. 84 Ch. 1252-1254
အခန်း(၁၂၅၂)
သေခြင်းတရား၏ ခြိမ်းခြောက်မှုအောက်၌ ဖုန်းဝူယင်းသည် သူ၏ ဂုဏ်သိက္ခာကို ဂရုမစိုက်အားတော့ပေ။
သူက အသက်ကို နှမြောသောသူ တစ်ယောက် ဖြစ်ပြီး အလွန်လည်း စိတ်ရှည်သည်းခံတတ်သည်။
ကျန်းချန်ကို အညံ့ခံမှသာလျှင် သူ့အနေဖြင့် အသက်ရှင်နိုင်ရန် မျှော်လင့်ချက် ရှိလာလိမ့်မည် မဟုတ်ပါလော။
သို့မှသာ ယနေ့စော်ကားခံရမှုကို ကျန်းချန်ထံကနေ ၁၀ဆပြန်လည် ရယူနိုင်လိမ့်မည် ဖြစ်သည်။
အညံ့မခံခဲ့လျှင်မူ သူသည် ကျန်းချန်၏ အနက်ရောင်စည်းတံဆိပ်အောက်တွင် တကယ်ကို လုံးဝပျောက်ကွယ်သွားနိုင်ပေသည်။
ကျန်းချန်၏ ရှေ့တွင် ဒူးထောက်နေသာ ဖုန်းဝူယင်းကို မြင်လျှင် ရုတ်တရက် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
မြို့တော်ငါးခု၏ နံပါတ်တစ် မြို့တော်ဖြစ်သည့် ရှန်းဖုန်းမြို့၏ အကြီးအကဲချုပ်ဖြစ်ပြီး အရိပ်မဲ့နတ်ဧကရာဇ်ဟု ကျော်ကြားသူသည် ကျန်းချန်ကို မမျှော်လင့်ဘဲ ရှုံးနိမ့်သွားခဲ့သည်။
"ဒီကောင်က တကယ်ကိုကြောက်စရာပဲ"
"စီနီယာကျင့်ထျန်း.. သူ့ကို ကျွန်တော့်အတွက် တစ်ချက်စောင့်ကြည့်ပေးထားပါဦး"
ကျန်းချန်က ပတ်ဝန်းကျင်မှလူများ၏ အံ့သြထိတ်လန့်မှုကို လျစ်လျူရှုလိုက်ပြီး သူ၏လက်ထဲမှ အနက်ရောင်လေးထောင့်ပုံ စည်းတံဆိပ်ကို တိုက်ရိုက်ပင် ရုတ်သိမ်းလိုက်သည်။
ထိုအချိန်တွင် မလှမ်းမကမ်းတွင် ရှိနေသော ယွင်ကျင့်ထျန်းသည် ကျန်းချန်ကို လှမ်းပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့.. ငါ့လက်ထဲကနေ သူထွက်ပြေးလို့မရစေရဘူး"
ယွင်ကျင့်ထျန်းက ချက်ချင်းဆိုသလို ကျန်းချန်၏ နံဘေးကို ရောက်လာခဲ့ပြီး သူ၏ အင်အားကြီးမားသော အရှိန်အဝါဖြင့် ဖုန်းဝူယင်း၏ ခန္ဓာကိုယ်ပေါ်ကို တိုက်ရိုက် လွှမ်းခြုံလိုက်သည်။
ဖုန်းဝူယင်းသာ အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင် ယွင်ကျင့်ထျန်းသည် ဖုန်းဝူယင်းကို ထိန်းထားနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ယခုအခါတွင် ဖုန်းဝူယင်းသည် ကျန်းချန်၏ စည်းတံဆိပ်အောက်တွင် ခွန်အားတစ်ဝက်မျှသာ ကျန်ရှိတော့ရာ ယွင်ကျင့်ထျန်း၏ မျက်စိအောက်ကနေ မည်ကဲ့သို့ထွက်ပြေးနိုင်ပါမည်နည်း။
ယွင်ကျင့်ထျန်းကို ဖုန်းဝူယင်းအား စောင့်ကြည့်ခိုင်းပြီးနောက်တွင် ကျန်းချန်သည် လေထဲတွင် တင်ပျဥ်ခွေ၍ ထိုင်လိုက်ပြီး ဆေးလုံးကို စတင်ပြုလုပ်ခဲ့သည်။
သိပ်မကြာခင်မှာပင် သွေးနတ်ဆိုး ဝိညာဥ်ပေါက်ကွဲဆေးလုံးတစ်လုံးကို ကျန်းချန်က ပြုလုပ် ပြီးစီးသွားခဲ့သည်။
"မင်းအသက်ရှင်ချင်ရင် ဒီဆေးလုံးကို စားလိုက်ပါ"
ကျန်းချန်က လက်ညှိုးဖြင့် အသာအယာ တောက်ထုတ်လိုက်သည်နှင့် သွေးနတ်ဆိုးဝိညာဥ်ပေါက်ကွဲဆေးလုံးသည် လေထဲတွင် ပျံသန်းသွားပြီး ဖုန်းဝူယင်း ဆီသို့ ရောက်ရှိသွားခဲ့သည်။
ဖုန်းဝူယင်းက ဆေးလုံးကို ဖမ်းယူလိုက်ပြီး အနည်းငယ်တွန့်ဆုတ်နေခဲ့သည်။
အဆုံးသတ်တွင် သူက အံကြိတ်ကာ သူ၏လက်ထဲမှ ဆေးလုံးကို မျိုချလိုက်တော့သည်။
ကျန်းချန် သူ့ကို ပေးအပ်သည့်ဆေးလုံးသည် သူ့အတွက် မကောင်းနိုင်မှန်း သူသိသည်။
သို့သော်လည်း သူတို့ရှန်းဖုန်းမြို့သည် နှစ်ထောင်ပေါင်းများစွာ အမွေအနှစ်များကို ဆက်ခံလာခဲ့သည် သူတော်စင်မြို့တော်တစ်ခုဖြစ်ပြီး အဌမအဆင့် အဂ္ဂိရတ်သခင်တစ်ပါးပင် သူတို့မြို့တွင် ရှိသည်။
ထို့ကြောင့် ရှန်းဖုန်းမြို့သို့ပြန်ရောက်သရွေ့ ကျန်းချန် သူ့ကိုတိုက်သော ဆေးလုံးကို ဖြေရှင်းရန် မခက်ခဲပေ။
သို့သော်လည်း သွေးနတ်ဆိုး ဝိညာဥ်ဆေးလုံးကို မျိုချလိုက်သည့်အခိုက်အတန့်တွင် ဖုန်းဝူယင်း၏ မျက်နှာပေါ်၌ အံ့အားသင့်သော အရိပ်အယောင်တစ်ခု ချက်ချင်းဆိုသလိုပေါ်လာခဲ့၏။
အဘယ်ကြောင့်ဆိုသော် သွေးနတ်ဆိုး ဝိညာဥ်ပေါက်ကွဲ ဆေးလုံး၏ ဆေးစွမ်းအင်သည် သွေးအမှတ်အသား တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ၏ ဝိညာဥ်တွင် နက်ရှိုင်းစွာ စွဲထင်ကျန်နေသည်ကို ရှင်းလင်းစွာ ခံစားမိလိုက်၍ ဖြစ်သည်။
သူ၏ လှုပ်ရှားမှုတိုင်း၊ အတွေးတိုင်းသည် ထိုသွေးအမှတ်အသားအောက်တွင် ဖုံးကွယ်၍ မရလောက်အောင် ဖြစ်နေခဲ့၏။
ထိုသွေးအမှတ်အသားထဲတွင် သူ၏ ဘဝကို ထိန်းချုပ်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ရှိနေသည်ဟု သူအလိုအလျောက် ခံစားမိခဲ့သည်။
"မင်း.. မင်းငါ့ကို ဘာဆေးပေးလိုက်တာလဲ"
ဖုန်းဝူယင်းက ရုတ်တရက် ခေါင်းမော့ကာ ကျန်းချန်ကို ကြည့်လိုက်သည်။
သူ၏မျက်နှာတွင် အလွန်အမင်း ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
"ဒါက သွေးနတ်ဆိုး ဝိညာဥ်ပေါက်ကွဲဆေးလုံးပဲ"
ကျန်းချန်က ပြုံးရွှင်စွာ ပြောလိုက်သည်။
"ရှန်းဖုန်းမြို့ရဲ့ အကြီးအကဲချုပ် တစ်ဦးအနေနဲ့ မင်း ဒီဆေးလုံးရဲ့ နာမည်ကို ကြားဖူးမှာပေ့ါ"
"သွေးနတ်ဆိုးနန်းတော်ရဲ့ သွေးနတ်ဆိုး ဝိညာဥ်ပေါက်ကွဲဆေးလုံးလား"
ဖုန်းဝူယင်းက အထိတ်တလန့် ရေရွတ်လိုက်ပြီး သူ၏ မျက်နှာသည် အဆုံးသတ်တွင် ပြင်းပြင်းထန်ထန် ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်က သူ့ကို ဆေးလုံးဖြင့် ထိန်းချုပ်ခဲ့လျှင်ပင် ရှန်းဖုန်းမြို့သို့ ပြန်ရောက်သည်နှင့် ဖြေရှင်းနိုင်လိမ့်မည်ဟု သူ မူလက ထင်ခဲ့သည်။
သို့ရာတွင် ကျန်းချန် သူ့ကို တိုက်ကျွေးလိုက်သော ဆေးလုံးက သွေးဝိညာဥ် ပေါက်ကွဲဆေးလုံး ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သွေးနတ်ဆိုး ဝိညာဥ်ပေါက်ကွဲဆေးလုံးသည် သွေးနတ်ဆိုးနန်းတော်၏ အစွမ်းထက်ဆုံး ဆေးလုံး ဖြစ်သည်။
သွေးနတ်ဆိုးနန်းတော် အထွတ်အထိပ် ရောက်စဥ်ကာလတွင် ထိုဆေးလုံးကို အားကိုး၍ ပြိုင်ဘက်ကင်း ကျင့်ကြံသူအများအပြားကို ထိန်းချုပ်ခဲ့သည်။
ထိုဆေးလုံးသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး မည်သူမှ ဖြေရှင်းနိုင်စွမ်း မရှိဟု ဆိုကြသည်။
ယင်းက သူ့အနေဖြင့် ကျန်းချန်ထံတွင် တစ်သက်လုံး ကျွန်ခံရတော့မည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။
"ကျန်းချန်.. မင်းငါ့ကို ကျွန်ပြုဖို့ သွေးနတ်ဆိုး ဝိညာဥ်ပေါက်ကွဲဆေးလုံးကို တကယ်ပဲ အသုံးပြုခဲ့တယ်လား.. ခွေးမသား ငါမင်းကို သတ်ပစ်မယ်"
ဖုန်းဝူယင်းက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ လက်ကျန်ခွန်အားများကို စုစည်းကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
သို့သော်လည်း ကျန်းချန်က အေးစက်စက်သာ ပြုံးလိုက်၏။
တစ်ချိန်တည်းမှာပင် ဖုန်းဝူယင်းသည် မြေပြင်ပေါ်သို့ ဘိုင်းခနဲ လဲကျသွားခဲ့သည်။
"ငါ့ရဲ့သွေးနတ်ဆိုး ဝိညာဥ်ပေါက်ကွဲ ဆေးလုံးကို စားပြီးတဲ့အချိန်ကစပြီး မင်းရဲ့သေခြင်းရှင်ခြင်းက ငါ့ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားခဲ့ပြီ"
ကျန်းချန်က ပြုံးလိုက်ပြီး ဖုန်းဝူယင်းကို တစ်ချက်ကြည့်လိုက်သည်။
"မင်း အသားနာကျင်တာကို မခံစားချင်ဘူးဆိုရင် ငါ့ကို စိတ်ရင်းနဲ့ ဆက်ဆံပါ"
ဤအချိန်တွင် ဖုန်းဝူယင်းသည် ကျန်းချန်ကို အကြောက်လန့်ကြီး ကြောက်လန့်နေခဲ့ပြီ ဖြစ်သည်။
သူက ချက်ချင်းပင် ကျန်းချန်ကို သခင်အဖြစ် အသိအမှတ်ပြုကာ ပြောလိုက်သည်။
"ဒီကျွန်အိုကြီးက သခင့်ကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်.. နောက်ထပ် မဆန့်ကျင်ရဲတော့ပါဘူး"
မြေပြင်ပေါ်တွင် လဲကျနေသော ဖုန်းဝူယင်းသည် တုန်လှုပ်နေခဲ့ပြီး ထပ်မံ မတိုက်ခိုက်ရဲတော့ပေ။
သွေးနတ်ဆိုး ဝိညာဥ်ပေါက်ကွဲ ဆေးလုံး၏ စွမ်းအားသည် တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှ၏။
သူ၏ ဝိညာဥ်သည်ပင် ကျန်းချန်၏ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားခဲ့သည်။
ကျန်းချန်ကို တိုက်ခိုက်ရန် မဆိုထားနှင့်၊ ကျန်းချန်၏ မျက်စိအောက်တွင် သူ့ကိုယ်သူ ပေါက်ကွဲအောင် လုပ်ရန်ပင် မဖြစ်နိုင်သလောက် ဖြစ်၏။
ထိုအခိုက်တွင် ကျန်းချန်က လေးနက်စွာ မေးလိုက်သည်။
"ထပါ.. ငါမင်းကို မေးစရာရှိတယ်"
ကျန်းချန်၏ စကားကို ကြားလျှင် ဖုန်းဝူယင်းသည် မြေပြင်ကနေ အလျင်အမြန် ထလိုက်ပြီး ကျန်းချန်ဆီသို့ ခပ်ရို့ရို့ ရောက်ရှိလာခဲ့ကာ ကျွန်တစ်ဦး ကဲ့သို့ ရှိနေခဲ့သည်။
"သိပ်မကြာခင် ကျန်းချန်က ကျုံးကျိုးကုန်းမြေ တိုက်တစ်ခုလုံးကို လွှမ်းမိုးတော့မှာ သေချာသလောက်ပဲ"
သူတို့ရှေ့မှ အံ့သြဖွယ်ရာကောင်းလှသော မြင်ကွင်းကို မြင်လျှင် ပတ်ဝန်းကျင်မှ လူများသည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်ကြသည်။
သူတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို မြို့တော်ငါးခုမှ နတ်သန္ဓေအင်ပါယာသုံးပါး ရောက်လာခဲ့သော်လည်း နှစ်ပါးကို ကျန်းချန် တစ်ယောက်တည်းကပင် သတ်ပစ်ခဲ့သည်။
ထို့အပြင် ကျန်ရှိသည့် အရိပ်မဲ့နတ်ဧကရာဇ် ဖုန်းဝူယင်းပင် ကျန်းချန်၏ ခြေဖဝါးအောက်တွင် လုံးဝ အညံ့ခံလိုက်ရပြီ ဖြစ်သည်။
ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုးကို ကျုံးကျိုးကုန်းမြေ တစ်ခုလုံးမှာပင် လုပ်ဆောင်နိုင်သူ အလွန်နည်းပါးသည်။
"ကျန်းချန် မင်းဒီနေ့ ရောက်လာပြီး မြို့တော်ငါးခုရဲ့ နတ်သန္ဓေအင်ပါယာနှစ်ပါးကို သတ်ဖြတ်ခဲ့တယ်.. ဒီကိစ္စက မြို့တော်ငါးခုအနေနဲ့ မင်းကို ဒေါသထွက်မှာ သေချာသလောက်ပဲ.. မင်းမှာ နောက်ထပ် ဘာအစီအစဥ်တွေ ရှိလဲ ငါသိလို့ရမလား"
ထိုအချိန်တွင် ယွင်ကျင့်ထျန်းသည် ကျန်းချန်ကို လေးနက်စွာ ပြောလိုက်သည်။
ကျန်းချန်သည် ယနေ့တိုက်ပွဲတွင် ကြောက်မက်ဖွယ်စွမ်းဆောင်ရည်များကို ပြသခဲ့သော်လည်း မြို့တော်ငါးခု၏ မျက်စိအောက်ကို လုံးဝ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်သည် မြို့တော်ငါးခု၏ ဒေါသကို သိပ်မကြာခင် ရင်ဆိုင်ရတော့မည်ဟု သူထင်ခဲ့သည်။
ကျန်းချန်က ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။
"ကျွန်တော့်မှာ ဘာအစီအစဥ်မှ မရှိပါဘူး...အကယ်၍ သူတို့လာတိုက်ရဲရင်လည်း ရင်ဆိုင်လိုက်ရုံပဲ ရှိတာပေါ့"
"ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေ့ကိစ္စအတွက် မင်းကို ငါတို့ ကျေးဇူးတင်ပါတယ်"
ယွင်ကျင့်ထျန်းက ပြုံးလိုက်ပြီး စိတ်လှုပ်ရှားသော လေသံဖြင့် ပြောလိုက်သည်။
"မြို့တော်ငါးခုက အင်အားကြီးမားတယ် ဆိုပေမဲ့ ငါမကြောက်ပါဘူး.. မင်း အကူအညီလိုရင် အချိန်မရွေးပြောပါ"
"အမှန်တော့ ဒီကို လာတာ နောက်ထပ် ရည်ရွယ်ချက်တစ်ခုရှိသေးတယ်.. အဲဒါက ကျွန်တော့်ဆရာ ရှောင်တုလီရဲ့ သတင်းကို စုံစမ်းဖို့ပဲ...သူနဲ့ပတ်သက်ပြီး သိထားတာများ ရှိလား"
"လွန်ခဲ့တဲ့ တစ်နှစ်ကတည်းကစပြီး မြို့တော်ငါးခုက မင်းတို့ ဆရာတပည့်နှစ်ယောက်ကို ဖမ်းမိန့်ထုတ်ခဲ့ကြတယ်.. ယန်ဒီမြို့ကလည်း သူတို့နဲ့ ပတ်သက်လာမှာစိုးလို့ မင်းတို့ဆရာတပည့်နှစ်ယောက်ကို ယန်ဒီမြို့ကနေ နှင်ထုတ်လိုက်ကြတယ်.. အဲအချိန်ကစပြီး မြို့တော်ငါးခုက မင်းရဲ့ဆရာ ရှောင်တုလီကို လုံးဝ ရှာမတွေ့တော့ဘူး"
ထိုစကားကို ပြောပြီးနောက်တွင် ယွင်ကျင့်ထျန်းသည် အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ယန်ဒီမြို့က ရှောင်မိသားစုခေါင်းဆောင် ရှောင်ထျန်းဟန်က ဒီကိစ္စမှာ ထူးခြားတဲ့ သဘောထား ရှိပုံရတယ်.. သူက မင်းရဲ့ဆရာ သတင်းကို သိနေလိမ့်မယ်လို့ ငါခံစားမိတယ်"
ထိုစကားကို ကြားပြီးနောက်တွင် ကျန်းချန်သည် ဖုန်းဝူယင်းကို ကြည့်ကာ မေးလိုက်သည်။
"ဖုန်းဝူယင်း မင်းရော ဘယ်လိုထင်လဲ"
"အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ခေါင်းဆောင် ခန့်မှန်းတာက ဖြစ်နိုင်ပါတယ်သခင်.. ရှောင်ထျန်းဟန်က ရှောင်တုလီကို ယန်ဒီမြို့ကနေ အပေါ်ယံမှာ နှင်ထုတ်ခဲ့ပေမဲ့ ရှောင်တုလီက ယန်ဒီမြို့မှာပဲ ပုန်းအောင်းနေတယ်လို့ ငါထင်တယ်.. မြို့တော်ငါးခုအနေနဲ့ သံသယရှိပေမဲ့လည်း ရှောင်ထျန်းဟန်က သတင်းပေါက်ကြားမှု မရှိအောင် လုပ်ဆောင်ခဲ့တဲ့ အတွက် ဘာမှမတတ်နိုင်ခဲ့ဘူး .. ဒါပေမဲ့ ရှောင်ရှင်းဟဲကတော့ မကြာသေးခင်ကစပြီး သဲလွန်စအချို့ကို ရှာတွေ့ခဲ့ပုံရတယ်"
ဖုန်းဝူယင်းက တစ်စုံတစ်ရာကို စဥ်းစားမိလိုက်ပြီး ခပ်သွက်သွက် ပြောလိုက်သည်။
"ရှောင်ရှင်းဟဲလား"
ဖုန်းဝူယင်း၏ စကားကို ကြားလျှင် ကျန်းချန်၏ မျက်နှာအမူအရာသည် ရုတ်တရက် အေးစက်သွားခဲ့သည်။
ဤအတိုင်းဆိုလျှင် သူ့အနေဖြင့် ယန်ဒီမြို့ကို သွားရောက်ရန် အမှန်တကယ် လိုအပ်ပုံရ၏။
အခန်း(၁၂၅၂)ပြီး၏။
အခန်း(၁၂၅၃)
ကျုံးကျိုးကုန်းမြေရှိ မြို့တော်ငါးမြို့အနက်မှ တစ်မြို့ ဖြစ်သော ယန်ဒီမြို့။
ယနေ့ ယန်ဒီမြို့တစ်မြို့လုံးသည် ပျော်ရွှင်စရာကောင်းသော လေထုဖြင့် ပြည့်နှက်နေပုံရ၏။
မကြာသေးမီက ယန်ဒီမြို့၏ အတွေ့အကြုံရင့် နတ်ဝိညာဥ်ဘုရင်နယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူဖြစ်သည့် ရှောင်ယွမ်လေ့သည် နောက်ဆုံးသော ခြေလှမ်းကို အဆုံးသတ်တွင် လှမ်းနိုင်ခဲ့ပြီး နတ်သန္ဓေအင်ပါယာ အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဤသို့ဖြင့် ယန်ဒီမြို့တွင် နတ်သန္ဓေအင်ပါယာ အသစ်တစ်ပါး မွေးဖွားလာခဲ့၏။
ထို့ကြောင့် ထုံးစံအတိုင်း ယန်ဒီမြို့သည် ၎င်း၏ ဂုဏ်သိက္ခာကို ပြသရန်အတွက် နတ်သန္ဓေအင်ပါယာ အသစ် ကြိုဆိုဂုဏ်ပြုပွဲကို ကျင်းပမည် ဖြစ်၏။
ယန်ဒီမြို့ရှိ အင်အားစုအားလုံးသည် ဤဂုဏ်ပြုပွဲသို့ တက်ရောက်ကြလိမ့်မည် ဖြစ်သည်။
ယနေ့က ဂုဏ်ပြုပွဲနေ့ဖြစ်သောကြောင့် ယန်ဒီမြို့ တစ်မြို့လုံးသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ယန်ဒီမြို့၏ မြို့လယ်ရှိ ဧရာမ ရင်ပြင်ပေါ်တွင် ရှောင်ယွမ်လေ့သည် ရင်ပြင်၏ အလယ်၌ ခန့်ခန့်ကြီး ထိုင်နေခဲ့သည်။
ယန်ဒီမြို့မှ အဆင့်မြင့် အကြီးအကဲများသည် သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် နေရာယူကာ ထိုင်နေခဲ့ကြသည်။
ယန်ဒီမြို့မှ အင်အားစုအားလုံး၏ ကိုယ်စားလှယ်များသည်လည်း ဂုဏ်ပြုပွဲသို့ တက်ရောက်လာခဲ့ကြ၏။
လူတိုင်းက မတ်တပ်ထရပ်ကာ အဓိကထိုင်ခုံတွင် နေရာယူထားသော ရှောင်ယွမ်လေ့ကို အရက်ခွက်မြှောက်၍ ဂုဏ်ပြုလိုက်ကြသည်။
ချီးကျူးသံများနှင့် ဂုဏ်ပြုသံများသည် လေထုထဲတွင် အဆုံးမရှိ ပဲ့တင်ထပ်နေခဲ့၏။
"ရှောင်ယွမ်လေ့က ယန်ဒီမြို့မှာ အရင်ထက်ပိုပြီး နေရာရလာတော့မှာပဲ"
ရင်ပြင်၏ နောက်ဆုံးသော ထိုင်ခုံတွင် ထိုင်နေသော အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ရှောင်ယွမ်လေ့ကို လှမ်းကြည့်ရင်း နှာခေါင်းရှုံ့၍ ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်သည်။
ထိုအဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်သည် ယန်ဒီမြို့၏ အင်ပါယာအဆင့် ပါရမီရှင်ငါးဦးထဲမှ တစ်ဦးဖြစ်သည့် ရှောင်ပိုင်ရီ ဖြစ်သည်။
ယခုအခါတွင် ရှောင်ပိုင်ရီသည်လည်း နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့၍ ယန်ဒီမြို့တွင် အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။
လွန်ခဲ့သည့် တစ်နှစ်ခန့်က ရှောင်တုလီနှင့် ကျန်းချန်တို့ကို နှင်ထုတ်ပြီးကတည်းကပင် မျိုးနွယ်စုခေါင်းဆောင် ရှောင်ထျန်းဟန်၏ လက်ထဲတွင်သာ အမြဲတစေ ရှိနေခဲ့သော ယန်ဒီမြို့၏ အင်အားသည် ရှောင်ရှင်းဟဲနှင့် ရှောင်ယွမ်လေ့တို့၏ လက်ထဲကို ကျရောက်သွားခဲ့သည်။
"ပိုင်ရီ စကားကို သတိထားပြီးပြော.. ရှောင်ယွမ်လေ့က စိတ်သဘောထားပြည့်ဝတဲ့သူတစ်ဦး မဟုတ်ဘူး မတော်တဆ သူကြားသွားရင်.မင်းကို ဒုက္ခပေးမှာ ငါစိုးရိမ်မိတယ်"
ရှောင်ပိုင်ရီ၏ နံဘေးတွင် ထိုင်နေသော ရှောင်ယွင်ချန်းက ခပ်တိုးတိုး သတိပေးလိုက်သည်။
"ကောင်းကင်လောင်ကျွမ်း ဓားအင်ပါယာနဲ့ ညီနောင်ကျန်းချန်တို့ကြောင့် ယန်ဒီမြို့က တိုးတက် ပြောင်းလဲသွားလိမ့်မယ်လို့ ငါထင်ခဲ့ပေမဲ့ ဒီလိုမျိုး ကိစ္စတွေ ဖြစ်ပျက်လာလိမ့်မယ်လို့ တကယ် ထင်မထားမိဘူး.. ညီနောင်ကျန်းချန်လည်း အခု ဘယ်လိုအခြေအနေ ရှိနေသလဲ မသိဘူး"
ရှောင်ပိုင်ရီက သက်ပြင်းချ၍ ရေရွတ်လိုက်သည်။
ကျန်းချန်သည် အင်ပါယာအမွေအနှစ် နယ်မြေထဲတွင် အလွန်အမင်း ပါရမီရှိသော အလားအလာကို ပြသခဲ့သည်။
ထို့ကြောင့် မြို့တော်ငါးခုတွင် ကျန်းချန် ကြီးထွားလာမည်ကို မမြင်ချင်သောသူ များစွာရှိခဲ့သည်။
"ဒါ့အပြင် ကျန်းချန်က သူတော်စင်ရွှယ်မင် ချန်ထားရစ်ခဲ့တဲ့ လျှို့ဝှက်ချက်ကို ဆက်ခံရရှိခဲ့တယ်ဆိုတဲ့ ကောလဟာလလည်း ရှိသေးတယ်.. ဒါကြောင့် မြို့တော်ငါးခုအနေနဲ့ သူ့ကို ဘယ်လိုလုပ်ပြီး လက်လွှတ်နိုင်မှာလဲ"
ရှောင်ယွင်ချန်းက ခဏမျှ နှုတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။
"သူတို့ တစ်နေ့နေ့ တစ်ချိန်ချိန် ပြန်ရောက်လာမယ်လို့ ကျွန်တော် ယုံကြည်တယ်"
"ရှောင်ယွင်ချန်းနဲ့ ရှောင်ပိုင်ရီ.. ဒီနေ့က နတ်သန္ဓေအင်ပါယာအဆင့်ကို ငါတက်လှမ်းနိုင်ခဲ့တဲ့အတွက် ကြိုဆိုဂုဏ်ပြုတဲ့ပွဲပဲ.. ယန်ဒီမြို့ရဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေ အနေနဲ့ မင်းတို့နှစ်ယောက်က ဧည့်သည်တွေကို ဧည့်ခံရမှာ မဟုတ်လား ဘာတွေ တိုးတိုးတိတ်တိတ် ပြောနေကြတာလဲ"
ထိုခဏမှာပင် ရင်ပြင်၏ အလယ်ဗဟိုမှ အေးစက်စက် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
အသံပိုင်ရှင်မှာ တခြားသူမဟုတ်ပေ။
အဓိက ထိုင်ခုံတွင် ထိုင်နေသော ရှောင်ယွမ်လေ့သာ ဖြစ်သည်။
ရှောင်ယွမ်လေ့၏ စကားကိုကြားလျှင် လူတိုင်း၏ အကြည့်များသည် ရှောင်ယွင်ချန်းနှင့် ရှောင်ပိုင်ရီတို့ ဆီသို့ ရောက်ရှိသွားခဲ့သည်။
အများစု၏ မျက်လုံးထဲတွင် ဝမ်းသာအားရဖြစ်နေသည့် အကြည့်များ ရှိနေခဲ့ကြသည်။
"အကြီးအကဲ ယွမ်လေ့.. ကျွန်တော်က ပိုင်ရီနဲ့ ကျင့်ကြံခြင်းအတွေ့အကြုံတွေ ဝေမျှနေတာပါ.. အကြီးအကဲ ဒီလောက်ထိတော့ မပြောသင့်ပါဘူး"
ထိုအချိန်တွင် ရှောင်ယွင်ချန်း၏ မျက်နှာသည် အနည်းငယ် တင်းမာသွားခဲ့သည်။
ရှောင်ယွမ်လေ့သည် သူတို့ကို ဖိနှိပ်ရန် အခွင့်အရေးအနည်းငယ် ရှိလျှင်ပင် မည်သို့မှ လက်လွှတ်ခံမည့်သူ မဟုတ်ပေ။
"မင်းတို့က တကယ်ပဲ ကျင့်ကြံခြင်း အတွေ့အကြုံတွေကို ဖလှယ်နေတာလား.. ဒါဆိုရင် မင်းတို့ရဲ့စကားထဲမှာ ရှောင်တုလီနဲ့ ကျန်းချန်တို့ရဲ့ နာမည်တွေ ဘာလို့ ပါနေရတာလဲ"
ရှောင်ယွမ်လေ့က ခနဲ့၍ ပြောလိုက်သည်။
"မင်းတို့နှစ်ယောက် ယန်ဒီမြို့ရဲ့ သစ္စာဖောက်နှစ်ကောင်နဲ့ အခုထိ အဆက်အသွယ်ရှိနေကြတယ် မဟုတ်လား"
"အကြီးအကဲယွမ်လေ့ သက်သေမရှိဘဲ ကျွန်တော်တို့ကို လျှောက်မစွပ်စွဲပါနဲ့"
ရှောင်ပိုင်ရီက ဒေါသတကြီး ပြောလိုက်သည်။
"ဒါ့အပြင် အကြီးအကဲယွမ်လေ့ ပြောသလို နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီနဲ့ ညီနောင်ကျန်းချန်တို့က ယန်ဒီမြို့ကို သစ္စာဖောက်ခဲ့တာ မဟုတ်ဘူး"
"သူတို့ သစ္စာဖောက် ဟုတ်မဟုတ် မင်းမှာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး.. အခုအချိန်မှာ ရှောင်တုလီနဲ့ ကျန်းချန်တို့ကို ယန်ဒီမြို့ကနေ နှင်ထုတ်လိုက်ပြီ.. သူတို့က မြို့တော်ငါးခုရဲ့ အလိုရှိဆုံးရာဇဝတ်ကောင်တွေ ဖြစ်နေကြပြီ.. ဒါကြောင့် ဒီသစ္စာဖောက်နှစ်ကောင်က လက်ရှိအချိန်မှာ ငါတို့ ယန်ဒီမြို့ရဲ့ ရန်သူပဲ.. ဒီနေ့ ငါက မင်းတို့နှစ်ယောက်ကို ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းမယ်.. မင်းတို့နှစ်ယောက်ကြောင့် ယန်ဒီမြို့ကို မထိခိုက်စေရဘူး"
ရှောင်ယွမ်လေ့က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ချက်ချင်းဆိုသလို နတ်သန္ဓေအင်ပါယာ၏ အရှိန်အဝါကို ထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်ရှိ ပရိသတ်အားလုံးသည် တုန်လှုပ်သွားခဲ့ကြသည်။
ရှောင်ယွမ်လေ့က ရှောင်ယွင်ချန်းနှင့် ရှောင်ပိုင်ရီ တို့ကို တစ်စုံတစ်ရာ လုပ်ဆောင်ရန် ပြင်ဆင်နေသော အချိန်မှာပင် ယန်ဒီမြို့၏ ဝင်ပေါက်တွင် ရွှေရောင်သက်တန့်တစ်ခုသည် ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်၍ ရောက်လာခဲ့သည်။
ထိုရွှေရောင်သက်တန့်သည် အလွန်တရာ တောက်ပပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ယန်ဒီမြို့၏ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများစွာ၏ အတားအဆီးများကို ချေမှုန်းကာ ယန်ဒီမြို့၏ ရင်ပြင် အလယ်တည့်တည့်သို့ ရောက်ရှိလာခဲ့သည်။
တစ်ချိန်တည်းမှာပင် မောက်မာသော လေသံတစ်သံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
"ဟမ့် ရှောင်ယွမ်လေ့.. ယန်ဒီမြို့မှာ အာဏာတွေ ပြလို့ပါလား.. မင်းက နတ်သန္ဓေအင်ပါယာအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်လို့ ငါကြားထားတယ်.. ဒီနေ့ ငါကျန်းချန်က မင်းကို ဂုဏ်ပြုဖို့ ရောက်လာခဲ့ပြီ.. မင်းကြိုဆိုသလားတော့ မသိဘူး"
ထိုအသံကို ကြားလျှင် ယန်ဒီမြို့ရှိ လူတိုင်းသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
သူတို့အားလုံးက ရင်ပြင်အလယ်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဝင့်ကြွားစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုအဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်၏ နံဘေးတွင် ခါးကုန်းနေသော အဘိုးအိုတစ်ဦးသည် ရိုသေစွာ ရပ်နေခဲ့၏။
"ဒါ.. ဒါကျန်းချန်ပဲ"
ယန်ဒီမြို့မှ လူများသည် လေထဲရှိ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်ကိုကြည့်ကာ မျက်နှာထက်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။
"ကျန်းချန်က တကယ်ပဲ ယန်ဒီမြို့ကို ပြန်ရောက်လာခဲ့ပြီ.. ကျန်းချန်.. သူဘာလို့ ဒီလိုအချိန်မှာမှ ယန်ဒီမြို့ကို ပြန်ရောက်လာတာများလဲ"
ရှောင်ပိုင်ရီ၏ မျက်နှာအမူအရာသည် လေထဲရှိ ရင်းနှီးသော ပုံရိပ်ကို မြင်လျှင် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သိထားရမည်မှာ ကျန်းချန်သည် ယန်ဒီမြို့ကနေ နှင်ထုတ်ခံထားရရုံသာမက မြို့တော်ငါးမြို့မှလည်း အလိုရှိနေသူ တစ်ဦးလည်း ဖြစ်သည်။
ယခု ကျန်းချန်က ယန်ဒီမြို့ဆီသို့ ပေါ်ပေါ်ထင်ထင် ပြန်ရောက်လာသည်မှာ ကိုယ့်ကိုယ်ကိုယ် ထောင်ချောက်ထဲ သက်ဆင်းလိုက်သည်နှင့် ဘာမှမခြားပေ။
"ဒီကောင်လေးက ယန်ဒီမြို့ကို ပြန်လာရဲပုံထောက်ရင် သူ့ဆီမှာ သေချာပေါက် အားကိုးစရာ ရှိရမယ်.. သူ့နံဘေးက ခါးကုန်းကုန်း အဘိုးအိုက နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ ဖြစ်နိုင်တယ်"
ရှောင်ယွင်ချန်းက ခပ်တိုးတိုးလေး ပြောလိုက်သည်။
"အဲသလိုဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်"
ရှောင်ပိုင်ရီက စိတ်ထဲတွင် ပြုံးလိုက်သည်။
ယန်ဒီမြို့က ကျန်းချန်ကို ဖမ်းဆီးဖို့ ဆုံးဖြတ်ထားသည် ဖြစ်ရာ နတ်သန္ဓေအင်ပါယာ တစ်ပါး၏ အကာအကွယ် မရှိဘဲနှင့် ကျန်းချန်သည် လာရောက်လိမ့်မည် မဟုတ်မှန်း သူ တွေးမိခဲ့သည်။
"ကျန်းချန်.. မင်းလိုသစ္စာဖောက်က ယန်ဒီမြို့ကို ပြန်လာရဲလိမ့်မယ်လို့ ငါတကယ် ထင်မထားမိဘူး...မင်းက တကယ်ကို အတင့်ရဲလွန်းတာပဲ.. ကောင်းပြီလေ.. မင်းက သေမင်းခံတွင်းဝကို ကိုယ့်ဘာသာကို ခုန်ဆင်းမှတော့ ငါက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့.. လာကြစမ်း ယန်ဒီမြို့ရဲ့ သစ္စာဖောက်ကောင်ကို ဖမ်းလိုက်ကြ"
ရှောင်ယွမ်လေ့က လေထဲရှိ ကျန်းချန်ကို ခပ်တင်းတင်း ကြည့်လိုက်ပြီး ခက်ထန်သော မျက်နှာအမူအရာဖြင့် အော်ဟစ် အမိန့်ပေးလိုက်သည်။
"ကျန်းချန် အခြေအနေကို နားလည်ရင် လိမ်လိမ်မာမာလေး အဖမ်းဆီးခံလိုက်"
ရှောင်ယွမ်လေ့၏ စကားသံ ဆုံးသည်နှင့် နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ဦးသည် ကောင်းကင်ပေါ်သို့ ခုန်တက်လာကြပြီး ကျန်းချန်ကို သတိပေးလိုက်သည်။
"ငါဒီနေ့ ယန်ဒီမြို့ကို လာတာက ရှောင်ထျန်းဟန်ကို ရှာဖို့ပဲ.. ယန်ဒီမြို့မှာ ငါလူမသတ်ချင်ဘူး.. မင်းတို့က ငါ့ကို အနှောင့်အယှက်ပေးချင်နေမှတော့ ငါလည်း ဘာမှမတတ်နိုင်တော့ဘူး"
ကျန်းချန်က ခပ်အေးအေးသာ ရေရွတ်လိုက်ပြီး သူ၏ လက်ကို လှုပ်ရှားလိုက်သည်။
"ဝုန်း"
နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ဦးသည် မည်သည့် တုံ့ပြန်မှုမှ မပြုလုပ်နိုင်ခဲ့ဘဲ လွင့်စင်သွားခဲ့ပြီး အဆုံးသတ်တွင် ရင်ပြင်၏ ထောင့်တစ်နေရာ၌ လဲကျသွားခဲ့သည်။
သူတို့နှစ်ယောက်က မြေပြင်ကနေ အချိန်အတော်ကြာ ပြန်မထနိုင်ခဲ့ကြပေ။
ဤမြင်ကွင်းကို မြင်လျှင် ရင်ပြင်ရှိ လူတိုင်းသည် အသက်ရှုမှားမတတ်ပင် ဖြစ်သွားခဲ့ကြသည်။
နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ နှစ်ဦးကို လက်ကလေး တစ်ချက် လှုပ်လိုက်ရုံဖြင့် အနိုင်ယူပြခဲ့သည်။
သူတို့ရှေ့မှ ကောင်လေးသည် တကယ်ကို ထူးခြားသည့် ပါရမီရှင်တစ်ဦးပင် ဖြစ်၏။
အခန်း(၁၂၅၃)ပြီး၏။
အခန်း(၁၂၅၄)
"ညီနောင်ကျန်းချန်က အရမ်းကို အင်အားကြီးတာပဲ"
သူ့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ရှောင်ပိုင်ရီသည် မှင်တက်နေခဲ့ပြီး သူ့မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်နေခဲ့သည်။
သိထားရမည်မှာ အစောပိုင်းက ကျန်းချန်ကို တိုက်ခိုက်ခဲ့သည့် အကြီးအကဲ နှစ်ဦးစလုံးသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ် သတ္တမအဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ယန်ဒီမြို့၏ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ များစွာထဲမှာပင် အတော်လေး အဆင့်မြင့်သည့် အနေအထားတွင် ရှိကြ၏။
ဤကဲ့သို့သော သူမျိုးကိုပင် ကျန်းချန်သည် အလွယ်တကူပင် လွင့်စင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
လက်ရှိတွင် ကျန်းချန်၏ အင်အားက မည်သည့်အဆင့်ကို ရောက်ရှိနေပြီမှန်း ရှောင်ပိုင်ရီ လုံးဝ မခန့်မှန်းနိုင်တော့ပေ။
"ဒီကောင်လေးက တကယ်ကို အင်အားကြီးတယ်.. အနည်းဆုံးတော့ ငါ့ထက် လုံးဝ မနိမ့်လောက်ဘူး"
ထိုအခိုက်တွင် ရှောင်ယွင်ချန်း၏ အိုမင်းသော မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
"သူက ကိုယ်ခံပညာရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်တွေကို နက်နက်ရှိုင်းရှိုင်းနားလည်ထားတဲ့ အတွက်ကြောင့် နောက်ထပ် တစ်ဆင့်ကို တက်လှမ်းလိုက်တာနဲ့ နတ်ဝိညာဥ်ဘုရင်နယ်ပယ် အဆင့် ကျင့်ကြံသူတွေက သူ့ကို လုံးဝ ရင်ဆိုင်နိုင်တော့မှာမဟုတ်ဘူး"
"ဒါဆို ကျန်းချန်က နတ်သန္ဓေအင်ပါယာအဆင့်ကို ထိုးဖောက်သွားပြီဆိုတဲ့ သဘောပေါ့.. ဟုတ်လား"
ရှောင်ပိုင်ရီက အသက်ရှူမှားမတတ်ပင် ဖြစ်သွားခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသော ကျင့်ကြံခြင်း အရှိန်အဟုန်ကို စဥ်းစားမိလိုက်လျှင် ရှောင်ပိုင်ရီသည် ချက်ချင်းဆိုသလို စိတ်သက်သာရာ ရသွားခဲ့သည်။
ကျန်းချန်သည် ယန်ဒီမြို့ကို ရောက်လာကာစကနေ မြို့တော်ငါးခု၏ ပါရမီရှင် အားလုံးကို နင်းချေနိုင်ရန်အထိ နှစ်ဝက်မျှသာ ကြာမြင့်ခဲ့သည် မဟုတ်ပါလား။
ကျန်းချန်၏ ကျင့်ကြံခြင်း အရှိန်အဟုန်နှင့် နှိုင်းယှဥ်လျှင် ယန်ဒီမြို့၏ နံပါတ်တစ်ပါရမီရှင် ရှောင်ကျင့်ယွင်နှင့် ရှန်းဖုန်းမြို့၏ နံပါတ်တစ် ပါရမီရှင် ဖုန်းချင်းရီ တို့သည် အမှိုက်များနှင့် ဘာမှမကွာခြားပေ။
"ကျန်းချန်.. မင်း ယန်ဒီမြို့ကို ပေါ်ပေါ်ထင်ထင် ကျူးကျော် ဝင်ရောက်လာပြီး အကြီးအကဲတွေကို ဒဏ်ရာရအောင် လုပ်ဆောင်ခဲ့တယ်.. မင်းကို ဆုံးမဖို့ ငါတို့ယန်ဒီမြို့မှာ ဘယ်သူမှ မတတ်နိုင်တော့ဘူးလို့ ထင်နေတာလား"
ထိုခဏမှပင် ပုံရိပ်တစ်ခုသည် လေထဲသို့ ခုန်တက်သွားခဲ့သည်။
ထိုသူမှာ တခြားသူမဟုတ်ပေ။
ယန်ဒီမြို့၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည့် ရှောင်ကျင့်ယွင် ဖြစ်သည်။
လွန်ခဲ့သည့်တစ်နှစ်က အင်ပါယာ အမွေအနှစ်နယ်မြေတွင် ကျန်းချန်၏ လွှမ်းမိုးမှုကို ခံခဲ့ရသောကြောင့် ရှောင်ကျင့်ယွင်သည် ကျန်းချန်ကို အလွန်ပင် မကျေမနပ် ဖြစ်နေခဲ့၏။
ယခု ကျန်းချန်ကို ထပ်ပြီး မြင်တွေ့ခဲ့ရာ သူ့အနေဖြင့် တုံ့ဆိုင်းမနေဘဲ ကျန်းချန်နှင့် ရင်ဆိုင်ရန် ထွက်လာခဲ့သည်။
ဤတစ်နှစ်ကျော်အတွင်း ရှောင်ကျင့်ယွင်သည် နတ်ဝိညာဥ်ဘုရင်နယ်ပယ် ပထမအဆင့်ကနေ ဆဋ္ဌမအဆင့် အထိ တိုးတက်လာခဲ့သည်။
ယန်ဒီမြို့၏ နံပါတ်တစ် ပါရမီရှင်တစ်ဦး အနေဖြင့် သူ၏ တိုက်ပွဲဝင်စွမ်းရည်သည် သာမန် ကျင့်ကြံသူများထက် များစွာသာလွန်၏။
နတ်ဝိညာဥ်ဘုရင် နယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်ပင် သူ့အနေဖြင့် လုံးဝ တိုက်ခိုက်နိုင်စွမ်းရှိသည်။
ထို့ကြောင့် ကျန်းချန်က နတ်ဝိညာဥ်ဘုရင် နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူနှစ်ဦးကို တစ်ချက်တည်းဖြင့် အနိုင်ယူလိုက်သည်ကို မြင်ခဲ့ရသည့်တိုင် သူ့အနေဖြင့် ကြောက်ရွံ့ခြင်းအလျင်းမရှိဘဲ ထွက်လာခဲ့ခြင်း ဖြစ်သည်။
"ရှောင်ကျင့်ယွင်.. အင်ပါယာအမွေအနှစ် နယ်မြေထဲမှာ တုန်းကတောင် မင်းကိုငါ မျက်လုံးထဲ မထည့်ခဲ့ဘူး.. အခုဆိုရင်တော့ မင်းနဲ့ငါက အရမ်းကို အလှမ်း ကွာဝေးသွားခဲ့ပြီ.. ပုရွက်ဆိတ်လို တည်ရှိမှုကများ ငါ့ရှေ့မှာ ဟိတ်ဟန်ထုတ်ရဲတယ်.. သွားစမ်း"
ထိုခဏတွင် ကျန်းချန်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။
သူက လေထုထဲသို့ လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်သည်။
"ဝုန်း.."
ကျယ်လောင်စွာ ပေါက်ကွဲသည့် အသံတစ်သံကို ကြားလိုက်ရပြီးနောက်တွင် ရှောင်ကျင့်ယွင်၏ ပုံရိပ်သည် လေထဲကနေ ပြုတ်ကျသွားခဲ့သည်။
ရင်ပြင်၏ မာကျောသော ကျောက်သားကြမ်းပြင်သည်ပင် လေထဲမှ ပြုတ်ကျလာသည့် ရှောင်ကျင့်ယွင်ကြောင့် နှစ်ပေသုံးပေခန့် နက်နဲသည့် ဧရာမ အပေါက်ကြီး အဖြစ် ကျိုးပဲ့သွားခဲ့သည်။
ရင်ပြင်တစ်ခုလုံးသည် တစ်ခဏ အတွင်းမှာပင် မီးကို ရေနှင့်ငြိမ်းသတ်လိုက်သည့် အလား တိတ်ဆိတ် ငြိမ်သက်သွားခဲ့၏။
ဤလူမှာ ယန်ဒီမြို့၏ နံပါတ်တစ်ပါရမီရှင် ဖြစ်သည့် ရှောင်ကျင့်ယွင် ဖြစ်ပြီး နတ်ဝိညာဥ်ဘုရင်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည်။
၎င်းက နတ်ဝိညာဥ်ဘုရင် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူများကိုပင် လုံးဝ ရင်ဆိုင်နိုင်သောသူ ဆိုလည်း မမှားပေ။
ထိုသို့ အစွမ်းထက်သည့်သူ ဖြစ်သည့်တိုင် ကျန်းချန်သည် တစ်ကွက်တည်းဖြင့်ပင် အနိုင်ယူလိုက်သည်။
ဤကောင်လေးသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ သုံးယောက်ကို အနိုင်ယူလိုက်ပြီ ဖြစ်၏။
ထို့အပြင် ထိုကျင့်ကြံသူ သုံးယောက်သည် ကျုံးကျိုးကုန်းမြေ၏ ထိပ်တန်းမြို့တော် ငါးမြို့ထဲမှ တစ်မြို့ဖြစ်သည့် ယန်ဒီမြို့မှ ကျင့်ကြံသူများ ဖြစ်ကြသည်။
"ကျန်းချန် မင်းကို ကိုယ့်သေလမ်းကို ကိုယ်ရှာနေတာပဲ"
ကျန်းချန်က သူ့မျက်စိအောက်မှာပင် နတ်ဝိညာဥ်ဘုရင်နယ်ပယ် ကျင့်ကြံသူ သုံးယောက်အား အနိုင်ယူလိုက်သည်ကိုမြင်လျှင် ရှောင်ယွမ်လေ့သည် ဒေါသအိုး ပေါက်ကွဲလာခဲ့သည်။
သူ၏ မျက်လုံးထဲတွင် လူသတ်ငွေ့များပင် ထွက်ပေါ်လာခဲ့၏။
ကျံးကျိုးကုန်းမြေ၏ မြို့တော်ငါးမြို့ထဲမှ တစ်မြို့ ဖြစ်သည့် ယန်ဒီမြို့သည် ကျင့်ကြံသူများစွာ၏ စိတ်ထဲတွင် အမြဲတစေ သူတော်စင်နယ်မြေတစ်ခု ဖြစ်ခဲ့သည်။
နတ်သန္ဓေ အင်ပါယာများပင် သူတို့၏ ယန်ဒီမြို့ကို ရောက်လျှင် လေးလေးစားစား ဆက်ဆံရ၏။
ယန်ဒီမြို့သည် နှစ်ထောင်ပေါင်းများစွာ သမိုင်းကြောင်းရှိသော မြို့တစ်မြို့ဖြစ်ပြီး ရှေးခေတ်ကနေ လက်ရှိ အချိန်အထိ မည်သူကမှ ယန်ဒီမြို့တွင် ဤကဲ့သို့ ပေါ်ပေါ်ထင်ထင် မလုပ်ဆောင်ရဲပေ။
ယခုတော့ ကျန်းချန်သည် သူ၏ နတ်သန္ဓေအင်ပါယာအဆင့်ကို တက်လှမ်းသည့်ဂုဏ်ပြုပွဲတွင် ယန်ဒီမြို့ရှိ လက်အောက်ခံ အင်အားစုများစွာ၏ ကိုယ်စားလှယ်များ ရှေ့တွင် သူ၏ သောက်ခွက်ကို ဖြတ်ရိုက်လိုက်သလို ဖြစ်နေခဲ့သည်။
ယနေ့ ကျန်းချန်ကိုသာ မဖယ်ရှားနိုင်လျှင် အနာဂတ်တွင် ရှောင်ယွမ်လေ့သည် ယန်ဒီမြို့၌ မည်ကဲ့သို့သော မျက်နှာဖြင့် ရပ်တည်ရပါမည်နည်း။
ရှောင်ယွမ်လေ့က ချက်ချင်းပင် သူ၏လက်များကို ဝှေ့ယမ်းလိုက်ရာ နတ်သန္ဓေ အင်ပါယာအဆင့်၏ စွမ်းအားများက ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင် မိုင်အနည်းငယ် အတွင်းရှိ ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအင်များသည် တစ်ခဏအတွင်း ရှောင်ယွမ်လေ့ ဆီသို့ ရူးသွပ်စွာ စုဝေးကာ အဆုံးသတ်၌ ဓားတစ်လက် အဖြစ်သို့ ပြေားင်လဲသွားခဲ့သည်။
ထိုဓားက ကောင်းကင်ပေါ်သို့ မြင့်တက်သွားခဲ့ပြီး ချက်ချင်းဆိုသလို ကျန်းချန်ကို ခုတ်ချလိုက်သည်။
"ဝိုး.. သိပ်ကြောက်စရာကောင်းတာပဲ.. ဒါက နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူရဲ့စွမ်းအားလား.. နတ်သန္ဓေ အင်ပါယာအဆင့်က ကျုံးကျိုးကုန်းမြေရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်တဲ့ အဆင့် ဖြစ်သင့်ပါပေတယ်.. အခု နတ်သန္ဓေ အင်ပါယာအဆင့် ရှောင်ယွမ်လေ့ ကိုယ်တိုင် တိုက်ခိုက်နေပြီ ဆိုတော့ ကျန်းချန် ဒီတစ်ခေါက်တော့ သေမှာ သေချာသလောက်ပဲ"
".............."
လူများစွာက ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းခါရမ်းလိုက်ပြီး သက်ပြင်းချလိုက်ကြသည်။
ကျန်းချန်က ယခင်ကထက် အဆပေါင်းများစွာ တိုးတက်လာသော်လည်း ဤကဲ့သို့ ယန်ဒီမြို့ကို ပေါ်ပေါ်ထင်ထင် ရောက်လာခြင်းသည် ကိုယ့်သေတွင်းကိုယ် တူးသည်နှင့်မခြားပေ။
ဤကောင်လေးက နတ်ဆိုးဆန်စွာ ပါရမီရှိသည် ဆိုလျှင်ပင် တစ်ကိုယ်တည်းအစွမ်းဖြင့် ယန်ဒီမြို့တစ်ခုလုံးကို မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။
တခြားအရာကို ထည့်မတွက်လျှင်ပင် နတ်သန္ဓေအင်ပါယာအဆင့်ဖြစ်သည့် ရှောင်ယွမ်လေ့ တစ်ဦးတည်းကပင် ကျန်းချန်ကို နေရာမှာပင် အမှုန့်ဖြစ်အောင် ပြုလုပ်နိုင်ပေသည်။
ထိုအချိန်မှာပင် ဓားအလင်းတစ်ခုသည် လေထဲကို ပြင်းထန်စွာ ထိုးဖောက်သွားခဲ့ပြီး ရှောင်ယွမ်လေ့၏ ဓားချက်ကို ရင်ဆိုင်လိုက်သည်။
"ဝုန်း.."
လေထုထဲတွင် ပေါက်ကွဲသံများ ဖြစ်ပေါ်လာခဲ့၏။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်း တစ်ခုသည် ရင်ပြင်တစ်ခုလုံးကို ချက်ချင်းဆိုသလို တိုက်ခတ်သွားခဲ့သည်။
အောက်ဘက်ရှိ နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူများစွာပင် ထိုစွမ်းအင်မုန်တိုင်းအောက်တွင် ထိတ်လန့်သော ခံစားချက်ကို ရရှိခဲ့ကြသည်။
"ကျန်းချန် မင်း ငါ့ရဲ့တိုက်ကွက်ကို တားဆီးနိုင်လိမ့်မယ်လို့ ငါတကယ် ထင်မထားမိဘူး.. ကြည့်ရတာ မင်းမှာ အရည်အချင်းတချို့ ရှိနေပုံပဲ.. ဒါပေမဲ့ အဲဒီ အရည်အချင်းလောက်ကို အားကိုးပြီးတော့ ယန်ဒီမြို့မှာ ထင်တိုင်းကျဲလို့ ရမယ်လို့တော့ မင်းမထင်နဲ့"
ရှောင်ယွမ်လေ့က ကျန်းချန်ကို တအံ့တသြ ကြည့်လိုက်ပြီးနောက်တွင် အေးစက်စက် ပြောလိုက်သည်။
"ကျန်းချန် မင်း ဒီလောက်ထိ သေချင်နေမှတော့ ငါမင်းကို နတ်သန္ဓေအင်ပါယာ တစ်ပါးရဲ့ တကယ့် စွမ်းအားကို ပြသရသေးတာပေ့ါ"
"နတ်သန္ဓေအင်ပါယာ အဆင့်ကို အခုမှ ထိုးဖောက်ထားတဲ့ ပုရွက်ဆိတ်ကများ ငါ့ရှေ့မှာ ဟိတ်ဟန်လာထုတ်ရဲတယ်"
ကျန်းချန်က မထီတရီ ပြုံး၍ ပြောလိုက်သည်။
"နတ်သန္ဓေအင်ပါယာအဆင့်ရဲ့ စွမ်းအားက ဘာများ အံ့သြစရာကောင်းနေလို့လဲ.. မင်းထက် အင်အားကြီးမားတဲ့ နတ်သန္ဓေ အင်ပါယာတွေကိုတောင် ငါကျန်းချန် သတ်ဖြတ်ဖူးတယ်"
"............."
ကျန်းချန်၏ မောက်မာသောစကားကို ကြားလျှင် လူတိုင်းသည် အံ့အားသင့်သွားခဲ့ကြသည်။
သူတို့က လောကကြီးတွင် မောက်မာသည့်သူ များစွာကို မြင်ဖူးခဲ့ကြသည်။
သို့သော်လည်း ကျန်းချန်ကဲ့သို့ မောက်မာသည့်သူကိုမူ ပထမဆုံးအကြိမ် တွေ့ဖူးခဲ့ကြခြင်း ဖြစ်၏။
"နတ်သန္ဓေအင်ပါယာအဆင့်ကို သတ်ဖြတ်ဖူးတယ် ဟုတ်လား ဒီကောင်လေးက နတ်သန္ဓေအင်ပါယာအဆင့်ကို လမ်းဘေးက ပုရွက်ဆိတ်တစ်ကောင်လို သတ်ချင်တိုင်းသတ်လို့ ရမယ်များထင်နေလား မသိဘူး.. ဒီကောင်ရွှီးနေတာပဲ ဖြစ်လိမ့်မယ်"
"ကောင်းတယ် သိပ်ကောင်းတယ် ကျန်းချန်.. မင်းဘယ်လောက်ထိ မောက်မာနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
ရှောင်ယွမ်လေ့က လှောင်ပြောင်၍ ပြောလိုက်သည်။
ထိုခဏမှာပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မီးလျှံများတောက်လောင်နေသည့် လေပြင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။
သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်သည်နှင့် မီးလျှံများဖြင့် တောက်ပနေသော ဧရာမ လက်ဝါးတစ်ဖက်သည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ဆီသို့ ရောက်ရှိလာခဲ့သည်။
"ရှောင်ယွမ်လေ့.. ငါ့အနေနဲ့ ယန်ဒီမြို့က လူတွေကို သတ်ချင်တဲ့ဆန္ဒ မရှိပေမဲ့ မင်းက ငါ့ကို အတင်းအကျပ် ဖိအားပေးနေတယ်.. ဒီလိုဆိုမှတော့ ငါ့ကို အနိုင်ကျင့်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့.. မင်းက မင်းရဲ့ ကိုယ်ပိုင်ဂုဏ်ပြုပွဲမှာ ကျဆုံသွားတဲ့ နတ်သန္ဓေအင်ပါယာ တစ်ပါးအဖြစ် သမိုင်းထဲမှာ ပထမဆုံးလူ ဖြစ်ခွင့်ရတော့မယ်"
ကျန်းချန်က ရှောင်ယွမ်လေ့ကို ခနဲ့လိုက်သည်။
ထို့နောက်တွင် သူက ခြေဖဝါးကို လေထုထဲတွင် တစ်ချက်ဆောင့်နင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပသောရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
ထိုရွှေရောင်အလင်းတန်းနှင့်အတူ ကျန်းချန်၏ ပုံရိပ်သည် ရုတ်တရက် မြင့်တက်လာခဲ့ပြီး အမြင့်ပေတစ်ရာရှိသည့် ရွှေရောင်ဧရာမလူသားကြီး အဖြစ် ပြောင်းလဲသွားခဲ့သည်။
ကောင်းကင်ပေါ်တွင် ရှိနေသည့် ရွှေရောင် ဧရာမလူကြီး၏ ပုံသဏ္ဌာန်မှာ စစ်နတ်ဘုရား တစ်ပါးလိုပင် ကြည့်၍ ကောင်းနေခဲ့သည်။
ထို့နောက်တွင် ရွှေရောင်ဧရာမ လူကြီး တစ်ဖြစ်လည်း ကျန်းချန်သည် ရှောင်ယွမ်လေ့ကို ထီမထင်ဟန်ဖြင့် ကြည့်လိုက်ပြီး လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
အခန်း(၁၂၅၄)ပြီး၏။