အခန်း (၁၂၅၈-၁၂၆၀)
Vol. 84 Ch. 1258-1260
အခန်း(၁၂၅၈)
စကားဆုံးသည်နှင့် ရှောင်ယန်ဝူက ခြေတစ်လှမ်းလိုက်ရာ ခမ်းနားထည်ဝါသော မီးလျှံစွမ်းအင်သည် ချက်ချင်းပင် လေထုကို လွှမ်းခြုံသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် မီးလျှံစွမ်းအင်သည် ရာပေါင်းများစွာ ရှည်လျားသော မီးလျှံနဂါးအဖြစ် စုစည်းသွားခဲ့ပြီး အရာအားလုံးကို ဖျက်ဆီးပစ်မည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ဖြင့် ကျန်းချန် ဆီသို့ ဦးတည်လာခဲ့သည်။
"ကောင်းကင်မီးလျှံ နဂါးဧကရာဇ်ကျင့်စဥ်"
ထိုကျင့်စဥ်က ရှောင်မိသားစု၏ နာမည်ကျော်ကြားသော ကျင့်စဥ်တစ်ခု ဖြစ်သည်။
ထိုကျင့်စဥ်ကို လွန်ခဲ့သော နှစ်ပေါင်း(၅၀၀၀)ခန့်တွင် ရှောင်မိသားစု၏ နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူဖြစ်သည့် မီးဧကရာဇ်က ရှောင်မိသားစု၏ သွေးစွမ်းအားကို အခြေခံ၍ တီထွင်ခဲ့ခြင်း ဖြစ်သည်။
ဆိုရလျှင် ရှောင်ယန်ဝူသည် ဤကျင့်စဥ်ဖြင့်ပင် ကျုံးကျိုးကုန်းမြေတိုက်ကြီးတွင် ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။
သူ၏ ထိုးနှက်ချက်အောက်တွင် သေဆုံးခဲ့ရသော နတ်သန္ဓေအင်ပါယာ အရေအတွက်သည် မည်မျှပင် မသိနိုင်တော့ပေ။
"တိမ်တိုက်ဝါးမျိုနည်းစနစ်"
နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်ကျင့်ကြံသူ ဖြစ်သည့် ရှောင်ယန်ဝူ၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါတွင် ကျန်းချန်သည် လုံးဝ တုံ့ဆိုင်းမနေဘဲ တိမ်တိုက်ဝါးမျို နည်းစနစ်ကို တိုက်ရိုက်ပင် အသုံးပြုလိုက်ပြီး သူ၏ကျင့်ကြံခြင်းအဆင့်ကို နတ်သန္ဓေအင်ပါယာနယ်ပယ် ပထမအဆင့်မှ ဒုတိယအဆင့် အထွတ်အထိပ်အထိ မြှင့်တင်လိုက်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်နှင့်အမျှ တိမ်တိုက်ဝါးမျို နည်းစနစ်သည် ထိရောက်မှု သိပ်မရှိတော့ပေ။
တိမ်တိုက်ဝါးမျို နည်းစနစ်က သေးငယ်သည့် အဆင့်နှစ်ဆင့်မျှသာ တိုးတက်စေသည်ကို ခံစားမိလျှင် ကျန်းချန်သည် သက်ပြင်းချရုံသာ တတ်နိုင်ခဲ့သည်။
တိမ်တိုက်ဝါးမျို နည်းစနစ်က အလွန် အင်အားကြီးသော်လည်း အဆုံးသတ်ပြောရလျှင် ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်သာ ဖြစ်သည်။
နတ်သန္ဓေအင်ပါယာအဆင့်ကို ထိုးဖောက်ပြီးကတည်းက ဤဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်သည် ကျန်းချန်အပေါ်သက်ရောက်မှုတွင် ယခင်က ကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်သော အစွမ်းသတ္တိမျိုး မရှိတော့ပေ။
သို့သော်လည်း နတ်သန္ဓေအင်ပါယာနယ်ပယ် ဒုတိယအဆင့် အထွတ်အထိပ်သို့ ယာယီ တက်လှမ်းနိုင်ခြင်းကပင် သူ၏ ရှေ့ရှိ ရှောင်ယန်ဝူကို ဖိနှိပ်ရန် လုံလောက်နေပြီ ဖြစ်၏။
ကျန်းချန်က သူ့ဆီသို့ ဟိန်းဟောက်၍ ပြေးဝင်လာသော မီးလျှံနဂါးကို စေ့စေ့ကြည့်လိုက်သည်။
ထို့နောက်တွင် သူက လက်ဟန်များကို ပြုလုပ်လိုက်ရာ သူ၏ လက်ဖဝါးထဲတွင် အနက်ရောင် လေးထောင့်တုံးပုံစံ စည်းတံဆိပ်တစ်ခုသည် အလျင်အမြန် စုစည်းသွားခဲ့သည်။
"ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်"
ကျန်းချန်၏ မျက်လုံးများတွင် အလင်းရောင်များ လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် သူက ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ဖြင့် မီးလျှံနဂါးကို ပစ်ခတ်လိုက်သည်။
"ဝုန်း.."
လေထုထဲတွင် အဆုံးမဲ့စွမ်းအားများ ထုတ်လွှတ်နေသည့် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကြီးသည် အင်မော်တယ် တောင်တစ်လုံးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ဖြင့် ပေရာပေါင်းများစွာ ရှည်လျားသော မီးလျှံနဂါးကြီး၏ ကြီးမားသော ကိုယ်ထည်ကို ဝင်တိုက်လိုက်ရာ မီးလျှံနဂါးကြီးသည် ချက်ချင်းပင် ပျက်စီးသွားခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မီးလျှံနဂါးကြီးသည် ဘာမှ မကျန်ရှိတော့သည်အထိ ပျောက်ကွယ်သွားခဲ့၏။
အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် မီးလျှံနဂါးကို ဖျက်ဆီးလိုက်ပြီးနောက်တွင် ရှောင်ယန်ဝူကို ထိုက်စန်းတောင်ကဲ့သို့ တိုက်ရိုက်ပင် ဖိနှိပ်လိုက်သည်။
ရှောင်ယန်ဝူက မည်သို့မှ မတုံ့ပြန်နိုင်ခဲ့ဘဲ မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရ၏။
ထို့နောက်တွင် မီတာ၁၀၀ပတ်လည်ရှိ မြေပြင်ထက်တွင် ကြီးမားသော လေးထောင့် ပုံသဏ္ဌာန် စည်းတံဆိပ်တစ်ခု၏ အသွင်အပြင်သည် ကျန်ရစ်နေခဲ့သည်။
"ဝုန်း.."
ဖုန်မှုန့်များက လွင့်စင်သွားပြီး မြေကြီးသည်ပင် တုန်ခါသွားခဲ့သည်။
ရင်ပြင်ပေါ်ရှိ လူများစွာသည် ကြွင်းကျန်ရစ်သော စွမ်းအင်၏ သက်ရောက်မှုကြောင့် ခန္ဓာကိုယ်များ တုန်ယင်သွားကြပြီး အားနည်းသော ကျင့်ကြံသူအချို့ ဆိုလျှင် သွေးများပင် အန်ထွက်ကုန်ကြသည်။
ဤအချိန်တွင် ပတ်ဝန်းကျင်မှ လူအားလုံးသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ အံ့အားသင့်သွားခဲ့ကြသည်။
ဂုဏ်သိက္ခာကြီးမြင့်သော ယန်ဒီမြို့မှ ရှောင်မိသားစု၏ ဘိုးဘေး။
၎င်းသည် လွန်ခဲ့သော နှစ်ပေါင်း(၅၀၀)ကတည်းကပင် ကျုံးကျိုးကုန်းမြေတွင် နာမည်ကျော်ကြားသော နတ်သန္ဓေအင်ပါယာတစ်ပါး ဖြစ်သည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ကျန်းချန်၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့ရ၏။
"ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
လေထုထဲမှ ရှောင်ရှင်းဟဲသည် မှင်တက်နေခဲ့ပြီး မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
ရှောင်မိသားစုဘိုးဘေး ရှောင်ယန်ဝူသည် နတ်သန္ဓေအင်ပါယာနယ်ပယ်၏ ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်ပြီး အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းတွင် ပါဝင်သည့် ကျင့်ကြံသူ တစ်ဦးလည်း ဖြစ်သည်။
ဆိုရလျှင် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းတွင် ပါဝင်သည့် နတ်သန္ဓေအင်ပါယာများက လွဲလျှင် ရှောင်ယန်ဝူသည် ကျုံးကျိုးကုန်းမြေ တစ်ခွင်တွင် မည်သူမှ အနိုင်မယူနိုင်သည့် အခြေအနေတွင် ရှိသည်။
ယခုတော့ ဤကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးကို ကျန်းချန်က အနိုင်ယူလိုက်ရာ ရှောင်ရှင်းဟဲသည် သူ့မျက်လုံးကိုပင် မယုံကြည်နိုင်တော့ပေ။
"ဒီကောင် ကျန်းချန်က ဒီလောက်ထိ ကြောက်ဖို့ကောင်းတဲ့တိုက်ခိုက်ရေး စွမ်းရည်ကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်နိုင်ရတာလဲ"
"ဒီကောင်က နှစ်တစ်သန်းမှာ တစ်ခါပဲ ပေါ်ပေါက်နိုင်တဲ့ ကောင်းကင်ကို ဆန့်ကျင်တဲ့ နတ်ဆိုးတစ်ကောင်ပဲ"
ထိုမြင်ကွင်းကို မှင်တက်စွာ ကြည့်နေရင်း ဖုန်းဝူယင်းသည် စိတ်ထဲကနေ ခါးသီးစွာပြုံးလိုက်သည်။
ရှောင်မိသားစုရဲ့ဘိုးဘေး ရှောင်ယန်ဝူလို ပုဂ္ဂိုလ်မျိုးပင် ကျန်းချန်၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့သည် ဖြစ်ရာ သူ့အနေဖြင့် ကျန်းချန်ထံတွင် ရှုံးနိမ့်ခဲရသည်မှာ ဘာမှမထူးဆန်းတော့ပေ။
အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းကို နောက်တစ်ကြိမ် ထုတ်ပြန်သည့်အခါတွင် ကျန်းချန်သည် ထိုစာရင်းတွင် ပါဝင်လာလိမ့်မည်ဟု ဖုန်းဝူယင်း တွေးမိခဲ့သည်။
လက်ရှိအချိန်တွင် ပါရမီရှင် နတ်သန္ဓေ အင်ပါယာစာရင်းမှာပင် ကျန်းချန်၏ နာမည်က ပေါ်လာလောက်ပြီဟု သူထင်ခဲ့၏။
နတ်သန္ဓေအင်ပါယာ နယ်ပယ် ပထမအဆင့်ဖြင့် နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်ကို အနိုင်ယူခြင်းမျိုးသည် ကျုံးကျိုးကုန်းမြေ၏ နှစ်ပေါင်း(၁၀၀၀၀)နီးပါး သမိုင်းတွင် မကြားဖူးသည့် အဖြစ်အပျက် တစ်ခု ဖြစ်သည်။
ဖုန်းဝူယင်း၏ စိတ်ထဲတွင် ခံစားချက် တစ်ခုပင် ရှိနေခဲ့သည်။
ယင်းမှာ ကျုံးကျိုးကုန်းမြေတွင် ရှိသည့် မြို့တော်ငါးခုသည် ဤတစ်ခေါက် ကျန်းချန်နှင့် ရင်ဆိုင်ရာတွင် စိတ်ကူးပင် မယဥ်နိုင်သည့် အဖိုးအခကို ပေးဆပ်ရလိမ့်မည် ဟူ၍ ဖြစ်၏။
"ဝုန်း.."
လူတိုင်းက သူတို့ရှေ့မှ အခြေအနေကြောင့် မှင်တက်နေစဥ်မှာပင် ရင်ပြင်ပေါ်၌ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
မကြာခင်မှာပင် အနီရောင်ပုံရိပ် တစ်ခုသည် တွင်းနက်ကြီးထဲကနေ ရင်ပြင်အထက်ကို တက်လာခဲ့သည်။
ထိုပုံရိပ်မှာ တခြားသူမဟုတ်ပေ။
ကျန်းချန်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည့် ရှောင်ယန်ဝူပင်ဖြစ်သည်။
သို့သော်လည်း ဤအချိန်တွင် ရှောင်ယန်ဝူသည် ရှောင်မိသားစု ဘိုးဘေး၏ ခန့်ညားထည်ဝါသော ပုံစံနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
သူ၏မျက်နှာတစ်ခုလုံးက ဖြူဖျော့နေခဲ့ပြီး ခန္ဓာကိုယ်တွင်လည်း သွေးများဖုံးလွှမ်းကာ သူ၏ အနီရောင်ဝတ်ရုံပင် အပေါက်အပြဲများဖြင့် စုတ်ပြတ်သတ်နေခဲ့ပြီ ဖြစ်၏။
"ဒီကောင်လေးမှာ ဘယ်လိုလုပ်ပြီး ကောင်းကင်ကိုတောင်ဆန့်ကျင်နေတဲ့ စွမ်းအားမျိုး ရှိနေရတာလဲ"
ရှောင်ယန်ဝူသည် စိတ်ထဲကနေ အလွန်အမင်း တုန်လှုပ်နေခဲ့သည်။
သူက လေထုထဲရှိ ကျန်းချန်ကို မော့ကြည့်ကာ သူ၏အိုမင်းသောမျက်လုံးထဲတွင် ထိတ်လန့်သော အရိပ်အယောင်များသည် မကြုံစဖူး ပြည့်နှက်နေခဲ့၏။
ကျန်းချန် အစောပိုင်းက ထုတ်သုံးလိုက်သော အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် သူ၏ ကောင်းကင်မီးလျှံနဂါးဧကရာဇ် ကျင့်စဥ်ကို ဖြိုခွဲခဲ့ပြီး သူ၏ ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်ကိုပါ အပြင်းအထန် ထိခိုက်စေခဲ့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်သာ ကျန်းချန်ထက် မမြင့်မားလျှင် ကျန်းချန်၏ အနက်ရောင်လေးထောင်တုံး စည်းတံဆိပ်ကြောင့် တစ်ခါတည်း အသက်ထွက်သွားနိုင်၏။
ကျန်းချန် ယခင်က အသုံးပြုခဲ့သော အချိန်နှင့် အာကာသ ဓားနယ်မြေသည် အင်ပါယာအဆင့် ကိုယ်ခံပညာ ဖြစ်၍ ကျန်းချန်၏ အားအကိုးရဆုံး ဝှက်ဖဲဖြစ်နိုင်သည်ဟု ရှောင်ယန်ဝူ မူလက ထင်ထားခဲ့သည်။
သို့ရာတွင် ကျန်းချန်ထံ၌ အချိန်နှင့်အာကာသ ဓားနယ်မြေထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် ကျင့်စဥ်တစ်ခု ရှိနေလိမ့်မည်ဟု မည်သူက ကြိုသိနိုင်ပါမည်နည်း။
အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်တွင် ပါဝင်နေသောစွမ်းအားသည် အင်ပါယာအဆင့် ကျင့်စဥ်ထက်ပင် ကျော်လွန်နေသည့် စွမ်းအားမျိုး ဖြစ်သည်။
ထိုစွမ်းအားသည် နတ်ဘုရားတစ်ပါး ကမ္ဘာပေါ်ကို ဆင်းသက်လာသကဲ့သို့ပင် လူသားများ တားဆီးနိုင်သောအရာ မဟုတ်ပေ။
"အဘိုးကြီး.. မင်းက ငါ့ရဲ့ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကိုတောင် ရင်ဆိုင်နိုင်တယ် ဆိုတော့ ရှောင်မိသားစုရဲ့ ဘိုးဘေး ဖြစ်ထိုက်ပါပေတယ်.. ဒါဆိုလည်း နောက်ထပ် တစ်ခေါက်လောက် ထပ်ရင်ဆိုင်လိုက်ပါဦး"
ရှောင်ယန်ဝူက မြေကြီးထဲကနေ ပျံသန်း၍ ထွက်လာသည်ကိုမြင်လျှင် ကျန်းချန်သည် ရယ်မောလိုက်ပြီး သူ၏ လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် ထပ်မံ စုစည်းသွားခဲ့သည်။
ကျန်းချန်၏ လက်ထဲတွင် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ် ထပ်မံ စုစည်းလာသည်ကို မြင်လျှင် ရှောင်ယန်ဝူသည် မျက်မှောင်ကြုတ်သွားခဲ့ပြီး သေခြင်းတရား၏ အရိပ်အငွေ့များက သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသလိုပင် ခံစားလိုက်ရသည်။
သူက ချက်ချင်းဆိုသလိုပင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ခဏ.. ခဏလေးနေပါဦး.. ကျန်းချန် မင်း ယန်ဒီမြို့ကို လာရတဲ့ ရည်ရွယ်ချက်က မင်းရဲ့ဆရာရှောင်တုလီ အတွက်ဆိုတာ ငါသိတယ်.. ရှောင်တုလီ ရှိတဲ့နေရာကို ငါပြောပြပေးနိုင်တယ်.. ဒါပေမဲ့ မင်း ငါတို့ ယန်ဒီမြို့ကို ဘာအန္တရာယ်မှ မပေးဘဲနဲ့ ထွက်ခွာသွားရမယ်"
ကျန်းချန်၏ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို မြင်လျှင် ရှောင်ယန်ဝူသည် အမှန်တကယ်ပင် ကြောက်လန့်သွားခဲ့သည်။
အစောပိုင်းကပင် ဤစည်းတံဆိပ်သည် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ကို အပြင်းအထန် ထိခိုက်စေခဲ့သည်။
ကျန်းချန်သာ ထိုစည်းတံဆိပ်ဖြင့် နောက်ထပ် တစ်ကြိမ် ထပ်မံ တိုက်ခိုက်ခဲ့မည် ဆိုလျှင် ယနေ့တွင် သူသည် ကျန်းချန်၏ လက်ထဲတွင် အမှန်တကယ် ကျဆုံးသွားနိုင်ပေသည်။
ရှောင်ယန်ဝူက ကျန်းချန်ကို အောက်လေဖြင့် ညှိနှိုင်းနေရသည်ကို မြင်လျှင် ပတ်ဝန်းကျင် တစ်ခုလုံးသည် လုံးဝကို တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းသည် သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။
ယန်ဒီမြို့သည် ကျုံးကျိုးကုန်းမြေတွင် ရှိသည့် မြို့တော် ငါးမြို့အနက်မှ တစ်မြို့ ဖြစ်ပြီး နှစ်ထောင်ချီ သမိုင်းကြောင်းရှိသည့် ကြယ်လေးပွင့် အင်အားစု နယ်မြေတစ်ခု ဖြစ်သည်။
ကျန်းချန်က ကိုယ်ပိုင်အင်အားဖြင့် ရှောင်မိသားစု၏ ဘိုးဘေး ရှောင်ယန်ဝူကိုပင် ခေါင်းငုံ့အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု မည်သူမှ မတွေးမိခဲ့ပေ။
တစ်ကိုယ်တော် အစွမ်းဖြင့် ကြယ်လေးပွင့်အင်အားစုကို ဖိနှိပ်ခြင်း။
ဤသည်က မည်မျှပင် ကြောက်မက်ဖွယ်ကောင်းလိုက်သည့် စွမ်းဆောင်ရည်မျိုးနည်း။
အခန်း(၁၂၅၈)ပြီး၏။
အခန်း(၁၂၅၉)
ကျန်းချန်က သူ၏ လက်ထဲမှ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို ရုတ်သိမ်းလိုက်ပြီး ရှောင်ယန်ဝူကို စူးစိုက်စွာ ကြည့်၍ မေးခွန်းထုတ်လိုက်သည်။
"ငါ့ဆရာ ဘယ်နေရာမှာရှိနေလဲ ဆိုတာ မင်းသိလား"
ရှောင်မိသားစု ဘိုးဘေးသည် လက်ရှိအချိန်တွင် ကျန်းချန်နှင့် ဆက်လက် တိုက်ခိုက်ရန် အစီအစဥ် မရှိတော့ပေ။
အဘယ်ကြောင့်ဆိုသော် ယန်ဒီမြို့သည် နှစ်ထောင်ပေါင်းများစွာ လက်ဆင့်ကမ်း၍ အမွေအနှစ်များကို ထိန်းသိမ်းလာခဲ့သော ကြယ်လေးပွင့်အဆင့် သူတော်စင်နယ်မြေ ဖြစ်သောကြောင့်ပင်။
ယနေ့ ထိုကောင်လေး ယန်ဒီမြို့သို့ လာရောက်သည့် ရည်ရွယ်ချက်သည် ရှောင်တုလီကို ရှာဖွေရန်အတွက် ဖြစ်၍ အသက်သေဆုံးသည်အထိ တိုက်ခိုက်ရန် မလိုအပ်ပေ။
"ငါ့ရဲ့ခန့်မှန်းချက်အရတော့ ရှောင်တုလီက ဆိတ်ငြိမ်နယ်မြေမှာ ရှိမယ်လို့ထင်တယ်"
ရှောင်ယန်ဝူက ကျန်းချန် ဆက်လက် တိုက်ခိုက်ရန် အစီအစဥ်မရှိတော့သည်ကို မြင်လျှင် သက်ပြင်းချ၍ ပြောလိုက်သည်။
"ဒါက မင်းရဲ့ ခန့်မှန်းချက်လား"
ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ရှောင်ထျန်းဟန် ဘယ်မှာလဲ သူ့ကို ကျွန်တော်နဲ့လာတွေ့ခိုင်းလိုက်ပါ"
ရှောင်ယန်ဝူ၏ မရေမရာအဖြေကြောင့် ကျန်းချန်သည် သိသိသာသာပင် မကျေမနပ် ဖြစ်နေခဲ့သည်။
"ကျန်းချန် မင်းက ငါ့ကိုရော မင်းရဲ့ဆရာကိုပါ စိတ်ပျက်အောင် မလုပ်ခဲ့ဘူး.. ဒီအဆင့်ထိ တိုးတက်လာတာ တကယ်ကို အံ့သြစရာပဲ.. ရှောင်မိသားစုဘိုးဘေးရဲ့ ခန့်မှန်းချက်က မှန်ကန်ပါတယ်.. မြို့တော်ငါးခုက မင်းရဲ့ဆရာကို ဖမ်းဆီးမိန့်ထုတ်တဲ့အချိန်မှာ ငါပဲ သူ့ကို ဆိတ်ငြိမ်နယ်မြေဆီ သွားခိုင်းခဲ့တယ်.. ဒီဆိတ်ငြိမ်နယ်မြေက ကျုံးကျိုးကုန်းမြေရဲ့ထူးခြားတဲ့ နေရာတစ်ခုပဲ.. အပြင်လူတွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ခွင့်မပြုထားတဲ့အတွက် မင်းရဲ့ဆရာနောက်ကို မြို့တော်ငါးခုက လူတွေ လိုက်လာနိုင်တော့မှာ မဟုတ်ဘူး.. ဒါပေမဲ့ မြို့တော်ငါးခုအနေနဲ့ နိဗ္ဗာန်မြို့တော်နဲ့ ပူးပေါင်းမှာကိုတော့ ငါစိုးရိမ်မိတယ်.. ဒါကြောင့် နိဗ္ဗာန်မြို့တော်ကို ချက်ချင်းသွားပြီး မင်းရဲ့ဆရာကို ရှာဖွေပါ"
ထိုအချိန်မှာပင် ရှောင်ထျန်းဟန်၏ အဝေးကနေ စိတ်ချင်းဆက်သွယ်၍ ပြောဆိုလိုက်သော စကားများသည် ကျန်းချန်၏ စိတ်ထဲသို့ ရုတ်တရက်ဝင်ရောက်လာခဲ့သည်။
ကျန်းချန်က သူသိလိုသော အချက်အလက်များကို ရရှိပြီးနောက် ယန်ဒီမြို့၌ အချိန်အကြာကြီး ဆက်နေရန် အစီအစဥ်မရှိတော့ပေ။
သူက ရှောင်ယန်ဝူကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်တွင် ဖုန်းဝူယင်းနှင့်အတူ ယန်ဒီမြို့ကနေ ထွက်သွားခဲ့သည်။
ယန်ဒီမြို့၏ ကောင်းကင်ယံတွင် သူ၏ အေးစက်စက် အသံတစ်သံသည်သာလျှင် ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့တော့သည်။
"ရှောင်ယန်ဝူ.. မင်းကို အကြံပေးလိုက်မယ်.. ယန်ဒီမြို့ကို မင်းရဲ့လက်ထဲမှာ မပျက်စီးစေချင်ဘူးဆိုရင် ငါ့ကို ဒုက္ခမပေးတာအကောင်းဆုံးပဲ.. ရှောင်ယွင်ချန်းနဲ့ ရှောင်ပိုင်ရီတို့အပြင် ငါနဲ့ပတ်သက်ဆက်နွှယ်တဲ့ သူတွေကိုလည်း နည်းနည်းလေးတောင် ဒုက္ခပေးဖို့ မစဥ်းစားနဲ့.. ဒီလိုမှမဟုတ်ရင်တော့ အကျိုးဆက် အားလုံးကို မင်းတာဝန်ယူရလိမ့်မယ်"
ရှောင်ယန်ဝူက ကျန်းချန်တို့ နှစ်ဦး ပျောက်ကွယ်သွားရာ ဘက်ကို အလွန်အကျည်းတန်သော အမူအရာဖြင့် ကြည့်နေခဲ့သည်။
ဤကောင်လေးသည် ယန်ဒီမြို့ကို တစ်ကိုယ်တော် ကျူးကျော်လာခဲ့ပြီး ခန့်မှန်းရခက်သော ကိုယ်ခံပညာများဖြင့် သူ့ကိုပင် ရှုံးနိမ့်စေခဲ့သည်။
ယခုထွက်ခွာသွားသော အခါ၌လည်း စကားလုံးများဖြင့် သူ့ကို ခြိမ်းခြောက်ခဲ့သေး၏။
သူ့လို ဂုဏ်သိက္ခာ ကြီးမားသော ရှောင်မိသားစု၏ ဘိုးဘေး၊ နတ်သန္ဓေ အင်ပါယာနယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူသည် ယနေ့ကဲ့သို့ တစ်ခါမှ အရှက်မရခဲ့ဖူးပေ။
"ဘိုးဘေး.. ကျန်းချန်က ယန်ဒီမြို့ကို အကြီးအကျယ် နှောင့်ယှက်ခဲ့ပြီး ကျွန်တော်တို့ ယန်ဒီမြို့ရဲ့ ဂုဏ်သိက္ခာကို စော်ကားခဲ့တယ်...ဘာလို့ လွယ်လွယ်ကူကူနဲ့ ထွက်ခွာခွင့်ပြုလိုက်တာလဲ"
ထိုအချိန်တွင် ရှောင်ရှင်းဟဲသည် ရှောင်ယန်ဝူ၏ နံဘေးသို့ ရောက်လာပြီး မကျေမနပ် အမူအရာဖြင့် ပြောလိုက်သည်။
"ငါလည်း ဒီလိုမျိုး ဖြစ်ချင်မယ်လို့ မင်းထင်လား.. ဒီကောင်လေးရဲ့ လက်ရှိ တိုက်ပွဲဝင်စွမ်းရည်က ငါတောင် မယှဥ်နိုင်ဘူး.. ငါက သူ့ကို မထွက်သွားခိုင်းရင် မင်းက ဘာလုပ်နိုင်မှာမို့လဲ"
ယန်ဒီမြို့၏ နောက်ခံ အခြေအနေအရ ကျန်းချန်ကိုသာ အမှန်တကယ် ထိန်းချုပ်ထားလိုလျှင် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
သို့သော်လည်း ကြီးမားသော အဖိုးအခကို ပေးဆပ်ရမည်မှာ သေချာသလောက် ဖြစ်၏။
ထိုထက် အရေးကြီးသောအချက်မှာ ကျန်းချန်၏ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှ၏။
သူက ထိုစည်းတံဆိပ်ဖြင့် အသက်စွန့်ရင်ဆိုင်ရန် ဆန္ဒမရှိခဲ့ပေ။
"ဘိုးဘေး.. ကျန်းချန်က ယန်ဒီမြို့ကနေ ထွက်ခွာပြီးတာနဲ့ နိဗ္ဗာန်မြို့ကို သွားမှာ သေချာပေါက်ပဲ.. ကျွန်တော်တို့က ဒီအကြောင်းကို မြို့တော်ငါးခုဆီ ပြောပြလိုက်ရင် သူတို့က နိဗ္ဗာန်မြို့တော်နဲ့ အမြန်ဆုံး ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်ထင်တယ်.. ဒီကိစ္စမှာ နိဗ္ဗာန်မြို့တော် ပါဝင်လာတာနဲ့ ရှောင်တုလီနဲ့ ကျန်းချန်တို့ ဘယ်လိုမှ ထွက်ပြေးနိုင်တော့မှာ မဟုတ်တော့ဘူး"
ရှောင်ရှင်းဟဲ၏ မျက်နှာထက်တွင် ကောက်ကျစ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ထိုခဏတွင် သူ၏ မျက်လုံးများ၌ အေးစက်သော အလင်းတန်း တစ်ခုပင် လင်းလက်သွားခဲ့၏။
"ကောင်းပြီ ဒီကိစ္စကို မင်းနဲ့ပဲ လွှဲလိုက်တော့မယ်"
ဤအချိန်တွင် ရှောင်ယန်ဝူ၏ မျက်နှာထက်တွင်လည်း သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ယနေ့ တိုက်ပွဲတွင် ကျန်းချန်သည် သူနှင့် ယန်ဒီမြို့ကို အကြီးအကျယ် ဂုဏ်သိက္ခာ ကျဆင်းစေခဲ့သည်။
ကျန်းချန်ကိုသာ မဖယ်ရှားနိုင်လျှင် ကျုံးကျိုးကုန်းမြေတွင် သူ့အနေဖြင့် မည်ကဲ့သို့ ရပ်တည်ရပါမည်နည်း။
ထို့အပြင် ယန်ဒီမြို့၏ ဘိုးဘေးများကို မည်သည့်မျက်နှာဖြင့် ရင်ဆိုင်ရမည်နည်း။
အစောပိုင်းက ကျန်းချန်ရှေ့တွင် ခေါင်းငုံ့ခဲ့ရသည့် အချိန်မှစ၍ ရှောင်ယန်ဝူသည် ကျန်းချန်ကို တစ်နေ့တွင် သတ်ပစ်မည်ဟု တိတ်တဆိတ် ကျိန်ဆိုထားခဲ့သည်။
မည်သည့်နည်းလမ်းနှင့်မဆို သူသည် ကျန်းချန်ကို လုံးဝဖျက်ဆီးပစ်မည် ဖြစ်၏။
ဆိတ်ငြိမ်နယ်မြေသည် ကျုံးကျိုးကုန်းမြေ၏ ထူးခြားသောဒေသတစ်ခု ဖြစ်ပြီး မြို့တော်ငါးခု၏ ဆုံမှတ်နေရာတွင် တည်ရှိသည်။
၎င်းသည် မြို့တော်ငါးခု၏ စီမံခန့်ခွဲမှုအောက်တွင် မရှိပေ။
အဓိကအားဖြင့် ထိုနေရာသည် နိဗ္ဗာန်မြို့တော်၏ အုပ်စိုးမှုအောက်တွင် ရှိပြီး အန္တရာယ်ရှိသော ရှေးဟောင်း အမွေအနှစ်ဒေသတစ်ခု အဖြစ် သတ်မှတ်ခံထားရသည်။
လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀၀)က စိတ်ငြိမ်နယ်မြေသည် ကျင့်ကြံသူများ စူးစမ်းလေ့လာရန်နှင့် အခွင့်အလမ်းများ ရှာဖွေသော နယ်မြေတစ်ခု ဖြစ်ခဲ့သည်။
သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀၀)က ကပ်ဘေးအပြီးတွင် နိဗ္ဗာန်ဓားဧကရာဇ်ဟု ခေါ်ဆိုသော အင်အားကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးသည် နိဗ္ဗာန်မြို့တော်ကို တည်ထောင်ခဲ့ပြီး ဆိတ်ငြိမ်နယ်မြေကို နိဗ္ဗာန်မြို့၏ ပိုင်နက်ထဲ ထည့်သွင်းခဲ့သည်။
ထို့နောက်တွင် ၎င်းသည် တင်းကျပ်သော စည်းမျဥ်းများကို ချမှတ်ခဲ့ပြီး အထူးသဖြင့် နတ်သန္ဓေအင်ပါယာများ ဆိတ်ငြိမ်နယ်မြေထဲ ဝင်ရောက်ခြင်းကို တားမြစ်ထားခဲ့သည်။
နိဗ္ဗာန်မြို့တော်သည် ကျုံးကျိုးကုန်းမြေရှိ မည်သည့်အင်အားစုများ၏ အငြင်းပွားမှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ သွေးကျင့်ကြံသူများကို သတ်ဖြတ်ရန် ရည်ရွယ်ချက်တစ်ခုတည်းသာ ထားရှိသော အဖွဲ့အစည်း ဖြစ်သည်။
ဆိုရလျှင် နိဗ္ဗာန်မြို့တော်သည် သွေးနတ်ဆိုးနန်းတော်ကို တိုက်ခိုက်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး နိဗ္ဗာန်ဓားဧကရာဇ်သည်လည်း သွေးနတ်ဆိုးနန်းတော်ကို ဖျက်ဆီးမှုတွင် မရှိမဖြစ် ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သည်။
နိဗ္ဗာန်ဓားဧကရာဇ် တည်ထောင်ခဲ့သော နိဗ္ဗာန်မြို့တော်သည် အလွန်ပင် အင်အားကြီးမားသည်။
ကြယ်လေးပွင့် သူတော်စင်နယ်မြေများပင် နိဗ္ဗာန်မြို့တော်ကို မလေးမစား မလုပ်ဝံ့ကြပေ။
ဤအကြောင်းကြောင့်ပင် နိဗ္ဗာန်မြို့တော်၏ ပိုင်နက်ထဲတွင် ရှိသော ဆိတ်ငြိမ်နယ်မြေသည် အချိန်ကြာလာသည်နှင့်အမျှ အထူး အခြေအနေရှိသူများ အတွက် ခိုလှုံရာနေရာ တစ်ခု ဖြစ်လာခဲ့ပြီး ဂိုဏ်းများမှ လိုက်လံခံရသူများ သို့မဟုတ် ဖမ်းမိန့်ထုတ်ခံရသူများ အပါအဝင် လူအများအပြားသည် ဆိတ်ငြိမ်နယ်မြေ ရှိရာသို့ ရောက်ရှိလာခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ဆိတ်ငြိမ်နယ်မြေတွင် ခိုလှုံသူများကို မည်သည့် အင်အားစုကမှ ဝင်ရောက် မစွက်ဖက်ရဲသောကြောင့် ဖြစ်၏။
ထို့ကြောင့်ပင် ဆိတ်ငြိမ်နယ်မြေသည် အလွန်ပင် ရှုပ်ထွေးပြီး ကျုံးကျိုးကုန်းမြေရှိ မည်သည့် နေရာထက်မဆို ပိုမို၍ အန္တရာယ်ရှိသည်။
လူ့အသက်ကို သတ်ဖြတ်ခြင်းသည် ဆိတ်ငြိမ်နယ်မြေထဲတွင် ပုရွက်ဆိတ်များကို သတ်သကဲ့သို့သာ ဖြစ်သည်။
သို့သော်လည်း အန္တရာယ်နှင့် အခွင့်အလမ်းတို့သည် အတူတကွ ယှဥ်တွဲ၍ တည်ရှိနေကြသည်။
ဤကဲ့သို့ အန္တရာယ်များကြားမှာပင် ဆိတ်ငြိမ်နယ်မြေသည် ကျုံးကျိုးကုန်းမြေ၏ ကျင့်ကြံသူများ အတွက် အလွန်ရှားပါးသော ရတနာသိုက်ကြီး တစ်ခုနှယ် ဖြစ်နေခဲ့ပြီး နေ့စဥ်နှင့်အမျှ ကျင့်ကြံသူ များစွာသည် အခွင့်အလမ်းများ ရှာဖွေရန် အတွက် ဝင်ရောက်ခဲ့ကြသည်။
ကျန်းချန်က ယန်ဒီမြို့မှ ထွက်ခွာပြီးနောက်တွင် ဖုန်းဝူယင်းနဲ့အတူ ဆိတ်ငြိမ်နယ်မြေသို့ အလျင်အမြန် ခရီးနှင်ခဲ့သည်။
သုံးရက်ကြာပြီးနောက်တွင် သူတို့နှစ်ဦးသည် အဆုံးသတ်၌ ဆိတ်ငြိမ်နယ်မြေ၏ အဝင်ဝသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာက လွင်ပြင်ကျယ်ကြီး တစ်ခုဖြစ်ပြီး ရာပေါင်းများစွာသော ကျင့်ကြံသူများ စုဝေး၍ ရှိနေကြသည်ကို သူ မြင်တွေ့ခဲ့ရသည်။
ထိုလူများ အားလုံးသည် ဆိတ်ငြိမ်နယ်မြေထဲသို့ ဝင်ရောက်ကာ အခွင့်အလမ်းများ ရှာဖွေလိုသူများ ဖြစ်ကြ၏။
၎င်းတို့က သုံး၊လေး၊ငါးဦးစီ အုပ်စုဖွဲကာ အနီးအနားရှိ ကျင့်ကြံသူများကို အကဲခတ်၍ ကြည့်ရှုနေခဲ့ကြသည်။
ထိုအထဲမှ တချို့သည် သက်တော်စောင့် လုပ်ငန်းကိုပင် လုပ်ကိုင်နေကြသည်ကို ကျန်းချန် တွေ့ရှိခဲ့ရသည်။
ဆိတ်ငြိမ်နယ်မြေသည် အသက်အန္တရာယ် အလွန်များသဖြင့် ဝင်ရောက်လိုသော လူများသည် သက်တော်စောင့်များကို ငှားရမ်းကြလေ့ ရှိသည်။
ဆိုရလျှင် ဆိတ်ငြိမ်နယ်မြေသည် အလွန်ပင် အန္တရာယ်များပြီး နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူများပင် ဝင်ရောက်သွားလျှင် အသက်ရှင်လျက် ထွက်လာဖို့ မလွယ်ကူပေ။
ထိုအထဲသို့ ဝင်ရောက်ရာတွင် လူအများစုသည် အနည်းဆုံးလေးယောက်တစ်ဖွဲ့ ဖွဲ့ကြလေ့ ရှိသည်။
အရေအတွက်များလေ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာတွင် အန္တရာယ်ကင်းလေ ဖြစ်၏။
"တစ်ယောက်ပဲ ကျန်တော့တယ်.. ငါတို့နဲ့အတူ ပူးပေါင်းချင်တဲ့သူရှိလား ပါဝင်ချင်တယ်ဆိုရင် အနည်းဆုံး နတ်ဝိညာဥ်ဘုရင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်ရမယ်"
သုံးဦးအဖွဲ့ တစ်ဖွဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူတို့၏ နောက်ဆုံးလူကို အလျင်အမြန် စုစည်းလိုက်သည်။
ဤနေရာတွင် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်သည် အလွန်တရာ ရှားပါးသည်။
ထို့ကြောင့် နတ်ဝိညာဥ်ဘုရင် တစ်ပါးနှင့်အတူ အဖွဲ့ဖွဲ့နိုင်ခြင်းသည် သူတို့၏ လုံခြုံရေးကို အနည်းငယ် ပို၍ အာမခံနိုင်၏။
ကျန်းချန်က ထိုအဖွဲ့ကို လျစ်လျူရှုလိုက်ပြီး ဖုန်းဝူယင်းနှင့်အတူ ဆိတ်ငြိမ်နယ်မြေဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားခဲ့သည်။
အခန်း(၁၂၅၉)ပြီး၏။
အခန်း(၁၂၆၀)
"ဟိုက အစ်ကိုကြီး.. ခဏလေးနေပါဦး"
ကျန်းချန်က ဆိတ်ငြိမ်နယ်မြေထဲ ဝင်ခါနီးတွင် ကျယ်လောင်သော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
ကျန်းချန်က ခေါင်းငဲ့၍ ကြည့်လိုက်ရာ ၁၈နှစ်၊ ၁၉နှစ်အရွယ်မိန်းကလေးတစ်ယောက်သည် ကျန်းချန်တို့ ရှိရာသို့ ဖြည်းညင်းစွာ လမ်းလျှောက်လာသည်ကို မြင်လိုက်ရ၏။
ထိုကောင်မလေးသည် ကြည်လင်သော မျက်လုံးအိမ်နှင့် ရှည်လျားသွယ်လျသည့် မျက်ခုံးမွှေးများကို ပိုင်ဆိုင်ထားသည်။
ထို့အပြင် ကော့ညွတ်သော မျက်တောင်များ၊ ဖြူဆွတ်ရှင်းသန့်သော အသားအရေနှင့် ချယ်ရီသီးလို သေးငယ်သည့် နှုတ်ခမ်းဖူးဖူးလေးသည် ရှားပါးသော အလှပိုင်ရှင်တစ်ယောက် ဖြစ်မှန်း သိသာစေ၏။
သို့ရာတွင် ကျန်းချန်သည် ကောင်မလေး၏ အလှတရားထက် အဝတ်အစားကို ပို၍ စိတ်ဝင်စားခဲ့သည်။
ကောင်မလေးသည် အဖြူရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် ပင်လယ်နှင့်လကို ကိုယ်စားပြုသည့်သင်္ကေတ တစ်ခုအား ရေးထိုးထားခဲ့သည်။
ထိုသင်္ကေတ၏ နံဘေးတွင် စန်းယွဲ့ဟူသော စာလုံးက ရှိနေခဲ့၏။
"ဒီကောင်မလေးက စန်းယွဲ့ သူတော်စင်နယ်မြေက တပည့်တစ်ယောက်များလား"
ထိုကောင်မလေးကို မြင်လိုက်ရသော အခိုက်တွင် ကျန်းချန်သည် စိတ်ထဲကနေ စန်းယွဲ့ သူတော်စင်နယ်မြေနှင့်ပတ်သက်သည့် အကြောင်းအရာများကို ချက်ချင်းဆိုသလို သတိရလိုက်သည်။
ဖုန်းဝူယင်းကို အနိုင်ယူပြီးသည့် အချိန်ကစ၍ ကျန်းချန်သည် ဤအတောအတွင်း ကျုံးကျိုးကုန်းမြေနှင့် ပတ်သက်သည့် အကြောင်းများကို ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။
ကျုံးကျိုးကုန်းမြေတိုက်တွင် မြို့တော်ငါးခု အပြင် လျှို့ဝှက်နယ်မြေ ၈ခု ရှိသည်။
ထိုနယ်မြေများသည် မြို့တော်ငါးခုကဲ့သို့ ပေါ်ပေါ်ထင်ထင် မရှိသော်လည်း မြို့တစ်မြို့ချင်းစီသည် မြို့တော်ငါးခု၏ နံပါတ်တစ် မြို့တော်ဖြစ်သည့် ရှန်းဖုန်းမြို့ထက် မနိမ့်ကျပေ။
အဆုံးမဲ့ပင်လယ်ပြင်ကို ဖြတ်သန်းစဥ် မုန့်ချင်းရွှယ်ကို ကယ်တင်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် ထိုလျှို့ဝှက်နယ်မြေ ၈ခုထဲမှ တစ်ခုဖြစ်သည့် စန်းယွဲ့နယ်မြေမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူ့ရှေ့မှ ကောင်မလေးသာ စန်းယွဲ့ သူတော်စင်နယ်မြေမှ အဖွဲ့ဝင်ဆိုလျှင် ထိုကောင်မလေးထံကနေ မုန့်ချင်းရွှယ် အကြောင်းကို မေးမြန်းနိုင်လိမ့်မည် မဟုတ်ပါလော။
"ဒီက အစ်ကိုကြီး.. ကျွန်မနာမည်က ယွဲ့စစ်ယွင်ပါ.. ကျွန်မက စန်းယွဲ့ သူတော်စင်နယ်မြေကပါ.. ဒါနဲ့အစ်ကိုကြီးက ဆိတ်ငြိမ်နယ်မြေကို ပထမဆုံးအကြိမ် ဝင်မလို့လား.. ကျွန်မတို့မှာ လူလိုနေသေးတယ်.. အတူတူ သွားကြမလား.. ဆိတ်ငြိမ်နယ်မြေက အရမ်းအန္တရာယ်များတယ်.. အဖွဲ့မဖွဲ့ရင် ပိုပြီးတောင် အန္တရာယ်များတယ် အစ်ကိုကြီး"
ကောင်မလေးက ကျန်းချန်ကို ချိုသာစွာ ပြုံးပြလိုက်ပြီး သူမ၏ လက်ကို ကမ်းပေးလိုက်သည်။
"ဒီကောင်မလေးက တကယ်ပဲ စန်းယွဲ့ သူတော်စင်နယ်မြေက အဖွဲ့ဝင် ဖြစ်နေတာကိုး"
ကျန်းချန်က မိန်းကလေး၏ မိတ်ဆက်စကားကို ကြားလျှင် ဝမ်းသာသွားခဲ့သည်။
သူက ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်လိုက်၏။
"ငါ့နာမည်က ကျန်းချန်.. ဒါက ငါ့ရဲ့အစေခံပဲ.. လူတစ်ယောက်ပိုခေါ်လာလို့ ငါ့ကို စိတ်မကွက်ဘူး မဟုတ်လား"
ဆိတ်ငြိမ်နယ်မြေသည် သူ့အတွက် တကယ်ကို ထူးဆန်းနေ၏။
ထို့ကြောင့် သူ၏ရှေ့မှ ကောင်မလေးနှင့် အဖွဲ့ဖွဲ့၍ ဆိတ်ငြိမ်နယ်မြေထဲ ဝင်သွားရလျှင်လည်း သူ့အတွက် မဆိုးပေ။
ထို့အပြင် ယွဲ့စစ်ယွင် ဆိုသော ကောင်မလေးသည် စန်းယွဲ့သူတော်စင် နယ်မြေမှ အဖွဲ့ဝင် ဖြစ်သည့် အတွက် မုန့်ချင်းရွှယ်၏ အကြောင်းကို စုံစမ်းနိုင်မည် ဖြစ်၏။
"ရတာပေါ့ အစ်ကိုကြီး.. လူတစ်ယောက် ပိုများတော့ ပိုပြီးတော့ အင်အားပိုကြီးသွားတာပေ့ါ"
ယွဲ့စစ်ယွင်က ရယ်ရယ်မောမောဖြင့် ပြန်ဖြေလိုက်သည်။
"စစ်ယွင် ဒီကောင်လေးက ဘယ်သူလဲ"
ထိုအချိန်တွင် အနက်ရောင်ကိုယ်ကျပ် ဝတ်စုံကို ဝတ်ဆင်ထားသည့် ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးသည် သူတို့အနားသို့ ရောက်လာခဲ့သည်။
ယွဲ့စစ်ယွင်က ထိုအမျိုးသမီးကို တွေ့သည်နှင့် ခပ်သွက်သွက်ပင် ပြောလိုက်သည်။
"အစ်မမိန် ကျွန်မတို့ လူလိုနေတယ် မဟုတ်လား.. ဒီက အစ်ကိုကြီးနဲ့ သူ့ရဲ့အစေခံကို ကျွန်မတို့အဖွဲ့ထဲ ဝင်ခွင့်ပြုလိုက်ရအောင်"
"မဖြစ်ဘူး"
ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော မိန်းကလေးက ကျန်းချန် တို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ပြတ်သားစွာ ငြင်းဆန်လိုက်သည်။
ကျန်းချန်တို့နှစ်ဦးက အရှိန်အဝါကို ကောင်းစွာ ဖုံးကွယ်ထား၍ သူမသည် ကျန်းချန်တို့ နှစ်ဦး၏ ကျင့်ကြံခြင်းအဆင့်ကို မြင်နိုင်ခြင်း မရှိခဲ့ပေ။
သို့သော်လည်း ဤကောင်လေး၏ ပုံပန်းသွင်ပြင်အရ အင်အားကြီးမားသော မျိုးနွယ်စုတစ်ခု၏ သခင်လေး ဖြစ်ပုံရသည်။
ချမ်းသာသော သခင်လေးက ကမ္ဘာကြီး၏ အတွေ့အကြုံကို ရရှိရန် ကိုယ်ရံတော်တစ်ဦးကို ခေါ်ဆောင်လာခြင်း ဖြစ်သည်မှာ ထင်ရှားနေ၏။
ထိုကဲ့သို့ ကိန်းကြီးခန်းကြီးနိုင်သော သခင်လေးသည် ဂဂျီဂဂျောင် အလွန်ကျတတ်ပြီး အဖွဲ့နှင့် တစ်သားတည်းဖြစ်ရန်လည်း မလွယ်ကူပေ။
ဤကဲ့သို့သော လူမျိုးကိုသာ အဖွဲ့ထဲ ဝင်ရောက်ခွင့်ပြုလိုက်လျှင် သူတို့အဖွဲ့အတွက် အဆုံးမရှိသော ပြဿနာများကိုသာ ဖြစ်စေလိမ့်မည် ဖြစ်၏။
"အစ်မမိန်.. ဒီအစ်ကိုကြီးက လူကောင်းလို့ ခံစားရတယ်.. သူနဲ့အတူ ရှိနေမယ်ဆိုရင် ကျွန်မတို့ ပိုပြီး လုံခြုံလိမ့်မယ်ထင်တယ်"
ယွဲ့စစ်ယွင်က စွဲဆောင်မှုရှိသော အမျိုးသမီး၏ လက်ကိုဆွဲကိုင်ကာ ခပ်တိုးတိုးလေး ပြောလိုက်သည်။
ယွဲ့စစ်ယွင်ထံမှ စကားကို ကြားလျှင် ဆွဲဆောင်မှုရှိသော အမျိုးသမီး၏ လှပသောမျက်ဝန်းထဲတွင် ထူးဆန်းသောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူမနှင့် ယွဲ့စစ်ယွင်သည် အချိန်အတော်ကြာကတည်းက သိကျွမ်းခဲ့သူများ ဖြစ်ကြပြီး စန်းယွဲ့ သူတော်စင်နယ်မြေမှ ဤကောင်မလေး အကြောင်းကို သူမသည် အတန်အသင့် နားလည်ထားခဲ့သည်။
ဤကောင်မလေးသည် ကျင့်ကြံခြင်းအဆင့်တွင် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်သာ ရှိသော်လည်း မယုံနိုင်စရာ စွမ်းရည် တစ်ခုရှိ၏။
သူမက တချို့သော အရာများကို ကြိုတင်မြင်နိုင်ပြီး ကံကောင်းခြင်းများကို ရှာဖွေကာ ဘေးဆိုးများကို ရှောင်ရှားနိုင်ပုံရ၏။
နောက်ဆုံးတစ်ကြိမ်က သူတို့သည် ယွဲ့စစ်ယွင်၏ ကံကြမ္မာကို ပြောင်းလဲနိုင်သည့် စွမ်းရည်ကြောင့် ဆိတ်ငြိမ်နယ်မြေထဲကို ဝင်ရောက်ခဲ့ရာတွင် အထိအခိုက်မရှိဘဲ ပြန်ထွက်ခွာနိုင်ခဲ့ကြသည်။
"ကောင်းပြီလေ.. ဒါဆိုလည်း သူတို့ကို ငါတို့အဖွဲ့ထဲ ဝင်ခွင့်ပြုလိုက်မယ်.. အသင့်ပြင်ဆင်ထားလိုက်.. ခဏနေကျရင် ချက်ချင်း ထွက်ခွာကြမယ်"
သိပ်မကြာခင်မှာပင် ဆွဲဆောင်မှုရှိသော အမျိုးသမီးသည် အရပ်မြင့်မြင့် လူငယ်တစ်ယောက်က သူမတို့ ဆီသို့ လျှောက်လာသည်ကို တွေ့ရှိခဲ့ရသည်။
"ချင်းမိန် ဒီကညီနောင်က ဘယ်သူလဲ.. သူက ဆိတ်ငြိမ်နယ်မြေထဲကို လာတာ အစေခံတစ်ယောက်ပါ ခေါ်လာတာလား.. သူ့ကို ငါတို့အဖွဲ့ထဲ ဝင်ခွင့်ပေးမလို့လား"
အရပ်မြင့်မြင့်လူငယ်က ကျန်းချန်နှင့် ဖုန်းဝူယင်းကို ကြည့်ကာ မရွှင်မပျ ဖြစ်သွားခဲ့သည်။
"ကူကျန့်.. ရှင်မကျေနပ်ရင် တခြားအဖွဲ့ကို သွားရှာပြီး ပူးပေါင်းလို့ရတယ်"
ချင်းမိန်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်ကာ ရှင်းပြခြင်းပင်မရှိဘဲ ယွဲ့စစ်ယွင်ကို ခေါ်ဆောင်၍ ဆိတ်ငြိမ်နယ်မြေထဲသို့ လျှောက်ဝင်သွားခဲ့သည်။
ကျန်းချန်တို့ နှစ်ယောက်က ကူကျန့်ကို လှည့်၍ပင် မကြည့်ဘဲ သူမတို့ နောက်ကနေ လိုက်ပါသွားခဲ့သည်။
ကူကျန့်ကမူ မရွှင်မပြ အမူအရာဖြင့်ပင် အဆုံးသတ်၌ သူတို့နောက်ကို လိုက်လာခဲ့သည်။
မကြာမီမှာပင် သူတို့လူစုသည် ဆိတ်ငြိမ်နယ်မြေထဲသို့ ဝင်ရောက်လာခဲ့၏။
ကျန်းချန်သည် သူ၏ ပတ်ဝန်းကျင်တွင် ဖုံးကွယ်ထားသော သတ်ဖြတ်လိုစိတ်များကို ချက်ချင်းဆိုသလို ခံစားမိခဲ့သည်။
ဤသတ်ဖြတ်လိုစိတ်အောက်တွင် သူတို့သည် သားကောင်ကဲ့သို့ ဖြစ်နေပုံရ၏။
ထို့အပြင် လေထဲတွင်လည်း ပြင်းပြသော သွေးနံ့များကို ရရှိခဲ့သည်။
မြေပြင်တွင် အလောင်းများ ပြည့်နှက်နေပြီး အချို့ဆိုလျှင် သိပ်မကြာခင်ကမှ သေဆုံးထားပုံ ရ၏။
ဤမြင်ကွင်းတစ်ခုတည်းနှင့်ပင် ကျန်းချန်သည် ဆိတ်ငြိမ်နယ်မြေ၏ ရက်စက်ကြမ်းကြုတ်မှုကို အပြည့်အဝ ခံစားမိခဲ့ပြီ ဖြစ်သည်။
ထိုအချိန်မှာပင် မလှမ်းမကမ်းရှိ တောင်တန်းများနှင့် သစ်တောများထဲကနေ ကြောက်မက်ဖွယ် အရှိန်အဝါနှစ်ခုကို ခံစားမိခဲ့သည်။
သိပ်မကြာမီမှာပင် ဧရာမ ကျားနက်နှစ်ကောင်သည် ကျန်းချန်တို့လူစု ရှေ့သို့ ရုတ်တရက် ခုန်ထွက်လာခဲ့ပြီး သူတို့၏ သွားလမ်းကို ပိတ်ဆို့လိုက်သည်။
"ဆဋ္ဌမအဆင့်နှောင်းပိုင်း တိမ်တိုက်နက် ကျားနှစ်ကောင်ပါလား"
"ကူကျန့်.. ရှင်နဲ့ ကျွန်မက တစ်ကောင်စီကို တာဝန်ယူလိုက်မယ်.. ကျန်းချန်.. ရှင်က စစ်ယွင်ရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ တာဝန်ယူပါ"
ချင်းမိန်က စကားဆုံးသည်နှင့် တိမ်တိုက်နက် ကျားနှစ်ကောင်ဆီသို့ အပြေးအလွှား ဝင်ရောက်သွားခဲ့သည်။
ကူကျန့်သည်လည်း ချက်ချင်းပင် ဓားရှည်ကို ဆွဲထုတ်ကာ ကျန်တစ်ကောင်ကို သတ်ဖြတ်ရန် ပြေးလွှားသွားခဲ့၏။
ထိုနှစ်ယောက် ထွက်ခွာသွားသဖြင့် ကျန်းချန်သည် စစ်ယွင်ကို မေးခွန်းတချို့ မေးမြန်းရန် အခွင့်အရေး ရသွားခဲ့သည်။
ချင်းမိန်နှင့် ကူကျန့်တို့ နှစ်ယောက်စလုံးသည် သိုင်းသခင်နယ်ပယ် အဌမအဆင့် ကျင့်ကြံသူများဖြစ်၍ သူတို့၏ ရှေ့မှတိမ်တိုက်နက် ကျားနှစ်ကောင်ကို ဖြေရှင်းရန် လုံးဝ ပြဿနာမရှိပေ။
ကျန်းချန်က ယွဲ့စစ်ယွင်ကို တိုက်ရိုက်ပင် မေးခွန်းထုတ်လိုက်သည်။
"စစ်ယွင် ဆိတ်ငြိမ်နယ်မြေကို ဘာအတွက် ရောက်လာတာလဲ"
"ကျွန်မရဲ့အစ်မကို လာရှာတာပါ. အစ်မက လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက ဆိတ်ငြိမ်နယ်မြေထဲ ဝင်သွားပြီး အခုအချိန်အထိ ပြန်ထွက်မလာသေးဘူး.. အစ်မ ဘာဖြစ်နေသလဲဆိုတာ ကျွန်မ အရမ်းသိချင်တယ်"
ယွဲ့စစ်ယွင်က ကျန်းချန်၏ မေးခွန်းကို ဖြေပြီးနောက်တွင် ကျန်းချန်ကို ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"အစ်ကိုကြီးကျန်းချန်ကရော.."
"ငါလည်း လူတစ်ယောက်ကို လာရှာတာပါ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး သူ၏ မေးခွန်းခေါင်းစဥ်ကို ပြောင်းလိုက်သည်။
"မင်းတို့ စန်းယွဲ့ သူတော်စင်နယ်မြေမှာ ဒဏ္ဍာရီလာ လနတ်ကြမ္မာခန္ဓာကိုယ်ပိုင်ရှင် ရှိတယ်လို့ ငါကြားထားတယ်.. အဲဒါတကယ်ပဲလား"
"ဟုတ်တယ်.. စန်းယွဲ့သူတော်စင်နယ်မြေရဲ့ ဆဋ္ဌမ အကြီးအကဲယွဲ့ချန်ရင်က ဒဏ္ဍာရီလာ လနတ်ကြမ္မာ ခန္ဓာကိုယ်ပိုင်ရှင်ပဲ.. ဒါပေမဲ့ အကြီးအကဲ ယွဲ့ချန်ရင်က မကြာသေးခင်ကပဲ လနတ်ကြမ္မာ ခန္ဓာကိုယ်ပိုင်ရှင် တပည့်တစ်ယောက်ကို လက်ခံခဲ့သေးတယ်...ဒါကြောင့် ကျွန်မတို့ စန်းယွဲ့သူတော်စင်နယ်မြေမှာ အခုဆိုရင် လနတ်ကြမ္မာ ခန္ဓာကိုယ်ပိုင်ရှင် နှစ်ယောက်တောင် ရှိနေခဲ့ပြီ"
ယွဲ့စစ်ယွင်က ပြုံး၍ ကျန်းချန်ကို ပြောလိုက်သည်။
ယွဲ့စစ်ယွင်ထံမှ စကားကို ကြားလျှင် ကျန်းချန်သည် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားခဲ့သည်။
သူ၏ ရှေ့မှ ကောင်မလေးသည် မုန့်ချင်းရွှယ်ကို အမှန်တကယ်ပင် သိရှိနေပုံရ၏။
အခန်း(၁၂၆၀)ပြီး၏။