မှော်မီးမိုး
Vol. 6 Ch. 591
မီးမိုးကြီးရွာချလာသဖြင့် ပိုင်မျိုးနွယ်စုတစ်ခုလုံး နီစွေးသွားတော့သည်။ အရာအားလုံး ကမောက်ကမဖြစ်သွားကြပြီး ကျဆင်းလာနေသည့် မီးတောက်ကြီးထံမှကာကွယ်ရန် မန္တန်အစီအရင်များထဲသို့ စွမ်းအင်များကိုထည့်သွင်းလိုက်ကြတော့သည်။
မရေမတွက်နိုင်သော မျိုးနွယ်စုဝင်များမှာ သူတို့၏နေအိမ်များထဲမှ ပြေးထွက်လာကြပြီး ကောင်းကင်းယံသို့ မော့ကြည့်လိုက်သောအခါ တအံ့တသြ အော်ဟစ်သံများက ညဥ့်သန်းခေါင်ယံ ကောင်းကင်ယံသို့တိုင် ပဲ့တင်ထပ်သွားလေသည်။
" ဘာ...ဘာတွေတုံး "
" မဟုတ်မှလွဲရော ငါတို့ အတိုက်ခိုက်ခံနေရတာများလား "
" အားး၊ မီးမိုးတွေရွာနေတာဟေးး "
ထိုမီး၏ အပူချိန်မှာ ဆယ့်နှစ်ရောင်ခြယ်မီးတောက်နီးပါး မြင့်မားနေပြီဖြစ်သဖြင့် မျိုးနွယ်စု၏ အကာအကွယ် မန္တန်အစီအရင်မှာ ထစ်ချုန်းသံများမြည်ဟည်းကာ တွန့်လိမ်ကွေးကောက်နေရတော့သည်။ စွမ်းအားကြီး မျိုးနွယ်စုဝင်များမှာ တစ်ယောက်ပြီးတစ်ယောက် လေပေါ်သို့ပျံတက်သွားကြတော့သည်။
" ဘာတွေဖြစ်နေတာလဲ "
လူအုပ်ထဲရှိ ပိုင်ချီမှာ အံ့အားသင့်နေပြီး သခင်မချိုင်မှာလည်း ထိုနည်းတူပင် ဖြစ်ပျက်နေသည်များကို ကြည့်ရှုရန် သူမ၏စံအိမ်ထဲမှထွက်လာတော့သည်။
" ဆယ့်နှစ်ရောင်ခြယ်မီးတောက်၊ အဲဒါ ဆယ့်နှစ်ရောင်ခြယ်မီးတောက်ပဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရောင်စုံမီးတောက်တွေက မီးမိုးအဖြစ်ရွာကျနေတာပါလား "
သွေးနှောမျိုးဆက်များမှ လက်ရွေးစင်များစွာမှာ တအံ့တသြ အထူးတဆန်းဖြစ်နေသည့် အမူအရာများဖြင့် ကြည့်နေကြတော့သည်။
အဝေးတစ်နေရာမှကြည့်လိုက်ပါက ပိုင်မျိုးနွယ်စုတစ်ခုလုံးမှာ မီးပင်လယ်ထဲရောက်နေသည့်အလား ဖြစ်နေတော့သည်။ ထိုစဥ် ပိုင်ရှောင်ချန်းမှာ မြို့အပြင်ဘက်တွင် ရောက်နေပြီဖြစ်ပြီး ထိုကြောက်မက်ဖွယ်မြင်ကွင်းကြီးကို အထိတ်တလန့် လှည့်ကြည့်နေတော့သည်။
" ငါ့ကို အပြစ်လာမတင်နဲ့။ ငါ တမင်လုပ်တာမှ မဟုတ်ပဲ "
သူသည် ကြောက်လန့်လွန်းလှသဖြင့် ဦးရေပြားများပင် ထုံကျဥ်နေပြီး အံကိုကြိတ်ကာ ဤသို့ ရှုပ်ရှက်ခတ်နေသည့် အချိန်ကိုအသုံးချ၍ ထာဝရပြုစားခြင်းသိုင်းကိုသုံးကာ မြောက်ပိုင်းရပ်ကွက်ဆီသို့ ပြန်သွားတော့သည်။
သူ၏တဲဆီသို့ ပြန်ရောက်သွားသောအခါတွင် မျိုးနွယ်စု၏ မန္တန်အစီအရင်မှာ တောင့်မခံနိုင်တော့သဖြင့် မီးမိုးများ၏ ဆက်တိုက်ရွာကျမှုအောက်တွင် မတည်မငြိမ်ဖြစ်စပြုလာတော့သည်။ ထိုအစီအရင်ကြီး ပြိုကွဲလုနီးပါးတွင် လူရိပ်ရှစ်ခုမှာ အော်ဟစ်သံများအတူ အရှေ့ပိုင်းရပ်ကွက်မှနေ၍ လေပေါ်သို့ပျံတက်လာကြသည်။ ထိုရှစ်ယောက်စလုံးမှာ ကြောက်မက်ဖွယ်ကောင်းစွာပင် ယင်ယန်ဝိညာဥ်အဆင့်ရှိသော အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။
သူတို့မှာ ယင်ယန်ဝိညာဥ်အဆင့်ရှိသော မျိုးနွယ်စုအကြီးအကဲများဖြစ်သည်။ သူတို့က အလျင်အမြန် လူစုခွဲလိုက်ပြီး မန္တန်အစီအရင်၏ အဓိကနေရာများတွင် နေရာယူလိုက်ကြသည်။ အစီအရင်ကို သူတို့၏စွမ်းအင်များအားလုံးဖြင့် ထောက်ပံ့ပေးလိုက်သောအခါ ၎င်းမှာ တဖြည်းဖြည်းနှင့် တည်ငြိမ်စပြန်ပြုလာသည်။
ထိုမြင်ကွင်းမှာ မြောက်ပိုင်းရပ်ကွက်တွင် ရင်တထိတ်ထိတ်နှင့်ထိုင်နေသည့် ပိုင်ရှောင်ချန်းအတွက် တုန်လှုပ်ဖွယ်ကောင်းနေတော့သည်။ သူသည် ဒိုင်းကာအပြင်ဘက်ရှိ မီးတောက်များကိုကြည့်ကာ ငိုမဲ့မဲ့ ဖြစ်နေတော့သည်။
" ဒီလိုဖြစ်အောင် ငါလုပ်တယ်ဆိုတာ သိတဲ့လူမရှိလောက်ဘူးလို့ ငါထင်တာပဲ "
မီးတောက်အချို့ဖန်တီးရန် ကြိုးစားမှုကြောင့် ဤသို့ကြောက်မက်ဖွယ်အရာကြီးများ ဖြစ်လာလိမ့်မည်ဟု သူက အဘယ့်ကြောင့် သိလိမ့်မည်နည်း ။
သူက စိုးရွံ့ထိတ်လန့်စွာ ထိုင်နေစဥ် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက် အရှေ့ပိုင်းရပ်ကွက်တွင် ပေါ်ပေါက်လာသည်။
သူသည် အဖိုးတန်အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဒေါသမထွက်နေသည့် အချိန်တွင်ပင် ကြောက်စရာကောင်းသည့် လူစားမျိုးဖြစ်သည်။ သူက အံ့သြဖွယ်ကောင်းစွာ အလယ်ပိုင်းယင်ယန်ဝိညာဥ်အဆင့် ရှိနေပြီဖြစ်သည်။ လူများက သူ့ကိုမြင်လိုက်ကြသောအခါ သူတို့၏မျက်ဝန်းများထဲတွင် လေးစားမှုအရိပ်အယောင်များ ပေါ်ထွက်လာကြပြီး လက်များယှက်ကာ အရိုအသေပေး ဦးညွှတ်လိုက်ကြတော့သည်။
" မင်္ဂလာပါ မျိုးနွယ်စုခေါင်းဆောင် "
ထိုလူမှာ ပိုင်ဟောက်၏ဖခင်၊ ပိုင်မျိုးနွယ်စု၏ လက်ရှိ ခေါင်းဆောင်ပင်ဖြစ်သည်။ သူသည် မန္တန်အစီအရင်ဒိုင်းကာ၏ အလွန်ရှိ ကောင်းကင်ကြီးကိုမော့ကြည့်နေရင်း သူ၏အမူအရာမှာ အန္တရာယ်တစ်ခုကိုခံစားလိုက်ရသည့်အလား အေးစက်စက်ဖြစ်သွားတော့သည်။ သူက စကားပြောရန်ပြင်လိုက်စဥ်မှာပင် မြို့တော်၏မြေပြင်အောက် နက်ရှိုင်းသောတစ်နေရာရှိ အခန်းထဲမှ အေးစက်စက်နှုာမှုတ်သံတစ်သံ ပေါ်ထွက်လာသည်။ ထိုအသံကြီးမှာ ရှေးဆန်လွန်းလှပြီး လျှပ်စီးများအလား စွမ်းအားကြီးမားကာ အထက်ရှိတိမ်တိုက်များကိုပါ တလိပ်လိပ်ထလာစေတော့သည်။ ထိုအသံကြီးမှာ ကောင်းကင်နှင့်မြေပြင်တို့ဖြင့် ပေါင်းစည်းသွားကာ ထိုအသံပိုင်ရှင်မှာ အရာအားလုံးနှင့် တစ်သားထဲကျနေသည့်အလား ဖြစ်သွားရတော့သည်။ ကောင်းကင်ဘုံများမှာ ထိုလူကြီးပုံစံပေါက်နေပြီး အပြန်အလှန်ပင် ထိုလူကြီးမှာလည်း ကောင်းကင်ဘုံများကဲ့သို့ ဖြစ်နေတော့သည်။
" ခွဲဖြာစေ "
ထိုတစ်ခွန်းထဲသော စကားကြောင့် အထက်ကောင်းကင်ယံရှိ ကြက်သွေးရောင်တိမ်တိုက်များမှာ အပိုင်းပိုင်း ကြေမွသွားတော့သည်။ ထို့နောက် မမြင်ရသည့် ဧရာမလက်ကြီးတစ်ချောင်းက ထိုတိမ်တိုက်များကို ဖယ်ရှားလိုက်သည့်အလား ကောင်းကင်ယံမှာ ရှင်းလင်းသွားတော့သည်။
မြောက်ပိုင်းရပ်ကွက်ရှိ ပိုင်ရှောင်ချန်းကမူ ထိုစကားသံထဲတွင် စွမ်းအားကြီးမားလှသော နတ်ဘုရားအာရုံများပါဝင်နေသည်ကို အာရုံခံမိလိုက်သည်။ ထိုအာရုံကြီးမှာကြက်သီးထဖွယ်ကောင်းစွာပင် ကောင်းကင်ဘုံ၏ စိတ်ဆန္ဒနေရာကို အစားထိုးလိုက်သည့် အတိုင်းပင်။
" နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ပဲ "
သူက တုန်တုန်ရီရီနှင့် တွေးလိုက်သည်။ တချိန်ထဲမှာပင် သူ၏ အငွေ့အသက်ကို လုံလုံခြုံခြုံဖြစ်နေစေရန် သူက သတိထားလိုက်လေသည်။
လောင်စာမရှိသဖြင့် မီးမိုးများမှာ တဖြည်ဖြည်းချင်း အားနည်းလာတော့သည်။ မန္တန်အစီအရင်ကြီး၏ စွမ်းအားများအပြင် တိမ်တိုက်များပျက်စီးသွားရခြင်းတို့ကြောင့် ထိုမီးမိုးကြီးမှာ ပျောက်ကွယ်သွားပြီး ပိုင်မျိုးနွယ်စုမှာ အထိမနာလိုက်ပေ။
မြေအောက်တစ်နေရာရှိ အခန်းထဲမှ ပိုင်မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးမှာ တင်းမာကာ အမိန့်ပေးသောလေသံဖြင့် ဆိုလိုက်သည်။
" တစ်ယောက်ယောက်က ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို မိစ္ဆာဆန်ဆန်တိုက်ကွက်တစ်ခုအဖြစ်ပြောင်းလဲပြီး ငါတို့ပိုင်မျိုးနွယ်စုကို တိုက်ခိုက်ခဲ့တာပဲ။ ဒီကိစ္စကို ချက်ချင်းစုံစမ်းပြီး တရားခံဘယ်သူလဲဆိုတာ သိအောင်လုပ်ကြ "
မျိုးနွယ်စုထဲရှိ လူတိုင်းနီးပါးမှာ တလေးတစားဖြင့် ဒူးထောက် အရိုအသေပေးလိုက်ကြပြီး အမိန့်နာခံကြောင်း ဆိုလိုက်ကြသည်။
ထိုလူများထဲတွင် သခင်မချိုင်၊ ပိုင်ချီနှင့် အခြားလူများအားလုံးပါသည်။ မျိုးနွယ်စုခေါင်းဆောင်မှာမူ ဒူးထောက်အရိုအသေမပေးသော်လည်း လက်ယှက်ကာ တရိုတသေ ဦးညွှတ်လိုက်သည်။ ထို့နောက် သူ၏ အင်္ကျီလက်ကိုခါယမ်းကာ သူ့ကိုပြန်၍ စောဒကတက်ခြင်းကို မလိုလားသည့် လေသံဖြင့် အမိန့်ပေးလိုက်တော့သည်။
" အမှန်တရားခန်းမ ၊ တရားစီရင်ရေးခန်းမနဲ့ မျိုးနွယ်စုထဲက အခြားအဖွဲ့ဝင်တွေအားလုံး ငါ့အမိန့်ကိုနားထောင်ကြ။ ဒီနေ့ည ဒီနေရာမှာဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်အတွက် တာဝန်ရှိသူကို ရှာဖို့ အစွမ်းကုန်ကြိုးစားကြမယ် "
ထိုညတွင် မျိုးနွယ်စုတစ်ခုလုံးရှိ မည်သူကမှ အနားမယူနိုင်တော့ပေ။ မျိုးနွယ်စုအကြီးအကဲများအပြင် အမှန်တရားခန်းမနှင့် တရားစီရင်ရေးခန်းမတို့၏ ဦးဆောင်မှုအောက်တွင် အသေးစိတ် စုံစမ်းစစ်ဆေးခြင်းတစ်ခုကို စတင်လိုက်တော့သည်။
မျိုးနွယ်စုထဲရှိ ဖြစ်ရပ်များကို အရင်ဆုံးမေးမြန်းကြသောအခါ စုံစမ်းစစ်ဆေးခြင်းမှ ထွက်လာသော အဖြေများမှာ ပိုင်ရှောင်ချန်း အလုပ်လုပ်နေခဲ့သည့် နေရာဖြစ်သော ကျောက်တုံးဝင်္ကပါကို ညွှန်ပြနေသည်။ ဖြစ်ရပ်ကြီးတစ်ခုကို အစပြုသည့်နေရာမှာ ထိုကျောက်တုံးများရှိသည့်နေရာဖြစ်သည်ဟု အလျင်အမြန် ဖော်ထုတ်နိုင်လိုက်သော်လည်း ထိုနေရာတွင် မည်သည့်သဲလွန်စမှ မကျန်ခဲ့ပေ။ သို့သော် စုံစမ်းစစ်ဆေးမှုမှာ ပို၍ပင် ပြင်းထန်လာတော့သည်။
ပိုင်ရှောင်ချန်းမှာ အလွန်စိုးရိမ်နေပြီး နောက်ထပ် ပြဿနာအကြီးကြီးတစ်ခု သူ ထပ်ရှာမိလိုက်ပြီဖြစ်ကြောင်းကို သိသည်။ ထို့အပြင် ဤနေရာမှာ အဏ္ဏဝါခေါ်သံဂိုဏ်းမဟုတ်ပဲ တပည့်အရင်းခေါက်ခေါက်ကို ရက်စက်ကြမ်းကြုတ်စွာဆက်ဆံသည့် ပိုင်မျိုးနွယ်စုဖြစ်သည်။ သို့သော် ယခုအထိ သူ့တွင်အမှားမရှိသေးကြောင်း သူ ယုံကြည်နေသေးသည်။
" ငါတမင်လုပ်တာမှ မဟုတ်ပဲ။ ဘာလို့သူတို့က ဒီလောက်ကြီး ပုံကြီးချဲ့နေရတာလဲ "
ထိုညမှာ အလျင်အမြန်ပင် ကုန်ဆုံးသွားသော်လည်း ထိုကိစ္စများမှာ ရပ်တန့်မသွားချေ။ နောက်ထပ်ရက်ပေါင်းများစွာအတွင်း လူများက သူ့ကိုမေးခွန်းများ အကြိမ်ကြိမ်လာမေးကြသည်။ အဆုံးတွင် စုံစမ်းစစ်ဆေးမှုကြီးမှာ အဖြေမပေါ်ပဲ ထိုကိစ္စရပ်မှာ မဖြေရှင်းနိုင်သည့် လျှို့ဝှက်ဆန်းကြယ်ပုစ္ဆာတစ်ခု ဖြစ်သွားတော့သည်။
ဤအခြေအနေမှာ တင်းမာနေပြီဖြစ်ကြောင်းကို ပိုင်ရှောင်ချန်းက သိသဖြင့် မီးတောက်များကိုဖန်တီးရန် ထပ်မံမကြိုးစားရဲတော့ပေ။ သို့သော် သူက လေ့လာသုံးသပ်မှုများကို ဆက်လုပ်နေဆဲဖြစ်ပြီး သူကျရှုံးခဲ့ရသည့် အကြောင်းအရင်းကို သေချာသိအောင်လုပ်နေတော့သည်။
" မီးမိုးတွေ တကယ်ရွာချလာတာ ငါ့ဖြင့်မယုံနိုင်ဘူး။ ငါဘယ်နေရာမှာများ မှားသွားတာပါလိမ့် "
" အဲဒီမီးက တော်တော်တော့ စွမ်းအားကြီးတာပဲ။ ဒါတောင် ဆယ့်နှစ်ရောင်ခြယ်မီးတောက်ပဲ ရှိသေးတာ။ ဆယ့်ငါးရောင်ခြယ်မီးတောက်ဆို ဘယ်လိုများနေမတုံး မသိဘူး။ ပိုင်မျိုးနွယ်စုက မြေပုံပေါ်ကနေတောင် ပျောက်ရင်ပျောက်သွားနိုင်လောက်တယ် "
သူသည် တစ်ဖက်တွင် မီးတောက်၏စွမ်းအားကြီးမားမှုကြောင့် စိတ်နှလုံးလှုပ်ရှားနေရပြီး အခြားတစ်ဖက်တွင် သူအဘယ့်ကြောင့်ကျရှုံးရသည်ကို မသိသဖြင့် စိတ်ပူနေတော့သည်။ သူ၏တဲလေးထဲတွင် ထိုကိစ္စကို ဆက်လက်တွေးတောနေစဥ် ငါးရက်တိတိကုန်ဆုံးသွားတော့သည်။ ထိုအချိန်တွင် သူသည် အနည်းငယ်ပိန်လှီကာ မျက်တွင်းများကျနေပြီဖြစ်ပြီး သူ၏စိတ်ထဲတွင် တွေးတောသုံးသပ်နိုင်သည့် အတိုင်းအတာအဆုံးအထိ ရောက်နေပြီဖြစ်သည်။
" အကျိုးသင့်အကြောင်းသင့် တွေးကြည့်မယ်ဆို ငါကျရှုံးစရာအကြောင်းမရှိဘူး "
" တချိန်လုံး အရာအားလုံးက ချောချောမွေ့မွေ့ပါပဲ။ အဆုံးနားရောက်ခါနီးမှ ရုတ်တရက်ကြီး ပျက်စီးသွားတာက တော်တော်ကိုထူးဆန်းတယ် "
" ပြီးတော့ ဝိညာဥ်ဆေးဝါးတွေ ထွက်လာတာ "
" ဘယ်နေရာမှာများ မှားနေပါလိမ့် "
သူက လက်သီးဆုပ်ကာ သူလုပ်ခဲ့သည့် အဆင့်တိုင်းကို ပြန်လည်သုံးသပ်လိုက်ပြီး အသေးစိတ် ခွဲခြမ်းစိတ်ဖြာလိုက်ပြန်သည်။ အဆုံးတွင် နေ့လယ်ခင်းတစ်ခုသို့ရောက်အခါ သူက တုန်ရီသွားပြီး တောက်ပနေသည့်မျက်ဝန်းများဖြင့် မော့ကြည့်လိုက်တော့သည်။
" မဟုတ်မှလွဲရော၊ ငါ့ရဲ့ ကိုယ်ပွားကြောင့်လား "
သူက ပို၍တွေးတောမိသည်နှင့်အမျှ မီးတောက်ဖန်တီးရာတွင် သူ့ကိုကူညီရန် ကိုယ်ပွားတစ်ခုသုံးခဲ့ခြင်းက ပြဿနာဖြစ်နိုင်သည်ဟု ပို၍ထင်လာတော့သည်။
" ငါ့ကိုယ်ပွားကြောင့်ဆိုရင်တော့ အဖြေပေါ်ပြီပဲ။ ငါက နတ်ဝိညာဥ်တစ်ခုကိုသုံးပြီး အဲဒီကိုယ်ပွားကိုထုတ်ခဲ့တာ။ ငါကိုယ်တိုင်တောင် အဲဒီဝိညာဥ်ထဲမှာ ဘယ်လိုနတ်ဘုရားစွမ်းရည်တွေပါလဲဆိုတာကို မသိဘူး။ ကြည့်ရတာ အဲဒါကြောင့်ပဲ ဖြစ်ရမယ် "
အနည်းငယ်ထပ်၍ တွေးတောလိုက်ပြီးနောက် သူက ကိုယ်ပွားတစ်ခုကို ချန်ထားခဲ့ပြီး အမှောင်ထုထဲသို့ တစ်ယောက်ထဲထွက်သွားတော့သည်။
မျိုးနွယ်စုထဲတွင် အခြေအနေများက တင်းမာနေသော်လည်း သူက သူ၏သုံးသပ်ချက် မှန်၊ မမှန်ကို စမ်းသပ်ရန် လက်ယားနေပြီဖြစ်သည်။
ထို့ကြောင့် သူက ပိုင်မျိုးနွယ်စုပိုင်နက် တစ်လျှောက် ပြေးလွှားပြီး တောင်စဥ်တန်းများအကြားရှိ နက်ရှိုင်းသောဂူတစ်လုံးကို ရှာနေတော့သည်။ ထိုနေရာတွင် သူက ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးဖို့ရာ နောက်ထပ်တစ်ခေါက်ကြိုးစားကြည့်ရန် ပြင်လိုက်တော့သည်။
ဤအချိန်တွင် သူက ကိုယ်ပွားစွမ်းအားကို မသုံးပေ။ ယခင်ကနည်းလမ်းများကို သူ့ကိုယ်သူသာအားကိုး၍ ဆောင်ရွက်လိုက်သည်။ ထို့ကြောင့် သူ့အတွက် အလွန်ခက်ခဲပြီး နှစ်ကြိမ်တိတ် မထိန်းချုပ်နိုင်လောက်အောင် ဖြစ်သွားရသည်။ သို့သော် ဝိညာဥ်အရက်များသောက်ကာ စွမ်းအင်အလုံအလောက်ရှိနေစေရန် သူ့ကိုယ်သူ အားဖြည့်လိုက်တော့သည်။
အချိန်လည်း အနည်းငယ်ပိုကြာသည်ဖြစ်ပြီး မကြာမီတွင် သူ၏ခေါင်းမှာ နာကျင်ကိုက်ခဲလာတော့သည်။ မီးပင်လယ်ကြီးက ဆယ့်နှစ်ရောင်ခြယ်မီးတောက်အသွင်ပြောင်းလဲသွားသည့်အချိန်တွင် သူသည် တစ်ကိုယ်လုံး ချွေးများရွှဲနေပြီဖြစ်ပြီး စိတ်လှုပ်ရှားလွန်းသဖြင့် အသက်ရှူသံများပင် မြန်နေတော့သည်။
"အခုတစ်ခေါက် မီးတောက်ဖန်တီးတဲ့နေရာမှာ ကူညီဖို့ ကိုယ်ပွားမသုံးတာကလွဲပြီး အရင်ကနဲ့ မတူတာ ဘာမှမလုပ်ခဲ့ဘူး။ အဲဒီတော့ ပြဿနာက ငါ့ကိုယ်ပွားကြောင့်ပဲ ဖြစ်ရမယ်။ ငါ့ ကိုယ်ပွားက နတ်ဝိညာဥ်တစ်ခုနဲ့ လုပ်ထားတာဖြစ်လို့ အဲဒီလိုမျိုးကိုယ်ပွားတွေကိုသုံးပြီး အောက်လမ်းမီးတောက်တွေကို ဖန်တီးရင် မျက်စိနဲ့မမြင်နိုင်တဲ့ အရှုပ်အထွေးတွေ ပေါ်လာရတာပဲ ဖြစ်ရမယ် "
သူ၏ ယခင်ကျရှုံးမှုအတွက် အဖြေကိုရှာတွေ့သွားပြီဖြစ်သဖြင့် သူက တောက်ပနေသည့်မျက်ဝန်းများဖြင့် မတ်တတ်ထရပ်လိုက်တော့သည်။
" အဲဒါဆိုရင် ငါက ငါ့ရဲ့ကိုယ်ပိုင် အောက်လမ်း နတ်ဘုရားစွမ်းရည်တစ်ခုကိုတောင် ဖန်တီးပြီးသားဖြစ်သွားပြီ။ မှော်မီးမိုး တစ်ခု ရွာအောင်လုပ်လို့ရပြီဟေ့ "