မီလန်တိုက်ပွဲ (၄)
Vol. 3 Ch. 150
နက်ဆန်က ပျံသန်းနေရင်းကနေ မြေပေါ်ကိုပြန်ပြီးတော့ ဆင်းသက်လိုက်တယ်။ အဲဒီနောက်တော့ သူ့မျက်နှာပေါ်မှာ အပြုံးပေါ်လာတယ်။ သူက သူ့နောက်ကနေလိုက်လာနေတဲ့ လှံကို ရှောင်ဖို့မကြိုးစားတော့ဘဲ အရိပ်နဲ့ပေါင်းစည်းနေတဲ့ သူ့လက်ကို မြှောက်လိုက်တယ်။
“ ရှောင်လို့မရဘူးဆိုတော့... ဒီလိုဆိုရင်ရော ဘယ်လိုလဲ။”
နက်ဆန်က လှံအသွားနောက်က လှံအရိုးကိုဖမ်းကိုင်ပြီး အနည်းငယ် ဦးတည်ရာပြောင်းလိုက်တယ်။ လှံက သူ့ရင်ဝ ကိုထိုးစိုက်သွားရမယ့်အစား ဘေးဘက်ကိုအနည်းငယ် ရွေ့လျားသွားပြီး လှံဖျားက မြေပြင်ကိုထိုးစိုက်သွားတယ်။
ဖျောက်... ဖျောက်.... ချလောက်....
နီကိုလပ်ပြောခဲ့သလိုပဲ လှံရဲ့ထိုးဖောက်အားက အလွန် ကြောက်စရာကောင်းပါတယ်။ ဒါပေမဲ့ ကတ္တရာလမ်းမ မျက်နှာပြင်အောက်ကို မီတာဆယ်နဲ့ချီပြီး ထိုးဖောက် ဝင်ရောက်ပြီးတဲ့နောက်မှာတော့ အပြင်ကိုပြန်ဆွဲထုတ်ဖို့ မလွယ်တော့ပါဘူး။
“......” နီကိုလပ် မျက်နှာပျက်သွားတယ်။ သူ့အနေနဲ့ ဒီတိုက်ပွဲ ပြီးရင်တောင်မှ လှံကိုပြန်ရဖို့ မလွယ်တော့ဘူးဆိုတာ သိလိုက်ရပါပြီ။
နက်ဆန်ကတော့ အချိန်ဖြန်းနေမယ့်အစား ခြုံလွှာတစ်ခုကို ဆုပ်ကိုင်ထားဟန်နဲ့သူ့လက်ကို မြှောက်လိုက်တယ်။ အရိပ်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုသွားပြီး နေရာကနေ ကွယ်ပျောက် သွားခဲ့ပါပြီ။
“အနောက်မှာ....” ဩစတင်းက ချက်ချင်းသတိဝင်လာပြီး နောက်ဆုံးကျန်တဲ့ အလင်းဓားမြှောင်နှစ်ချောင်းကို သေချာ ဆုပ်ကိုင်ကာ နီကိုလပ်ရဲ့နောက်ကျောကိုဝင်ကာပြီး ခုခံ လိုက်ပါပြီ။
ထန်း...
နက်ဆန်ရဲ့ဓားသဏ္ဍာန်လက်သီးဟန်က ဩစတင်းရဲ့ဓားနဲ့ ယှဥ်ခတ်မိပြီး မီးပွားတွေထွက်လာတယ်။ နက်ဆန့်ညာလက် တစ်ခုလုံးက အရိပ်နဲ့တစ်သားတည်းကျနေပြီး သတ္တုလိုမျိုး ခိုင်မာမယ်။ ဩစတင်းလက်တစ်ခုလုံး ကျင်တတ်သွားတယ် ဆိုပေမဲ့ နောက်မဆုတ်တည်းခုခံထားရတယ်။ မဟုတ်ရင် ရိုမြူလက်ဘုရားကျောင်းက သူတို့လှံသူတော်စင်ရဲ့ အသက်ကို ဒီနေရာမှာ ထားခဲ့ရနိုင်ပါတယ်။
“......”
ဘုန်း...
ဒါပေမဲ့ နက်ဆန်က လုံးဝပါးစပ်ကိုပိတ်ထားပြီး တိုက်ပွဲကိုပဲ အာရုံစိုက်နေတယ်။ သူ့လက်ကိုရန်သူက တားထားတာ မြင်တာနဲ့ ဘယ်ခြေကိုမြှောက်လိုက်ပြီး ဩစတင်းရဲ့ရင်ဂကို ဆောင့်ကန်လိုက်တယ်။
“အား.....”
ဩစတင်းနဲ့နီကိုလပ်တို့ ခြေကုပ်မရှိတော့ဘဲ တိုက်အစွန်းက ပြုတ်ကျတယ်။ ဒါပေမဲ့နက်ဆန်က နည်းနည်းလေးမှ အနား မပေးဘဲနဲ့ လက်သီးနှစ်ဖက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး လေထဲမျောနေသေးတဲ့ သူတော်စင်နဲ့တပ်မှူးကို ဆက်တိုက် ရိုက်နှက်ပါတော့တယ်။
ဘုန်း... ဘုန်း.... ဘုန်း....
...
လမ်းတွေပေါ်မှာတိုက်ခိုက်နေတဲ့ လေးသူတော်စင်နဲ့ တပ်မှူးဂျူလီယာတို့ကလည်း တိုက်ခေါင်မိုးပေါ်က တိုက်ပွဲအပြောင်းအလဲကို သတိထားမိကြပါတယ်။ သူတို့ကိုယ်တိုင်လည်း ရုန်းကန်နေရတယ်ဆိုပေမဲ့လို့ နီကိုလပ်တို့က အသတ်ခံရမယ့်အန္တရာယ်နဲ့ပိုပြီးတော့ နီးစပ်နေတာပါ။
“အရှင်မ၊ ဖုတ်ကောင်ဘုရင်မ တိုက်နေတာရပ်ပြီး အရှင်မြတ်ကို ကယ်ပါရစေ။”
ဂျူလီယာက ရှိသမျှအားကုန်ကိုသုံးပြီး မော်လီကိုပြန်တွန်း လှန်လိုက်ရင်းနဲ့ ပြောလိုက်တယ်။ ဒါပေမဲ့ သီရာက ချက်ချင်း ခေါင်းခါလိုက်တယ်။
“ဖုတ်ကောင်ဘုရင်မကို မနှိမ်နင်းဘဲ ဒီအတိုင်းထားလိုက်ရင် ဒီမှာရှိနေတဲ့ ဘုန်းတော်ကြီးတွေအားလုံး သေလိမ့်မယ်။”
ဂျူလီယာ့နှုတ်ခမ်းက အဲဒီစကားကိုကြားတော့ အနည်းငယ် တုန်ယင်သွားပြီး နှလုံးသားကင်းမဲ့စွာနဲ့ပဲ ပြောလိုက်ပါတယ်။
“ဒါဆိုရင်လည်း သေပါစေ။ မြင်းသည်တော်တပ်ဖွဲ့ တပ်မှူးအနေနဲ့ ငါ့ရဲ့တာဝန်က လှံသူတော်စင်ကို စောင့်ရှောက်ဖို့ပဲ။ နင့်ဘာသာနင် သူ့ကိုတစ်ယောက်တည်း ဆက်တိုက်ချေ။ ကလေးထိန်းအလုပ်က ဒီမှာတင်ပြီးပြီ။”
ဂျူလီယာက သီရာကိုဂရုမစိုက်တော့ဘဲ နောက်လှည့်ပြေးပြီး နီကိုလပ်နောက်ကိုလိုက်တယ်။ သီရာလည်း ဒေါသထွက်နေ ခဲ့ပေမဲ့ ဘာမှမတတ်နိုင်ပါဘူး။ မော်လီကို တစ်ယောက်တည်း သူရင်မဆိုင်နိုင်ဘူး။ ဒါကြောင့် လေးယောက်ပြန်စုဖွဲ့ပြီး ပြန်အစီအစဥ်ဆွဲတာက အကောင်းဆုံးပါ။
“ထွက်ပြေးကြတော့မလို့လား... ဘယ်သူက နင်တို့ကို သွားခွင့်ပြုလို့လဲ။”
ဒါပေမဲ့ သူတို့ရဲ့ပြိုင်ဖက်မော်လီက အခုလိုမျိုးပြောလိုက်ပြီး သံကြိုးတပ်တံစဥ်ကို လက်ထဲမှာဝေ့ယမ်းကာ ပစ်လွှတ် လိုက်ပါပြီ။ အကြောက်တရားအငွေ့အသက်တွေကလည်း အရပ်မျက်နှာပေါင်းစုံကို ပြန့်နှံနေပြီးတော့ အနီးအနားမှာ ရှိနေတဲ့ တိုက်ခန်းတွေက မှန်တွေတောင် ရေခဲငွေ့ရိုက်ပြီး အက်ကွဲကုန်တယ်။
....
မကြာခင်မှာပဲ နက်ဆန်က နီကိုလပ်နဲ့ဩစတင်းကို မီလန်မြို့ပြင် တောင်ကုန်းတွေရှိရာကို ခေါ်လာနိုင်ခဲ့ပြီး တိုက်ခိုက်နေတာကို ရပ်လိုက်တယ်။ သူတို့နှစ်ယောက်လုံးက အခုမြေပြင်မှာကပ်နေပြီးဖြစ်ပြီး တစ်ကိုယ်လုံးတုန်ယင် နေကြပါတယ်။
“မင်းလူတွေကိုခေါ်ပြီး လာတဲ့အတိုင်းထွက်သွားမယ်ဆိုရင် အသက်ချမ်းသာပေးမယ်။”
နက်ဆန်က သူ့လက်မှာပေနေတဲ့သွေးတွေကို ခါယမ်းကာ ဖယ်ရှားပစ်လိုက်ရင်း အတက်အကျမရှိတဲ့လေသံနဲ့ပြော လိုက်ပါပြီ။ ဒါပေမဲ့ နီကိုလပ်က ထရပ်လိုက်တယ်။ သူ့ရဲ့ မျက်နှာမှာ အရှုံးမပေးချင်တဲ့အမူအရာက ရှိနေဆဲပါ။ ဒါပေမဲ့ သူ့လက်ဖျံတစ်ချောင်းက ကျိုးနေပြီးတော့ နဖူးကနေပြီး သွေးတွေစီးကျနေတယ်။ ဩစတင်းကတော့ ခြေထောက် တစ်ဖက်ကျိုးနေပုံပေါ်ပြီး ပြန်မထနိုင်တော့ဘူး။
“မင်း....”
အဲဒီအချိန်မှာပဲ နက်ဆန်က တစ်စုံတစ်ခုကို အာရုံခံမိတဲ့ ပုံစံနဲ့ သူ့ခေါင်းကို ယိမ်းလိုက်တယ်။ လေးလံတဲ့သံဆူးလုံးတပ် ကျိုင်းတုတ်က သူ့နားထင်နားကနေဖြတ်သွားပြီး မြေပြင်ကို ရိုက်မိတယ်။
ဖလော...
စိုစွက်အေးစက်တဲ့ မြေကြီးတွေနဲ့မြက်ပင်အစအနတွေက လေထုထဲ မြောက်တက်လာပြီး ရွံစတချို့ နက်ဆန့်မျက်နှာ လာစင်ပါတယ်။
“အရှင်မြတ်၊ ကျုပ်လာကူပြီ။” ဂျူလီယာက သူ့ကိုယ်သူ အမျိုးသမီးတစ်ယောက်ဆိုတာကိုမေ့သွားပြီး ပြင်းပြင်း ထန်ထန် စတင်ပြီးတော့တိုက်ခိုက်ပါတယ်။ သူ့ခန္ဓာကိုယ်က ကြွက်သားတွေက ပိုကြွတက်လာပြီး ကျိုင်းတုတ်ကိုရှောင်နိုင် ခဲ့တဲ့နက်ဆန်ရဲ့မျက်နှာကို လက်သီးနဲ့ထိုးတယ်။
နက်ဆန်ကလည်း လက်ဖျံကိုမြှောက်ပြီး လက်သီးချက်ကို ရိုက်ထုတ်လိုက်တယ်။
ဘုန်း...
နက်ဆန်ရဲ့အရိပ်လက်က အနည်းငယ်အက်သွားပြီး သူ့မျက်နှာကို လက်သီးက ရှပ်ထိတယ်။ ပါးပြင်မှာ ပွန်းရာတချို့ထင်သွားပေမဲ့ ချက်ချင်းသတိဝင်လာပြီး ဂျူလီယာရဲ့အရှိုက်ကိုလက်သီးနဲ့ပြန်ထိုးတယ်။
မြင့်မြတ်တဲ့ ဘုရားကျောင်းသံချပ်ကာက ခွပ်ဝင်သွားပြီး သွေးစတချို့ အန်ထုတ်လိုက်ရပေမဲ့ ဂျူလီယာက ဆက်ပြီး ရပ်နေသေးပြီး နက်ဆန်ကိုကောင်းမွန်တဲ့ တန်ပြန်လက်သီး ချက်တချို့ပြန်ပေးလိုက်နိုင်တယ်။
“ကောင်းလိုက်တဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု” တိုက်ကွက် အနည်းငယ် ထပ်ဖလှယ်ပြီးတဲ့နောက်မှာ နက်ဆန်က ပြန်ဆုတ်ခွာလိုက်တယ်။ သူ့ကိုယ်သူအရိပ်နဲ့ပေါင်းစပ် ထားပြီးတော့ ခွန်အားကိုမြှင့်တင်ထားပေမဲ့ ဂျူလီယာရဲ့ သဘာဝခန္ဓာကိုယ်အားအင်နဲ့ခံနိုင်ရည်က သူ့ထပ်ပိုပြီး မြင့်နေသေးတယ်။
ဘုန်း....
ရုတ်တရက် အလင်းတန်းတချို့က သူ့အနားကျဆင်းလာတဲ့ အတွက်ကြောင့် နက်ဆန်က ရှောင်လိုက်ရပြန်ပြီး ထပ်ပြီး တွေးဖို့တောင် အချိန်မရသလိုပါပဲ။ သီရာက သူ့အပေါ်က ခုန်ကျော်သွားပြီးနောက် ကျန်လူတွေနဲ့လူစုပြန်ဖွဲ့လိုက်ကာ လေးနဲ့ နက်ဆန်ကို အသင့်ရွယ်ထားလိုက်တယ်။
“ ရှေ့တက်လာရင်အသေပဲ...” သီရာက ပြောလိုက်ပေမဲ့ နက်ဆန်ကတော့ ခံစားချက်ကင်းမဲ့စွာနဲ့ သူ့ရှေ့ကလူစုကို ကြည့်နေပါတယ်။ မကြာခင်မှာပဲ မော်လီလည်း လိုက်မီ လာပြီးတော့ နက်ဆန်နောက်မှာရပ်လိုက်တယ်။
“သခင်၊ သူတို့ကို ကျွန်မ မထိန်းနိုင်ခဲ့ဘူး။”
“ သူတို့ကို မြို့မြင် မြှားထုတ်နိုင်ခဲ့တဲ့အတွက် တော်တယ်။”
မော်လီက အမှားလုပ်မိထားသလိုခံစားရလို့ တောင်းပန် ခဲ့ပေမဲ့ နက်ဆန်က ဆန့်ကျင်ဘက်အနေနဲ့ မော်လီကို ချီးကျုး လိုက်ပါတယ်။
“အရှင်မြတ်... အဆင်ပြေရဲ့လား။” ဂျူလီယာက သူ့ရဲ့ ဒဏ်ရာတွေကို လစ်လျူရှုထားလိုက်ပြီး နီကိုလပ်ကို ကြည့်လိုက်ပါတယ်။ နီကိုလပ်ကတော့ သူ့ဒဏ်ရာတွေကို ကြိတ်မှိတ်ခံစားရင်း လက်ထဲက အဝတ်အိတ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပါတယ်။ သူ့မျက်လုံးတွေက သီရာအနားကနေ မခွာခဲ့ပါဘူး။
“ညမင်းသားနက်ဆန်၊ ရှင့်ကို ဘုရားကျောင်းက ဘာလုပ်ခဲ့လို့ ဒီလောက်တောင် ဘုရားကျောင်းက လူတွေကိုတိုက်ခိုက်နေရတာလဲ။”
သီရာက လေးကိုတင်းလိုက်ပြီး နက်ဆန်ကိုမေးလိုက်တယ်။ နက်ဆန်ကတော့ စိတ်အပျက်ကြီးပျက်နေတဲ့ပုံနဲ့ သီရာတို့ လူအုပ်ကို လက်ညိုးထိုးပြလိုက်ပါတယ်။
“ဒါဆိုရင် မင်းတို့ကရော ဘာကြောင့် ကြားနေနယ်မှာ ရောက်နေတဲ့ငါ့ကို အရင်လာပြီးတိုက်ရတာလဲ။”
“ဒါက....” သီရာ စကားနည်းနည်းထစ်သွားပေမဲ့ ချက်ချင်းပဲ လေသံမာမာနဲ့ပြန်ဖြေလိုက်တယ်။
“ရှင်က ရိုမြူလက်ဘုရားကျောင်းကိုဖောက်ဝင်ပြီး ရဟန်းမင်းကြီးကို လုပ်ကြံဖို့ကြိုးစားခဲ့လို့။”
“ငါဘုရားကျောင်းကို လာတိုက်ကတည်းက ပြောခဲ့ပြီးသား။ ဒီစစ်ပွဲက အမှောင်ကျောင်းတော်နဲ့ပီးယပ်ကြားက စစ်ပွဲ။ မင်းတို့နဲ့မဆိုင်ဘူး....”
“အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်ကို သတ်ဖို့ကြိုးစားတာ အဲဒီအဖွဲ့အစည်းကို စစ်ကြေညာတာနဲ့အတူတူပဲ။”
သီရာက လေးကြိုးကို လက်ကနေလွှတ်လိုက်တယ်။ သူပစ်နိုင်တဲ့ အလင်းမြားတွေထဲမှာ အတောက်ပဆုံးနဲ့ စွမ်းအားအကြီးဆုံးမြားချက်ကို သုံးလိုက်တာဖြစ်ပေမဲ့ နက်ဆန်က သူ့လက်ထဲက လက်ကျန်စုံတွဲဓားတစ်ချောင်းကို ဝေ့ယမ်းလိုက်တာနဲ့ အလင်းတန်းကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်။
“ငါသာ မင်းတို့ကိုသတ်ချင်ရင် မင်းတို့သေနေတာကြာပြီ။”
နက်ဆန်က သူ့လက်ထဲကဓားကို သီရာဆီပစ်လွှတ်တယ်။ နီကိုလက်က အဲဒီမြင်ကွင်းကို အရူးအမူးနဲ့ကြည့်နေပြီး အော်ဟစ်လိုက်တယ်။
“သီရာ....”
ဒါပေမဲ့ ဓားမြှောင်က သီရာရဲ့ညာဖက်ပခုံးပေါ်ကျနေတဲ့ ဆံပင်တချို့ကို ပြတ်သွားစေရုံကလွဲလို့ ဘာမှမဖြစ်စေခဲ့ဘူး။ အဲဒီနောက်တော့ နက်ဆန်က သွေးအေးအေးနဲ့
“ငါ့ရဲ့အဖေနဲ့အမေကိုသတ်ဖို့ အမိန့်ထုတ်ခဲ့ပြီး ငါ့ဘဝရဲ့ အချိန်အများစုကို အထီးကျန်အောင်လုပ်ခဲ့တဲ့ ပီးယပ်ကို ငါ့မှာသတ်ခွင့်မရှိဘူးလား။”
နက်ဆန်က ရှေ့ကိုခြေတစ်လှမ်း တိုးလိုက်တယ်။ သီရာက နောက်ကိုခြေတစ်လှမ်း ပြန်ဆုတ်လိုက်ရတယ်။ သူ့လက်ထဲ ကိုင်ထားရတဲ့လေးက တုန်ယင်နေတယ်။
“သူ့ကြောင့် အမှောင်ကျောင်းတော်ရဲ့အဖွဲ့ဝင်တွေ ကြွက်တွေလိုမျိုး ပုန်းကွယ်နေရပြီး လူအများအပြား သေဆုံးခဲ့ရတယ်။ အဲဒီလူတွေအတွက် သွေးကြွေးကို မယူပေးသင့်ဘူးလား။”
နောက်ထပ်ခြေတစ်လှမ်း။ တုန်ယင်နေတဲ့ သီရာကလည်း နောက်ကိုခြေလှမ်းတစ်လှမ်း ထပ်ဆုတ်လိုက်တယ်။
“အရပ်ရှစ်မျက်နှာလုံးကို စစ်ချီပြီး ကိုးကွယ်ယုံကြည်သူတွေ စုဆောင်းနေတဲ့ ဘုရားကျောင်းရဲ့လုပ်ရပ်တွေကိုရော တားသင့်ပြီလို့ မထင်ဘူးလား။”
နက်ဆန်က တတိယမြောက်ခြေလှမ်းကို လှမ်းလိုက်ပြီးတဲ့ နောက်မှာတော့ ရပ်တန့်လိုက်တယ်။ သူက သီရာနဲ့ခြေလှမ်း တစ်လှမ်းစာပဲကွာတော့တာဖြစ်ပြီး သီရာနဲ့မျက်လုံးချင်း ဆုံအောင်ကြိုးစားနေတယ်။ သီရာကတော့ မျက်လွှာချပြီး အကြည့်ချင်းမတိုက်ဆိုင်အောင် ကြိုးစားနေတယ်။
“မင်းမှာ အမှန်တရားကိုသိမြင်နိုင်တဲ့ နတ်ဘုရားခန္ဓာ ရှိတယ်ဆိုလို့ ငါအထင်ကြီးခဲ့တာ။ အခုတော့ မင်းက သိမြင်ပြီးသား အမှန်တရားကို လစ်လျူရှုဖို့အတွက် ကြိုးစားနေတာပဲ။”
နက်ဆန်ရဲ့စကားကြောင့် သီရာရဲ့ကြောက်ရွံစိတ်က ထိပ်ဆုံးကိုရောက်သွားပြီး လက်ထဲကလေးတောင်မှ ပြုတ်ကျသွားတော့မလိုပါပဲ။ တကယ်တော့ သီရာက ဘုရားကျောင်းရဲ့မကောင်းတဲ့ကိစ္စတွေကို သိမြင်ခဲ့ပြီးသားပါ။ အလုံးစုံတော့မသိသေးပေမဲ့ တရားမှုတွေအတွက် စိတ်ထဲမှာမသန့်ရှင်းသလိုမျိုး ခံစားနေရတာကြာခဲ့ပြီ။ ဒါကြောင့်လည်း... ဒါကြောင့်လည်း... သူအားမာန်အပြည့်နဲ့ မတိုက်ခိုက်နိုင်တော့တာ။
ဒီအချက်ကိုဖုံးကွယ်ထားဖို့အတွက် အမယ်ရှာပြီးတော့ နက်ဆန်ကိုမုန်းတီးဖို့ ကြိုးစားနေခဲ့ပေမဲ့လည်း ထင်တဲ့အတိုင်း ဖြစ်မလာခဲ့ပါဘူး။
“တော်လိုက်တော့....”
ကြောက်ရွံနေတဲ့ သီရာကို ဒဏ်ရာအပြင်းအထန်ရထားတဲ့ နီကိုလပ်က တွန်းဖယ်လိုက်တယ်။ သူက အခုနက်ဆန်ရဲ့ ရှေ့မှာရပ်နေပြီး အဝတ်အိတ်ရဲ့ကြိုးကိုဖြေလိုက်ပါပြီ။
ဂျူလီယာကတော့ အဝတ်အိတ်ထဲက ပစ္စည်းကိုမြင်တာနဲ့ စိုးရိမ်ပူပန်စွာနဲ့ အော်ဟစ်လိုက်တယ်။
“အရှင်မြတ်... အဲဒီပစ္စည်းကိုသုံးလိုက်ရင် နောက်ပြန်လှည့်ဖို့ နည်းလမ်းမရှိတော့ဘူး။ လူတွေအများကြီး သေကျေ ပျက်စီးလိမ့်မယ်။”
ဒါပေမဲ့ နီကိုလပ်က သူ့တပ်မှူးရဲ့သတိပေးစကားတွေကို လစ်လျူရှုထားတယ်။ သူက အဝတ်အိတ်ထဲကိုလက်နှိုက် လိုက်ပြီးတော့ အဲဒီပစ္စည်းကိုထုတ်ဖော်လိုက်တယ်။
“ကျွန်တော်က ဘာပဲဖြစ်ဖြစ် အစ်မသီရာကို ကာကွယ်ပေးမယ်လို့ သစ္စာဆိုထားခဲ့ပြီးသား။ တကယ်လို့ အဲဒီအတွက် အပြစ်မဲ့တဲ့ လူသိန်းသောင်းချီ သေဆုံးရမယ် ဆိုရင်တောင်မှပေါ့။”
မကြာခင်မှာပဲ အရောင်အမျိုးမျိုးတောက်ပနေတဲ့ သဲတွေ ပါဝင်တဲ့ စားပွဲတင် သဲနာရီတစ်ခုကို နီကိုလပ်က ထုတ်ယူ လိုက်တယ်။ အဲဒီသဲနာရီကနေ ကြောက်စရာကောင်းတဲ့ စွမ်းအင်လှိုင်းတွေထုတ်လွှင့်နေတဲ့အတွက် နက်ဆန်လည်း တားဆီးဖို့ကြိုးစားလိုက်ပေမဲ့ လဲကျနေတဲ့ ဩစတင်းက ဓားမြှောင်နဲ့လှမ်းပစ်တဲ့အတွက် အနည်းငယ်တုန့်ဆိုင်း သွားခဲ့တယ်။
“လှံသူတော်စင်က သူ့ကိုယ်သူအသက်သွေးကိုသူစတေးပြီး မင်းလို မိစ္ဆာကောင်ကို နှိမ်နင်းပေးလိမ့်မယ်။”
ဩစတင်းက ခပ်ဟဟရယ်မောလိုက်တယ်။ သူ့ပုံစံက နီကိုလပ် အခုလိုလုပ်လိုက်တဲ့အတွက် သိပ်ကိုပျော်နေတဲ့ ပုံစံပဲ။ သူက နီကိုလပ်ကို အရူးတစ်ယောက်လိုမျိုး ကြည့်နေတာ။
ဘုန်း.....
မကြာခင်မှာပဲ နီကိုလပ်ရဲ့ဒဏ်ရာတွေကနေသွေးတွေ အများကြီးစိမ့်ထွက်လာပြီး သဲနာရီထဲကို စိမ့်ဝင်သွားတယ်။ နီကိုလက်ရဲ့တစ်ကိုယ်လုံးဖြူစွတ်ပြီး သေတော့မယ့်အချိန်မှ ရပ်တန့်သွားခဲ့ပြီး သဲနာရီထဲကနေ သဲမှုန်တစ်မှုန်ထွက်လာ ခဲ့ပါတယ်။
“နီကိုလပ်...” သီရာက ချက်ချင်းသတိဝင်လာပြီး ဖြူဖျော့ လဲကျတော့မယ့် နီကိုလပ်ကိုဖမ်းကိုင်လိုက်တယ်။ ပြီးတဲ့ နောက် မှိန်ကျသွားပြီဖြစ်တဲ့ သဲနာရီကိုကောက်ကိုင်တယ်။ စက္က့န်ပိုင်းအကြာမှာပဲ လေထုထဲမှာ ရပ်တန့်နေတဲ့ သဲပွင့် လေးကနေ ကြောက်စရာကောင်းတဲ့ အနီရောင်စွမ်းအင် လှိုင်းတွေထွက်ပေါ်လာပြီး နက်ဆန်၊ သီရာနဲ့ တခြားသူတွေ အကုန်လုံး အားလှိုင်းတွေကြောင့် အဝေးကိုလွင့်ထွက် ကုန်ပါတော့တယ်။