အရိုင်းနတ်ဘုရား (၁)
Vol. 3 Ch. 151
ကြမ်းတမ်းလှတဲ့ အနီရောင်စွမ်းအင်လှိုင်းတွေက တဖြည်းဖြည်း တည်ငြိမ်လာတယ်။ အစောပိုင်းက အားလှိုင်းတွေကြောင့် လွင့်စင်သွားခဲ့တဲ့ နက်ဆန်ကို အကျမနာစေဖို့အတွက် မော်လီက လေထုထဲမှာပဲ ဖမ်းဆွဲထားလိုက်ပြီး မြေပြင်ပေါ်ကို ပြန်ပြီးတော့ ဆင်းသက်လိုက်တယ်။
အဲဒီနောက်တော့ မြို့အပြင်တောင်ခြေမှာရှိတဲ့ မြေကွက် တစ်ခုလုံးနီးပါးကို နေရာယူထားပြီဖြစ်တဲ့ ပုံရိပ်ကြီးကို ကြောက်ရွံစွာနဲ့ ကြည့်လိုက်ပါတော့တယ်။
“မဖြစ်နိုင်တာ.... အဲဒါကြီးက....”
မော်လီတို့ရှေ့မှာရှိနေတဲ့ သတ္တဝါကြီးက အနည်းဆုံးမီတာ ခြောက်ဆယ်လောက်မြင့်ပါတယ်။ ကာယဗလအားကစား သမားတစ်ယောက်ရဲ့ခြေထောက်တွေလိုမျိုး ဖောင်းကြွ နေတဲ့ခြေထောက်တစ်စုံရှိပြီး ဝံပုလွေသားမွှေးတွေက နေရာလက်မရှိအောင် ဖုံးလွှမ်းသွားတယ်။
ဝမ်းဗိုက်နဲ့ရင်အုံဟာလည်း ကြွက်သားတွေနဲ့ပြည့်နှက်နေပြီး ခြေသည်းလက်သည်းတွေဟာ လူတစ်ရပ်စာလောက်ကို ရှည်လျားတာ တွေ့ရပါတယ်။ မျက်နှာကိုမမြင်ရဘဲ သမင် ခေါင်းအရိုးမျက်နှာဖုံးကို ဝတ်ဆင်ထားပါတယ်။ မျက်နှာဖုံး နောက်က မျက်လုံးတွေကတော့ နီရဲနေပြီး သူ့ရင်ဘတ်မှာ အလွန်ကြီးမားလှတဲ့ ငွေရောင်လက်ဝါးကပ်တိုင်ကြီးက နစ်ဝင်လို့နေတယ်။ ခေါင်းကနေလည်း ရှည်လျားလှတဲ့ သမင်ချိုကြီးထိုးထွက်နေကာ ခန့်ညားလှသလို ကြောက်ဖို့ လည်းကောင်းနေပြန်တယ်။
“ ဖြစ်နိုင်လို့ပဲ ငါတို့မြင်နေရတာမဟုတ်လား....” နက်ဆန်က မော်လီရဲ့ပခုံးကိုအမှီပြုကာ ပြန်ထရပ်လိုက်ရင်း ပြောတယ်။
မော်လီက မျက်လုံးကိုမှေးလိုက်ပြီး ပြောလိုက်လေရဲ့။
“ ဆဲလ်တစ်လူမျိုးတွေရဲ့သားရိုင်းနတ်ဘုရား၊ ချိုပေါက်နေတဲ့နတ်၊ ဆားလ်နုန်းနို့စ်။”
....
“နီကိုလပ်....” သီရာက နီကိုလပ်ရဲ့ခန္ဓာကိုယ်ကို တင်းတင်း ဖမ်းဆုပ်ထားရင်းနဲ့အော်ခေါ်နေပေမဲ့ ကောင်လေးဆီကနေ တုန့်ပြန်သံမကြားရတော့ဘူး။ ဂျူလီယာကတော့ ဒဏ်ရာ ရထားတဲ့ ဩစတင်းကို ခါးကနေ ကိုင်မလိုက်ပြီးတော့ သီရာကို ပြောလိုက်တယ်။
“ ဆားလ်နန်းတို့စ်၊ သတိအပြည့်အဝရမလာခင် ဒီကနေ ပြန်ဆုတ်ရမယ်။ ချိပ်ပိတ်ခံထားရတဲ့ သားရိုင်းနတ်ဘုရားက မြင်မြင်သမျှကို ဒေါသနဲ့ဖျက်ဆီးပစ်လိမ့်မယ်။”
သီရာက ချက်ချင်းပဲ သဘောတူလိုက်တယ်။ နောက်တော့ ကသောင်းကနင်းဖြစ်နေတဲ့ ပတ်ဝန်းကျင်ကို အသုံးချပြီး တိုက်ပွဲနေရာကနေ ထွက်ခွာသွားခဲ့တယ်။
....
သားရိုင်းနတ်ဘုရားကြီးက ဖြည်းဖြည်းချင်းစီ ခေါင်းကို မော့ပြီး သူ့ရှေ့တည့်တည့်မှာရှိနေတဲ့ မြို့ကိုကြည့်လိုက်တယ်။ မီလန်မြို့ဟာ သေးငယ်တဲ့မြို့တစ်မြို့လို့ ပြောလို့မရပေမဲ့လို့ ဂေါ်ဇီလာနဲ့အရွယ်အစားအတူတူရှိတဲ့ အကောင်ကြီးအဖို့ ကစားစရာအိမ်လေးတွေ စီခင်းထားတဲ့ ကွင်းပြင်တစ်ခုလို ဖြစ်နေတယ်။
နောက်တော့ အကောင်ကြီးက သူ့ရင်ဘတ်မှာစိုက်ဝင်နေတဲ့ လက်ဝါးကပ်တိုင်ကို ဆွဲဖြုတ်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ အလင်းစွမ်းအားတွေထွက်ပေါ်လာပြီး လက်ဝါးကပ်တိုင်က သူ့အသားထဲကို ပိုမိုနစ်ဝင်သွားခဲ့တဲ့အတွက် နာကျင်စွာနဲ့ အော်ဟစ်ရုန်းကန်လိုက်တယ်။ သူရုန်းကန်လိုက်တဲ့ အချိန်တိုင်းမှာ မြေပြင်က ငလျင်လှုပ်သလို လှုပ်ခါနေပြီး သစ်ပင်တွေအမြစ်ကနေ ကျွတ်ပါကုန်တယ်။
“သခင်... သတိထား။” မော်လီက သတိပေးလိုက်တယ်။ နက်ဆန်ကလည်း နှစ်ခါပြောစရာမလိုပါဘူး။ သူတို့ဆီ ရောက်လာနေတဲ့ ကျောက်တုံးတွေနဲ့သစ်ပင်တွေရန်က လွတ်အောင်ရှောင်လိုက်တယ်။
ဝူး.....
တစ်ဖက်မှာတော့ သားရိုင်းကြီးက အကျယ်ကြီးဟစ်ကြွေး လိုက်ပြီးတော့ မြို့ထဲမှာရှိနေတဲ့ ချက်ကျောင်းတစ်ကျောင်း ခေါင်မိုးပေါ်က လက်ဝါးကပ်တိုင်ကြီးကို ဒေါသတကြီးနဲ့ စိုက်ကြည့်လိုက်ပါတော့တယ်။ နောက်တော့ သူ့ခါးကို ကိုင်းလိုက်တယ်။
“မကောင်းတော့ဘူး၊ သူမြို့ကို ဖျက်ဆီးပစ်တော့မယ်။” နက်ဆန်က သူမြင်နေရတဲ့ မြင်ကွင်းကြောင့် ထိတ်လန့် သွားခဲ့ပါပြီ။
....
“ရိုမြူလက်ဘုရားကျောင်းက မီးနဲ့ကစားနေတာပဲ။ ပါသီနွန် နတ်ဘုရားတွေက မကိုးကွယ်အပ်တဲ့အရာတွေ ဖြစ်ရင် ဖြစ်လိမ့်မယ်။ ဒါပေမဲ့ လူသားတွေနားမလည်နိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့အရာတွေပဲ။”
ဘုန်းတော်ကြီးအန်တိုနီကတော့ မီလန်မြို့ထဲက အမြင့်ဆုံး အဆောက်အဦးတစ်ခုပေါ်မှာရပ်နေပြီး ပြောလိုက်တယ်။ သူနဲ့အတူ အနက်ရောင်ဝတ် ဘုန်းတော်ကြီးတချို့လည်းပဲ ရှိနေပြီးတော့ သူတို့ထဲကတစ်ယောက်က သူ့ဆီကို ရတနာ စီချယ်ထားတဲ့ ရွှေရောင်ဖလားကြီးတစ်ခုကို ယူလာပေးတယ်။
“မင်းတို့က အသက်သွေးကိုစတေးပြီး ချိပ်ပိတ်ခံ နတ်ဘုရားတစ်ပါးကို ရိုမန်ကက်သလစ်ပိုင်နက်ထဲ လွှတ်ပေးရဲတယ်ဆိုမှတော့။ ဒီနိမ့်ကျတဲ့ ဘုန်းတော်ကြီးက ဘာလို့အလားတူပေးဆပ်မှုမျိုးနဲ့ မြို့ကိုမကာကွယ်ပေးနိုင် ရမှာလဲ။”
ဘုန်းတော်ကြီးအန်တိုနီက သူ့လက်ခုံကိုဓားနဲ့လှီးပြီး ရွှေဖလားထဲ သွေးတွေလောင်းထည့်လိုက်တယ်။
“ဒီနေတော့ ငါတို့ဘုရားကျောင်းရဲ့သွေးခံတော်ခွက်ကို အသုံးပြုပြီးတော့ ဒီမြို့ထဲက ကယ်တင်ကယ်ထိုက်တဲ့ သူတွေကို ကာကွယ်ပေးရသေးတာပေါ့။”
သွေးစက်တွေက ဖလားထဲကျဆင်းတာနဲ့ ဖလားကနေ ရွှေရောင်အလင်းတန်းတွေထွက်ပေါ်လာပြီး မီလန်မြို့ တစ်မြို့လုံးကို သံကွန်ချာပမာ ဖုံးအုပ်သွားခဲ့ပါတယ်။
အဲဒီနောက်တော့ မြို့ကောင်းကင် တိမ်တိုက်တွေပေါ်ကနေ တောင်ပံကြီးတစ်စုံ ထိုးထွက်လာပါတော့တယ်။ နောက်တော့ အနက်ရောင်ဝတ်ရုံဝတ်ဘုန်းတော်ကြီးတွေအပါအဝင် ဘုန်းတော်ကြီးအန်တိုနီက ပြိုင်တူရေရွတ်လိုက်တယ်။
“အို... ဘုရားသခင်ကို မြင်တွေ့ခွင့်ရသူ ကာမယ်... ကျေးဇူးပြုပြီး ဒီမြို့ကို ဘေးအန္တရာယ်တွေကနေ ကာကွယ်ပေးပါ။”
တခြားတစ်ဖက်မှာတော့ အရိုင်းနတ်ဘုရားကြီးက မြို့နဲ့နီးလာပြီဖြစ်ပြီး ရွှေရောင်အလင်းတံတိုင်းကြီးကို လက်သီးနဲ့ထိုးနှက်လိုက်တယ်။
ဘုန်း....
ဒါပေမဲ့ ကောင်းကင်ကနေပြီး ချက်ချင်းဆိုသလို ဧရာမ ခွက်ပုံစံစွမ်းအင်ပုံရိပ်ကြီးတစ်ခုကျဆင်းလာကာ အရိုင်း နတ်ဘုရားကြီးရဲ့လက်သီးချက်ကို တားဆီးလိုက်လေရဲ့။
....
“မဖြစ်သေးဘူး... ကျွန်မတို့ဆက်တိုက်မှဖြစ်မယ်။ ဒီလူတွေ နက်ဆန်ဆီကိုရောက်သွားရင် အားလုံးအန္တရာယ်ဖြစ်ကုန် လိမ့်မယ်။”
ပါစီဗယ်ရဲ့ပခုံးပေါက်ရောက်နေတဲ့ ဆယ်ဗီက ရုန်းကန် နေပါတယ်။ ဒါပေမဲ့ ပါစီဗယ်က သူ့ပခုံးပေါ်တင်ထားတဲ့ ဆယ်ဗီကို ပြန်ချပေးဖို့အတွက် အစီအစဥ်ရှိပုံမပေါ်ဘဲ လမ်းကြားတွေထဲမှာ ပြေးလွှားနေပါတယ်။ သူ့နောက်မှာ ရုပ်ရည်တူတဲ့ အမြွှာလူငယ်နှစ်ယောက်ရှိနေပြီးတော့ သူတို့ ခြေထောက်တွေအောက်မှာ မီးလျှံတွေတောက်လောင်နေတဲ့ ဓားတွေကို အသုံးပြုပြီးပျံသန်းကာ ပါစီဗယ်နောက်ကို လိုက်နေပါတယ်။
“မီးလျှံကျောင်းရဲ့အမြန်နှုန်းနဲ့ကျော်ကြားတဲ့ ဆီနိတ်တာ ဂယ်မီနီညီနောင်။ သူတို့လက်ကလွတ်ဖို့က ခက်လိမ့်မယ်။”
ပါစီဗယ်က အံ့ကြိတ်ပြီးတွေးလိုက်တယ်။ ပါစီဗယ်က ဒီနှစ်ယောက်နဲ့တစ်ယောက်ချင်း ရင်ဆိုင်ရမယ်ဆိုရင် မကြောက်ပါဘူး။ ဒါပေမဲ့ အခုက ရိုစယ်လီယာအပါအဝင် ခုနစ်ယောက်တစ်ယောက် တိုက်နေရတာပါ။
“ ဆယ်ဗီ၊ ကျွန်တော်တို့က ဒီနေရာမှာတိုက်နေတယ်ဆိုတာ ရန်သူကိုအနိုင်ရဖို့ ရည်မှန်းချက်နဲ့တိုက်နေတာမဟုတ်ဘူး။ ညမင်းသားအတွက် အချိန်ဆွဲထားပေးဖို့ပဲ။ အခုလည်း အချိန်ဆွဲပေးရင်းနဲ့ ပြန်ဆုတ်နေတာမလို့ အဆင်ပြေ ပါတယ်။”
“ဟားဟား... ဘယ်ပြေးမလဲ ကောင်လေး။”
ရုတ်တရက် လမ်းကြားထဲက အိမ်နောက်ဖေးပေါက် တံခါး တစ်ချပ်ပွင့်သွားပြီး အထဲကနေ သေနတ်ကိုင်ထားတဲ့ ကောင်းဘွိုင်လိုလို လူဝကြီးတစ်ယောက်ထွက်လာပြီး ပါစီဗယ်ရဲ့ခေါင်းကိုချိန်ကာ သေနတ်နဲ့ပစ်လိုက်တယ်။ ဒါပေမဲ့ ပါစီဗယ်ရဲ့ပုံစံက ချက်ချင်းပဲ မျက်နှာမဲ့အိမ်စေကို ကုန်းပိုးထားတဲ့ ပက်တီးစည်းတပ်သားဖြစ်သွားပြီး ပါစီဗယ်အစစ်က သူ့ဘေးနားမှာ ပေါ်လာတယ်။
“မျက်မှန်တပ်သင့်ပြီ ဆီနိတ်တာမာလုံး။” ပါစီဗယ်က ခပ်နောက်နောက်ပြောလိုက်ပြီး သူ့ကိုယ်ပိုင်သေနတ်နဲ့ ဆီနိတ်တာမာလုံးရဲ့ဒူးဆစ်ကို သေနတ်နဲ့ပစ်လိုက်တယ်။
“အား....” ဆီနိတ်တာမာလုံး လဲကျသွားတာကို ပါစီဗယ်က ပြန်မကြည့်တော့ဘူး။ အဲဒီအစားဆက်ပြေးတယ် သူ့နောက်က ဂယ်မီနီညီနောင်တွေက ဆက်လိုက်လာနေတယ်။
“ဆီနိတ်တာတစ်ယောက်တော့ ငါတို့နောက်ကို ဆက်ပြီး မလိုက်နိုင်တော့ဘူး။ ငါးယောက်ကျန်ဦးမယ်။”
ပါစီဗယ်က ပြေးမြဲပြေးနေရဆဲဖြစ်ပေမလို့ ယုံကြည်ချက် အပြည့်ရှိနေတယ်။
ရွှမ်း... ရွှမ်း....
မီးတောက်လောင်နေတဲ့ ကြာပွတ်က အိမ်ခေါင်မိုးတစ်ခု ပေါ်ကနေပြီး ပါစီဗယ်ရဲ့လည်ပင်းကို လှမ်းရစ်ပတ်ဖို့ ကြိုးစားတဲ့အတွက် ရှောင်လိုက်ရတယ်။ သူ့ကိုအလစ် တိုက်ဖို့ဆိုတာ အတော်ခက်ခဲတယ်။ သူက ခေါင်မိုးပေါ် ရပ်နေတဲ့ အသားကပ်ဝတ်စုံနဲ့အသက်သုံးဆယ်အရွယ် အမျိုးသမီးကိုကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။
“ဆီနိတ်တာလီယိုပါ့ခ်က ငါတို့ကိုလိုက်မီလာပြီ။ ခက်တော့မှာပဲ။”
နောက်တော့သူက လမ်းဆုံတစ်နေရာဆီပြေးသွားလိုက်ပြီး ပါစီဗယ်က ရုတ်တရက်လေးယောက်ဖြစ်သွားကာ ဆန့်ကျင်ဘက် နေရာတွေဆီကိုလူခွဲပြေးပါတယ်။ ဒါကြောင့် လီယိုပါ့ခ်အပါအဝင် ဂယ်မီနီတွေပါ အာရုံနောက်သွားတယ်။
“ဒီလောက်ဆို လွတ်လောက်ပြီထင်တာပဲ။”
နောက်ကနေ ဘယ်ဆီနိတ်တာမှ ပါမလာတော့တာကို သတိထားမိပြီးတဲ့နောက်မှာတော့ ပါစီဗယ်ပြုံးလိုက်ပြီး လမ်းကြားရဲ့အဆုံးဆီကို ပြေးသွားလိုက်ပါတယ်။ ဒါပေမဲ့ ဆိုင်ကယ်တစ်စီးက လမ်းကြားထိပ်မှာပိတ်ရပ်လိုက်ပြီး ဆိုင်ကယ်ပေါ်ကနေ တောင်ဝှေးကိုင်ထားတဲ့ မိန်းမငယ်လေး ဆင်းလာကာ သူ့ကိုပြောလိုက်တယ်။
“ပြေးလို့မှ ကောင်းရဲ့လား၊ တစ္ဆေဘုရင်ပါစီဗယ်။”
ရိုစယ်လီယာကို မြင်လိုက်ရပြီးတဲ့နောက် ပါစီဗယ် မျက်နှာပျက်သွားပေမဲ့ သူကချက်ချင်းပဲ သေနတ်နဲ့ ရိုစယ်လီယာကို ချိန်လိုက်တယ်။
“မင်းက အားနည်းတယ်။ မင်းကိုမြန်မြန်အနိုင်ယူနိုင်ရင် ရပြီ။”
ဒါပေမဲ့ ရုတ်တရက် ဘေးဘက်ကနေ တစ်စုံတစ်ယောက်က သူ့ကိုကန်လိုက်တယ်လို့ ခံစားလိုက်ရပြီး ပါစီဗယ်မြေပေါ် မှောက်ကျသွားတယ်။ အလားတူပဲ သူချီထားခဲ့တဲ့ဆယ်ဗီ ဆီကနေလည်း ညည်းသံသဲ့သဲ့ထွက်လာတယ်။
“ဆယ်ဗီ၊ မပူနဲ့ကိုယ်ရှိတယ်။” ပါစီဗယ်က အားတင်းပြီး ရပ်လိုက်ပေမဲ့ စနိပ်ကာဖိနပ်စီးထားပြီး ဦးထုပ်ကိုပြောင်းပြန် စောင်းထားတဲ့လူငယ်နဲ့ ဓားကိုင်ထားပြီး မျက်နှာဖုံးအဖြူ တပ်ထားတဲ့အမျိုးသမီးတို့က သူ့ထွက်လမ်းတွေအားလုံးကို ပိတ်ထားလိုက်ပြီမှန်း မြင်လိုက်ရတယ်။
“ဆိနိတ်တာ ဘောစ့်နဲ့ ဆီနိတ်တာ ရှယ်လီ။”
“၂၄မိနစ်နဲ့ ၅ စက္ကန့်။ တစ္ဆေဘုရင်တစ်ကောင်တည်းနဲ့ အယ်ဒါတစ်ယောက်နဲ့ဆီနိတ်တာ ၆ယောက်ကို ဒီလောက်ထိ အချိန်ဆွဲနိုင်တာ မဆိုးဘူးပဲ။ ဒါပေမဲ့ ဒီလောက်ပါပဲ။”
ဓားကိုင်ထားတဲ့အမျိုးသမီး ဆီနိတ်တာရှယ်လီက ဓားကို မြှောက်လိုက်တယ်။ ဓားမှာမီးတွေတောက်လောင်နေပြီး တစ္ဆေဘုရင်ပါစီဗယ်ဆိုရင်တောင်မှ ထိမိတာနဲ့ပြာကျ သွားလောက်ပါတယ်။
ဘုန်း.....
အဲဒီအချိန်မှာပဲ မီလန်တစ်မြို့လုံးတုန်ခါသွားပြီး ပါစီဗယ်နဲ့ တခြားသူတွေအားလုံး အသံလာရာကိုကြည့်လိုက်ပါတယ်။ ဧရာမ သမင်အရိုးမျက်နှာကြီးနဲ့လူကြီးက ရွှေရောင်မြို့ တံတိုင်းကို လက်သီးနဲ့ထိုးဖြိုနေတာမြင်ရပြီးတော့ ဧရာမခွက်ကြီးက အဲဒီမြို့တံတိုင်းကိုတားဆီးနေတယ်။
“ဘာကြီးလဲ... ဝင်ဒီကိုးလ်ကြီးလား။” ဆီနိတ်တာဘော့စ်က အထိတ်တလန့်ပြောလိုက်တယ်။ ရိုစယ်လီယာကလည်း အဲဒါကို ကြောက်လန့်တကြားနဲ့ကြည့်နေရင်း ဆယ်ဗီကို ကြည့်လိုက်ပါတယ်။
“အချစ်၊ ဒီနေ့ကိစ္စကို မှတ်ထားလိုက်မယ်။ နောက်မှ ဒီတိုက်ပွဲကိုဆက်ကြတာပေါ့။”
ရိုစယ်လီယာက ဆိုင်ကယ်ပေါ်ကိုပြန်တက်လိုက်တယ်။ နောက်တော့ သူ့အမိန့်ကိုထုတ်ပြန်လိုက်တယ်။ “အားလုံးကို ပြောလိုက်။ မလိုအပ်တဲ့ ဆုံးရှုံးမှုတွေမဖြစ်စေဖို့ မီးလျှံ အဖွဲ့ဝင်အားလုံး မီလန်မြို့ကနေ အမြန်ဆုံးခွာမယ်။ အဲဒါက ဆဲလ်တစ် အရိုင်းနတ်ဘုရားကြီးပဲ။”
မီးလျှံနတ်ဘုရားအဖွဲ့ဝင်တွေက ဆယ်ဗီနဲ့ပါစီဗယ်ကို လစ်လျူရှုပြီးတော့ ဆုတ်ခွာသွားတယ်။ ပါစီဗယ်က သက်ပြင်းချလိုက်ပြီး ဆယ်ဗီကိုပြောလိုက်တယ်။
“ဆယ်ဗီ၊ ကိုယ်ပြောတယ်မဟုတ်လား။ အဆင်ပြေသွားမှာ ပါလို့။”
ဒါပေမဲ့ ဆယ်ဗီကတော့ သူ့ဘာသာကုန်းထပြီး အဲဒီသတ္တဝါကြီးကိုကြည့်ကာ မျက်ရည်တွေကျလာ ပါတော့တယ်။
“သနားဖို့ကောင်းလိုက်တာ... သူက ရာစုနှစ်တွေအများကြီး ပိတ်လှောင်ခံထားရပြီး နာကျင်ခံစားနေခဲ့ရတာပဲ။”
ပါစီဗယ်က နားမလည်နိုင်တဲ့အတွက် ဆယ်ဗီကိုခေါင်းအစ ခြေအဆုံးကြည့်လိုက်ပြီး မေးပါတယ်။ “ဆယ်ဗီ၊ မင်း အဆင်ပြေပါတယ်နော်။ ခေါင်းတွေဘာတွေ ထိမိထားသေးလား။”
ဒါပေမဲ့ ဆယ်ဗီကတော့ ပါစီဗယ်ရဲ့စကားကို လစ်လျူရှုထား လိုက်ပြီးတော့ အရိုင်းနတ်ဘုရားကို လက်ညိုးထိုးပြတယ်။
“ပါစီဗယ်၊ ကျွန်မကို သူ့ဆီခေါ်သွားပေး။”
....
ရိုမြူလက်ချက်ကျောင်းက ဘုန်းတော်ကြီးတွေအားလုံးကို နှိမ်နင်းပြီးပြီဖြစ်တဲ့ အိုလီရာနာနဲ့ မိုနီကာတို့ကလည်း တိုက်ခိုက်နေတာကိုရပ်ပြီး အရိုင်းနတ်ဘုရားကြီးကို မော့ကြည့်လိုက်ကြတယ်။
မိုနီကာက ခေါင်းကိုခါယမ်းလိုက်ပြီး “အကုန်လုံး ရှုပ်ထွေး ကုန်တော့မှာပဲ။”လို့သာ သက်ပြင်းချလိုက်လေရဲ့။
...
နာတာရှာက မှော်နှင်တံကို လက်ကိုင်ပုဝါနဲ့သုတ်ပြီး အိတ်ထဲ ပြန်ထည့်လိုက်တယ်။ အယ်မာက မြေပြင်မှာဒူးထောက် နေရပြီဖြစ်ပြီး သူ့နောက်မှာတော့ ဒါလီယာက ခံစားချက် မဲ့စွာနဲ့ရပ်နေပေမဲ့ လည်ပင်းမှာတော့ အညိုမည်းရာပြီး ရှိနေခဲ့တယ်။
နာတာရှာက ဒါလီယာရဲ့ဒိုင်မေးရှင်းတွင်းတည်နေရာကိုရှာ လည်ပင်းကိုညှစ်ပြီး ဒိုင်မေးရှင်းကိုဖျက်ဆီးခဲ့တာပါ။
“အခုလောက်ဆိုရင် ကိုယ်ပိုင်စွမ်းအားနဲ့ မာစတာထိပ်ဆုံး အဆင့်ကိုရောက်လာတဲ့သူနဲ့ နတ်တစ်ပိုင်းအတုအားကိုးနဲ့ လုပ်ချင်ရာလုပ်နိုင်မယ်ထင်နေတဲ့ အဆင့်မြင့်မှော်ဆရာ တစ်ယောက်အကြား ကွာခြားချက်ကို သိပြီထင်ပါရဲ့။”
ဝေါင်း....
ဒါပေမဲ့ နာတာရှာလည်း အရိုင်းနတ်ဘုရားကြီးဟိန်းလိုက်တဲ့ အသံကိုကြားလိုက်ရပြီးနောက်မှာတော့ မျက်နှာပျက်သွား ခဲ့ပါပြီ။
“မဖြစ်နိုင်တာ... နတ်ဘုရားတစ်ပါးက ဘယ်လိုလုပ်ပြီးတော့ မီလန်မြို့မှာ ပေါ်လာရတာလဲ။”