← Chapters

သွေးအေးသော အဖေပိုင်

Vol. 6 Ch. 593

သွေးအေးသော အဖေပိုင်

Vol. 6 Ch. 593

ပိုင်ဟောက်အတွက် သနားကရုဏာသက်ခြင်းနှင့် ဝမ်းနည်းမှုများသည် ပိုင်ရှောင်ချန်း၏နှလုံးသားထဲရှိ ဒေါသမီးတောက်များကို လောင်စာဖြည့်ပေးလိုက်တော့သည်။ သူနားမလည်ဘူးဟု ပြောလိုက်သော်လည်း အမှန်တွင် မည်သို့ဖြစ်နေမှန်း သူ ကောင်းစွာ နားလည်လိုက်သည်။

သူသိရှိခဲ့ပြီးသော အရာအားလုံးနှင့် ပေါင်းစပ်လိုက်သည်တွင် အခြေအနေအရပ်ရပ်သည် သလင်းကျောက်ပမာ ရှင်းလင်းပြတ်သားလာတော့သည်။ မျိုးနွယ်စုခေါင်းဆောင်သည် ပိုင်ဟောက်က မီးတောက်ဖန်တီးခြင်း၌ တစ်ဖက်ကမ်းခတ်ထူးချွန်သည်ကို အမြဲသတိထားမိခဲ့ခြင်း မဟုတ်တန်ရာ။ သို့သော် ပိုင်ဟောက်က သူ့ကို ဆယ့်ငါးရောင်ခြယ်မီးတောက်ဖန်တီးနည်း ပေးခဲ့ပြီးနောက် မည်သည့်အတွက်ကြောင့် သူ မသိဘဲ နေမည်နည်း။

ပိုင်ဟောက်က ပါရမီထူးသော မီးတောက်ဖန်တီးရှင်တစ်ဦးဖြစ်ကြောင်း သူ သိထားခဲ့ပြီးဖြစ်ရာ နတ်မီးလျှံစမ်းသပ်ပွဲများတွင် မသမာ မလုပ်ခဲ့ကြောင်းလည်း သိလိမ့်မည်။ ထိုအရာအားလုံး သူသိသည်မှာ သံသယဖြစ်စရာပင်မလိုချေ။

အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင်ဖြစ်သည့်အတွက်ကြောင့် ပိုင်မျိုးနွယ်စုထဲတွင် သူသိချင်သည့် သတင်းမှန်သမျှကို လက်ကလေးလှန်လိုက်သကဲ့သို့ အလွယ်တကူ သိနိုင်လေသည်။ အမှန်တွင် ထိုလူက ပိုင်ဟောက်လိုက်ဖမ်းခံရပြီး အသတ်ခံလိုက်ရသည်ကို မည်သို့မသိချင်ယောင်ဆောင်နေမှန်း ပိုင်ရှောင်ချန်း တွေးပင် မတွေးနိုင်တော့ပေ။ ထိုကိစ္စကို သူ သိသည်သာမက ဖြစ်ပျက်နေသည်တို့ကို မျက်ကွယ်ပြုထားခဲ့လေသည်။

သူက ပိုင်ဟောက်နှင့်ပတ်သက်သည့် အရာအားလုံးကို ငြင်းဆန်ခဲ့ပြီး ပိုင်ဟောက်၏အောင်မြင်မှုမှန်သမျှကိုပင်လျှင် ပိုင်ချီအား လွှဲပြောင်းပေးလိုက်သည်။ ပိုင်ဟောက်၏သေခြင်းပင်ဖြစ်လင့်ကစား မည်သို့ပေးဆပ်စွန့်လွှတ်ရစေကာမူ ပိုင်ချီကို အမြင့်ပျံတက်စေချင်နေသည်။ မျိုးနွယ်စုခေါင်းဆောင်သည် ပိုင်ဟောက်ကို ပိုးမွှား သို့မဟုတ် ၎င်းအောက်သာ တန်ဖိုးရှိသည်ဟု သတ်မှတ်ထားသည်မှာ သိသာထင်ရှားလွန်းလှသည်။

ဤနှစ်ယောက်တည်းတွေ့ဆုံမှုတွင် ရည်ရွယ်ချက်ကား ရှင်းသည်။ ပိုင်ဟောက်အနေဖြင့် ခေါင်းညိတ်သဘောတူကာ ပွဲရှာမနေသင့်ကြောင်း ခေါင်းထဲစွဲသွားစေရန်ဖြစ်သည်။ ပိုင်ရှောင်ချန်းအာရုံနေသော ထိုလူ၏ မျက်လုံးတွင်းရှိ သတ်ဖြတ်လိုစိတ်များအရ သူကား ပိုင်ဟောက်ကို ပ, ထုတ်ချင်နေသည်။

ဤနေရာတွင် စကားပြောရန် ရွေးချယ်ရသည့် အကြောင်းရင်းက ပိုင်ဟောက် အညံ့ခံစေရန်ဖြစ်ကြောင်း သိသာလေသည်။

အညံ့ခံပြီးအသက်ရှင်မလား။ ငြင်းဆန်ပြီး သေမလား။

ပိုင်ဟောက်အမေအသတ်ခံရသော နေရာတွင် ယခုကဲ့သို့ ဆွေးနွေးရန် ရွေးချယ်လိုက်ခြင်းသည် သူ၏စိတ်ရင်းအမှန်ကို ဖော်ပြနေသည်။ ဘေးလူတစ်ယောက်၏ အမြင်အနေနှင့် ပိုင်ရှောင်ချန်းသည် ဖြစ်ပေါ်နေသော မြင်ကွင်းကို ရပ်ကြည့်ရင်း ဒေါသများ အလိပ်လိုက်တက်လာသည်။ သူက ပိုင်ဟောက်ကို စိတ်ကူးပေါက်ရာအတိုင်း တပည့်အဖြစ်လက်ခံခဲ့ခြင်းဖြစ်သော်လည်း ယခုအခိုက်အတန့်၌ ပိုင်ဟောက်၏ဘဝတွင် ခံစားခဲ့ရသည့် တူညီသော ခါးသီးနာကြည်းမှု၊ ပူဆွေးသောကအပေါင်းဖြင့် သူ့ရင်ထဲ မွန်းကြပ်နေတော့သည်။ ယခုအချိန်တွင် သူသည် ပိုင်ဟောက်၏ဆရာတစ်ယောက်ဖြစ်ရခြင်းအပေါ် ပို၍ အလေးအနက်ထားလာလေသည်။

ပိုင်ရှောင်ချန်းသည် သေရမည်ကို ကြောက်သော လူစားမျိုးဖြစ်သော်လည်း ဖြောင့်မတ်တည်ကြည်ပြီး သစ္စာရှိခြင်းက သူ့ရိုးတွင်းခြင်ဆီထဲအထိ စွဲနစ်နေသည်။ သူ၏ မိတ်ဆွေရောင်ရင်းများ သေစေနိုင်သော အန္တရာယ်ကြီးနှင့် ကြုံတွေ့ရချိန်တွင် သူမည်မျှ ကြောက်လန့်တုန်ရီပြီး တအီးအီးငိုကြွေးနေပါစေ၊ အရေးမကြီးတော့ပေ။ သူသည် အံကြိတ်၍ သူတို့ကို ပြန်ကယ်မည်ဖြစ်သည်။ ယခုတွင် ပိုင်ဟောက်က သူ၏တပည့်ဖြစ်နေသောကြောင့် သူ၏တပည့် သည်းခံမြိုသိပ်နေခဲ့ရသော မမှန်မကန်မှုများကို မျက်ကွယ်ပြုနေနိုင်မည်မဟုတ်ပေ။

ဤသည်မှာ ပိုင်ရှောင်ချန်း၏စိတ်ထဲရှိ မတူညီေသာ စရိုက်တစ်ခုဖြစ်သည်။ သူ၏သေရမည်ကိုကြောက်သောစိတ်အတွင်းဝယ် တဟုန်းဟုန်းတောက်ပလင်းလက်နေသည့် စိတ်အားထက်သန်ပြင်းပြခြင်းဆိုသော မီးတောက်တစ်ခုပင်ဖြစ်သည်။

သူ့ရှေ့တွင် ရပ်နေသော မျိုးနွယ်စုခေါင်းဆောင်သည် အလွန်တရာသွေးအေးပြီး ခံစားချက်ကင်းမဲ့လေသည်။ ထိုအကြောင်းကြောင့်ပင် ပိုင်ရှောင်ချန်းမှာ ထိုလူကို စိတ်ကျေနပ်စေရန် တွေးနေခဲ့သော ပိုင်ဟောက်၏လေးနက်သော ဆန္ဒများသည် လုံးဝအချည်းနှီးဖြစ်ခဲ့ကြောင်း မတွေးမိဘဲ မနေနိုင်တော့ချေ။

" မင်း အခု ဘာပြောလိုက်တာ" မျိုးနွယ်စုခေါင်းဆောင်က ပြန်ပြောလိုက်သည်။ သူ့မျက်လုံးတွင်းရှိ သွေးအေးရက်စက်မှုများသည် ပို၍ပြင်းထန်လာတော့သည်။ သူက ကျင့်ကြံခြင်းအခြေခံစွမ်းအားအနည်းငယ်ကိုပင် ထုတ်လိုက်လေရာ ခြံဝင်းထဲတွင် လေပြင်းများ တိုက်ခတ်လာတော့သည်။

ပိုင်ရှောင်ချန်းက မျိုးနွယ်စုခေါင်းဆောင်ကို စူးစူးဝါးဝါးကြည့်ပြီး ဖြည်းညင်းစွာပြောသည်။

" ကောင်းကောင်းဆိုးဆိုး ကျွန်တော်က ခင်ဗျားရဲ့ သွေးသားရင်းချာပါ။ ကျားတွေက သူတို့ရဲ့ ကျားပေါက်လေးတွေကို မစားပေမယ့် ခင်ဗျားက "

" ဘယ်လောက် အတင့်ရဲလိုက်လဲ " မျိုးနွယ်စုခေါင်းဆောင်သည် မိုးခြိမ်းလိုက်သည့်အလား လေသံဖြင့် ဟိန်းဟောက်လိုက်၏။

ပိုင်ရှောင်ချန်းက အနားကပ်လာသော ထိုလူကို ပြန်စိုက်ကြည့်လိုက်သည်။ အကယ်၍ ဤလူသာ အမှန်တကယ် တိုက်ခိုက်ပါက နတ်ဝိညာဥ်ယူမည့် သူ၏အစီအစဥ်ကို ထိခိုက်စေမည်ဖြစ်သည်။ ထိုသို့ြဖစ်လာနိုင်သည့်တိုင်အောင် ပိုင်ရှောင်ချန်းသည် စောစောက ပြောခဲ့သည်ကို နောင်တမရပေ။

အခြေအနေက ဆိုးရွားတော့မည်ပုံပေါ်လာ သောအခါ မျိုးနွယ်စုခေါင်းဆောင် ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။ သူက တုံ့ခနဲရပ်လိုက်ပြီး အိတ်ထဲမှ ကျောက်စိမ်းပေလွှာတစ်ခု ထုတ်လိုက်လေသည်။

၄င်းအား နတ်ဘုရားအာရုံဖြင့် စစ်ဆေးပြီးသော် သူ့မျက်နှာသည် ပျော်ရွှင်ဝမ်းမြောက်မှုဖြင့် ဝင်းပသွား၏။ အချိန်အနည်းငယ်ကြာပြီးနောက် သူက ပိုင်ရှောင်ချန်းကို အလောင်းကောင်အလား စက်ဆုပ်ရွံရှာစွာကြည့်လိုက်လေသည်။ သူ လှည့်ပြန်သွားပြီးနောက်တွင် သူ့နောက်ရှိ ခြံဝင်းထဲ၌ စကားတစ်ခွန်း ပဲ့တင်ထပ်ကျန်ခဲ့တော့သည်။

" မင်း၊ မင်းက ကိုယ့်ကိုယ်ကိုယ် အသတ်ခံရေအာင် လုပ်နေတာပဲ "

ပိုင်ရှောင်ချန်းသည် မျိုးနွယ်စုခေါင်းဆောင် အလင်းတန်းအသွင် ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်သည်။ ထို့နောက် သူက ရှုပ်ထွေးသော ခံစားချက်များနှင့် ခြံဝင်းပတ်လည်ကို ကြည့်လိုက်လေသည်။ နောက်ဆုံးတွင် သူသက်ပြင်းချလိုက်တော့သည်။

" ပိုင်ဟောက်၊ ဟင်း ပိုင်ဟောက်ရာ၊ မင့်ဝိညာဥ်သာ ဒီမှာရှိရင် ဒါတွေအားလုံးမြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်ကွာ "

ထို့နောက် သူက စုတ်ပြတ်သပ်နေသော အဝတ်အစားများ၊ ပျက်စီးဆွေးမြည့်နေသော ကစားစရာများကို နေရာတကျလုပ်လိုက်ပြီးနောက် ရေတွင်းကို လှမ်းကြည့်လိုက်သည်။

ရေတွင်းထဲသို့ နတ်ဘုရားအာရုံများ ပို့လွှတ်လိုက်ပြီးနောက် အထဲတွင် မည်သည့်အလောင်းမှ မရှိကြောင်း အတည်ပြုလိုက်ကာ တိတ်ဆိတ်စွာ ထွက်ခွာ၍ မြောက်ပိုင်းဒေသထံ ဦးတည်လိုက်လေသည်.....

***

ပိုင်မျိုးနွယ်စုအောက်ခြေတွင် ပြန့်ကျဲနေသော သင်္ချိုင်းဂူများရှိပြီး ယခုတွင် မျိုးနွယ်စုခေါင်းဆောင်သည် ထိုနေရာ၌ ရပ်နေ၏။ သူက လက်ယှက်ထားပြီး တံခါးကြီးတစ်ခုရှေ့တွင် ခါးကိုင်းဦးညွှတ်နေသည်။

အချိန်အနည်းငယ်ကြာသော် တံခါးမှ အဘိုးအိုတစ်ယောက်၏ နားမခံနိုင်သော အသံကြီးပေါ်ထွက်လာ၏။ စကားလုံးတစ်လုံးချင်းစီသည် ကောင်းကင်နှင့်မြေပြင်တွင် ပြောင်းလဲမှုများ ဖြစ်သွားနိုင်စွမ်းရှိပုံပေါ်သည်။

" စောစောက မင်းရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်ပြီ"

" ကျေးဇူးအများကြီးတင်ပါတယ် ခေါင်းဆောင်ကြီး"

မျိုးနွယ်စုခေါင်းဆောင်သည် ရင်ထဲရှိစိတ်လှုပ်ရှားမှုများကို ဖိနှိပ်ရန် အကောင်းဆုံးလုပ်လိုက်ပြီး ပို၍ ခါးကိုင်းကာ အလေးအနက် အရိုအသေပေးလိုက်၏။ ဤခေါင်းဆောင်ကြီးသည် ဘိုးဘွားပိုင်နယ်မြေကို ဖွင့်ပေးရန်ထက်ပိုသော အခွင့်အရေးကို ပေးလိုက်ခြင်းဖြစ်ကြောင်း သူ ကောင်းကောင်းသိလေသည်။

သူက နတ်ဝိညာဥ်ကို ပိုင်ချီအား ပေးရန် သဘောတူနေခြင်းလည်း ဖြစ်သည်။

အမှန်တွင် ပိုင်ချီအတွက်သာ ဘိုးဘွားပိုင်နယ်မြေကို ဖွင့်ပေးရန် မဖြစ်နိုင်ပေ။ ယင်ယန်ဝိညာဥ်အဆင့်အောက်ရှိ မည်သူ့ကိုမဆို ဝင်ရောက်ခွင့်ပြုရမည်ဖြစ်သည်။ ပိုင်မျိုးနွယ်စု မည်မျှကြီးသည်လဲ စဥ်းစားကြည့်လျှင် ခေါင်းဆောင်ကြီးသည် သွေးနှောမျိုးဆက်များကို တူညီသော အခွင့်အရေးပေးရန် လိုအပ်လေသည်။

သို့သော် သူ့တွင် ပိုင်ချီတစ်ယောက်တည်းသာ နတ်ဝိညာဥ် သေချာရစေရန် သဘာဝဆန်သော လျှို့ဝှက်နည်းလမ်းများရှိလေသည်။

" မင်းသွားလို့ရပြီ။ နောက်တစ်လကြာရင် ပွဲစမယ်"

မျိုးနွယ်စုခေါင်းဆောင်က အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် လေးစားရိုသေစွာ ထွက်ခွာသွားသည်။

မကြာမီ ဘိုးဘွားပိုင်နယ်မြေဖွင့်ခြင်းအကြောင်းနှင့် ပတ်သက်သော သတင်းများ ပိုင်မျိုးနွယ်စုတစ်ခွင်ဘပျံ့နှံ့လာ၏။ ဝင်ရောက်ရန်လိုအပ်သော သတ်မှတ်ချက်များနှင့် လျော်ညီသည့် မျိုးနွယ်စုဝင်များအားလုံး အလွန်စိတ်လှုပ်ရှားလာကြတော့သည်။

ဘိုးဘွားပိုင်နယ်မြေထဲတွင် နတ်ဝိညာဥ်တစ်ကောင်ရှိသည်ကို လူအများ ကြားသိထားခြင်းကြောင့် ဆိုလျှင် ပိုမှန်လိမ့်မည်။ သွေးနှောမျိုးဆက်များမှ လက်ရွေးစင်အားလုံးသည် တစ်ယောက်နှင့်တစ်ယောက် ယှဥ်ပြိုင်နိုင်မည့် အခွင့်အရေးကြောင့် စိတ်လှုပ်ရှားမှုများ ပို၍ ကြီးထွားလာကြလေသည်။

ဘိုးဘွားပိုင်နယ်မြေဖွင့်ခြင်းသည် ကိစ္စကြီးတစ်ရပ်ဖြစ်ပြီး အတွင်းထဲမှာ ကျင်းပမည့် နတ်မီးလျှံစမ်းသပ်ပွဲသည် ပိုင်မျိုးနွယ်စုတစ်စုလုံးကို တုန်လှုပ်သွားစေမည့်အရာဖြစ်သည်။ ပြင်ဆင်မှုများ ဆောင်ရွက်၍ တခမ်းတနား ပျော်ပွဲရွှင်ပွဲကျင်းပနေကြတော့သည်။

သခင်မချိုင်မှာ အလွန်တရာ ကျေနပ်အားရနေပြီး ပိုင်ချီအတွက် အဆင်သင့်ဖြစ်နေသည့် မယုံကြည်နိုင်ဖွယ် အလားအလာများကို စိတ်ကူးယဥ်နေတော့သည်။

ပိုင်ချီသည်လည်း အလားတူ ပျော်ရွှင်ဝမ်းမြောက်နေ၏။ အမှန်တကယ်တော့ သူတစ်ယောက်သာ သိနိုင်သည့် အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ သူ့ပါးစပ်ကို ပိတ်ထားရလေသည်။ သွေးနှောမျိုးဆက်များမှ လက်ရွေးစင်များက ပြိုင်ပွဲဝင်ရန် မည်မျှထက်သန်နေကြလဲဆိုသည်ကိုကြည့်ကာ သူ့ စိတ်ထဲတွင် ကြိတ်လှောင်နေ၏။

" အဲဒီ နတ်ဝိညာဥ်က ငါ့အပိုင်ကွ "

ပိုင်ရှောင်ချန်းသည် ဘိုးဘွားပိုင်နယ်မြေဖွင့်မည်ကို သိထားခဲ့သော်လည်း အသေးစိတ်အကြောင်းအရာတစ်ခုမှ မသိပေ။ သို့သော်လည်း ထိုပွဲမည်မျှ ခမ်းနားကြီးကျယ်သည်ကို မကြာခင် သူပိုမို သိရှိလာတော့သည်။

" ဖွင့်ဖို့ တစ်လလောက်ပဲ လိုတော့တယ် "

သူက မျှော်လင့်ချက်များတောက်ပနေသော မျက်ဝန်းများဖြင့် တွေးလိုက်သည်။ သူက ပိုင်မျိုးနွယ်စုကို စက်ဆုပ်နေပြီဖြစ်သော်လည်း အချိန်မှန်မရောက်ခင်အထိ သူ၏ဒေါသများကို ချုပ်တည်းထားရန် လိုကြောင်း သိလေသည်။

" ငါ ဒါကို မင်းအတွက်လုပ်နေတာ ပိုင်ဟောက်။ ဘိုးဘွားပိုင်နယ်မြေကိုရောက်တဲ့အချိန်ကျရင် မျိုးနွယ်စုတစ်စုလုံး တုန်လှုပ်သွားစေရမယ်"

ဘိုးဘွားပိုင်နယ်မြေသည် အလွန်အမင်း အန္တရာယ်များလှမည်မဟုတ်ကြောင်း သူယုံကြည်ချက်ရှိသော်လည်း “ ကျားပါးစပ်မှ အစာကို ခိုးလျှင် ဒေါသထွက်နေသော ကျား၏လိုက်ဖမ်းခံရခြင်းဖြင့်သာ အမြဲအဆုံးသတ်သွားရမည် “ ကို သူသိလေသည်။ ဘိုးဘွားပိုင်နယ်မြေတွင် သူလှုပ်ရှားမှုတစ်စုံတရာလုပ်လိုက်သည်နှင့် အလွန်အန္တရာယ်များလှသော အခြေအနေကို အစပျိုးလိုက်မိပြီဖြစ်သည်။

ထို့ကြောင့် သူ့အနေဖြင့် ဘေးကင်းလုံခြုံစွာနေနိုင်ရန် အကွက်ကျကျပြင်ဆင်ထားရန်လိုသည်။

" မြေရိုင်းဒေသက အရမ်းကျယ်တဲ့နေရာကြီးပဲ။ ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီး၊ ငါ့ကို ဘယ်လောက်ဝေးဝေးထိလိုက်ဖမ်းနိုင်မလဲ စောင့်ကြည့်ရုံပေါ့။ ငါ့ရဲ့ ဝိညာဥ်သိုလှောင်စေတီကို ဖောက်ခွဲပစ်တာက ပိုင်မျိုးနွယ်စုနဲ့ ဒီပတ်ဝန်းကျင်မှာရှိတဲ့ တခြားမျိုးနွယ်စုနှစ်ခုကြားက ချိန်ခွင်လျှာကို ပြောင်းပစ်နိုင်တယ်။ နတ်အဆင့်ခေါင်းဆောင်ကြီးသာ ဒါကို သိရင် ငါ့ကို လိုက်ဖမ်းရဲဦးမလား ကြည့်ကြသေးတာပေါ့"

" အင်း ခေါင်းဆောင်ကြီးအပြင် ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်တွေ အပါအဝင် ရင်ဆိုင်ရမယ့် တခြား ပိုင်မျိုးနွယ်စုဝင်တွေ ရှိသေးတယ်။ ငါ ပေါ့လို့မရဘူး"

ပိုင်ရှောင်ချန်းမှာ အလွန်စိုးရိမ်နေသော်လည်း သူစိတ်ပိုင်းဖြတ်ပြီးသွားလေပြီ။ နတ်ဝိညာဥ်ကို ခိုးပြီးသည်နှင့် ချက်ချင်းထွက်ပြေးမည်ဖြစ်သည်။

" ဒါ့အပြင် ပိုင်မျိုးနွယ်စုမှာ ရန်သူတစ်ယောက်မှ မရှိဘူးဆိုတာ မယုံဘူး "

အေးစက်သောအလင်းများ သူ့ မျက်လုံးများထဲ တောက်ပလာြပီး ကျင့်ကြံခြင်းအပေါ် သူ ပြန်စိတ်နှစ်လိုက်သည်။

နေ့ရက်များစွာ ကုန်ဆုံးသွား၏။ ပိုင်ရှောင်ချန်းကို မည်သူမျှ အာရုံစိုက်မနေပေ။ သူကလည်း တဲအိမ်ထဲက မထွက်ချေ။ သူ၏ ဆေးလုံးများသည် လျင်မြန်စွာ နည်းပါးလာနေသော်လည်း တစ်ရက်တွင် သူ၏ ထာဝရအရွတ်အကြောများနှင့် ပတ်သက်၍ ကိစ္စရပ်ကြီးတစ်ခု ဖြစ်ပျက်သွားခဲ့သည်။

၄င်းမှာ လုံးဝ အဆင့်တက်သွားခြင်း ဖြစ်သည်။

ထာဝရအသက်ရှည်နည်း ကျင့်စဥ်၏ တတိယအဆင့်ကို ပြီးမြောက်သွားသည့် အခိုက်အတန့်တွင် သူ့ကိုယ်ထဲ၌ ထစ်ခြုန်းမြည်သံများ ပြည့်နှက်သွားပြီး ရွှေရောင်အလင်းများ ဖြာထွက်လာကာ သူ၏အဝတ်များကို ထိုးဖောက်၍ နေရာတစ်ခုလုံးပြည့်သွားတော့သည်။

တချိန်တည်းမှာပင် တောင်တစ်တောင်လုံး၏ အလေးချိန်ကဲ့သို့ အရာတစ်ခု သူ့အပေါ် ဖိနှက်နေသည်ကို သေချာခံစားလိုက်ရလေသည်။ ထိုသည်မှာ တတိယမြောက် အတားအဆီးက လွဲ၍ တခြားမဟုတ်ပေ။

သူက ဖိနှိပ်နေသည့် တောင်အလေးချိန်ကို ဖျက်စီးကာ ယခင်ကထက် ပို၍ အံ့ဩဖွယ်ကောင်းသော အရာတစ်ခုအဖြစ် ပြောင်းလဲရန် ထိုအတားအဆီးကို အသည်းအသန်ကျော်ဖြတ်ချင်နေသည်။

သို့သော် ထိုသို့မပြုလုပ်ခင် ယင်ယန်ဝိညာဥ်တစ်ခုဖြစ်တည်သည်အထိ စောင့်ရန်လိုကြောင်း သူသိသည်။ ထိုအချိန်တွင် သူထုတ်ဖော်နိုင်မည့်စွမ်းအားကသာလျှင် အတားအဆီးကို ချိူးဖျက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

All Chapters