ကံကြမ္မာဒီရေက အရှေ့ကို စီးဆင်းသွားတယ်
Vol. 113 Ch. 1726
စစ်ပွဲအကျိုးပြုအမှတ်သည် စစ်တပ်အတွင်း၌ ကျင့်ကြံသူများ၏ ရာထူးတိုးမြှင့်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက် ဖြစ်သည်။
ယင်းက စစ်မြေပြင်အားလုံးတွင် ကျင့်ကြံခြင်းအရင်းအမြစ်များကို ရယူနိုင်သော တစ်ခုတည်းသောငွေကြေးလည်း ဟုတ်၏။
သို့ဖြစ်၍ စစ်ပွဲအကျိုးပြုအမှတ်၏ အသုံးဝင်ပုံနှင့် တန်ဖိုးက အလွန်ကြီးမားသည်။
စစ်မြေပြင်အတွင်းမှာ စစ်ပွဲအကျိုးပြုအမှတ်များကို ရယူခြင်းက ခက်ခဲသောကိစ္စမဟုတ်သော်လည်း စစ်ပွဲအကျိုးပြုမှုအမှတ်တစ်သန်းက ခက်ခဲသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။
တစ်စုံတစ်ယောက်သည် ထိုသို့အမှတ်တစ်သန်းရရန် အနည်းဆုံး နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားဆယ်ပါး သို့မဟုတ် အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးကို သုတ်သင်ရှင်းလင်းပစ်ရလိမ့်မည်။
အမှတ်ဆယ်သန်းသည်တော့ ယင်းကို အစစ်အမှန်နတ်ဘုရားတစ်ပါးအား သတ်ဖြတ်ခြင်းဖြင့်သာ ရရှိနိုင်သည်။
…..
သို့သော်လည်း ယခုတော့ ကြယ်တာရာမျက်လုံးနတ်သမီး၏ တည်နေရာကို ခြေရာခံပေးနိုင်ရုံဖြင့် စစ်ပွဲအကျိုးပြုမှုအမှတ်တစ်သန်းကို ရရှိနိုင်လိမ့်မည်။ ထို့ပြင် ၎င်းကို အသက်ရှင်လျက် ဖမ်းဆီးပေးနိုင်မည်ဆိုလျှင် စစ်ပွဲအကျိုးပြုမှုအမှတ်ဆယ်သန်းကို ရရှိနိုင်လိမ့်မည်။
ထိုသို့ဆုလာဘ်က ကျင့်ကြံသူအများအပြားအတွက် မခုခံနိုင်သော သွေးဆောင်မှု ဖြစ်သည်။
ထို့ပြင် စစ်ပွဲအကျိုးပြုအမှတ်သာမက မူလအနှစ်သာရကိုလည်း ရရှိဦးလိမ့်မည်။
မူလအနှစ်သာရကို ယူနစ်ဖြင့် တိုင်းတာသည်။
ဥပမာ ရိက္ခာထိန်းသိမ်းသူဌာနတွင် ရွှီချင်းထမ်းဆောင်ခဲ့သော အစောပိုင်းတာဝန်များ၌ သူတို့၏ စုစုပေါင်းရိတ်သိမ်းမှုက မူလအနှစ်သာရတစ်ရာယူနစ် ရှိသည်။
ထိုသို့နှိုင်းယှဉ်မည်ဆိုလျှင် ဤတာဝန်မှ ပေးအပ်သော ဆုလာဘ်က မည်မျှကြီးမားကြောင်း မြင်နိုင်လိမ့်မည်။ တစ်စုံတစ်ယောက်သည် ကြယ်တာရာမျက်လုံးနတ်သမီး၏ တည်နေရာကို သတင်းပေးနိုင်ရုံဖြင့် အတိတ်မှာ ရွှီချင်း၏ တစ်ဖွဲ့လုံး စုဆောင်းထားခဲ့သော မူလအနှစ်သာရပမာဏ၏ တစ်ဆယ်ရာခိုင်နှုန်းကို ရရှိလိမ့်မည်။
သို့ဖြစ်၍ နတ်သမီးကို အရှင်ဖမ်းဆီးနိုင်လျှင် ရရှိမည့် မူလအနှစ်သာရတစ်ရာယူနစ်က မည်မျှတန်ဖိုးကြီးမားကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။
သို့ဖြစ်၍ ထိုအမိန့်ကို ထုတ်ပြန်လိုက်သည်နှင့်ချက်ချင်း ရှေ့တန်းစစ်မြေပြင်မှ ကျင့်ကြံသူအများစုက ရူးသွပ်သွားကြသည်။ ထပ်တိုးဆုလာဘ်အနေဖြင့် မူလအနှစ်သာရကိုလည်း ရရှိလိမ့်မည်ဖြစ်သောကြောင့် ယင်းက စစ်သည်တော်များထဲမှ လက်ရွေးစင်ကျင့်ကြံသူများကိုပင် သွေးဆောင်နိုင်သွားသည်။
သို့သော်လည်း ထိုလက်ရွေးစင်များထဲမှ အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကို အမှန်တကယ် စိတ်လှုပ်ရှားစေခဲ့သည်မှာ အစစ်အမှန်ဦးသျှောင်ဟူသော တာအိုဘွဲ့နာမည် ဖြစ်သည်။ အမှန်မှာ ယင်းက စစ်တပ်များထဲမှ အထွတ်အထိပ်အဆင့် ခြေလှမ်းဝက်အင်မော်တယ်များကိုပင် စိတ်လှုပ်ရှားစေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ယင်းက အစစ်အမှန်ဦးသျှောင်ဘွဲ့ မဟုတ်ပါလော။
အစစ်အမှန်ဦးသျှောင်ဟူသည်မှာ အင်မော်တယ်အရှင်သခင်များ၏ တပည့်များသာလျှင် ရရှိနိုင်သော တမူထူးခြားသည့် တာအိုဘွဲ့ဖြစ်သည်။
ယင်းက ကျင့်ကြံသူ၏ သရုပ်အဆင့်အတန်းကိုသာမက ကျင့်ကြံခြင်းအရင်းအမြစ်များနှင့် အနာဂတ်အလားအလာကိုလည်း ကိုယ်စားပြုသည်။
တစ်နည်းဆိုရလျှင် ယင်းက နတ်သမီးအား အရှင်ဖမ်းဆီးပေးနိုင်သော မည်သူမဆို အင်မော်တယ်အရှင်သခင်တစ်ပါးကို သူတို့၏ ဆရာအဖြစ် အသိအမှတ်ပြုနိုင်လိမ့်မည်ဟု အဓိပ္ပာယ်ရသည်။
ထိုသို့ဆုလာဘ်များက ကျင့်ကြံသူအားလုံးနီးပါးကို သွေးပွက်ပွက်ဆူသွားစေရန် လုံလောက်သည်။
ကျန်ရှိသူများသည်တော့ အခြေခံအားဖြင့် အင်အားစုအသီးသီးမှ တပ်မှူးများ၊ အဆင့်နိမ့်အင်မော်တယ်အဆင့်သို့ ရောက်ရှိနေကြသော ကျင့်ကြံသူများနှင့် စစ်တပ်အသီးသီးမှ ဧည့်သည်အကြီးအကဲများ ဖြစ်ကြသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံနှင့် သရုပ်အဆင့်အတန်းက တခြားလူများထက် အများကြီး ပိုမြင့်မားသည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ သူတို့၏ မျက်လုံးထဲမှာပင် ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာလေသည်။
သူတို့အားလုံးက စိတ်လှုပ်ရှားသွားကြသည်။
အဘယ့်ကြောင့်ဆိုသော် ယင်းက နတ်သမီးကို အရှင်ဖမ်းဆီးပေးနိုင်လျှင် ရရှိမည့် နောက်ဆုံးဆုလာဘ်ကြောင့် ဖြစ်သည်။
အင်မော်တယ်အရှင်သခင်အဆင့် တာအိုလက်နက်…
ယင်းက အင်မော်တယ်အရှင်သခင်တစ်ပါး၏ စွမ်းအား ကိန်းအောင်းနေသည့် အထွတ်အမြတ် ရတနာဖြစ်သည်။
ထိုသို့အထွတ်အမြတ်ရတနာများက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ အရေအတွက်အနည်းငယ်သာ ရှိသည်။
သို့ဖြစ်၍ အဆင့်နိမ့်အင်မော်တယ်များသည်ပင် ယင်းကို လိုချင်တပ်မက်ကြသည်။
ထို့ကြောင့် ထိုအမိန့်တော်ကို ထုတ်ပြန်လိုက်သည်နှင့်ချက်ချင်း ဘယ်တောင်ပံစစ်ပွဲဇုန်ထဲမှ ရှေ့တန်းစစ်မြေပြင်တစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားသည်။
လျှပ်တစ်ပြက်အတွင်းမှာ နတ်သမီးကို လိုက်လံရှာဖွေမှုက ဖော်မပြနိုင်သော အရှိန်အဟုန်ဖြင့် စတင်လာသည်။
စစ်တပ်အားလုံး၊ ကျင့်ကြံသူအားလုံးနှင့် အလောင်းကောက်အဖွဲ့များသည်ပင် ဤရှာဖွေမှုမှာ ပူးပေါင်းပါဝင်လာကြသည်။
အဆင့်နိမ့်အင်မော်တယ်များက ကိုယ်တိုင်လိုက်ရှာဖွေကြသည့်အပြင် နေရာအနှံ့မှာ ပြန့်ကျဲနေကြသော သူတို့၏ လက်အောက်ငယ်သားများကိုလည်း ညွှန်ကြားထားကြသည်။ မည်သူမဆို နတ်သမီးနှင့်ပတ်သက်သော သဲလွန်စတစ်ခု ရှာတွေ့သည်နှင့် ကြီးမားသော ဆုလာဘ်များ ရရှိလိမ့်မည်ဟု သူတို့က ကတိပေးထားကြသည်။
ကျင့်ကြံသူအားလုံးက ထိုအတိုင်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ ရွှီချင်းရှိနေသော စစ်မြေပြင်တွင် သူ့ဘေးမှ တတ်လှမ်းသူများသည်လည်း မျက်လုံးတောက်ပနေကြသည်။ သူတို့အားလုံးက သွေးဆောင်ခံလိုက်ကြရသည်။
အထူးသဖြင့် ရှဲလင်းဇီဖြစ်သည်။ သူ၏ မျက်လုံးက နီရဲနေသည်။
သူ့အတွက်တော့ ဓားကျိုးက သူ၏ စွမ်းအင်ဇစ်မြစ်ဖြစ်သလို သူ၏ အားနည်းချက်လည်း ဖြစ်သည်။ သူက ဓားကျိုးကို တစ်ချိန်လုံး ဖိနှိပ်ထားရန် လိုအပ်သည်။ အကယ်၍ သူသာ သတိလက်လွတ်ပြုမူလိုက်မည်ဆိုလျှင် သူက ဓားကျိုး၏ ထိန်းချုပ်ခံရပြီး ရုပ်သေးရုပ် ဖြစ်လာလိမ့်မည်။
သို့သော်လည်း အကယ်၍ သူသာ အင်မော်တယ်အရှင်သခင်တစ်ပါးကို သူ့ဆရာအဖြစ် အသိအမှတ်ပြုနိုင်မည်ဆိုလျှင် အရာအားလုံးက ကွာခြားသွားလိမ့်မည်။
လီမုန့်တု၏ အသက်ရှူသံသည်လည်း အနည်းငယ် မြန်ဆန်လာသည်။ သူက သူ့ဆရာ အဆိပ်ဘုရင်၏ ကမ္မလက်အောက်မှ လွတ်မြောက်ချင်သည်။ ဤအမိန့်တာဝန်ထဲမှ ဆုလာလ်များက သူ့အတွက် အခွင့်အရေး ဖြစ်သည်။
သူတို့ချည်းသာ မဟုတ်ပေ။ ယွင်ရှန်းစုနှင့် တခြားတတ်လှမ်းသူများသည်လည်း ထို့အတူပင်။
သူတို့တစ်ယောက်ချင်းစီမှာ တခြားလူများကို မပြောပြချင်သော ကိုယ်စီအခက်အခဲများနှင့် အိမ်မက်များ ရှိကြသည်။
ယခု သူတို့က ထိုအခက်အခဲများမှ လွတ်မြောက်နိုင်မည့် မျှော်လင့်ချက်နှင့် သူတို့၏ အိမ်မက်များကို ဖြစ်မြောက်ရန် စွမ်းဆောင်နိုင်မည့် အခွင့်အရေးကို ရှာတွေ့သွားကြသည်။
ချမ်ကျွင်းနှင့် ပိုင်ရီက ပိုပြီးစိတ်လှုပ်ရှားသွားကြသည်။
သူတို့နှစ်ယောက်၏ အတွေးများက အလွန်ရိုးရှင်းသည်။ ဤအခိုက်အတန့်တွင် သူတို့တွေးနေကြသည်မှာ အင်မော်တယ်အရှင်သခင်တစ်ပါးကို သူတို့၏ ဆရာအဖြစ် အသိအမှတ်ပြုသည့်အခါကျလျှင် ရွှီချင်းက သူတို့၏ အရှေ့မှာ မည်သို့ရိုသေကျိုးနွံသွားမလဲ ဖြစ်သည်။
ထိုမြင်ကွင်းကို စိတ်ကူးကြည့်ရုံဖြင့် သူတို့က စိတ်လှုပ်ရှားလာကြသည်။
ကြယ်တာရာစက်ဝန်း၏ မျက်လုံးထဲမှာပင် ထူးဆန်းသော အလင်းရောင်က ထွက်ပေါ်လာသည်။
ဤဆုလာဘ်များက အလွန်တန်ဖိုးကြီးမားသည်။
တစ်ချိန်တည်းမှာ ဤအမိန့်တာဝန်က အစောနက သူတို့၏ သုံးသပ်မှုက မမှားယွင်းကြောင်း ဖော်ပြပေးခဲ့သည်။
ဤနတ်သမီးက အလွန်အမင်း အရေးကြီးသည်။
ယင်းက ၎င်းကို အရှင်ဖမ်းဆီးစေရသည့် အဓိကအကြောင်းအရင်း ဖြစ်သည်။
ကျိုးကျန်းလီသည်လည်း ဖော်မပြနိုင်အောင် သွေးဆောင်ခံလိုက်ရသည်။ သို့သော်လည်း သူ၏ အကြည့်က ရွှီချင်းအပေါ်သို့ ကျရောက်သွားသည့်အခါ ရွှီချင်း၏ အမူအရာက မည်သို့မှ မပြောင်းလဲသွားကြောင်း သူမြင်သွားသည်။ ထိုအခါ သူ၏ နှလုံးက ချက်ချင်း ငြိမ်သက်သွားသည်။
တစ်ခဏတွေးတောပြီးနောက် တစ်စုံတစ်ခု လွဲမှားနေကြောင်း သူခံစားမိသွားပြီး ချက်ချင်း ပြောသည်။
“ အားလုံးပဲ… အလျင်မလိုကြပါနဲ့ ”
သူ၏ စကားသံက တတ်လှမ်းသူအားလုံး၏ အသိစိတ်ထဲမှာ မိုးခြိမ်းသံသဖွယ် ကျဆင်းသွားပြီး တစ်ခဏကြာ ပဲ့တင်ထပ်သွားသည်။
လူတိုင်းက သူ့ကို လှမ်းကြည့်လိုက်သည့်အခါ ကျိုးကျန်းလီက တည်ကြည်လေးနက်စွာ ပြောသည်။
“ အားလုံးပဲ… နတ်သမီးရဲ့ သရုပ်နဲ့ အဆင့်အတန်းကြောင့် တကယ်လို့ သူက ဒဏ်ရာရရှိထားတယ်ဆိုရင်တောင်… ငါတို့ သူ့ကို လျော့မတွက်သင့်ဘူး ”
“ ဘာပဲပြောပြော သူ့ရဲ့ ခမည်းတော်က နတ်ဧကရာဇ်ချီအူဇီမဟုတ်လား ”
“ သူ့မှာ အသက်ကယ်နည်းလမ်းတွေနဲ့ အစောင့်အရှောက်တွေ သေချာပေါက် ရှိရမယ်… သူ့ရဲ့ အစောင့်အရှောက်အများစုက စစ်မြေပြင်မှာ သေဆုံးသွားကြပြီလို့ တိုက်ပွဲသတင်းထဲမှာ ဖော်ပြထားပေမဲ့… ”
“ သူ့မှာ အရံအစီအစဉ်မရှိတော့ဘူးလို့ ငါမယုံဘူး ”
“ ဒါကြောင့် ဒီတာဝန်ရဲ့ ဆုလာဘ်က အရမ်းကြီးမားသလို အန္တရာယ်ကလည်း အတော်လေး မြင့်မားတယ် ”
ကျိုးကျန်းလီက စကားပြောလိုက်သည်နှင့်ချက်ချင်း ယွင်ရှန်းစုနှင့် တခြားလူများက နှုတ်ဆိတ်သွားကြသည်။ စူးရှသော အလင်းက ရှဲလင်းဇီ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
“ အဓိပ္ပာယ်မရှိတာ… ငါတို့ကျင့်ကြံသူတွေဆိုတာ ကောင်းကင်ဘုံဆန့်ကျင်တဲ့ လမ်းစဉ်ကို လျှောက်လှမ်းကြတဲ့ လူတွေပဲ… ဘယ်အရာကို လွယ်လွယ်ကူကူ ရခဲ့ဖူးလို့လဲ… ငါတို့က လိုချင်တာကို အမြဲတမ်း တိုက်ခိုက်ပြီး ရယူခဲ့ကြတယ်… ငါတို့အရှေ့မှာ ကောင်းကင်ဘုံက ဝင်ရှုပ်နေရင် ကောင်းကင်ဘုံကို တိုက်ခိုက်ပစ်မယ်… နတ်ဘုရားတွေက ဝင်ရှုပ်နေရင် နတ်ဘုရားတွေကို တိုက်ခိုက်ပစ်မယ် ”
ကျိုးကျန်းလီက နှာခေါင်းရှုံ့လိုက်သည်။
“ အစစ်အမှန်နတ်ဘုရားတစ်ပါးနဲ့ ရင်ဆိုင်ရမယ်ဆိုရင်ရော… ငါတို့ သတိတစ်ချက်လွတ်သွားရင် တစ်ဖွဲ့လုံး အမြစ်ဖြတ်သုတ်သင်ရှင်းလင်းခံရလိမ့်မယ် ”
ယင်းကို ရှဲလင်းဇီကြားသောအခါ သူက နှာခေါင်းရှုံ့လိုက်ပြီး တခြားလူများကို ကြည့်လိုက်သည်။
မကြာမီ လူတိုင်း၏ အသံက တစ်ယောက်တစ်ပေါက် ထွက်ပေါ်လာပြီး သူတို့၏ အမြင်ကိုယ်စီကို ထုတ်ဖော်လိုက်ကြသည်။
သူတို့ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများက မတူညီကြလေရာ ထုံးစံအားဖြင့် သူတို့၏ အမြင်များက ကွဲပြားခြားနားကြသည်။
သူတို့က ကိစ္စတစ်စုံတစ်ရာဖြင့် တွေ့ကြုံရသည့်အခါ လူတိုင်း၏ အမြင်များကို အနှစ်ချုပ်ရန် လိုအပ်ပြီး မှန်ကန်သော သုံးသပ်မှုကို ပြုလုပ်ရလိမ့်မည်။ နောက်ဆုံးမှာတော့ ယင်းကို ဆုံးဖြတ်ချက်ချရန်အလို့ငှာ ရွှီချင်းထံသို့ တင်ပြရလိမ့်မည်။
တစ်ယောက်နှင့်တစ်ယောက်က ဤတာဝန်ကို ထမ်းဆောင်သင့် မထမ်းဆောင်သင့်နှင့်ပတ်သက်ပြီး အငြင်းပွားနေကြစဉ် ရွှီချင်းက တိတ်ဆိတ်စွာ တွေးတောလိုက်သည်။ သူက ခေါင်းမော့လိုက်ပြီး အဝေးမှ ကြယ်တာရာကောင်းကင်ကို ကြည့်လိုက်သည်။
အရိပ်လေးထံမှ စိတ်ခံစားချက်များက သူ၏ အသိစိတ်ထဲသို့ အစောကြီးကတည်းက ဝင်ရောက်လာနေခဲ့သည်။ ယင်းက အချိန်အတော်ကြာအောင် ပဲ့တင်ထပ်နေခဲ့သည်။
“ သ… သခင်… ကြီးမားတဲ့… ”
“ အမွှေးအနံ့… ”
အရိပ်လေးက ၎င်း၏ စိတ်အာရုံကို ရွှီချင်းဆီသို့ ပေးပို့ရန် အကောင်းဆုံး ကြိုးစားနေသည်။
ကံကြမ္မာစိတ်အာရုံသည်လည်း ရွှီချင်း၏ ဝိညာဉ်ထဲမှာ ပရမ်းပတာ လှိုင်းထနေသည်။ အချိန်ကြာလာသည်နှင့်အမျှ ယင်းက တဖြည်းဖြည်း ကြီးမားလာသည်။
အစောနက တိုက်ပွဲသတင်းများကို သူဖတ်ရှုလိုက်သည့်အခိုက်မှာ သူ၏ ခန့်မှန်းမှုက မမှားယွင်းကြောင်း အတည်ပြုနိုင်ခဲ့သည်။ နာကျင်မှုနတ်ဘုရား၏ နတ်ဘုရားအခွင့်အာဏာအစွမ်းမှ ပုံရိပ်ယောင်က အမှန်တကယ် ဖြစ်ပေါ်လာသည်။
နတ်သမီးတစ်ပါးက ရှေ့တန်းစစ်မြေပြင်မှာ အမှန်တကယ် ရှိနေသည်။
သူမျှော်လင့်ထားသကဲ့သို့ပင်…
ကံကြမ္မာက ရေလှိုင်းများသဖွယ် နတ်သမီးကို သူ့ဆီသို့ ပို့လွှတ်နေသည်။
“ သခင်… သိပ်မဝေးဘူး… ”
“ သူက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားတယ်… ဒါပေမဲ့ အရိပ်လေးက သန်မာတယ်… သူ့ရဲ့ တည်နေရာကို ပစ်မှတ်ထားလိုက်ပြီ ”
အရိပ်လေး၏ စိတ်ခံစားချက်များက ပိုပြီးပရမ်းပတာဖြစ်လာသည်။
တစ်ချိန်တည်းမှာ ကျိုးကျန်းလီနှင့် တခြားလူများကြားမှ ဆွေးနွေးမှုက အဆုံးသတ်သွားသည်။
“ မင်းက သေရမှာကြောက်တယ်ဆိုရင် ဘာလို့ ကျင့်ကြံနေသေးလဲ ”
“ အန္တရာယ်က အရမ်းမြင့်မားတယ်ဆိုရင်တောင် နတ်သမီးကို ငါတို့တွေ့တာနဲ့ ချက်ချင်း သတင်းပေးပို့နိုင်တာပဲ… စစ်ပွဲအကျိုးပြုမှုအမှတ်တစ်သန်းနဲ့ မူလအနှစ်သာရ တစ်ဆယ်ယူနစ်ကလည်း မဆိုးပါဘူး ”
“ အားလုံးပဲ အရိုးသားဆုံး ပြောကြရအောင်… ငါတို့ ဒီမှာ ဆွေးနွေးနေတာက ဘာအဓိပ္ပာယ်မှမရှိဘူး… ရှေ့တန်းစစ်မြေပြင်က ဘယ်လောက်ကျယ်ပြောလဲဆိုတာ တိုင်းတာမရနိုင်ဘူး… အဲ့ဒီလိုကျယ်ပြောတဲ့ နေရာမှာ ငါတို့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ နတ်သမီးကို ရှာတွေ့ဖို့က လုံးဝမဖြစ်နိုင်သလောက်ပဲ ”
“ အဲ့ဒါက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုပဲ… ဒါပေါ့ ကံကြမ္မာရဲ့ သတ်မှတ်ချက်ကြောင့် ငါတို့က နတ်သမီးနဲ့ တွေ့ဆုံသွားမယ်ဆိုရင်တော့ မပြောတတ်ဘူး ”
“ ဒီတော့… ”
စကားပြောနေရင်း လူတိုင်း၏ အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။ ကျိုးကျန်းလီက နူးညံ့စွာ သက်ပြင်းချလိုက်ပြီးနောက် ရွှီချင်းကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
ရွှီချင်းက ခေါင်းလှည့်လိုက်ပြီး ကြယ်တာရာကောင်းကင်ထံမှ အကြည့်ပြန်ရုပ်လိုက်သည်။ ထို့နောက် သူက ဤခရီးတစ်လျှောက်မှာ ရဲဘော်ရဲဘက်ဖြစ်ခဲ့ကြသော သူ့အဖွဲ့သားများကို ကြည့်လိုက်သည်။
“ ငါ့မှာ နတ်သမီးကို ရှာဖွေနိုင်လောက်တဲ့ နည်းလမ်းတစ်ခု ရှိတယ်… ဒါပေမဲ့ ဒီခရီးစဉ်မှာ သေခြင်းတရားက သေချာပေါက် ရှိနိုင်တယ် ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း လူတိုင်း၏ အကြည့်က ထူးဆန်းသွားသည်။
ကြယ်တာရာစက်ဝန်းက ရွှီချင်းကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ အဲ့ဒီစကားကို ကျိုးကျန်းလီမပြောခင် ငါတို့အဖွဲ့က အဲ့ဒီနတ်သမီးနဲ့ တွေ့ဆုံနိုင်မယ်ဆိုတာ ငါမယုံကြည်ခဲ့ဘူး ”
“ ဒါပေမဲ့ သူပြောခဲ့တယ်… အခု မင်းလည်းပဲ အဲ့လိုပြောတယ် ”
“ ဒီခရီးစဉ်ရဲ့ သေခြင်းရှင်ခြင်းက ငါ့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲ ဖြစ်တယ်… ဒါပေမဲ့ တကယ်လို့ ငါတို့အောင်မြင်သွားမယ်ဆိုရင် ဆုလာဘ်တွေကို ငါတို့အားလုံး အတူဝေမျှရမယ် ”
ကြယ်တာရာစက်ဝန်း၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ရှဲလင်းဇီက ရယ်မောလိုက်သည်။
“ မင်းပြောတာက ငါ့ရဲ့ ရွေးချယ်မှုနဲ့ အတူတူပဲ ”
လီမုန့်တု၊ ယွင်ရှန်းစုနှင့် တခြားတတ်လှမ်းသူများသည်လည်း ယင်းကို လက်ခံသဘောတူကြသည်။
နောက်ဆုံးမှာတော့ ချမ်ကျွမ်းနှင့် ပိုင်ရီဖြစ်သည်။
ကျိုးကျန်းလီ၏ အစောနက စကားများက တခြားလူများကို သူ့အမြင်အား ယုံကြည်လက်ခံလာစေရန် မသိမ်းသွင်းနိုင်ခဲ့ပေ။ သို့သော်လည်း ဉာဏ်ကောင်းသည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်မှတ်နေကြသော ငတုံးညီအကိုနှစ်ယောက်သည်တော့ ကျိုးကျန်းလီ၏ စကားကြောင့် စိတ်ယိမ်းယိုင်သွားကြသည်။
သူတို့က အနောက်ဆုတ်ရန် ရွေးချယ်ထားကြပြီးပြီ ဖြစ်သည်။
ယခု တခြားလူများက တစ်စိတ်တစ်ဝမ်းတည်း သဘောတူလိုက်ကြကြောင်း သူတို့မြင်သွားသောအခါ အနည်းငယ် တုံ့ဆိုင်းသွားကြသည်။ ထို့ကြောင့် သူတို့က အချင်းချင်း လျှို့ဝှက်စွာ ဆက်သွယ်လိုက်ကြသည်။
“ အဲ့ဒီရွှီကောင်လေးက နတ်သမီးနဲ့ ငါတို့တွေ့လိမ့်မယ်လို့ တကယ်ပြောနေတာလား… ဒါမှမဟုတ် သူလေကြွားနေတာလား ”
“ သူက ငါရှာဖွေနိုင်လောက်တယ်လို့ ပြောခဲ့တယ်… ငါ့အထင် သူက လူတွေအရှေ့မှာ ကြွားလုံးထုတ်နေတာ ဖြစ်မယ်… သူ့မှာ အရာအားလုံးကို ထွင်းဖောက်မြင်နိုင်တဲ့ အသိဉာဏ်ရှိတယ်လို့ ပြောချင်နေတဲ့ပုံပဲ… ဒီနည်းနဲ့ဆိုရင် တကယ်လို့ နတ်သမီးကို ငါတို့မရှာနိုင်ဘူးဆိုရင် သူက အဲ့ဒါကို အကြောင်းပြချက်ပေးလိမ့်မယ်… ဒါပေမဲ့ တကယ်လို့ နတ်သမီးကို ငါတို့ရှာနိုင်တယ်ဆိုရင် သူက အကျိုးဆောင်မှုအားလုံးကို တစ်ယောက်တည်း သိမ်းယူသွားလိမ့်မယ် ”
“ ဟွန့်… ဒီလို ကလေးကလားအကွက်တွေနဲ့ ငါတို့ကို လှည့်စားချင်နေတယ်… အဲ့ဒါဆိုရင် ငါတို့သဘောတူလိုက်လို့လည်း ဘာမှအကျိုးမယုတ်ဘူး ”
“ အကိုကြီး… မင်းက အရမ်းဉာဏ်ကောင်းတာပဲ ”
ညီအကိုနှစ်ယောက်က ဓားဟိန်းသံကို ဂုဏ်ယူဝင့်ကြွားစွာ ထုတ်လွှတ်လိုက်ကြပြီး စွန့်စားချင်ကြောင်း သူတို့၏ ဆန္ဒကို ထုတ်ဖော်လိုက်ကြသည်။
လူတိုင်းက သဘောတူလိုက်ကြောင်း ရွှီချင်းမြင်သောအခါ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အရိပ်လေး၏ လမ်းညွှန်မှုနှင့် ကံကြမ္မာစိတ်အာရုံနောက်သို့ လိုက်၍ အဝေးမှ ကြယ်တာရာကောင်းကင်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ကြယ်တာရာစက်ဝန်းနှင့် တခြားလူများက သူ့အနောက်မှ လိုက်သွားကြသည်။
အချိန်က တရွေ့ရွေ့ စီးဆင်းသွားသည်။
ခုနစ်ရက် ကုန်ဆုံးသွားသည်။
ဘယ်တောင်ပံစစ်ပွဲဇုန်မှ ရှေ့တန်းစစ်မြေပြင်၏ ကြယ်တာရာကောင်းကင်ဧရိယာတစ်ခုတွင် ကြယ်ဓာတ်ငွေ့တချို့က ဟင်းလင်းပြင်ထဲမှာ သိမ်မွေ့နူးညံ့စွာ လွင့်မျောနေသည်။
ထိုဧရိယာထဲတွင် မရေမတွက်နိုင်သော ဥက္ကာခဲအမှုန်များနှင့် အမည်မသိ အပိုင်းအစများက တည်ရှိကြသည်။ ယင်းတို့အားလုံးက အတူတကွ ပေါင်းစည်းသွားသည့်အခါ အလွန်ရှည်လျားသော တိမ်စိုင်ခဲတစ်ခု ဖြစ်ပေါ်လာသည်။ ရံဖန်ရံခါ ဝေဝါးသော လျှပ်စီးအလင်းတန်းများက တိမ်စိုင်ခဲ၏ ဘေးနားတစ်ဝိုက်မှာ ထွက်ပေါ်လာလေ့ ရှိသည်။
ထိုသို့တိမ်စိုင်ခဲများသည် ဂလက်စီများထဲမှာ ရှားပါးသောအရာ မဟုတ်ပေ။ တိမ်စိုင်ခဲအတွင်းမှ ဖိအားက တိုးမြှင့်သွားပြီး ဥက္ကာခဲအမှုန်များက ပိုပြီးတိုးပွားလာသည့်အခါ ရုတ်တရက် အပူထွက်ပေါ်လာလိမ့်မည်။
တစ်နည်းဆိုရသော် ယင်းက သေဆုံးသွားသော ကြယ်ဂြိုလ်တစ်ခု၏ နောက်ဆုံးအသက်ရှူထုတ်မှုကို ကိုယ်စားပြုသည်။ ယင်းက ကြယ်ဂြိုလ်တစ်ခု သေဆုံးသွားပြီးနောက် ပြန့်ကျဲသွားသော အကြွင်းအကျန်ဓာတ်ငွေ့တချို့ ဖြစ်သည်။
ဤအခိုက်အတန့်မှာ ထိုတိမ်စိုင်ခဲထဲတွင် ကျင့်ကြံသူအများအပြား၏ လိုက်ရှာဖွေခြင်းခံနေရသော ကြယ်တာရာမျက်လုံးနတ်သမီးနှင့် ၎င်း၏ အစောင့်အရှောက်နတ်ဘုရားအိုကြီးက ပုန်းအောင်းနေကြသည်။
၎င်းတို့က ၎င်းတို့၏ ကျန်ရှိသော နတ်ဘုရားအစွမ်းကို ထုတ်လွှတ်၍ ၎င်းတို့၏ တည်ရှိမှုကို လုံးဝ ဖုံးကွယ်ထားကြသည်။ ၎င်းတို့က နတ်ဘုရားအတတ်ပညာများ၏ အစွမ်းအာနိသင်ဖြင့် တိမ်စိုင်ခဲထဲသို့ ပေါင်းစပ်သွားကြပြီး တခြားလူများ၏ အာရုံခံမှုမှ ပုန်းအောင်းနေကြသည်။ ထို့ပြင် ၎င်းတို့က သေဆုံးသွားသော ကြယ်ဂြိုလ်ထံမှ အကြွင်းအကျန်အသက်ဓာတ်များကို စုပ်ယူနေကြပြီး ၎င်းတို့၏ ဒဏ်ရာများကို ပြန်ကုသနေကြသည်။
“ ဒီနတ်ဘုရားအတတ်ပညာက ငါတို့ရဲ့ တည်ရှိမှုကို ဖုံးကွယ်ပေးနိုင်ပြီး ဒီနေရာက ငါတို့ရဲ့ အရှိန်အဝါကို ကာကွယ်ပေးနိုင်တယ်… ဒီနေရာမှာ ခဏလောက်တော့ ပုန်းအောင်းနိုင်လောက်ပါတယ်… အဆင့်နိမ့်အင်မော်တယ်တစ်ပါးကိုယ်တိုင် ဒီတိမ်စိုင်ခဲဆီ မရောက်လာသရွေ့ တခြားကျင့်ကြံသူတွေက ငါတို့ကို လွယ်လွယ်နဲ့ အာရုံခံနိုင်မှာ မဟုတ်ဘူး ”
နတ်ဘုရားအိုကြီးက ဖြည်းညင်းစွာ ပြောသည်။
“ လူအန်… မင်းရဲ့ မျိုးဆက်သွေးကနေ နတ်ဧကရာဇ်ကို ဆင့်ခေါ်ဖို့ ကြိုးစားကြည့်ပြီးပြီလား ”
နတ်သမီးက ဒဏ်ရာပြန်ကုသနေစဉ် စိတ်ခံစားချက်ကင်းမဲ့သော အမူအရာကို ထုတ်ဖော်ထားသည်။ ၎င်းက မျက်လုံးမဖွင့်ဘဲ တည်ငြိမ်စွာ ပြန်ပြောသည်။
“ ဘာတုံ့ပြန်မှုမှ မရှိသေးဘူး ”
နတ်ဘုရားအိုကြီးက နှုတ်ဆိတ်သွားပြီး စကားပြောရန် ပြင်လိုက်သည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ၎င်း၏ မျက်လုံးထဲမှ ရွှေရောင်အလင်းက ရုတ်တရက် သိပ်သည်းသွားသည်။ ၎င်းက အနောက်လှည့်လိုက်ပြီး တိမ်စိုင်ခဲ၏ အလွန်သို့ ကြည့်လိုက်သည်။
၎င်းကြည့်နေသော ကြယ်တာရာကောင်းကင်ထဲမှ ဟင်းလင်းပြင်က ပုံပျက်တွန့်လိမ်သွားပြီး စက်ဝိုင်းသဏ္ဍာန် လှိုင်းဂယက်များက အဝေးမှ ထွက်ပေါ်လာကြသည်။ ထိုစက်ဝိုင်းသဏ္ဍာန် လှိုင်းဂယက်များကြားတွင် ကျင့်ကြံသူပုံရိပ်များက မြန်ဆန်စွာ ပျံသန်းလာနေကြသည်။
စက္ကန့်ပိုင်းလေးအတွင်းမှာ သူတို့က တိမ်စိုင်ခဲ၏ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။
သူတို့က ရှေ့ဆက်မသွားဘဲ ထိုနေရာမှာ ရပ်လိုက်ကြသည်။
သူတို့က စုစုပေါင်း(၁၉)ယောက် ရှိသည်။
အဖွဲ့ခေါင်းဆောင်သည် ရွှီချင်းမှလွဲ၍ တခြားလူမဟုတ်ပေ။
ရွှီချင်းသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ့အရှေ့မှ အလွန်ကျယ်ပြောသော တိမ်စိုင်ခဲကို ကြည့်လိုက်လေရာ မျက်လုံးတောက်ပသွားသည်။
တစ်ချိန်တည်းမှာ တိမ်စိုင်ခဲထဲမှ နတ်သမီး၏ မျက်လုံးက အနည်းငယ် တုန်လှုပ်သွားသည်။ ၎င်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး အပြင်သို့ ကြည့်လိုက်သည်။
၎င်း၏ အကြည့်က တိမ်စိုင်ခဲကို ဖြတ်သန်း၍ ရွှီချင်း၏ အကြည့်နှင့် မသဲမကွဲ တွေ့ဆုံသွားဟန် ရ၏။
ထိုအခိုက်အတန့်မှာ ရွှီချင်း၏ နှလုံးသားထဲမှ ကံကြမ္မာစိတ်အာရုံက အပြင်းအထန် တုန်လှုပ်သွားသည်။
ဤသည်မှာ မိုးခြိမ်းသံက မြည်ဟိန်းသွားသည့်အလားပင်။
တစ်ချိန်တည်းမှာ ကျယ်လောင်သော အော်သံနှင့်အတူ ပြင်းထန်သော စိတ်ခံစားချက်လှိုင်းများက အရိပ်လေးထံမှ ထွက်ပေါ်လာသည်။
“ သခင်… နတ်ဘုရားအရှင်သခင်ရဲ့… မျိုးဆက်သွေး ”