← Chapters

ကြယ်တာရာကောင်းကင်တစ်ခွင် နာမည်ကျော်ကြားခြင်း

Vol. 113 Ch. 1731

ကြယ်တာရာကောင်းကင်တစ်ခွင် နာမည်ကျော်ကြားခြင်း

Vol. 113 Ch. 1731

ကြမ်းတမ်းသော ဖျစ်ညှစ်မှုကြောင့် အက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။

ရွှီချင်း၏ လက်ငါးချောင်းထဲမှ အင်အားကြောင့် ကြယ်တာရာမျက်လုံးနတ်သမီး၏ ကျောက်စိမ်းသဖွယ် ဖြူဖွေးသော လည်ပင်းက နီမြန်းလာသည်။ လည်ပင်းထဲမှ အရိုးများက အက်ကွဲသွားလေရာ သွေးက ၎င်း၏ ပါးစပ်ထဲမှ စီးကျလာသည်။

၎င်း၏ မျက်လုံးထဲမှ အလင်းရောင်က မှိန်ဖျော့သွားပြီး ၎င်း၏ အရှိန်အဝါက ငြိမ်းသတ်သွားတော့မည့်ဟန် ရ၏။ နောက်ဆုံးမှာတော့ ၎င်းက သတိမေ့မျောသွားသည်။

သို့သော်လည်း ကြယ်တာရာမျက်လုံးနတ်သမီးက နတ်ဘုရားတစ်ပါးမဟုတ်ပါလော။ ၎င်း၏ မျိုးဆက်သွေးကြောင့်ဖြစ်စေ သို့မဟုတ် ၎င်း၏ နတ်ဘုရားအဆင့်ကြောင့်ဖြစ်စေ ၎င်းက အလွယ်တကူ မသေဆုံးနိုင်ပေ။

ထို့ပြင် ရွှီချင်းအတွက်တော့ အသက်ရှင်နေသော နတ်သမီးက အသက်မဲ့နေသော နတ်သမီးထက် အများကြီး ပိုတန်ဖိုးရှိသည်။

ထို့ကြောင့် သူက နတ်သမီး၏ လည်ပင်းရိုးကို ချိုးပစ်ပြီးသည်နှင့် ချိပ်တံဆိပ်စွမ်းအားကို အစွမ်းကုန် ထုတ်လွှတ်လိုက်ပြီး ၎င်း၏ တစ်ကိုယ်လုံးကို လွှမ်းခြုံပစ်လိုက်သည်။ ချိပ်တံဆိပ်စွမ်းအားက ၎င်း၏ အရိုးများနှင့် အသွေးအသားများထဲထိ စိမ့်ဝင်သွားသည်။

…..

ထို့ပြင် ဘေးပတ်ဝန်းကျင်မှ ငရဲပြည်နတ်ဘုရားကမ္ဘာသည်လည်း နတ်သမီးထံမှ စွမ်းအင်အထောက်အပံ့ကို မရရှိတော့သည့်အခါ စတင်ဝေဝါးလာပြီး လွင့်ပြယ်သွားသည်။

ငရဲပြည်နတ်ဘုရားကမ္ဘာ လွင့်ပြယ်သွားသည်နှင့် သီးခြားခွဲထုတ်ခံထားရသော ရွှီချင်း၏ အင်မော်တယ်စွမ်းအင်က သူ၏ ခန္ဓာကိုယ်ထဲမှာ ပြန်ထွက်ပေါ်လာသည်။ ထို့နောက် အင်မော်တယ်သန္ဓေသားလောင်းက အပြင်သို့ ထွက်လာပြီး နတ်သမီးအား ချိပ်ပိတ်ခြင်းမှာ ဝင်ရောက်ပူးပေါင်းလိုက်သည်။ ယင်းက ချိပ်ပိတ်မှုကို ပိုပြီးခိုင်မြဲသွားစေသည်။

ထိုသို့လုပ်ဆောင်ပြီးမှသာလျှင် ရွှီချင်းက နောက်ဆုံးမှာတော့ အနည်းငယ် စိတ်အေးသွားသည်။

ထိုအခိုက်အတန့်မှာ ရွှံ့မြေခွေး၏ သာယာချိုမြိန်သော အသံက ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ အာယာ… ဒါက နတ်သမီးတစ်ပါးပဲ… ပြီးတော့ လည်ပင်းရိုးကျိုးနေတဲ့ နတ်သမီးက အကောင်းဆုံးပဲ ”

“ သခင်လေး… ဒီခရီးတစ်လျှောက်မှာ နင်ငါ့ကို ဘယ်လိုပဲ မာမာထန်ထန် ဆက်ဆံပါစေ ငါဗွေမယူခဲ့ဘူး… ဒီတော့ နင်ငါ့ကို… အဲ့ဒီနတ်သမီး ပေးနိုင်မလား… ငါသူ့ကို ကောင်းကောင်း ပုံစံသွင်းပေးပါမယ် ”

ရွှံ့မြေခွေးသည် နတ်သမီးကြောင့် သွေးဆောင်ခံလိုက်ရကြောင်း ထင်ရှားသည်။ နတ်သမီးတစ်ပါးကို ပုံစံသွင်းပေးနိုင်လိမ့်မည်ဟု သူစဉ်းစားလိုက်သည့်အခါ ရွှံ့မြေခွေးက အလွန်စိတ်လှုပ်ရှားသွားသည်။

အရိပ်လေးသည်လည်း တုန်ယင်နေပြီး ၎င်း၏ စိတ်ခံစားချက်များကို ပို့လွှတ်နေသည်။

၎င်းက နတ်သမီးကို စားချင်နေသည်။

ရွှီချင်းက ထိုနှစ်ယောက်ကို လျစ်လျူရှုထားသည်။ သူ၏ အကြည့်က နတ်သမီးပေါ်သို့ ကျရောက်သွားသည်။ နတ်သမီး၏ လည်ပင်းကို ဖျစ်ညှစ်ထားသော သူ၏ လက်ထဲတွင် စုပ်အားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

သူက နတ်သမီး၏ မူလအနှစ်သာရကို ရိတ်သိမ်းလိုက်သည်။

မူလအနှစ်သာရစီးကြောင်းက သတိမေ့မျောနေသော နတ်သမီးထံမှ အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ရသည့်အခါ ၎င်း၏ ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်ယင်သွားသည်။ မူလအနှစ်သာရစီးကြောင်းက ၎င်း၏ လည်ပင်းမှတဆင့် ရွှီချင်း၏ လက်ထဲသို့ စီးဆင်းသွားပြီး သူ့ကိုယ်ပိုင်စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။

ဤမူလအနှစ်သာရစီးကြောင်း၏ သန့်စင်မှုက ဖော်မပြနိုင်အောင် အံ့ဖွယ်ကောင်းသည်။ အထူးသဖြင့် ယင်းထဲမှာ နတ်ဧကရာဇ်၏ မျိုးဆက်သွေးအရှိန်အဝါလည်း ကိန်းအောင်းနေသည်။ ယင်းက ဤမူလအနှစ်သာရစီးကြောင်းကို အလွန်အမင်း သိပ်သည်းစေသည်။

ရွှီချင်းအတွက်တော့ အတိတ်မှာ အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်ခဲ့ဖူးသော ဤနတ်သမီးက အသန့်စင်ဆုံး မူလအနှစ်သာရဝိညာဉ်ကျောက်တုံး ဖြစ်သည်။

နတ်သမီးကို လွှဲပြောင်းမပေးခင် သူရနိုင်သမျှ စုပ်ယူထားမည်ဟု ရွှီချင်း စိတ်ဆုံးဖြတ်ထားသည်။

သူက မူလအနှစ်သာရစီးကြောင်းကို စုပ်ယူနေရင်း အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ ယင်းက သတိမေ့မျောနေသော ကြယ်တာရာစက်ဝန်းကို လေပေါ်သို့ မြှောက်တတ်သွားစေသည်။

ထို့နောက် ရွှီချင်းက သူစုပ်ယူထားသော မူလအနှစ်သာရ၏ တချို့တဝက်ကို ကြယ်တာရာစက်ဝန်းဆီသို့ ပို့လွှတ်ပေးလိုက်ပြီး သူ၏ ဒဏ်ရာများကို အမြန်ပြန်ကောင်းမွန်စေသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းက အရှေ့သို့ ခြေလှမ်း လှမ်းလိုက်ပြီး ကြယ်တာရာစက်ဝန်းနှင့်အတူ ထွက်သွားသည်။

သူ၏ ပုံရိပ်က နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

…..

ရက်ပေါင်းများစွာ ကြာပြီးနောက်…

အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ဘယ်တောင်ပံစစ်ပွဲဇုန်ထဲတွင် သတင်းအမျိုးမျိုးက မုန်တိုင်းသဖွယ် ပျံ့နှံ့သွားသည်။ ယင်းက ထိုဒေသကြီးအတွင်းမှာရှိသော စစ်တပ်အားလုံးနှင့် မရေမတွက်နိုင်သော ကျင့်ကြံသူများကို နှလုံးတုန်ယင်သွားစေသည်။

ယင်းက နတ်သမီးကို ဖမ်းမိသွားပြီဟူသော သတင်းဖြစ်သည်။

နတ်သမီးကို ဖမ်းဆီးခဲ့သူသည် နန်းလင်တပ်မတော်ထဲမှ ရွှီချင်းဦးဆောင်သော အလောင်းကောက်အဖွဲ့ ဖြစ်သည်။

လောလောဆယ်တွင် ထိုအလောင်းကောက်အဖွဲ့က နတ်သမီးကို လွှဲပြောင်းပေးရန်အလို့ငှာ ရှေ့တန်းစစ်မြေပြင်၏ ဌာနချုပ်ဖြစ်သော အနီရောင်ဧရာမကြယ်ဂြိုလ်ဆီသို့ ဦးတည်သွားနေကြသည်။ ထိုခရီးတွင် နန်းလင်တပ်မတော်က ကင်းထောက်အဖြစ် သူတို့ကို ကာကွယ်စောင့်ရှောက်ပေးလိမ့်မည်။

ထိုသတင်းက အလွန်အံ့ဖွယ်ကောင်းသည်။ အကယ်၍ နတ်သမီးကို ဖမ်းဆီးခဲ့သူက အဆင့်နိမ့်အင်မော်တယ်တစ်ပါး သို့မဟုတ် တပ်မတော်တစ်ခု၏ စစ်ခေါင်းဆောင်တစ်ယောက်ဆိုလျှင် ဘယ်တောင်ပံစစ်ပွဲဇုန်ထဲမှ ကျင့်ကြံသူများက ထိုမျှအုတ်အော်သောင်းတင်း ဖြစ်သွားကြလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း နတ်သမီးက အလောင်းကောက်အဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

သို့ဖြစ်၍ ထိုသတင်းက ကြီးမားသော မုန်တိုင်းကို အစပျိုးစေသည်။

မည်သို့ဖြစ်ပါစေ အလောင်းကောက်အဖွဲ့များသည် ရှေ့တန်းစစ်မြေပြင်တွင် နာမည်ကျော်ကြားမှုမရှိသော အင်အားစုတစ်ခု ဖြစ်သည်။ သူတို့၏ အဆင့်အတန်းက စစ်တပ်ထဲမှ သာမန်စစ်သည်တော်များထက်ပင် နိမ့်ကျကြသည်။ သို့တိုင် ယခု သူတို့က ထိုမျှကြီးမားသော အံ့ဖွယ်ကိစ္စကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ကြသည်။

ယင်းက ရှေ့တန်းစစ်မြေပြင်မှ ကျင့်ကြံသူများ၏ နှလုံးသားထဲ၌ မယုံကြည်နိုင်မှုနှင့် စိတ်ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေသည်။ ထို့နောက် သူတို့က ထိုအလောင်းကောက်အဖွဲ့အပေါ် စိတ်ဝင်စားလာကြပြီး စုံစမ်းလေ့လာခဲ့ကြသည်။

နန်းလင်တပ်မတော်ထံမှ သူတို့ရရှိခဲ့သော သတင်းအချက်အလက်များက သူတို့ကို ထပ်လောင်း အံ့ဩထိတ်လန့်စေသည်။

“ တတ်လှမ်းသူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့လား ”

“ အသားကြိတ်ဆုံဖြစ်သွားတဲ့ အလယ်ပိုင်းဒေသကြီးကို ဖြတ်ပြီး ရှေ့တန်းစစ်မြေပြင်ဆီ မူလအနှစ်သာရ ပို့ဆောင်နိုင်ခဲ့တဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသောအဖွဲ့လား ”

“ သေခြင်းရှင်ခြင်းတိုက်ပွဲများစွာကို ဖြတ်ကျော်ပြီးတဲ့နောက် လူတစ်ရာနီးပါးနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့က အခု ဆယ့်ကိုးယောက်ပဲ ကျန်ရှိတော့တယ် ”

“ ပြီးတော့ သူတို့က အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးကို အရှင်ဖမ်းဆီးနိုင်ခဲ့တာလား ”

“ ရှေ့တန်းစစ်မြေပြင်ဆီ ရောက်လာပြီးတဲ့နောက် သူတို့က အလောင်းကောက်အဖွဲ့ဖြစ်လာပြီး စစ်မြေပြင်ပေါ်က အလောင်းတွေကို အတင်းအဓမ္မ ရိတ်သိမ်းခဲ့ကြတယ်… တကယ်လို့ စစ်မြေပြင်မှာ အလောင်းတွေမရှိရင် သူတို့က အလောင်းတွေကို ဖန်တီးကြလိမ့်မယ် ”

“ သူတို့က တိုက်ပွဲအများအပြားမှာ ပါဝင်ဖူးကြပြီး သူတို့တစ်ယောက်ချင်းစီက သတ်ဖြတ်ခြင်းမှာ ငါတို့စစ်သည်တော်တွေထက် ပိုပြီးထူးချွန်ကြတယ် ”

“ သူတို့ကို သုဘရာဇာအဖွဲ့လို့ လူတွေသိကြတယ် ”

ထိုဖော်ပြချက်များက ကြားရသူတိုင်းကို တည်ကြည်လေးနက်သွားစေသည်။ သူတို့က ထိုအဖွဲ့၏ ခွန်အားနှင့် ကြောက်မက်ဖွယ်ကောင်းပုံကို အသိအမှတ်မပြုဘဲ မနေနိုင်ကြချေ။

အထူးသဖြင့် ထိုအဖွဲ့က ဤတစ်ခေါက်တာဝန်မှာ ကြီးကြီးမားမား အထိနာခဲ့ကြောင်း သူတို့သိလိုက်ရသည့်အခါမှာ ဖြစ်သည်။ သူတို့ထဲမှ ခုနစ်ယောက်က သေဆုံးသွားခဲ့ပြီး ကျန်လူများက ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ကြသည်။ ထို့ကြောင့် ရှေ့တန်းစစ်မြေပြင်မှ ကျင့်ကြံသူများသည် ထိုအဖွဲ့အပေါ် မလေးစားဘဲ မနေနိုင်ကြချေ။

ထိုသို့လေးစားမှုများကြားမှာ ပိုမိုများပြားသော သတင်းအချက်အလက်များက ထွက်ပေါ်လာသည်။

“ ကျိုးကျန်းလီရဲ့ ပြောကြားမှုအရဆို သူတို့က အစစ်အမှန်နတ်ဘုရားတစ်ပါးရဲ့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုကို တွေ့ကြုံခဲ့ကြရတယ်တဲ့ ”

“ သူတို့ခေါင်းဆောင် ရွှီချင်းက သူ့အဖွဲ့သားတွေ အပြင်းအထန် ဒဏ်ရာရသွားတာကို မြင်တော့ သတ်ဖြတ်ချင်စိတ်နဲ့ ပြည့်နှက်သွားတယ်… ဘာပဲပြောပြော သူတို့က သေခြင်းရှင်ခြင်းအခြေအနေတွေကို အတူတူဖြတ်ကျော်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေ မဟုတ်လား ”

“ ဒါကြောင့် ရွှီချင်းရဲ့ မျက်လုံးက နီရဲလာပြီး သူ့ရဲ့ မျက်နှာက ကြောက်စရာကောင်းလာတယ်… ဒီဟာက ဆုလာဘ်တွေကြောင့်မဟုတ်ဘဲ သူ့ရဲဘော်ရဲဘက်တွေအတွက် ကလဲ့စားချေတာလို့ သူကြေညာခဲ့တယ် ”

“ ခေါင်းဆောင်ဆိုတာ အဲ့ဒီလိုဖြစ်နေရမှာ… တာဝန်ယူစိတ် ရှိရတယ် ”

“ ဒါကြောင့် ရွှီချင်းက ဒဏ်ရာအပြင်းအထန် ရရှိထားတာတောင် ကြယ်ဂြိုလ်ထောင်ပေါင်းများစွာကို ဖြတ်သန်းသွားပြီး နတ်သမီးကို ကျားကုတ်ကျားခဲ လိုက်ဖမ်းခဲ့တယ်… နောက်ဆုံးမှာတော့ အရာအားလုံးကို သူစတေးပြီးတဲ့နောက် နတ်သမီးကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်… အဲ့ဒီနောက် သူက မျက်ရည်တွေနဲ့အတူ တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြတဲ့ သူ့ရဲ့ ရဲဘော်ရဲဘက်တွေကို နှစ်သိမ့်ပေးခဲ့ပြီး သူတို့ရဲ့ အသက်စတေးမှုကို တန်ဖိုးမဲ့မသွားအောင် သေချာစေခဲ့တယ် ”

“ ဒါ့အပြင် ကျိုးကျန်းလီက သူတို့အဖွဲ့ခေါင်းဆောင် ရွှီချင်းအကြောင်းကိုလည်း အနည်းအကျဉ်း ဖော်ပြခဲ့သေးတယ်… ”

“ ရွှီချင်းက ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်ပြီး တာအိုကို ရရှိဖို့အတွက် အရမ်းစိတ်ဓာတ်ပြတ်သားတဲ့လူ ဖြစ်တယ်… သူက အရင်တစ်ခေါက် ကျင်းပခဲ့တဲ့ အင်မော်တယ်မြို့တော်တတ်လှမ်းခြင်းမှာ နံပါတ်တစ်ဖြစ်ခဲ့ပြီး တခြားတတ်လှမ်းသူအားလုံးရဲ့ ရိုသေလေးစားမှုကို ရရှိခဲ့တယ် ”

“ သူက နှစ်ပေါင်းမရေမတွက်နိုင်အောင် ငြိမ်သက်နေခဲ့တဲ့ မိုးသောက်အင်မော်တယ်နန်းတော်ရဲ့ အသိအမှတ်ပြုမှုကိုလည်း ရရှိခဲ့တယ် ”

“ ဒါ့အပြင် မူလအနှစ်သာရ စုဆောင်းဖို့ တာဝန်ထမ်းဆောင်နေတဲ့အတောအတွင်း သူက ခြေလှမ်းဝက်အင်မော်တယ်အဆင့်မှာပဲ ရှိသေးတာတောင် ပုန်ကန်ထကြွနေတဲ့ နတ်ဘုရားအကျဉ်းထောင်နဲ့ ပြန်ရှင်သန်နေတဲ့ အစစ်အမှန်နတ်ဘုရားတစ်ပါးကို နှိမ်နင်းနိုင်ခဲ့တယ် ”

“ သူ့ရဲ့ အောင်မြင်မှုမှတ်တမ်းတစ်ခုစီက အံ့ဩစရာကောင်းတယ်… သူက ရန်သူတွေအပေါ်မှာ အကြင်နာကင်းမဲ့ပေမဲ့ သူ့ရဲ့ မိတ်ဆွေတွေပေါ်မှာတော့ နွေးထွေးပြီး ကြင်နာတယ် ”

ထိုအပိုအချက်အလက်များက ယခင်သတင်းများကို ပိုပြီးအံ့ဩဖွယ်ကောင်းစေသည်။ ယင်းက သတင်းများကို အမြင့်အသစ်တစ်ခုအထိ ရောက်ရှိစေသည်။

ထို့ကြောင့် ဤအတောအတွင်းမှာ ဘယ်တောင်ပံစစ်ပွဲဇုန်မှ ရှေ့တန်းစစ်မြေပြင်တစ်ခုလုံးက ထိုအဖွဲ့အကြောင်းကို စိတ်လှုပ်ရှားစွာ ဆွေးနွေးပြောဆိုကြသည်။ အထူးသဖြင့် အဖွဲ့ခေါင်းဆောင် ရွှီချင်းအကြောင်း ဖြစ်သည်။ ယခု ကျင့်ကြံသူအားလုံးနီးပါးက သူ့ကို သိရှိသွားကြသည်။

ထိုအချက်အလက်အားလုံးက အမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူတို့၏ ကိုယ်ပိုင်အမြင်က မည်သို့ဖြစ်ပါစေ သူတို့အားလုံးက တစ်စုံတစ်ခုကိုတော့ တစ်ညီတစ်ညာတည်း လက်ခံကြရလိမ့်မည်။

“ ရွှီချင်းက အစစ်အမှန်ဦးသျှောင်ဘွဲ့နဲ့ တကယ် ထိုက်တန်တယ် ”

ရလဒ်အနေဖြင့် အနီရောင်ဧရာမကြယ်ဂြိုလ်ဆီသို့ ဦးတည်နေသော လမ်းကြောင်းပေါ်မှ စကြာဝဠာအဆင့် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်နားတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက စုဝေးရောက်ရှိနေကြသည်။ သူတို့က နတ်သမီးနှင့် ထိုဒဏ္ဍာရီလာအဖွဲ့ကို မြင်ဖူးချင်ကြသည်။

ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ ဝိုင်းအုံမှုနှင့် စောင့်ကြည့်မှုအောက်မှာ အဝေးမှ ဧရာမတည်နေရာပြောင်းရွှေ့ခြင်းအစီအရင်သည် အနက်ရောင်အာကာသဟင်းလင်းပြင်ထဲ၌ လွင့်မျောနေသော အင်မော်တယ်နန်းတော်တစ်ခုနှင့် ဆင်တူပေသည်။ ယင်းက အံ့ဩမင်သက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ထူးခြားဆန်းကြယ်သော သလင်းကျောက်ထောင့်တိုင်များက ဧရာမမျှော်စင်ကြီးများသဖွယ် စည်းချအစီအရင်၏ ဧရာမအမိုးခုံးကို ထောက်ပံ့ပေးထားကြသည်။

ဤအခိုက်အတန့်မှာ ထိုသလင်းကျောက်ထောင့်တိုင်များက တုန်ယင်သွားကြသည်။

ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာသည်။

နန်းလင်တပ်မတော်က တည်နေရာပြောင်းရွှေ့လာနေကြောင်း သူတို့သိသည်။

မကြာမီ ဝုန်းခနဲ မြည်ဟိန်းသံက ပိုပြီးကျယ်လောင်လာစဉ် စည်းချအစီအရင်၏ ဘေးပတ်ပတ်လည်မှ လေဟာနယ်က ရေကန်ထဲသို့ ကျောက်ခဲပြုတ်ကျသွားသည့်နှယ် လှိုင်းအတွန့်တွန့်ထသွားသည်။

အလင်းစီးကြောင်းများက စကြာဝဠာ၏ အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့လွင့်သွားကြသည်။ ယင်းတို့က ဥက္ကာခဲများသဖွယ် အဆုံးမဲ့အမှောင်ထုကို ဖောက်ထွင်းသွားကြပြီး တည်နေရာပြောင်းရွှေ့ခြင်းစည်းချအစီအရင်ပေါ်မှာ စုဝေးသွားကြသည်။

အလင်းစီးကြောင်းများက လေထဲမှာ ယှက်ထွေသွားကြပြီး အတူတကွ ပေါင်းစည်းသွားကြသည့်အခါ အလွန်ကျယ်ပြောသော အင်မော်တယ်စွမ်းအင်ဝဲကတော့တစ်ခုက ချက်ချင်း ဖွဲ့စည်းသွားသည်။

စွမ်းအင်ဝဲကတော့ထဲတွင် လျှပ်စီးက လင်းလက်သွားပြီး ကျယ်လောင်သော မြည်ဟိန်းသံက ပဲ့တင်ထပ်သွားသည်။

နောက်အခိုက်အတန့်မှာ မြည်ဟိန်းသံက စကြာဠာတစ်ခွင် ပျံ့လွင့်သွားသည်နှင့် စည်းချအစီအရင်မှ အလင်းရောင်က အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ တစ်ချိန်တည်းမှာ ပုံရိပ်အများအပြားက စွမ်းအင်ဝဲကတော့ထဲမှ ထွက်ပေါ်လာကြသည်။

လူပေါင်းထောင်သောင်းချီ…

သူတို့အားလုံးက နန်းလင်တပ်မတော်မှ ဖြစ်သည်။

သူတို့၏ အမူအရာက တည်ကြည်လေးနက်သည်။ သူတို့က ထွက်ပေါ်လာသည်နှင့်ချက်ချင်း အပြင်သို့ ဖြန့်ကြက်သွားကြပြီး လေးဘက်လေးလံကို ကာကွယ်စောင့်ကြပ်လိုက်ကြသည်။ စည်းချအစီအရင်ထဲတွင် အလောင်းကောက်သမားဝတ်စုံကို ဝတ်ဆင်ထားကြသော ကျင့်ကြံသူအုပ်စုတစ်စုက နောက်ဆုံးမှာ ထွက်ပေါ်လာကြသည်။ သူတို့က ထွက်ပေါ်လာသည်နှင့်ချက်ချင်း လူအုပ်ကြီး၏ အာရုံစိုက်မှုကို ရရှိသွားကြသည်။

သူတို့အဖွဲ့မှာ စုစုပေါင်း လူ(၁၂)ယောက် ရှိသည်။ သူတို့၏ မျက်နှာက ဖြူဖျော့နေပြီး သူတို့၏ ခန္ဓာကိုယ်က အားအင်ချည့်နဲ့နေသော်လည်း သူတို့တစ်ယောက်ချင်းစီက သံမဏိကဲ့သို့ မာကျောသော စိတ်ဆန္ဒနှင့် အလျော့မပေးသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူတို့ထံမှ အလိုအလျောက် ထွက်ပေါ်နေဟန် ရ၏။

သူတို့အဖွဲ့က မည်သည့်နေရာသို့ သွားရောက်ပါစေ လျစ်လျူရှုခံရလိမ့်မည် မဟုတ်ချေ။

ထို့ပြင် မျက်စိအဖမ်းစားနိုင်ဆုံးသူမှာ ထိုအဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။

အဖွဲ့ခေါင်းဆောင်က လူငယ်တစ်ယောက်ဖြစ်ပြီး အရပ်ရှည်သည်။ သူ၏ မျက်နှာက ပြိုင်ဘက်ကင်းအောင် ချောမောခန့်ညားပြီး သူ၏ ဆံပင်ရှည်က လေထဲမှာ လွင့်မျောနေသည်။ သူ၏ ကိုယ်ဟန်အမူအရာက မည်သည့်အခါမှ အရည်မပျော်နိုင်မည့် ရေခဲတုံးအလား အေးတိအေးစက်နေသည်။ သို့တိုင် သူ၏ မျက်လုံးက စူးရှတောက်ပသည်။

သူက အသက်ရှိနေသော နတ်ဘုရားတစ်ပါးကို လက်ဗလာဖြင့် ဆုပ်ကိုင်ထားသည်။

ထိုနတ်ဘုရားက လူသားအသွင်သဏ္ဍာန်ရှိသော နတ်သမီးတစ်ပါး ဖြစ်သည်။ ၎င်းက ချောမောလှပသော်လည်း ၎င်း၏ လက်ရှိအခြေအနေက အလွန်ဆိုးဝါးသည်။ ၎င်း၏ အရေပြားက ခြောက်သွေ့နေပြီး ၎င်း၏ နတ်ဘုရားအရှိန်အဝါက မှေးမှိန်နေသည်။

ဤသည်မှာ နတ်သမီးက အသက်မသေရုံတစ်မည် စွမ်းအင်စုပ်ခံထားရသည့်အလားပင်။

၎င်းက ကြယ်တာရာမျက်လုံးနတ်သမီး ဖြစ်သည်။

၎င်း၏ ခန္ဓာကိုယ်ထဲမှ မူလအနှစ်သာရများက ၎င်း၏ လည်ပင်းကို ဖမ်းဆုပ်ထားသော လက်ဆီသို့ ရေစီးကြောင်းသဖွယ် ဆက်တိုက် စီးဆင်းသွားနေသည်။

ထိုသို့စွမ်းအင်ထုတ်ယူခံနေရစဉ် သတိမေ့မျောနေသော နတ်သမီးက တဆတ်ဆတ် တုန်ယင်နေပြီး ၎င်း၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။

ထိုမြင်ကွင်းက စည်းချအစီအရင်၏ အပြင်ဘက်၌ စောင့်ကြည့်နေကြသော ကျင့်ကြံသူများကို အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်။

“ သူက ရွှီချင်းလား ”

“ သူက… မူလအနှစ်သာရကို ဆွဲထုတ်နေတာလား ”

“ အခုပုံစံအရဆိုရင် သူက လမ်းတစ်လျှောက်လုံး အဲ့လိုလုပ်လာတဲ့ပုံပဲ… ဘယ်လောက် ရက်စက်လိုက်လဲ ”

“ အလောင်းကောက်အဖွဲ့လို့ မျှော်လင့်ထားသလိုပါပဲ ”

ပရိသတ်အများစု၏ မျက်နှာပေါ်မှာ ထူးဆန်းသော အမူအရာ ဖြစ်ပေါ်လာသည်။ သို့သော်လည်း ရွှီချင်း၏ လမ်းလျှောက်နေရင်း မူလအနှစ်သာရ ဆွဲထုတ်နေသော အကြင်နာမဲ့သည့် ထိုလုပ်ရပ်က သူတို့အားလုံးအပေါ် လေးနက်သော အမြင်တစ်ခု ကျန်ရစ်စေခဲ့ကြောင်း မည်သူမှ ငြင်းမရပေ။

“ ဒီလူကို သွားရှုပ်လို့ မဖြစ်ဘူး ”

“ ဒီအဖွဲ့က တကယ်ရှိန်လောက်စရာပဲ ”

ပရိသတ်များထံမှ ထိုသို့အကြည့်များနှင့် အတွေးများကို ရွှီချင်း၏ အနောက်မှ လိုက်ပါလာသော ကျိုးကျန်းလီက အာရုံခံမိသွားသည်။

သူက မျက်ကန်းဖြစ်နေသေးသော်လည်း နတ်သမီးထံမှ သန့်စင်သော မူလအနှစ်သာရနှင့် အချိန်မီကုသနိုင်ခဲ့မှုကြောင့် သူ၏ အာဏာစက်ကို ပြန်တည်ဆောက်နိုင်ခဲ့သည်။

ထို့ပြင် သူ၏ အာဏာစက်က နောက်တစ်ဆင့်သို့ မြင့်တတ်သွားလေရာ ယင်းကို အဆိုးထဲမှ အကောင်းဟု ဆိုရပေမည်။

ဘေးပတ်ဝန်းကျင်ကို အာရုံခံပြီးနောက် ကျိုးကျန်းလီက ပြုံးလိုက်သည်။

“ မကြာသေးခင်က ငါဖြန့်လိုက်တဲ့ သတင်းတွေက အကျိုးသက်ရောက်မှုကောင်းတဲ့ပုံပဲ… အခု ဘယ်သူကမှ ငါတို့ရဲ့ အကျိုးဆောင်မှုကို လာမလုရဲတော့ဘူး… ပြီးတော့ အရှိန်အဟုန်အားလုံးက သခင်လေးရဲ့ ဘေးမှာ စုဝေးသွားလိမ့်မယ် ”

“ ဒီနည်းနဲ့ဆိုရင် အထက်အရာရှိတွေ ချီးမြှင့်မယ့် ဆုလာဘ်တွေက ပိုပြီးများလာနိုင်တယ်… ”

“ ဘာပဲပြောပြော အခုလို စစ်ပွဲကာလမှာ လူတိုင်း လေးစားအားကျရမယ့် ပြယုဂ်တစ်ခုရှိဖို့ လိုအပ်တယ် ”

“ သခင်လေးက အဲ့ဒီနေရာအတွက် အသင့်တော်ဆုံးပဲ”

ကျိုးကျန်းလီက စိတ်ကျေနပ်သွားပြီး သူ့အရှေ့မှ ရွှီချင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ရွှီချင်း၏ လက်ထဲမှာ လည်ပင်းညှစ်ခံထားရသော နတ်သမီးကို ကြည့်လိုက်သည်။

“ သခင်လေးရဲ့ အတွေးအခေါ်တွေက တကယ်အံ့ဩစရာပဲ… ”

“ သူက လူအများရဲ့ အရှေ့မှာ မူလအနှစ်သာရကို ဆွဲထုတ်ပြတယ်… ဒီနည်းနဲ့ မူလအနှစ်သာရကို သူရရှိနိုင်မယ့်အပြင် နတ်သမီးကို ဖမ်းဆီးခဲ့တဲ့လူက သူဆိုတာကိုလည်း ကြေညာနိုင်လိမ့်မယ် ”

“ အဲ့ဒါက ငါ့ရဲ့ သတင်းဖြန့်မှုကို ပိုပြီးအကျိုးသက်ရောက်မှု ရှိစေတယ် ”

“ စိတ်မကောင်းစရာတစ်ခုက အရမ်းချဲ့ကားတယ်လို့ တခြားလူတွေမြင်မှာစိုးလို့ သခင်လေးအပေါ်ထားတဲ့ အင်မော်တယ်အရှင်သခင်တွေရဲ့ မျက်နှာသာပေးမှုနဲ့ အင်မော်တယ်ဘုရင်ရဲ့ မျှော်လင့်မှုအကြောင်းကို ကောလဟာလ ငါမဖြန့်နိုင်ခဲ့ဘူး… ”

All Chapters