ငါ တိတ်တိတ်နေရမယ်
Vol. 6 Ch. 595
မဟာအကြီးအကဲ၏ စကားသံများပဲ့တင်ထပ်နေချိန်တွင် ဘိုးဘွားများအထွတ်အမြတ်ဗိမ္မာန်ရှေ့တွင် စုဝေးနေကြသည့် မျိုးနွယ်စုဝင်များမှာ အတွေးများပြည့်နှက်နေသည့် အမူအရာများဖြစ်ကုန်ကြတော့သည်။ အဖြေကိုမပြောမီ များစွာဆင်ခြင်သုံးသပ်ရမည်ဖြစ်သည်။
အဖြေမှန်မှာလည်း အတိအကျမရှိချေ။ စိတ်စွမ်းအင်အဆင့်မြှင်တင်ခြင်းနှင့် ပတ်သတ်သည့် တစ်ယောက်ချင်းဆီ၏ ကျွမ်းကျင်မှုအလိုက် အဖြေများမှာ ပြောင်းလဲနိုင်သည်။ ထို့ကြောင့် ဤမေးခွန်းမှာ တစ်ယောက်ချင်းစီ၏ ဥာဏ်ပညာအစစ်အမှန်ကို စမ်းသပ်နိုင်သည့် မေးခွန်းတစ်ခုဖြစ်နေတော့သည်။
ထိုမေးခွန်းမှာ မီးတောက်ဖန်တီးခြင်း၊ ဝိညာဥ်ဆေးဝါးဖော်စပ်ခြင်းတို့နှင့်လည်း သက်ဆိုင်နေသည်။ ထိုနှစ်ခုမှာ အမျိုးအစား မတူညီသော ပညာရပ်များဖြစ်ပါသော်လည်း ထိုပညာရပ်များကို ကျွမ်းကျင်မှုက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပေါ်တွင် အကျိုးသက်ရောက်မှု ရှိနေနိုင်သည်။ ထို့ကြောင့် ထိုမေးခွန်းမှာ အပြင်ပန်းကကြည့်လျှင် ရိုးရှင်းသည်ဟုထင်ရသော်လည်း အမှန်တကယ်တွင် အလွန်တရာ ရှုပ်ထွေးနေသည်။
ထို့အပြင် မဟာအကြီးအကဲ ပြောခဲ့သည့်အတိုင်းပင်။ အချို့သောအရာများကို မတွေးတောရဲပါက ထိုအရာများကို အမှန်တကယ်ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။ သူ၏ မေးခွန်းသည် တစ်မျိုးတစ်ဖုံဖြင့် လူတစ်ယောက်ခြင်းဆီ၏ တာအိုများကို မေးခွန်းထုတ်နေခြင်းလည်းဖြစ်သည်။
ပိုင်မျိုးနွယ်စု၏ သာမန်အဖွဲ့ဝင်များပင်လျှင် ထိုသို့ အတွေးထဲတွင် နစ်မျောသွားကြသည်မဟုတ်ပေ။ မျိုးနွယ်စုထဲမှ အသက်ကြီးပိုင်းများနှင့် မျိုးနွယ်စုခေါင်းဆောင်တို့ အားလုံးပင် ထိုမေးခွန်း၏ အဖြေကို စဥ်းစားသုံးသပ်နေကြသည်။
အခြားမျိုးနွယ်စုနှစ်ခုမှ ကိုယ်စားပြုများနှင့် သရဲကြီးမြို့တော်မှ တမန်တော်တို့မှာလည်း ဆိတ်ငြိမ်စွာထိုင်ရင်း တွေးတောနေကြသည်။ ထို့အပြင် ထိုမေးခွန်း၏ သဘောသဘာဝကိုကြည့်၍ တရားစီရင်ရေးခန်းမှ မဟာအကြီးအကဲမှာ စိတ်စွမ်းအင်အဆင့်မြှင့်ခြင်းနှင့်ပတ်သတ်လျှင် အလွန်တရာကျွမ်းကျင်လှကြောင်းကို သိမြင်နိုင်သည်။
ထိုမေးခွန်းကို မည်သူမှ မဖြေကြပေ။ ကျောက်တုံးဂိတ်တံခါးကြီး အပြင်ဘက်ရှိနေရာတစ်ခုလုံးမှာ အပ်ကျသံကိုပင် ကြားနိုင်လောက်အောင် လုံးဝတိတ်ဆိတ်နေသည်။ လူတိုင်းမှာ ထိုအကဲဖြတ်မေးခွန်း၏ အဖြေကို တွေးတောနေကြသည်။ ဤကဲ့သို့ အကဲဖြတ်မှုမှာ ပိုင်မျိုးနွယ်စု၏ ဘိုးဘွားများပူဇော်ပွဲတွင် လုပ်လေ့လုပ်ထရှိသည့် အစဥ်အလာတစ်ခုဖြစ်သည်။ ဤမေးခွန်းမှာ လူတိုင်းကိုမေးသည်ဖြစ်ပါသော်လည်း ထဖြေမည့်လူမှာ အနည်းငယ်မျှသာ ရှိတတ်သည်။
မည်သည့်သွေးမျိုးဆက်မှ လက်ရွေးစင်မဆို မိမိ၏ သွေးမျိုးဆက်ကို ကိုယ်စားပြုကာ ထဖြေခွင့်ရှိသည်။ သွေးမျိုးဆက်အမျိုးမျိုးအကြားရှိ ပြိုင်ပွဲကြီးမှာ ဤနေရာတွင် အလွန်ပြင်းထန်နေကြဖြစ်သည်။
မျိုးနွယ်စု၏ အကြီးအကဲများမှာလည်း ထိုအရာများကို သတိထားမိသော်လည်း ဤပြိုင်ပွဲကို လက်ခံအားပေးသည်သာဖြစ်သည်။ အပြိုင်အဆိုင်များကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းနိုင်သရွေ့ မျိုးနွယ်စုအဖွဲ့ဝင်များ၏ သွေးကြောများထဲတွင် မျိုးနွယ်စု၏သွေးများ အဆက်အပြတ်စီးဆင်းနေနိုင်အောင် ဆောင်ရွက်နိုင်သည်မဟုတ်ပါလော။
ပိုင်ရှောင်ချန်းကမူ အလေးမထားသည့် အမူအရာဖြင့် မျက်စိ ကစားနေတော့သည်။ မည်သည့်အဖြေမှာ မှန်သည်၊ မှားသည်ဟု အတိအကျ ပြော၍မရနိုင်သဖြင့် အခြားသူများအတွက် ဤမေးခွန်းမှာ ခက်ခဲနေနိုင်သည်။ သို့သော် ပိုင်ရှောင်ချန်းအတွက်မူ ထိုမေးခွန်းမှာ ရိုးရှင်းလွန်းနေသည်။
ဝင်္ကပါထဲရှိ နတ်မီးလျှံစမ်းသပ်ပွဲထဲတွင် သူကိုယ်တိုင် အဆင့်နှစ်ဆယ်ကျော်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခဲ့သည် မဟုတ်ပါလော။ အဆင့်သုံးဆယ်အထိ မရောက်ခဲ့ပါသော်လည်း သူသည် အဖြေထုတ်နိုင်ရန်လုံလောက်သည့် သဲလွန်စများကို သိရှိခဲ့သည်။
သူက ချောင်းဟန့်ကာ တွေးနေလိုက်တော့သည်။
" ငါဒီမေးခွန်းကို ထဖြေလိုက်မှ အနိုင်ကျင့်သလိုကြီး ဖြစ်နေမှာ "
သူက ထဖြေကာ လူအများ၏ တုံ့ပြန်မှုကို မြင်ချင်နေပါသော်လည်း သူ့ကိုယ်သူ ရိုးသားဖြောင့်မတ် မှန်ကန်သည့်လူတစ်ယောက်အဖြစ် သူကိုယ်တိုင်သတ်မှတ်ထားသည်။ ထို့အပြင် သူသည် လိုအပ်လျှင် အနိုင်ကျင့်နိုင်ပါသော်လည်း ယခုအခြေအနေတွင်မူ မည်သို့မျှထူးမည်မဟုတ်ပဲ သူ့ကို သံသယဝင်သည့်လူများပင် ပိုများသွားနိုင်သည် မဟုတ်ပါလော။
ထိုအတွေးများက သူ၏ခေါင်းထဲသို့ရောက်လာသဖြင့် သူက သမ်းဝေလိုက်ပြီး နားမထောင်နေသည့်အလား ဟန်ဆောင်လိုက်သည်။
အတော်အတန်မျှ ကြာသွားပြီးနောက် တရားစီရင်ရေးခန်းမမှ မဟာအကြီးအကဲကြီးက စုဝေးနေသည့် မျိုးနွယ်စုအဖွဲ့ဝင်များကို လှည့်ပတ်ကြည်ပြီး ပြုံးကာ မေးလိုက်သည်။
" ဘယ်သူ အရင်ဆုံး စဖြေချင်လဲ "
အချိန်အတော်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ပိုင်ချီ၏ဘေးတွင် ထိုင်နေသည့် ပင်မသွေးမျိုးဆက်ထဲမှဖြစ်သော လူငယ်တစ်ယောက်မှာ အရောင်တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် မတ်တတ်ထရပ်လိုက်သည်။
" အကြီးအကဲခင်ဗျာ။ ကျွန်တော် ပိုင်လီ ဖြေချင်ပါတယ် "
ထိုအခါ အခြားမျိုးနွယ်စုဝင်အားလုံးက သူ့ကို ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။ ထိုစကားသံပိုင်ရှင်မှာ မည်သူမည်ဝါဖြစ်ကြောင်း သူတို့က သိသွားကြသောအခါ အထင်မြင်သေးမှုများ၊ မနာလိုမှုများ၊ အေးစက်မှုများနှင့် အခြားသော အမူအရာများစွာ အသီးသီးပေါ်ထွက်လာကြတော့သည်။
မျိုးနွယ်စုမှ အကြီးအကဲ အချို့မှာ ပျင်းရိနေသည့်ပုံစံပေါက်နေပြီး အချို့မှာ ထောက်ခံအားပေးသည့်အနေဖြင့် ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေကြသည်။ မျိုးနွယ်စု ခေါင်းဆောင်မှာလည်း အနည်းငယ်မျှခေါင်းညိတိပြလိုက်သည်။
ပိုင်ရှောင်ချန်းမှာ ထိုလူငယ်ကို မျက်စောင်းထိုး၍ ကြည့်လိုက်ပြီး သူပြောမည့်စကားများကို သိချင်နေတော့သည်။
ပိုင်လီမှာ လူအများက သူ့အားအာရုံစိုက်နေသည်ကို သိလိုက်ရသဖြင့် အလွန်စိတ်လှုပ်ရှားသွားပြီး ပထမဆုံးထပြောမိလိုက်သည်ကို ဝမ်းမြောက်နေတော့သည်။ အနည်းဆုံးတော့ ဝါရင့်မျိုးဆက်က သူ့ကိုအနည်းငယ်ပို၍ သတိထားမိသွားမည် မဟုတ်ပါလော။ ထို့ကြောင့် သူက ချောင်းဟန့်ကာ တည်ကြည်သောအမူအရာဖြင့် ဆိုလိုက်သည်။
" အကြီးအကဲခင်ဗျာ။ ကျွန်တော့် အမြင်အရဆိုရင် အဲဒီငှက်မွှေးကို အဆင့်သုံးဆယ်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်လိုက်မယ်ဆိုရင် တန်ဖိုးကြီးရတနာတစ်ခု အဖြစ်ပြောင်းလဲသွားလိမ့်မယ်လို့ ထင်ပါတယ်။ တန်ဖိုးကြီးရတနာ လို့နာမည်တပ်ရင်တောင် လျှော့တွက်ရာ ကျနေနိုင်ပါတယ် "
ထိုသို့ဆိုကာ ထိုလူငယ်က တရားစီရင်ရေးခန်းမမှ မဟာအကြီးအကဲကို စိတ်လှုပ်တရှားလှမ်းကြည့်လိုက်သည်။
သို့သော် မဟာအကြီးအကဲမှာ မည်သည်ကိုမှ မပြောနိုင်ခင်တွင် လူအုပ်ကြီးထဲမှ တဝါးဝါးရယ်သံများ ပေါ်ထွက်လာတော့သည်။ ခေါင်းခါနေသည့်လူများနှင့် အထင်မြင်သေးစွာရယ်မောနေသည့် လူများစွာကို မြင်တွေ့နိုင်ပေသည်။
" ဒီကောင်ကတော့ အသုံးမကျတဲ့ကောင်ပဲ "
" လုံးဝကျပ်မပြည့်တဲ့လူတောင် အဆင့်သုံးဆယ်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းခံရတဲ့ သာမန်ပစ္စည်းတစ်ခုက တန်ဖိုးကြီးရတနာတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်မှန်း သိတယ် "
ပိုင်ရှောင်ချန်းကမူ ထူးဆန်းသောမျက်နှာပေးနှင့် ပိုင်လီကိုကြည့်နေသည်။ ပိုင်လီကမူ သူ၏ဘေးနားမှ လူများ၏စကားသံများနှင့် ဟားတိုက်သံများ ကို ကြားလိုက်ရသဖြင့် သူ၏မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားတော့သည်။
" ပထမဆုံး ထပြောရဲတာ သတ္တိရှိလို့ပဲ " မဟာအကြီးအကဲကြီးက ပြုံးရင်းနှစ်သိမ့်လိုက်သည်။ ထို့နောက် သူက သူ့၏သုံးသပ်ချက်ကို မပြောသေးပဲ ထပ်မေးလိုက်သည်။
" အခြားဘယ်သူရော ဆက်ဖြေချင်သေးလဲ "
ပိုင်လီမှာ ရှက်ရှက်နှင့် ထိုင်သွားတော့သည်။ သို့သော် သူ၏ အဖြေမှာ ပေါပေါပဲပဲဖြစ်ပါသော်လည်း သူ၏ရည်ရွယ်ချက်အတိုင်း သတိထားခံလိုက်ရပြီ မဟုတ်ပါလော။ ထိုသို့တွေးမိလိုက်သောအခါ သူသည် စိတ်ဓာတ်ပြန်လည်တက်ကြွသွားပြီး အတော်အတန်ပင်ကျေနပ်နေတော့သည်။
ပိုင်လီက အရင်ဆုံးထဖြေလိုက်သဖြင့် လူအုပ်ကြီးထဲရှိ အခြားမျိုးနွယ်စုဝင်များမှာလည်း တစ်ယောက်ပြီးတစ်ယောက် ထဖြေလာကြတော့သည်။
" မဟာအကြီးအကဲခင်ဗျာ။ ငှက်မွှေးကို အဆင့်သုံးဆယ်အထိ အဆင့်မြှင့်တင်လိုက်မယ်ဆိုရင် ဧရာမငှက်မွှေးကြီး ဖြစ်သွားနိုင်ပါတယ်။ နေမင်း၊ လမင်းတို့ကိုဖုံးကွယ်နိုင်လောက်တဲ့အထိ ကြီးမားသွားနိုင်ပါတယ် "
" မဟာအကြီးအကဲကြီးခင်ဗျာ။ ကျွန်တော်ကတော့ အဲဒီငှက်မွှေးက ယပ်တောင်တစ်ချောင်းအသွင်ပြောင်းသွားမယ်လို့ လောင်းရဲတယ်။ ကောင်းကင်နဲ့ကမ္ဘာမြေကြီးကိုပါ တုန်ခါစေနိုင်လောက်တဲ့ ငှက်မွှေးယပ်တောင်ပေါ့ "
" မဟာအကြီးအကဲခင်ဗျာ။ ကျွန်တော့်ရဲ့ သုံးသပ်မှုအရဆိုရင် အရာရာတိုင်းကို လွှမ်းမိုးနိုင်တဲ့ ငှက်မွှေးဓားတစ်ချောင်း ဖြစ်သွားနိုင်တယ်လို့ ထင်တယ် "
" ကျွန်တော်ကတော့ အဲဒီလိုမထင်ဘူး မဟာအကြီးအကဲ။ အဲဒီ ငှက်မွှေးယပ်တောင်က အတောင်ပံတွေပေါက်အောင်လုပ်နိုင်တဲ့ အချုပ်အနှောင် အမှတ်အသားတစ်ခုဖြစ်သွားနိုင်တယ်လို့ထင်တယ် "
အဖြေအမျိုးမျိုး၊ ဖြေရှင်းချက်အမျိုးမျိုးမှာ ပတ်ဝန်းကျင်တစ်ခွင် ပြည့်နှက်နေတော့သည်။ မျိုးနွယ်စုအကြီးအကဲများမှာ ပြုံးရင်းနားထောင်နေကြပြီး ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေကြသော်လည်း မည်သည့်အသံမှ မထွက်ကြပေ။
တရားစီရင်ရေးခန်းမမှ မဟာအကြီးအကဲ၏ အမူအရာမှာမူ တချိန်လုံး မပြောင်းလဲပေ။ သူသည် အဖြေများအားလုံးကို သုံးသပ်နေပါသော်လည်း လေးလေးနက်နက် မစဥ်းစားပေ။
တခြားတစ်ဖက်တွင် ပိုင်ရှောင်ချန်းမှာ ထိုလူများကို အမှားပြင်ပေးလိုစိတ်များ တဖွားဖွားပေါ်နေတော့သည်။ သူ မည်မျှ အံ့သြဖွယ်ကောင်းကြောင်း စဥ်းစားကြည့်လျှင် ယခုအခိုက်အတန့်က သူ အနှစ်သက်ဆုံးအရာဖြစ်သည့် ကြွားဝါနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်နေသည်မဟုတ်ပါလော။ သို့သော် သူက အဖြေတစ်ခုကြားတိုင်း ထိုအတွေးများကို ချုပ်တည်းထားရလေသည်။
" ငါ တိတ်တိတ်နေမှရမယ် "
သူ့ကိုယ်သူ သတိပေးလိုက်သည်။
" ဒီထဲဝင်ပါစရာမလိုဘူး။ ဘာအကြောင်းနဲ့မှ ငါ ဝင်ပါဖို့ မလိုဘူး "
အဆုံးတွင် မျိုးနွယ်စု၏ ထိပ်သီးကြယ်ပွင့်နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော ပိုင်လဲ့က မတ်တတ်ထရပ်လိုက်သည်။
ထိုအခါ ချက်ချင်းပင် လူတိုင်းက တိတ်ဆိတ်သွားကြပြီး သူ့ကိုဝိုင်းကြည့်လိုက်ကြတော့သည်။ ပိုင်ချီပင်လျှင် မျက်လုံးမှေးကြီးများဖြင့် လှမ်းကြည့်လိုက်သည်။
အခြားမျိုးနွယ်စုနှစ်ခုမှ ကိုယ်စားပြုများနှင့် သရဲကြီးမြို့တော်မှ တမန်တော်တို့မှာ ပိုင်လဲ့၏ နာမည်ကျော်စောမှုကိုသိကြသဖြင့် သူပေးမည့်အဖြေကို အလွန်သိချင်နေကြတော့သည်။
" အကြီးအကဲခင်ဗျာ။ ကျွန်တော်မျိုးက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းမှာ အရမ်း ပါရမီမပါပါဘူး။ ကျွန်တော်သိသလောက်လေးနဲ့ အဆင့်သုံးဆယ်အထိ အဆင့်မြှင့်တင်ခံလိုက်ရတဲ့ ငှက်မွှေးက ဘာဖြစ်သွားမလဲဆိုတာကို ခန့်မှန်းဖို့က ခက်ခဲမှာပါ။ ဒါပေမဲ့ အဆင့်သုံးဆယ်ပြီးရင် ငှက်မွှေးက ဝိညာဥ်တစ်မျိုးမျိုးဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒီကမ္ဘာကြီးမှာ မီးတောက်ဝိညာဥ်၊ သစ်သားဝိညာဥ်တွေတောင်ရှိသေးတာပဲ။ ငှက်မွှေးဝိညာဥ်လည်း ရှိနိုင်ပါတယ် "
ပိုင်လဲ့၏ စကားများကြောင့် လူအုပ်ကြီးမှာ အံ့အားသင့်ကာ တုန်လှုပ်သွားကြတော့သည်။
အကြီးအကဲများ၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး သူတို့၏မျက်နှာများပေါ်တွင် အပြုံးများပေါ်ထွက်လာသည်။ တရားစီရင်ရေးခန်းမမှ မဟာအကြီးအကဲမှာမူ ပထမဆုံးအကြိမ်အဖြစ် ခေါင်းညိတ်လိုက်တော့သည်။
ထိုခေါင်းညိတ်မှုကြောင့် ပိုင်မျိုးနွယ်စုအဖွဲ့ဝင်များမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး ဆွေးနွေးငြင်းခုံသံများ ထွက်လာကြတော့သည်။
ပိုင်ရှောင်ချန်းမှာ စူးစမ်းလိုစိတ်ပြင်းပြနေသည့် အမူအရာဖြင့် ပိုင်လဲ့ကိုလှမ်းကြည့်လိုက်သည်။ ' ငှက်မွှေးဝိညာဥ် ' ဆိုသည့် စကားလုံးမှာ အတိအကျမမှန်ပါသော်လည်း အခြားအဖြေများထက်စာလျှင် အဖြေမှန်နှင့် ပို၍နီးစပ်သည်။
ပိုင်လဲ့၏ စကားများကို လူအုပ်ကြီးက ဆွေးနွေးနေကြစဥ် အချို့သောအဖွဲ့ဝင်များမှာလည်း အသီးသီးထကာ အဖြေများပေးနေကြသည်။ သို့သော်လည်း မည်သူမှ ပိုင်လဲ့၏ အဖြေကိုမယှဥ်နိုင်ကြပဲ အဖြေအများစုမှာ ပိုင်လဲ့၏အဖြေကို ပုံစံပြောင်းထားကြသည်။ မျိုးနွယ်စုအကြီးအကဲများမှာ လိမ္မာပါးနပ်ကာ အံတိုနေကြပြီ ဖြစ်သဖြင့် ထိုအချင်းအရာများကို ချက်ချင်းပင် သတိထားမိကြသည်။
အဆုံးတွင် မမလေးငါးက မတ်တတ်ရပ်ကာ ဦးညွှတ်လိုက်ပြီး လူအများ၏ အာရုံကိုဖမ်းစားနိုင်လိုက်သည့် ရိုးရှင်းသော အဖြေတစ်ခုပေးနိုင်လိုက်သည်။
" မဟာအကြီးကဲရှင့်။ ကျွန်မကတော့ သက်တံ့တစ်ခု ဖြစ်သွားလိမ့်မယ်လို့ထင်တယ်။ ငှက်မွှေးနဲ့ သက်တံ့ ဘာမှမဆိုင်ပေမဲ့ ကျွန်မကတော့ သက်တံ့ဖြစ်သွားလိမ့်မယ်လို့ထင်တုံးပဲ။ "
သူမက ထိုသို့ဖြေပြီး ပြန်ထိုင်သွားသောအခါ မဟာအကြီးအကဲကြီးက ခေါင်းညိတ်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် သုံးသပ်ချက်အချို့ ပြန်ပေးလိုက်သည်။
" ဘာမဆို ဖြစ်နိုင်ပါတယ်။ ဒီအဖြေလည်း မဆိုးပါဘူး " ဤအချိန်တွင် မဟာအကြီးအကဲကြီး၏ အကြည့်မှာ ပိုင်ချီပေါ်သို့ရောက်သွားသည်။ ပိုင်မျိုးနွယ်စု၏ နံပါတ်တစ် လက်ရွေးစင်၏ အဖြေကို သူကသိချင်နေသည်။
သူတစ်ယောက်ထဲသာ ပိုင်ချီကိုကြည့်နေသည်မဟုတ်။ အခြားမျိုးနွယ်စုအကြီးအကဲများနှင့် သာမန်မျိုးနွယ်စုဝင်များပင်လျှင် သူ၏အဖြေကိုစောင့်နေကြသည်။ အခြားလူများစွာ ဖြေပြီးပြီဖြစ်ရာ သူ၏အဖြေကိုပေးရန် အချိန်ကျရောက်လာပြီဖြစ်သည်။
ပိုင်ချီက သူ့ကို လူများစွာက ကြည့်နေကြသည်အား သတိထားမိလိုက်သဖြင့် အသာအယာပြုံးလိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။ တရားစီရင်ရေး ခန်းမမှ မဟာအကြီးအကဲကို ဦးညွှတ်အရိုအသေပေးလိုက်ပြီး သူက ယုံကြည်မှုများအပြည့်ဖြင့်တောက်ပနေသည့် မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။
သခင်မချိုင်၏ မျက်ဝန်းထဲတွင် ဂုဏ်ယူနေသည့် အကြည့်များကိုမြင်နိုင်ပြီး မျိုးနွယ်စုခေါင်းဆောင်၏ အမူအရာမှာလည်း မျှော်လင့်ချက်များစွာ ပါဝင်နေသည်ကို မြင်နိုင်သည်။ သူ၏မျက်ဝန်းထဲရှိ ညင်သာသောအကြည့်များအရ ပိုင်ချီအပေါ်ထားသည့် သူ၏သဘောထားများမှာ အခြားလူများအပေါ်ထားရှိသည့် သဘောထားများနှင့် လုံးဝမတူကြောင်းသိနိုင်သည်။
" အမှတ်ငါးညီမလေးနဲ့ ညီလေးလဲ့တို့ရဲ့ စကားတွေမှာ အဖြေတစ်ပိုင်းတစ်စ ပါပြီးပါပြီ။ ကျွန်တော်ဖြေဖို့ အကြာကြီးစောင့်နေတာ အထင်လွဲစရာတွေဖြစ်ကုန်မယ်ထင်တယ်။ ခွင့်လွှတ်ပေးကြပါ။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဆိုတာ မြေရိုင်းဒေသရဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်တဲ့အတွက် အမျိုးမျိုးသော မတူညီမှုတွေကို ပေးစွမ်းနိုင်တယ်။ အဆင့်နှစ်ဆယ်ထိဆိုရင်တော့ ငှက်မွှေးက သက်တံ့ဖြစ်ဖြစ်၊ ငှက်မွှေးဝိညာဥ်ဖြစ်ဖြစ် ပြောင်းလဲသွားနိုင်တယ်။ ဒါပေမဲ့ အဆင့်သုံးဆယ်က အဲဒီထက်ကိုပိုပါတယ် "
ပိုင်ချီမှာ အလွန်အမင်းတက်ကြွနေပြီး သူ၏မျိုးဆက်ရှိ အခြားမျိုးနွယ်စုဝင်များထက် သာလွန်နေခြင်းဆိုသည့်ပုံရိပ်ကြီးက သူ့အမြင်အာရုံကို ဖမ်းစားလွှမ်းမိုးနေတော့သည်။
" အဆင့်သုံးဆယ်အထိပြီးရင် ဘာဆက်ဖြစ်မလဲဆိုတာ အတိအကျပြောလို့တော့မရနိုင်ဘူး။ ဒါပေမဲ့ အဲဒီငှက်မွှေးက အသက်ရှိတဲ့ငှက်တစ်ကောင်ဖြစ်လာလိမ့်မယ်ဆိုတဲ့အချက်ကို ကျွန်တော် ရှစ်ဆယ်ရာခိုင်နှုန်းအထိ ယုံကြည်တယ်။ ကောင်းကင်ယံမှာ ကခုန်ပျံဝဲနိုင်ပြီး ကမ္ဘာမှာရှိတဲ့ ငှက်တွေအားလုံးထဲ အကျော်ကြားဆုံးဖြစ်တဲ့ ဖီးနစ်ငှက်တစ်ကောင်လိုမျိုးပေါ့ "