တာအိုမျိုးစေ့ (၁၉)ယောက်က နတ်သမီးကို ပို့ဆောင်ပေးခြင်း
Vol. 113 Ch. 1732
မရေမတွက်နိုင်သော အကြည့်များက တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ပေါ်မှာ စုဝေးသွားကြသည်။
လူတိုင်းက အချင်းချင်း ဆွေးနွေးနေကြရင်း အရှေ့သို့ ကြည့်နေကြသည်။
ကျိုးကျန်းလီက ရွှီချင်း၏ ဂုဏ်သတင်းကျော်ကြားမှုကြောင့် စိတ်ကျေနပ်နေစဉ် ရွှီချင်း၏ လက်ထဲမှ နတ်သမီးသည်တော့ အကန့်အသတ်မဲ့သော အမုန်းတရားနှင့် ဒေါသဖြင့် ပြည့်နှက်နေသည်။
၎င်းက သေအံ့ဆဲဆဲအခြေအနေမှာ ရှိနေပြီး ၎င်း၏ နတ်ဘုရားကိုယ်ရောင်ကိုယ်ဝါကို ဆုံးရှုံးခဲ့သည်။ ထို့ပြင် ၎င်း၏ အရေပြားက မွဲပြာပြီး ခြောက်သွေ့နေသည်။ သို့တိုင် ၎င်းက လုံးဝ သတိမလစ်သွားခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် ရွှီချင်းက ၎င်းကို သတိမေ့သွားစေရန် ခွင့်မပြုသောကြောင့် ဖြစ်သည်။
ရွှီချင်းသည် မူလအနှစ်သာရ ဆွဲထုတ်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံကြွယ်ဝသူ ဖြစ်သည်။ ပစ်မှတ်က ပိုပြီးသက်ဝင်လှုပ်ရှားလေ သို့မဟုတ် ပစ်မှတ်၏ ဝိညာဉ်က ပိုပြီးမတည်မငြိမ်ဖြစ်နေလေ မူလအနှစ်သာရ ဆွဲထုတ်ခြင်းက ပိုပြီးအရည်အသွေးကောင်းမွန်လေဖြစ်ကြောင်း သူနားလည်သည်။
ထို့ကြောင့် ဤခရီးတစ်လျှောက်မှာ ကြယ်တာရာမျက်လုံးနတ်သမီးက အမြဲတစေ သတိရှိနေခဲ့သည်။
၎င်းက အသိစိတ်ရှိနေလျက်ဖြင့် မူလအနှစ်သာရ ဆွဲထုတ်ခံနေရသည်။
၎င်းသတိမေ့မျောတော့မည့်အခါတိုင်း ရွှီချင်းက ၎င်းကို အတင်းအဓမ္မ နိုးစေလိမ့်မည်။
ထိုဖြစ်စဉ်က အကြိမ်ပေါင်းများစွာ ထပ်ကြော့ဖြစ်ခဲ့သည်။
ဤခရီးတစ်လျှောက်တွင် ၎င်းခံစားခဲ့ရသော နာကျင်မှုများကို စကားလုံးဖြင့် မဖော်ပြနိုင်ပေ။
၎င်းက တော်ဝင်မျိုးဆက်သွေးကို ပိုင်ဆိုင်ထားလေရာ အမြဲတမ်း လူအများ၏ ရိုသေလေးစားခြင်းကိုသာ ခံခဲ့ရသည်။ သို့ဖြစ်၍ ဤသို့အတွေ့အကြုံက တစ်ခါမှ ၎င်းစိတ်ကူးမယဉ်ဖူးသောအရာ ဖြစ်သည်။
ထို့ကြောင့် ၎င်းက ရွှီချင်းအပေါ် အလွန်မုန်းတီးပြီး ရန်ငြိုးထားသည်။
၎င်းက အလွန်အားနည်းနေသည့်တိုင်အောင် ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီး၏ စောင့်ကြည့်မှုအောက်မှာ မျက်လုံးဖွင့်လိုက်ပြီး ရွှီချင်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။
သို့သော်လည်း ရွှီချင်းက ဤခရီးတစ်လျှောက်မှာ ထိုသို့အကြည့်မျိုးဖြင့် ကျင့်သားရနေပြီ ဖြစ်သည်။ သူက အေးတိအေးစက် အမူအရာဖြင့် ဆက်ရှိနေပြီး နတ်သမီးအား ဖမ်းဆုပ်ထားသော သူ၏ လက်ကို အနည်းငယ် အားထပ်ထည့်လိုက်သည်။
သူက မူလအနှစ်သာရကို ထပ်မံ ဆွဲထုတ်လိုက်သည်။
ချက်ချင်းဆိုသလို နတ်သမီးက အပြင်းအထန် တုန်ယင်သွားသည်။ ဤသည်မှာ လျှပ်စီးကြောင်းများက ၎င်း၏ ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်းသွားသည့်အလားပင်။ ယင်းက ၎င်း၏ ဝိညာဉ်ထဲသို့ပင် ထိုးဖောက်ဝင်လာသည်။
နောက်ဆုံးမှာတော့ ၎င်းက ပိုပြီးအားနည်းသွားသည်။ ၎င်းက အော်ဟစ်ချင်သည်။ သို့သော်လည်း ၎င်း၏ လည်ပင်းက ဖျစ်ညှစ်ခံထားရလေရာ မည်သည့်အသံမှ မထုတ်လွှတ်နိုင်ပေ။
၎င်းက ရူးသွပ်သွားလေရာ ၎င်း၏ အမုန်းတရားအားလုံးက ၎င်း၏ မျက်လုံးထဲမှာ စုဝေးသွားသည်။ တစ်ဆက်တည်းမှာ ယင်းက အပြင်းထန်ဆုံး ကျိန်စာကို ၎င်း၏ နှလုံးသားထဲမှာ မွေးဖွားလာစေသည်။
“ တကယ်လို့ ဒီကပ်ဘေးကနေ ငါလွတ်မြောက်ခဲ့မယ်ဆိုရင် ငါ့ရဲ့ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး ဒီလူနဲ့ သူချစ်ရတဲ့ လူအားလုံးကို သေတာထက် ပိုဆိုးဝါးတဲ့ နည်းလမ်းတွေနဲ့ ငါညှဉ်းပန်းနှိပ်စက်ပစ်မယ် ”
ရွှီချင်းက နတ်သမီးကို ဆက်ပြီး လျစ်လျူရှုထားသည်။
သူ့အတွက်တော့ ယခုအချိန်မှာ အရေးကြီးဆုံးက သူ၏ ကျင့်ကြံခြင်းအခြေခံကို အဆင့်နိမ့်အင်မော်တယ်အထိ မြန်နိုင်သမျှမြန်မြန် မြှင့်တင်ရန် ဖြစ်သည်။ သို့မှသာ သူက ဝမ်ကူးကုန်းမြေဆီသို့ ပြန်နိုင်လိမ့်မည်။
“ နတ်သမီးကို ဖမ်းဆီးနိုင်တဲ့အတွက် ဆုလာဘ်တွေ ရဦးလိမ့်မယ်… ”
“ ဒါ့အပြင် ဒီနတ်သမီးရဲ့ ရုပ်ခန္ဓာကိုယ်က အတော်လေး ထူးဆန်းတယ်… သူ့ကို ငါ့ဘေးမှာ အချိန်တော်တော်ကြာ ထားနိုင်မယ်ဆိုရင် အလယ်အလတ် ခြေလှမ်းဝက်အင်မော်တယ်အဆင့်ကို ငါချိုးဖြတ်နိုင်ဖို့ အချိန်တစ်ခဏပဲ လိုလိမ့်မယ် ”
ရွှီချင်းက နန်းလင်တပ်မတော်၏ ကာကွယ်စောင့်ရှောက်မှုအောက်မှာ နတ်သမီးကို ဆုပ်ကိုင်လျက် အရှေ့သို့ လျှောက်သွားနေရင်း တွေးတောစဉ်းစားနေသည်။ သူက တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ထဲမှ ထွက်သွားပြီး ရှေ့တန်းစစ်မြေပြင်၏ တပ်မှူးတည်ရှိသော အနီရောင်ဧရာမကြယ်ဂြိုလ်ဆီသို့ ဦးတည်သွားသည်။
ဤနေရာမှာ စုဝေးရောက်ရှိနေကြသော ကျင့်ကြံသူများသည် အဝေး၌ ရွှီချင်း၏ ပုံရိပ် ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်ခဲ့ကြသည်။ ထို့နောက် သူတို့အားလုံး၏ နှလုံးသားထဲမှာ စိတ်ခံစားချက်အမျိုးမျိုး ထွက်ပေါ်လာသည်။ နောက်ဆုံးမှာတော့ လူအများစုက စိတ်ထဲမှာ သက်ပြင်းချလိုက်ကြသည်။
“ ဒီအဖွဲ့က တာအိုမျိုးစေ့တွေနဲ့ ဖွဲ့စည်းထားတာပဲ… သူတို့က အခက်အခဲတွေနဲ့ ကပ်ဘေးတွေအများကြီးကို ဖြတ်ကျော်နိုင်ခဲ့ကြတယ်… အခု သူတို့က ဒီအမြင့်ထိ ရောက်ရှိသွားကြပြီ… သူတို့က ကောင်းကင်ပေါ်ကို ပျံတတ်သွားဖို့ ကံပါလာကြတဲ့လူတွေပဲ ”
“ အဓိကကတော့ ရွှီချင်းပဲ… သူ့နာမည်က အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးကို ပျံ့နှံ့သွားဖို့ သိပ်မလိုတော့ဘူး ”
သက်ပြင်းချသံများကြားထဲမှာ စိတ်ခံစားချက်အမျိုးမျိုး ပါဝင်နေသည်။ အများစုက မနာလိုမှုနှင့် လေးစားအားကျမှု ဖြစ်သည်။ သို့သော်လည်း ရွှီချင်းသည်တော့ ယင်းတို့အားလုံးကို အနောက်မှာ ချန်ထားခဲ့လျက် အဝေးသို့ ရောက်ရှိသွားနှင့်ပြီ ဖြစ်သည်။
ထိုသို့ဖြင့် အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
လဝက်ကြာပြီးနောက် နန်းလင်တပ်မတော်၏ ဆက်တိုက် စောင့်ကြပ်ပေးမှုအောက်မှာ ရွှီချင်းနှင့် သူ့အဖွဲ့သည် နောက်ဆုံးမှာတော့ ရှေ့တန်းစစ်မြေပြင်၏ ဌာနချုပ်ဆီသို့ ရောက်ရှိသွားကြသည်။
ယင်းက အရွယ်အစား အလွန်ကြီးမားပြီး တမူထူးခြားသော ပုံသဏ္ဍာန်ရှိသည့် ကြယ်ဂြိုလ်တစ်လုံး ဖြစ်သည်။
ကြယ်ဂြိုလ်က စကြာဝဠာထဲတွင် မိစ္ဆာကြယ်တစ်လုံးအဖြစ် တည်ရှိနေသည်။
အဝေးမှကြည့်လျှင် ယင်းက စကြာဝဠာကို အပေါ်စီးမှ စောင့်ကြည့်နေသော နတ်ဘုရားတစ်ပါး၏ မျက်လုံးတစ်လုံးနှင့် ဆင်တူသည်။
ရွှီချင်းသည် အတိတ်မှာ ဤနေရာသို့ တစ်ကြိမ်ရောက်ခဲ့ဖူးသော်လည်း ယခုတစ်ခါ ယင်းကို ထပ်မံ မြင်တွေ့လိုက်ရသည့်အခါ နှလုံးတုန်လှုပ်သွားဆဲပင်။
ကြယ်ဂြိုလ်သည် မခန့်မှန်းနိုင်အောင် ကြီးမားပြီး စကြာဝဠာထဲ၌ လွင့်မျောနေသော ဧရာမမီးတောက်ဘောလုံးတစ်လုံးနှင့် အလားသဏ္ဍာန်တူသည်။ ယင်းက တောက်ပသော အလင်းရောင်နှင့် ပြင်းထန်သော အပူကို ထုတ်လွှတ်နေသည်။
ထိုအလင်းက အဆုံးမဲ့သော အမှောင်ထုကို ဖောက်ထွင်းနိုင်ဟန် ရ၏။ ယင်းက ကျယ်ပြောလှသော ဤစကြာဝဠာအတွင်း၌ သာလွန်ထင်ရှားသော တည်ရှိမှုကို ဖြစ်ပေါ်စေသည်။
ဤနေရာသို့ ရောက်လာသည့်အခါ နန်းလင်တပ်မတော်က ရပ်တန့်လိုက်သည်။ အရှေ့မှ ဦးဆောင်ခဲ့သော ကျင့်ကြံသူများက ရွှီချင်းကို တည်ကြည်လေးနက်စွာ အရိုအသေပေးလိုက်ကြသည်။
သူတို့၏ တာဝန်က ပြီးမြောက်သွားပြီဖြစ်ကြောင်း ရွှီချင်း သိသည်။ သို့ဖြစ်၍ သူက ပြန်လည်အရိုအသေပေးလိုက်သည်။ နောက်ထပ် လုပ်ဆောင်ရမည်မှာ သူနှင့် သူ့အဖွဲ့က သူတို့၏ အောင်မြင်မှုများကို ဌာနချုပ်ထံသို့ သတင်းတင်ပြရန် ဖြစ်သည်။
ထို့ကြောင့် ရွှီချင်းက အနီရောင်ဧရာမကြယ်ဂြိုလ်ထံသို့ မျက်နှာမူလိုက်သည်။ သူက ခန္ဓာကိုယ်ကို အရှေ့သို့ ရွေ့လျားလိုက်ပြီး ကြယ်တာရာစက်ဝန်းနှင့် တခြားလူများကို ကြယ်ဂြိုလ်ထံသို့ ခေါ်ဆောင်သွားသည်။
သူတို့ချဉ်းကပ်သွားသည့်အခါ အနီရောင်ကြယ်ဂြိုလ်၏ မျက်နှာပြင်ပေါ်တွင် အကြမ်းပတမ်း လောင်ကျွမ်းနေသော မီးတောက်ပင်လယ်ဖြင့် ပြည့်နှက်နေကြောင်း မြင်တွေ့သွားသည်။ အလွန်ပူပြင်းသော မီးတောက်များက အပေါ်သို့ ပရမ်းပတာ မြှောက်တတ်နေကြပြီး နီညိုရောင်မြူခိုးကို ဖန်တီးနေသည်။
တစ်ချိန်တည်းမှာ ယခင်က သူ၏ နိမ့်ကျသော ကျင့်ကြံခြင်းအခြေခံကြောင့် အာရုံမခံနိုင်ခဲ့သော ထူးဆန်းသည့် စိတ်အာရုံက ဤအခိုက်အတန့်မှာ ရွှီချင်းဆီသို့ ရိုက်ခတ်လာသည်။
ယင်းက အာဏာစက်အဆင့်မှာရှိသော နှလုံးခုန်သံ ဖြစ်သည်။
ယင်းက ရှေးခေတ်စစ်ပွဲဗုံမှ ဗုံသံနှင့် ဆင်တူပြီး ဖရိုဖရဲမီးတောက်ပင်လယ်ထဲမှာ ကျယ်ကျယ်လောင်လောင် ပဲ့တင်ထပ်နေသည်။
ဒုန်း… ဒုန်း… ဒုန်း…
ဤသည်မှာ ကြယ်ဂြိုလ်ကိုယ်၌က အသက်ရှိနေသည့်အလားပင်။
မည်သည့်အချိန်မှာမဆို ကြယ်ဂြိုလ်က သွေးဒီရေလှိုင်းနှင့်အတူ ပေါက်ကွဲသွားပြီး ကြယ်အဖွဲ့အစည်းတစ်ခုလုံးဆီသို့ ပဲ့တင်ထပ်သွားမည့် ဟိန်းသံကို ထုတ်လွှတ်နိုင်ဟန် ရသည်။ ယင်းက ဤဧရိယာအတွင်းမှာရှိသော အရာအားလုံးကို ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်နိုင်သည်။
ထိုမြင်ကွင်းက ရွှီချင်း၏ ခြေလှမ်းကို ရပ်တန့်သွားစေသည်။
သူ့အနောက်မှ တခြားလူများသည်လည်း တုန်လှုပ်သွားကြသည်။
သူတို့ရပ်လိုက်သည်နှင့်တစ်ပြိုင်နက် အချိန်အငွေ့အသက်ကို သယ်ဆောင်ထားဟန်ရသော အသံတစ်သံက ဟင်းလင်းပြင်ထဲမှ ပဲ့တင်ထပ်လာသည်။
“ တော်တယ်… ”
ထိုအသံနှင့်အတူ အလွန်ကျယ်ပြောသော အလင်းရောင်က ရွှီချင်းနှင့် သူ့အဖွဲ့၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ယင်းက သူတို့၏ ဘေးပတ်ပတ်လည်မှ ဟင်းလင်းပြင်ကို ထိန်ထိန်လင်းသွားစေသည်။
ဤသည်မှာ ဧရာမမီးပန်းတစ်ခုက စကြာဝဠာထဲမှာ ပေါက်ကွဲသွားသည့်အလားပင်။
ထိုအလင်းပင်လယ်ထဲတွင် အရေအတွက်တစ်သိန်းရှိသော ငွေရောင်ဒေါင်လိုက်မျက်လုံးများက ရုတ်တရက် ထွက်ပေါ်လာကြသည်။ တစ်ဆက်တည်းမှာ မျက်လုံးများက တစ်လုံးပြီးတစ်လုံး ဖွင့်သွားကြသည်။
မျက်လုံးတစ်လုံးစီတွင် ရွှီချင်း၏ အဖွဲ့နှင့် နတ်သမီးကြားမှ တိုက်ပွဲပုံရိပ်များ ထွက်ပေါ်နေသည်။ ဤသည်မှာ ၎င်းတို့က ဖြစ်စဉ်တစ်ခုလုံးကို အကဲဖြတ်စစ်ဆေးနေသည့်အလားပင်။
အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် တိုက်ပွဲပုံရိပ်များက ပျောက်ကွယ်သွားသည်။ ထို့နောက် ငွေရောင်မျက်လုံးတစ်သိန်းက ရွှီချင်း၏ အဖွဲ့ပေါ်သို့ အာရုံစိုက်လိုက်ကြသည်။
အထူးသဖြင့် ၎င်းတို့ထံမှ အကြည့်အများစုက ရွှီချင်း၏ လက်ထဲမှ ကြယ်တာရာမျက်လုံးနတ်သမီးပေါ်သို့ ကျရောက်သွားကြသည်။
ထို့နောက် ဆွဲငင်အားက ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ဆွဲငင်အားထံမှ ကြီးမားသော အင်အားကို ခံစားမိသောအခါ ရွှီချင်းက နတ်သမီးအား ဖမ်းဆုပ်ထားသော သူ၏ လက်ကို ဖြေလျော့လိုက်သည်။ ဆွဲငင်အားက နတ်သမီး၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားပြီး ၎င်းကို အလင်းပင်လယ်ထဲသို့ ဆွဲခေါ်သွားသည်။ ၎င်းက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ယင်းကို မြင်သောအခါ ရွှီချင်းက အနည်းငယ် နောင်တရသွားသည်။
အလုံအလောက် သူမစုပ်ယူရသေးပေ။
သူက ဤအပြန်ခရီးမှာ မြန်မြန်သွက်သွက် ရွေ့လျားခဲ့ဟန်ရသော်လည်း အမှန်မှာ သူက မူလအနှစ်သာရကို ပိုပြီးစုပ်ယူနိုင်ရန်အလို့ငှာ တတ်နိုင်သမျှ အချိန်ဆွဲခဲ့သည်။
နတ်သမီးထံမှ မူလအနှစ်သာရက တခြားနတ်ဘုရားများထံမှ မူလအနှစ်သာရနှင့် လုံးဝ ခြားနားသည်။ ထို့ပြင် ယင်းက ဘယ်သောအခါမှ မကုန်ခမ်းနိုင်သည့်အလားပင်။ နတ်သမီး၏ ခန္ဓာကိုယ်ထဲမှ မူလအနှစ်သာရသည် ကုန်ခမ်းတော့မည့်အခါတိုင်း ပြန်လည်တိုးပွားလာလိမ့်မည်။
ထိုသို့တိုးပွားလာသည့်အကြိမ်တိုင်း ပမာဏက ယခင်တစ်ကြိမ်ထက် ပိုပြီးလျော့နည်းသွားလေ့ ရှိသော်လည်း အရည်အသွေးက ယခင်အတိုင်း သန့်စင်နေဆဲပင်။
“ တကယ်လို့ ငါသာ နောက်ထပ် အချိန်နည်းနည်း ပိုကြာကြာ စုပ်ယူနိုင်မယ်ဆိုရင် ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက သေချာပေါက် အဆင့်ချိုးဖြတ်သွားလိမ့်မယ် ”
ရွှီချင်းက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ သို့သော်လည်း အင်မော်တယ်အရှင်သခင်ကျန်းလူက နတ်သမီးကို သူ့ထက်ပိုပြီးလိုအပ်ကြောင်း ရွှီချင်း သိသည်။ နတ်သမီးကို သူထိန်းသိမ်းခြင်းက မဖြစ်နိုင်သောကိစ္စ ဖြစ်သည်။
သို့ဖြစ်၍ သူက ထိုအတွေးကို သူ၏ စိတ်ထဲမှာသာ ဖိနှိပ်လိုက်သည်။
ထို့နောက် နတ်သမီးကို ဖမ်းဆီးပေးခြင်းအတွက် သူတို့ရရှိမည့် ဆုလာဘ်များကို စဉ်းစားမိသွားသောအခါ ရွှီချင်းက အလင်းပင်လယ်ထံသို့ လေးနက်စွာ အရိုအသေပေးလိုက်သည်။
တခြားလူများသည်လည်း သူ့နည်းတူစွာ အရိုအသေပေးလိုက်ကြသည်။
အချိန်တစ်ခဏကြာပြီးနောက် အချိန်အငွေ့အသက်ကို သယ်ဆောင်ထားသော ရှေးဟောင်းအသံက နောက်တစ်ကြိမ် ပဲ့တင်ထပ်လာသည်။
“ နတ်သမီးရဲ့ တည်နေရာကို ရှာဖွေပေးနိုင်တဲ့ ဘယ်သူမဆို စစ်ပွဲအကျိုးပြုအမှတ်တစ်သန်းနဲ့ မူလအနှစ်သာရ တစ်ဆယ်ယူနစ်ကို ဆုလာဘ်အဖြစ် ချီးမြှောက်ခံရမယ်… သူ့ကို အရှင်ဖမ်းဆီးပေးနိုင်တဲ့လူက စစ်ပွဲအကျိုးပြုအမှတ်ဆယ်သန်းနဲ့ မူလအနှစ်သာရ တစ်ရာယူနစ်ကို ဆုလာဘ်အဖြစ် ချီးမြှောက်ခံရမယ် ”
“ မင်းတို့က သူ့ကို ရှာတွေ့ခဲ့တဲ့အပြင် အရှင်ဖမ်းဆီးနိုင်ခဲ့ကြတယ်… မင်းတို့က ကြီးမားတဲ့ အကျိုးဆောင်မှုကို ပြုလုပ်ခဲ့ကြတာပဲ ”
ယင်းကို ကြားသောအခါ သူတို့အဖွဲ့က စိတ်ဓာတ်တတ်ကြွသွားသည်။
“ ရွှီချင်း ”
ရွှီချင်းက တည်ကြည်လေးနက်သော အမူအရာဖြင့် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
အလင်းပင်လယ်ထဲတွင် မျက်လုံးတစ်သိန်းက ရွှီချင်းကို အာရုံစိုက်လိုက်ကြသည်။
ရှေးဟောင်းအသံက ပဲ့တင်ထပ်သွားသည်။
“ ဒီနတ်သမီးကို အင်မော်တယ်အရှင်သခင်ကျန်းလူဆီ ပို့ဆောင်ပေးရလိမ့်မယ်… မင်းကို အစစ်အမှန်ဦးသျှောင်ဘွဲ့ ချီးမြှောက်ပေးဖို့နဲ့ အင်မော်တယ်အရှင်သခင်အဆင့် တာအိုလက်နက်တစ်ခု ချီးမြှောက်ပေးဖို့ ငါလျှောက်တင်ပေးမယ် ”
“ တာအိုလက်နက်နဲ့ပတ်သက်ပြီး မင်းမှာ တောင်းဆိုချင်တာတစ်ခုခု ရှိလား ”
ရွှီချင်းက မျက်လုံးဝင်းလက်သွားသည်။ တစ်ခဏ တွေးတောပြီးနောက် သူက လက်သီးဆုပ်လိုက်ပြီး ရိုသေလေးစားစွာ ပြောသည်။
“ သတ်ဖြတ်ခြင်းကို အထူးပြုတဲ့ တာအိုလက်နက်ကို ကျွန်တော်လိုချင်ပါတယ် ”
“ ကောင်းပြီ… မင်းရဲ့ တောင်းဆိုမှုကို ငါလျှောက်တင်ပေးမယ် ”
“ ဆုလာဘ်တွေကို ခုနစ်ရက်အတွင်း ပေးပို့လာလိမ့်မယ်… အဲ့ဒီအတောအတွင်း ဒီနေရာက ကြယ်မျှော်စင်တွေမှာ မင်းတို့နေထိုင်နိုင်တယ်… ဒီကြယ်ဂြိုလ်က မူလအနှစ်သာရ ကြယ်ဝတယ်… အဲ့ဒါကို ကောင်းကောင်း အသုံးချကြပါ ”
ထို့နောက် ရှေးဟောင်းအသံက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ငွေရောင်မျက်လုံးတစ်သိန်းသည်လည်း ဖြည်းညင်းစွာ မှိတ်သွားကြသည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် အလင်းပင်လယ်သည်လည်း ပျောက်ကွယ်သွားသည်။ သို့သော်လည်း မြေပြင်က ပရမ်းပတာ လှုပ်ခါသွားသည့်အခါ မျှော်စင်ဆယ့်ကိုးခုက မီးတောက်ပင်လယ်ထဲမှ မြှောက်တတ်လာကြသည်။ အံ့ဖွယ်ကောင်းသည်မှာ ထိုမျှော်စင်ဆယ့်ကိုးခုကို မီးတောက်များဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။
ယင်းတို့က ရွှီချင်းနှင့် သူ့အဖွဲ့သားများ၏ အရှေ့မှာ ရပ်နေကြသည်။
မီးတောက်မျှော်စင်ဆယ့်ကိုးခုက အလွန်သိပ်သည်းသော မူလအနှစ်သာရကို ထုတ်လွှတ်နေကြသည်။ အမှန်မှာ သူ၏ အာဏာစက်က ပရမ်းပတာ လှုပ်ခတ်နေကြောင်း ရွှီချင်း အာရုံခံနိုင်သည်။
သူ၏ အနောက်တွင် ကြယ်တာရာစက်ဝန်း၊ ကျိုးကျန်းလီနှင့် တခြားလူများက စိတ်လှုပ်ရှားသွားကြသည်။
“ အင်မော်တယ်အရှင်သခင်ကျန်းလူက သူသတ်ဖြတ်ခဲ့တဲ့ အထွတ်အထိပ်အဆင့် အစစ်အမှန်နတ်ဘုရားတွေရဲ့ ဦးခေါင်းခွံတွေနဲ့ နတ်ဘုရားသွေးကို အသုံးပြုပြီး ဒီအနီရောင်ဧရာမကြယ်ဂြိုလ်ကို ဖန်တီးသန့်စင်ခဲ့တာလို့ ရှေ့တန်းစစ်မြေပြင်ကနေ ငါကြားခဲ့ဖူးတယ် ”
“ အင်မော်တယ်အရှင်သခင်ကျန်းလူက အစောပိုင်းနှစ်တွေမှာ သူရရှိခဲ့တဲ့ အာဏာစက်တစ်ခုကိုတောင် ဒီကြယ်ဂြိုလ်ထဲမှာ ထည့်သွင်းခဲ့တယ်တဲ့ ”
“ ဒါကြောင့် ဒီနေရာမှာ ကျင့်ကြံတာက အဆင့်နိမ့်အင်မော်တယ်တွေအတွက်တောင် အကျိုးရှိတယ်… ဒါပေမဲ့ ဒီကြယ်ဂြိုလ်က မတည်မငြိမ်ဖြစ်နေတာကြောင့် အထူးကန့်သတ်ချက်တွေ ရှိတယ်… ဒီနေရာမှာ ဘယ်သူ့ကိုမှ ကြာကြာနေခွင့်မပြုဘူး ”
ကျိုးကျန်းလီက တိုးညင်းစွာ ရှင်းပြသည်။
ရွှီချင်းက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက သူ့အနောက်မှ တခြားလူများကို ကြည့်လိုက်သည်။ သူတို့၏ အကြည့်ချင်း တွေ့ဆုံသွားသည့်အခိုက် ဤခရီးစဉ်မှာ သူတို့အားလုံးက အခက်အခဲများနှင့် ကပ်ဘေးများကို အတူတကွ ရင်ဆိုင်ဖြတ်ကျော်ခဲ့ကြောင်း မြင်တွေ့သွားကြသည်။
ထို့နောက် ရွှီချင်းက တည်ကြည်လေးနက်သော အမူအရာဖြင့် ဦးညွတ်လိုက်သည်။
“ ဝေမျှပေးလို့မရတဲ့ အစစ်အမှန်ဦးသျှောင်ဘွဲ့ကလွဲရင် ဒီဆုလာဘ်ကနေရမယ့် မူလအနှစ်သာရတွေနဲ့ စစ်ပွဲအကျိုးပြုအမှတ်တွေကို ငါတို့အားလုံး ခွဲဝေယူကြမယ် ”
“ အင်မော်တယ်အရှင်သခင်အဆင့် တာအိုလက်နက်ကို ငါကိုင်ဆောင်မယ်ဆိုပေမဲ့ အဲ့ဒါက ငါတို့အားလုံး ညီတူညီမျှ ပိုင်ဆိုင်တဲ့အရာဖြစ်တယ် ”
ကျိုးကျန်းလီက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ ကြယ်တာရာစက်ဝန်းက နှုတ်ဆိတ်နေသည်။ လီမုန့်တုက ပြုံးလိုက်ပြီး ရှဲလင်းဇီက ပေါ့ပါးစွာ ချောင်းဟန့်လိုက်သည်။ ယွင်ရှန်းစုက ခေါင်းငုံ့လိုက်သည်။
တခြားလူများသည်လည်း ပြုံးလိုက်ကြသည်။ ထို့နောက် သူတို့က ပြန်လည်ဦးညွတ်လိုက်ကြသည်။
ချမ်ကျွင်းနှင့် ပိုင်ရီသည်လည်း စိတ်လှုပ်ရှားနေကြသည်။ သူတို့အတွက်တော့ ရွှီချင်းထံမှ အသိအမှတ်ပြုခံရခြင်းက မည်သည့်သတ္ထုဆုကြေးထက်မဆို ပိုပြီးတန်ဖိုးကြီးမားဟန် ရ၏။
ထို့နောက် ရွှီချင်းက အနောက်လှည့်လိုက်ပြီး မီးတောက်မျှော်စင်တစ်ခုထဲသို့ ဝင်ရောက်သွားသည်။
တခြားလူများသည်လည်း အရှေ့သို့ လျှောက်သွားကြသည်။ သူတို့တစ်ယောက်စီက သူတို့၏ ကျင့်ကြံခြင်းကို စတင်ရန် မီးတောက်မျှော်စင်တစ်ခုကို ရွေးချယ်လိုက်ကြသည်။
ထိုသို့ဖြင့် ရက်အနည်းငယ် ကုန်လွန်သွားသည်။
နတ်သမီးကို အင်မော်တယ်အရှင်သခင်ကျန်းလူဆီသို့ လွှဲပြောင်းပေးလိုက်သည့်အခါ အမှတ်လေးနှင့် အမှတ်ငါးကြယ်တာရာစက်ဝန်းကြားမှ စစ်မြေပြင်တွင် သိသာသော အပြောင်းအလဲများ ထွက်ပေါ်လာသည်။
အင်မော်တယ်စွမ်းအင်ကို ကိုယ်စားပြုသော အဖြူရောင်အလင်းက အရှေ့သို့ စတင်ရွေ့လျားသွားသည်နှင့် ဒြပ်နှောကို ကိုယ်စားပြုသော အနက်ရောင်အလင်းက အနောက်သို့ ဆုတ်ခွာသွားသည်။
ထိုသို့အရှိန်အဟုန် ပြောင်းလဲမှုက စစ်မြေပြင်တစ်ခုလုံးအပေါ် ချက်ချင်း သက်ရောက်မှုရှိစေသည်။ ယင်းက ပိုမိုများပြားသော စစ်ပွဲများကို ဖြစ်ပေါ်လာစေသည်။ ယခု ကျင့်ကြံသူများက အသာစီးရရှိသွားကြသည်။
နတ်ဧကရာဇ်ချီအူဇီနှင့် အင်မော်တယ်အရှင်သခင်ကျန်းလူကြားမှ မျှခြေညီမှုက ကျိုးပျက်သွားဟန် ရသည်။
နောက်ဆုံးမှာတော့ အနက်ရောင်နှင့် အဖြူရောင်အလင်းထဲတွင် ဧရာမပုဂ္ဂိုလ်နှစ်ယောက်က အပြန်အလှန် စိုက်ကြည့်လိုက်ကြသည်။
ထို့နောက် အရှင်သခင်အဆင့်အောက်မှ သက်ရှိများ အာရုံမခံနိုင်သော နတ်ဘုရားစိတ်အာရုံက စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
“ ကျန်းလူ… တကယ်လို့ ရှေ့တန်းစစ်မြေပြင်က ကျရှုံးသွားပြီး ငါအနောက်ဆုတ်သွားရမယ်ဆိုရင် ဒီစစ်ပွဲမှာ ငါတို့အဆင့်တည်ရှိမှုတွေ နောက်ထပ်အများကြီး ပါဝင်လာကြလိမ့်မယ်… နတ်ဘုရင်နဲ့ အင်မော်တယ်ဘုရင်တောင်မှ ပါဝင်လာလိမ့်မယ်… အဲ့ဒီအတွက်ရော မင်းပြင်ဆင်ပြီးပြီလား ”
…..
တစ်ချိန်တည်းမှာ အမှတ်လေးကြယ်တာရာစက်ဝန်းထဲ၌ စစ်မြေပြင်နှင့် အလွန်ဝေးကွာပြီး ဒြပ်နှောများ အလွန်သိပ်သည်းသော နေရာတစ်နေရာတွင် ဥက္ကာပျံတစ်စင်းကဲ့သို့ အရွယ်အစား အလွန်ကြီးမားသော ရှေးဟောင်းနတ်ဘုရားတစ်ပါးက ဟင်းလင်းပြင်ထဲမှာ လွင့်မျောနေသည်။
၎င်းက သေဆုံးခါနီးအခြေအနေမှာရှိပြီး ၎င်း၏ အသိစိတ်ကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ ကျန်ရှိနေသည်မှာ ၎င်း၏ ပင်ကိုယ်ဗီဇတုံ့ပြန်မှုသာ ဖြစ်သည်။
ဖြစ်နိုင်သည်မှာ တစ်စုံတစ်ယောက်က ၎င်း၏ လမ်းကြောင်းကို ကြိုသတ်မှတ်ထားသည့်အလား သို့မဟုတ် သဏ္ဍာန်မဲ့စွမ်းအင်တစ်ခုက ၎င်းကို လမ်းညွှန်ပေးနေသည့်အလားပင်။ ယခု ၎င်းက အမည်မသိဦးတည်ရာတစ်ခုဆီသို့ ရွေ့လျားနေသည်။
ရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ်အတွင်း၌ ၎င်း၏ နှလုံးတည်ရှိသင့်သော နေရာတွင် အသွေးအသားများ ပျောက်ဆုံးနေသည်။ နှလုံးအစား ထိုနေရာမှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က တင်ပျဉ်ခွေထိုင်နေကြသည်။
အချိန်အတော်ကြာပြီးနောက် သူတို့ထဲမှ တစ်ယောက်က မျက်လုံးဖွင့်လိုက်ပြီး အပြင်လောကကို အာရုံခံလိုက်သည်။ ထို့နောက် သူက နူးညံ့စွာ ပြောသည်။
“ ယောင်္ကျား… ကျွန်မတို့ ရောက်တော့မယ်… ”
ထိုစကားသံ ပဲ့တင်ထပ်သွားသည်နှင့် အမျိုးသားဖြစ်သူက မျက်လုံးဖွင့်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
“ ရှေ့တန်းစစ်မြေပြင်က မီးအိမ်က စိတ်အာရုံအားလုံးနီးပါးကို ဆွဲဆောင်ထားလိုက်ပြီ… ဒါပေမဲ့… ငါတို့ရဲ့ နောက်ထပ် ခရီးစဉ်အတွက် ပိုပြီးသတိထားရလိမ့်မယ် ”
အကယ်၍ ရွှီချင်းသာ ဤနေရာမှာရှိမည်ဆိုလျှင် ထိုနှစ်ယောက်ကို ချက်ချင်း သူမှတ်မိသွားလိမ့်မည်။
သူတို့က မိုးသောက်သခင်လေးနှင့် သူ၏ တာအိုလက်တွဲဖော် ဝိညာဉ်ဖီးနစ်နတ်သမီး ဖြစ်သည်။