← Chapters

အစစ်အမှန်ဦးသျှောင် ကျိချင်း

Vol. 113 Ch. 1733

အစစ်အမှန်ဦးသျှောင် ကျိချင်း

Vol. 113 Ch. 1733

ခြောက်ရက်ဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။

တပ်မှူးပြောထားသော နေ့က တဖြည်းဖြည်း ချဉ်းကပ်လာနေစဉ် အနီရောင်ဧရာမကြယ်ဂြိုလ်ထဲမှ ရွှီချင်းနှင့် တခြားလူများက သူတို့၏ သက်ဆိုင်ရာမီးတောက်မျှော်စင်များထဲတွင် ကျင့်ကြံနေကြသည်။

ဤအနီရောင်ကြယ်ဂြိုလ်ထဲမှာ ကိန်းအောင်းနေသော မူလအနှစ်သာရက နတ်သမီးဆီမှ မူလအနှစ်သာရကဲ့သို့ မသန့်စင်သော်လည်း ယင်းက အများကြီး ပိုသိမ်မွေ့လေရာ သူတို့၏ ဒဏ်ရာကုသမှုကို သိသိသာသာ အထောက်အကူပေးခဲ့သည်။

ခြောက်ရက်ကုန်ဆုံးသွားပြီးနောက် သူတို့၏ ဒဏ်ရာအများစုက လုံးလုံးလျားလျား ပြန်ကောင်းမွန်သွားသည်။

ယင်းက ထိုထက် ပိုပြီးအံ့ဖွယ်ကောင်းသည်ဟု ရွှီချင်းခံစားမိသည်။ အနီရောင်ကြယ်ဂြိုလ်ထံမှ မူလအနှစ်သာရက အင်မော်တယ်သန္ဓေသားလောင်းကို ပျိုးထောင်ရာတွင် အထူးအကျိုးသက်ရောက်မှုရှိကြောင်း သူရှာတွေ့ခဲ့သည်။ ယင်း၏ သိမ်မွေ့သော သဘာဝက နတ်သမီးထံမှ သူစုပ်ယူခဲ့သော မူလအနှစ်သာရနှင့် ဆန့်ကျင်နေလေရာ ယင်းက သူ၏ စွမ်းအင်ချေဖျက်မှုကို ပိုပြီးမြန်ဆန်စေသည်။

ယင်းက သူ၏ အင်မော်တယ်သန္ဓေသားလောင်းကို အလယ်အလတ်အဆင့် ခြေလှမ်းဝက်အင်မော်တယ်၏ တံခါးဝဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

…..

“ ဒီမှာ ကျင့်ကြံတာက စစ်မြေပြင်မှာ ကျင့်ကြံတာထက် အများကြီး ပိုမြန်ဆန်တယ် ”

မီးတောက်မျှော်စင်ထဲတွင် ရွှီချင်းသည် တရားထိုင်နေခြင်းမှ မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ၏ အကြည့်က အလွန်တောက်ပလေရာ သူ၏ သူငယ်အိမ်ထဲတွင် မရေမတွက်နိုင်သော ကြယ်များ စီးဆင်းနေသည့်အလားပင်။ ယင်းက သူ့အား တမူထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်နိုင်စေသည်။

သူ၏ ပြိုင်ဘက်ကင်းသော ချောမောခန့်ညားမှုက ထိုအင်မော်တယ်အရှိန်အဝါဖြင့် ပေါင်းစပ်သွားသည့်အခါ သူက ပိုပြီးသာလွန်ထူးခြားလာသည်။

“ ဒါပေမဲ့ စိတ်မကောင်းစရာတစ်ခုက… ဒီနေရာက မူလအနှစ်သာရက အရမ်းသိမ်မွေ့တယ်… အဲ့ဒါနဲ့ မျှခြေညီဖို့အတွက် နတ်သမီးဆီက သန့်စင်တဲ့ မူလအနှစ်သာရကိုသာ ငါမစုပ်ယူခဲ့ဘူးဆိုရင် ဒီနေရာက ကျင့်ကြံဖို့ထက် ဒဏ်ရာကုသဖို့ ပိုပြီးသင့်တော်လိမ့်မယ် ”

နတ်သမီးကို စဉ်းစားမိသည့်အခါတိုင်း ရွှီချင်းက အနည်းငယ် နောင်တရနေဆဲပင်။

အတိတ်မှာ အစစ်အမှန်နတ်ဘုရားတစ်ပါး၏ မူလအနှစ်သာရကို သူစုပ်ယူခဲ့ဖူးသည်။ ထို့ပြင် ထိုအစစ်အမှန်နတ်ဘုရားက သူ၏ ချင်းကောင်းကင်ဘုံအလွန်ထဲမှာ ဖိနှိပ်ခံထားရပြီး သူ့ကို အမြဲတမ်း မူလအနှစ်သာရ ထောက်ပံ့ပေးနေသည်။

သို့သော်လည်း ထိုအစစ်အမှန်နတ်ဘုရား၏ မူလအနှစ်သာရသည် နတ်သမီးထံမှ သန့်စင်မှုကို မယှဉ်နိုင်ပေ။

“ နတ်ဧကရာဇ်ရဲ့ သမီးတော်… နတ်ဘုရားအရှင်သခင်ရဲ့ သွေးမျိုးဆက်ရှိတဲ့ နတ်သမီးက… တကယ်အံ့ဖွယ်ပဲ ”

ရွှီချင်းက နတ်သမီးထံမှ မူလအနှစ်သာရဆွဲထုတ်ခဲ့သော အခိုက်အတန့်များကို ပြန်စဉ်းစားလိုက်သည့်အခါ စိတ်လှုပ်ရှားသွားပြီး နှုတ်ခမ်းသပ်လိုက်သည်။

နတ်သမီး၏ မူလအနှစ်သာရက သူစားဖူးသမျှထဲမှာ အရသာအရှိဆုံး ဖြစ်သည်။

ယင်းက တုနှိုင်းမဲ့သည်။

သို့သော်လည်း နတ်သမီးကို သူလက်လွှဲပေးပြီးပြီ ဖြစ်သည်။ သို့ဖြစ်၍ ရွှီချင်းက ထိုနောင်တကို ထပ်မံဖိနှိပ်ရုံသာ တတ်စွမ်းတော့သည်။ သူက မျက်လုံးမှိတ်လိုက်ပြီး ဆက်လက် ကျင့်ကြံရန် ပြင်လိုက်စဉ် တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်။

အနီရောင်ကြယ်ဂြိုလ်က နောက်တစ်ကြိမ် လင်းထိန်သွားသည်။

ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်သွားစေမည့် ကျယ်လောင်သော မြည်ဟိန်းသံက ထွက်ပေါ်လာပြီး အဆုံးမဲ့သော အလင်းပင်လယ်က ကြယ်ဂြိုလ်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ အလင်းပင်လယ်က အရာအားလုံးကို ဝါးမျိုသွားလေရာ ဤကြယ်ဂြိုလ်က အလင်းရောင်ထဲမှာ နစ်မြုပ်သွားဟန် ရသည်။

တစ်ချိန်တည်းမှာ ရွှီချင်းတည်ရှိနေသော မီးတောက်မျှော်စင်သည်လည်း အလင်းပင်လယ်ဖြင့် ဖုံးလွှမ်းခံလိုက်ရပြီး ပျောက်ကွယ်သွားသည်။ ဤသည်မှာ ယင်းက အလင်းရောင်ကြောင့် ဖယ်ရှားခံလိုက်ရသည့်အလားပင်။

ထို့နောက် မီးတောက်မျှော်စင်ကို အစားထိုးသွားသော အလင်းပင်လယ်က အရွယ်အစား အလွန်ကြီးမားသော ငွေရောင်မျက်လုံးတစ်လုံးအဖြစ် အသွင်ပြောင်းလဲသွားသည်။

မျက်လုံးက ရွှီချင်း၏ အရှေ့မှာ ပွင့်သွားသည်။

ရွှီချင်း၏ အသိစိတ်က တုန်လှုပ်သွားသည်။ သူက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ငွေရောင်မျက်လုံးထံသို့ တည်ကြည်လေးနက်စွာ အရိုအသေပေးလိုက်သည်။

“ တပ်မှူးကို နှုတ်ဆက်ပါတယ် ”

ငွေရောင်မျက်လုံးက ရွှီချင်းကို တစ်ခဏကြာ စိုက်ကြည့်လိုက်သည်။ ထို့နောက် ရှေးဟောင်းအသံက အလင်းပင်လယ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ မင်းရဲ့ အကျိုးဆောင်မှုအတွက် ဆုလာဘ်တွေ ရောက်လာပြီ ”

ရှေးဟောင်းအသံက ပဲ့တင်ထပ်သွားသည်နှင့် ရွှေရောင်တောက်ပသော ကျောက်စိမ်းပြားဆယ်ခုက လေထဲမှာ ဒြပ်ထည်ဖွဲ့စည်းသွားကြပြီး တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်ကြသည်။ ထို့နောက် စစ်ပွဲအကျိုးပြုတုံကင်က ထွက်ပေါ်လာသည်။

ရွှေရောင်ကျောက်စိမ်းပြားဆယ်ခုက အလွန်သိပ်သည်းသော မူလအနှစ်သာရအရှိန်အဝါကို ထုတ်လွှတ်ပေးနေစဉ် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများက ယင်းတို့၏ ဘေးပတ်ပတ်လည်မှာ ဝဲပျံနေကြသည်။ မည်သူမဆို တစ်ချက်ကြည့်လိုက်ရုံဖြင့် ယင်းတို့က ရှားပါးရတနာများဖြစ်ကြောင်း ပြောနိုင်ပေသည်။

စစ်ပွဲအကျိုးပြုတုံကင်က သာမန်ဖြစ်ပုံပေါ်သော်လည်း အလွန်အရေးပါကြောင်း ထင်ရှားသည်။

“ အဲ့ဒါက နတ်သမီးရဲ့ တည်နေရာကို ရှာတွေ့ခဲ့တဲ့အတွက် ချီးမြှောက်တဲ့ ဆုလာဘ်ပဲ… ကျောက်စိမ်းပြားတစ်ခုမှာ မူလအနှစ်သာရတစ်ယူနစ် ပါဝင်ပြီး စစ်ပွဲအကျိုးပြုတုံကင်ထဲမှာ အမှတ်တစ်သန်းပါဝင်တယ် ”

ရှေးဟောင်းအသံက ပဲ့တင်ထပ်လာသည်။

ထို့နောက် အရေအတွက်တစ်ရာရှိသော ရွှေရောင်ကျောက်စိမ်းပြားများနှင့် စစ်ပွဲအကျိုးပြုတုံကင်ဆယ်ခုက တစ်ခုပြီးတစ်ခု လေထဲမှာ ထပ်မံ ထွက်ပေါ်လာကြသည်။ ယင်းတို့က ယခင်ဆုလာဘ်များ၏ ဘေးမှာ လွင့်မျောနေကြလေရာ ရောင်စုံအလင်းတောက်ပသော အစီအရင်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

အကယ်၍ ထိုဆုလာဘ်များကိုသာ အပြင်မှာ ချပြမည်ဆိုလျှင် ကျင့်ကြံသူအများအပြားက မနာလိုမှုကြောင့် ရူးသွပ်သွားကြလိမ့်မည်။

“ အဲ့ဒါက သူ့ကို အရှင်ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် ဆုလာဘ်တွေပဲ ”

ရွှီချင်းက သူ့အရှေ့မှ ဆုလာဘ်များကို ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးက စူးစမ်းလိုစိတ်နှင့်အတူ ဝင်းလက်သွားသည်။ သို့သော်လည်း သူက သူ၏ နှလုံးသားထဲမှ လှိုင်းအတတ်အကျများကို ဖိနှိပ်လိုက်ပြီး ဆက်လက် စောင့်ဆိုင်းသည်။

“ အစစ်အမှန်ဦးသျှောင်ဘွဲကတော့… ”

ငွေရောင်မျက်လုံးထံမှ အသံက ပိုပြီးလေးနက်သွားသည်။

“ မင်းသိထားရမယ့် ကိစ္စတချို့ရှိတယ်… အင်မော်တယ်အရှင်သခင်တွေရဲ့ တပည့်အားလုံးက အစစ်အမှန်ဦးသျှောင်ဘွဲ့ကို ပိုင်ဆိုင်ထားကြတယ် ”

“ အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ အင်မော်တယ်ဘုရင်က ကျင့်ကြံသူတွေအတွက် အင်မော်တယ်လမ်းစဉ်ကို ဖွင့်လှစ်ပေးတဲ့အခါမှာ မရေမတွက်နိုင်တဲ့ နတ်ဘုရားတွေကို သူသန့်စင်ခဲ့ပြီး ဝိညာဉ်စီးကြောင်းတွေအဖြစ် ပြောင်းလဲပေးခဲ့တယ်… အဲ့ဒီနောက် အင်မော်တယ်ဘုရင်က စည်းမျဉ်းဥပဒေတွေကို ဖန်တီးခဲ့ပြီး ကံကြမ္မာစနစ်ကို ဖွဲ့စည်းခဲ့တယ် ”

“ အဲ့ဒီကံကြမ္မာစနစ်ထဲမှာ အင်မော်တယ်ဘုရင်က ငါးဆယ်ရာခိုင်နှုန်း အကျိုးခံစားခွင့်ရှိတယ်… အင်မော်တယ်အရှင်သခင်ဆယ့်တစ်ပါးက လေးဆယ်ရာခိုင်နှုန်းကို ဝေမျှခံစားကြရပြီး ကျန်ရှိတဲ့ တစ်ဆယ်ရာခိုင်နှုန်းကိုတော့ အစစ်အမှန်ဦးသျှောင်တွေက ဝေမျှခံစားကြရတယ် ”

“ အဲ့ဒီကံကြမ္မာကို ပိုင်ဆိုင်ထားတဲ့ ဘယ်သူမဆို ကြယ်တာရာစက်ဝန်းရဲ့ ကောင်းချီးနဲ့ ကာကွယ်ပေးမှုကို ရရှိလိမ့်မယ် ”

ရွှီချင်းက အာရုံစိုက်၍ နားထောင်လိုက်သည်။ အင်မော်တယ်အရှင်သခင်များ၏ တပည့်အားလုံးက အစစ်အမှန်ဦးသျှောင်များဖြစ်ကြောင်း သူသိထားသည်။ သို့သော်လည်း ကံကြမ္မာစနစ်ကိုတော့ အနည်းငယ်မျှသာ သူသိသည်။

ယင်းကို သူတွေးတောနေစဉ် ရှေးဟောင်းအသံက ဆက်လက် ထွက်ပေါ်လာသည်။

“ ရွှီချင်း ”

“ ဒီသလင်းကျောက်ကို အင်မော်တယ်အရှင်သခင်ကျန်းလူက မင်းအတွက် တောင်းဆိုပေးခဲ့တယ်… အဲ့ဒါကို အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ ကံကြမ္မာကနေ ဖွဲ့စည်းခဲ့တာပဲ… မင်းရဲ့ နတ်ဘုရားစိတ်အာရုံကို အဲ့ဒီအပေါ်မှာ တံဆိပ်ရိုက်ခတ်လိုက်မယ်ဆိုရင် ကြယ်တာရာစက်ဝန်းက မင်းကို နာမည်တစ်ခု ချီးမြှင့်ပေးလိမ့်မယ် ”

ရှေးဟောင်းအသံက မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။

ထို့နောက် ရွှေရောင်ချည်မျှင်များက လေထဲမှာ ထွက်ပေါ်လာကြပြီး ရွှီချင်း၏ အရှေ့မှာ မြန်ဆန်စွာ ယှက်ထွေသွားကြသည်။ စက္ကန့်အနည်းငယ်အတွင်းမှာ ရွှေရောင်ချည်မျှင်များက လက်သည်းခွံအရွယ်အစားရှိသော ရွှေရောင်သလင်းကျောက်အဖြစ် ရက်လုပ်သွားသည်။

ယင်းက အတိတ်မှာ ရွှီချင်းမြင်ခဲ့ဖူးသော အစစ်အမှန်နတ်ဘုရားတစ်ပါး၏ နတ်ဘုရားစွမ်းအင်အမြူတေနှင့် ဆင်တူသည်။ သို့သော်လည်း ထိုနှစ်ခုက တူညီသောအရာမဟုတ်ကြောင်း ထင်ရှားပေသည်။

ရွှီချင်းက သလင်းကျောက်ကို ကြည့်လိုက်ပြီး အာရုံစိုက်လိုက်သည့်အခါ သူ၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။ ဤသည်မှာ သူက သလင်းကျောက်ထဲတွင် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ လည်ပတ်ပုံကို မြင်တွေ့သွားသည့်အလားပင်။ ထိုသလင်းကျောက်ထဲတွင် အကန့်အသတ်မဲ့သော အာကာသဟင်းလင်းပြင်နှင့် အဆုံးမဲ့သော ကြယ်တာရာကောင်းကင် ရှိသည်။

သလင်းကျောက်ကို သူအာရုံစိုက်လိုက်သည့်အခိုက် ကောင်းကင်ဘုံအလွန်များ၏ မြင်ကွင်းက သူ၏ အသိစိတ်ထဲမှာ ပြည့်နှက်သွားသည်။ ယင်းက ရွှီချင်းကို နှလုံးတုန်ယင်သွားစေသည်။ သူက သူ၏ နတ်ဘုရားစိတ်အာရုံကို သလင်းကျောက်ပေါ်မှာ တံဆိပ်ရိုက်ခတ်တော့မည့်အချိန် မမျှော်လင့်ထားသော တစ်စုံတစ်ခုက ဖြစ်ပေါ်လာသည်။

ရုတ်တရက်ဆိုသလို သလင်းကျောက်အတွင်းမှ ကောင်းကင်ဘုံအလွန်ဆယ့်တစ်ခု၏ ဘေးတွင် ယခင်မိုးသောက်ကောင်းကင်ဘုံအလွန်က ခမ်းနားထည်ဝါစွာ စတင်ထွန်းလင်းလာသည်။

‘ ချင်း ’ဟူသော စာလုံးက ထိုကောင်းကင်ဘုံအလွန်၏ အတွင်းထဲမှာ ဖွဲ့စည်းသွားသည်။

ထို့နောက် အစိမ်းရောင်အလင်းက ‘ ချင်း ’စာလုံးထံမှ ထွက်ပေါ်လာပြီး ကောင်းကင်ဘုံအလွန်တစ်ခွင် ပျံ့နှံ့သွားသည်။

အံ့ဩသော အသံက ဧရာမငွေရောင်မျက်လုံးထံမှလည်း ထွက်ပေါ်လာသည်။

“ မိုးသောက်ကောင်းကင်ဘုံအလွန်က နာမည်တစ်ခု ချီးမြှောက်တာလား ”

ရွှီချင်း၏ မျက်လုံးက တစ်ခဏ မိန်းမောတွေဝေသွားသည်။ သို့သော်လည်း သူက မြန်ဆန်စွာ သတိပြန်ဝင်လာသည်။ ရွှေရောင်သလင်းကျောက်ကို သူကြည့်လိုက်သည့်အခိုက် သလင်းကျောက်၏ မျက်နှာပြင်ပေါ်မှာ စာလုံးတစ်လုံး ထွက်ပေါ်လာကြောင်း မြင်တွေ့သွားသည်။

‘ ချင်း ’

ထိုစာလုံးကို သူမြင်လိုက်သည့်အခိုက် မရေမတွက်နိုင်သော မျိုးနွယ်စုများထံမှ ကိုးကွယ်ပူဇော်သံများက သူ၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာပြီး ဘွဲ့တစ်ခုအဖြစ် စုဝေးသွားသည်။

အစစ်အမှန်ဦးသျှောင် ကျိချင်း…

တာအိုဘွဲ့က ရွှီချင်း၏ ကံကြမ္မာဖြင့် ပေါင်းစပ်သွားသည်။

တစ်ချိန်တည်းမှာ ထိုဆက်သွယ်မှုမှတဆင့် ထူးဆန်းသော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ သူက အမှတ်ငါးကြယ်တာရာစက်ဝန်းနှင့် ဇစ်မြစ်တူညီသည်ဟု ခံစားမိသွားသည်။

ယင်းက သူ့ကို အမှတ်ငါးကြယ်တာရာစက်ဝန်းနှင့် လေးနက်စွာ ပေါင်းစည်းစေသည်။

သူက မည်သည့်နေရာသို့ ရောက်နေပါစေ ကိစ္စမရှိပေ။ သူ၏ စိတ်ထဲမှာ အာရုံစူးစိုက်လိုက်သည်နှင့် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ခေါ်သံကို သူကြားနိုင်လိမ့်မည်။

“ ဒီဟာက… ကံကြမ္မာပဲ… ”

ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။

ဤအခိုက်အတန့်မှာ သူက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကောင်းချီးပေးမှုအောက်တွင် ရုတ်တရက် အဆင့်ချိုးဖြတ်သွားသည်။

ကောင်းကင်ဘုံကို တုန်လှုပ်သွားစေမည့် မြည်သံများက သူ၏ ခန္ဓာကိုယ်ထဲမှ ဆက်တိုက် ပဲ့တင်ထပ်လာသည်။ သူ၏ အနောက်တွင် အရွယ်အစား အလွန်ကြီးမားသော အင်မော်တယ်သန္ဓေသားလောင်းက ထွက်ပေါ်လာပြီး အနီရောင်ကြယ်ဂြိုလ်ပေါ်တွင် ထီးထီးမားမား ရပ်လိုက်သည်။ ၎င်း၏ ထွက်ပေါ်လာမှုက ကြယ်ဝဲကတော့များနှင့် လေဟာနယ်မုန်တိုင်းများကို ဖြစ်ပေါ်လာစေသည်။ ၎င်းထံမှ အင်မော်တယ်အရှိန်အဝါက ကြယ်တာရာကောင်းကင်ကို ထွန်းလင်းသွားစေသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံက မုန်တိုင်းသဖွယ် အားကောင်းလာပြီး အစောပိုင်းအဆင့် ခြေလှမ်းဝက်အင်မော်တယ်၏ အတားအဆီးကို ရိုက်ချိုးဖျက်ဆီးလိုက်ကာ အလယ်အလတ်အဆင့် ခြေလှမ်းဝက်အင်မော်တယ်သို့ တတ်လှမ်းသွားသည်။

အလယ်အလတ် ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ ရောက်ရှိသွားသည့်အခိုက် သူ၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ်စွမ်းအင်က သမုဒ္ဒရာတစ်စင်းနှယ် အလွန်ကျယ်ပြောသွားကြောင်း ရွှီချင်း ခံစားမိသွားသည်။

သူ၏ ဆံပင်ရှည်က တဖျပ်ဖျပ်လွင့်မျောသွားစဉ် သူ၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေသော ဖိအားက ယခင်ကထက် အဆပေါင်းများစွာ ပိုပြီးသာလွန်သွားသည်။

သူက အင်မော်တယ်အရှိန်အဝါကိုပင် မထင်မရှား ထုတ်လွှတ်နေသည်။

ထိုအရှိန်အဝါသည် ကိုယ်ပိုင်ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်နိုင်သူများသာ ရရှိနိုင်သော အခြေခံအုတ်မြစ် ဖြစ်သည်။ ဤအခိုက်အတန့်မှာ ရွှီချင်း၏ မျက်လုံးထဲတွင် ငွေရောင်အလင်း ရုတ်တရက် ပေါ်လျှိုးလာသည်။

ယင်းက အင်မော်တယ်တစ်ပါး၏ အမှတ်လက္ခဏာတစ်ခု ဖြစ်သည်။

တစ်ချိန်တည်းမှာ ရွှီချင်း၏ ကျင့်ကြံခြင်းအခြေခံက အဆင့်ချိုးဖြတ်သွားသည်နှင့်တစ်ပြိုင်နက် တာအိုဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက ဧရာမငွေရောင်မျက်လုံးထဲမှ ထွက်လျှောက်လာသည်။

သူက အပြာရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အလွန်သိပ်သည်းသော အင်မော်တယ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ မျက်လုံးထဲမှာ ဂလက်စီများနှင့် ကြယ်အဖွဲ့အစည်းများ၏ လည်ပတ်ပုံက ကိန်းအောင်းနေဟန် ရ၏။

သူက ဘယ်တောင်ပံစစ်ပွဲဇုန်မှ ရှေ့တန်းစစ်မြေပြင်၏ တပ်မှူးဖြစ်သည်။

သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ရွှီချင်း၏ အရှေ့မှာ ရပ်လိုက်သည်။ သူ၏ စူးရှသော အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်လာသည်။

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ နှလုံးသားထဲမှ လှိုင်းအတတ်အကျများကို ဖိနှိပ်လိုက်သည်။ ထို့နောက် သူက အရိုအသေပေးရန် ပြင်လိုက်သည်။

တပ်မှူးက ခေါင်းခါလိုက်သည်။ သိမ်မွေ့ညင်သာသော အင်အားက သူ့ထံမှ ထွက်ပေါ်လာပြီး ရွှီချင်း၏ အရိုအသေပေးမှုကို တားဆီးလိုက်သည်။

“ အစစ်အမှန်ဦးသျှောင်ဘွဲ့ကြောင့် တကယ်လို့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်သာ အဆင့်နိမ့်အင်မော်တယ်အဆင့်ကို ရောက်ရှိသွားမယ်ဆိုရင် ငါကတောင် မင်းကို အရိုအသေပြန်ပေးရလိမ့်မယ်… အခု မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အဲ့ဒီထိ မရောက်သေးဘူးဆိုပေမဲ့ မင်းရဲ့ အဆင့်အတန်းက ငါနဲ့ အတူတူပဲ… ဒါကြောင့် မင်းငါ့ကို အရိုအသေပေးစရာ မလိုဘူး ”

“ ဒါ့အပြင် အနာဂတ်မှာ ဒီစစ်မြေပြင်ကနေ မင်းထွက်သွားတဲ့အခါ ဘယ်အင်မော်တယ်အရှင်သခင်ကိုမဆို မင်းရဲ့ ဆရာအဖြစ် ရွေးချယ်နိုင်လိမ့်မယ် ”

ရွှီချင်းက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ တင်းကျပ်သော စည်းမျဉ်းဥပဒေများကို နားလည်ထားလေရာ ထပ်မံ အရိုအသေမပေးတော့ပေ။ သို့သော်လည်း သူက ကျေးဇူးတင်ကြောင်းကို စိတ်ရင်းမှန်ဖြင့် ဖော်ပြလိုက်သည်။

“ တပ်မှူးရဲ့ ညွှန်ကြားမှုနဲ့ ထောက်ပံ့မှုအတွက် ကျေးဇူးတင်ပါတယ်… ကျုပ်ရွှီချင်းက ဒီကြင်နာမှုကို မှတ်ထားပါမယ် ”

တပ်မှူးက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အသိအမှတ်ပြုသော အရိပ်အယောင်ဖြင့် ပြည့်နှက်သွားသည်။

“ အဲ့ဒါက မင်းရဲ့ ကိုယ်တိုင်ကြိုးစားအားထုတ်မှုကြောင့် ရလာတဲ့အရာပဲ… အဲ့ဒါက မင်းနဲ့ ထိုက်တန်ပါတယ် ”

“ နတ်သမီးကို အရှင်ဖမ်းဆီးပေးတဲ့အတွက် နောက်ဆုံးဆုလာဘ်ကတော့… အင်မော်တယ်အရှင်သခင်အဆင့် တာအိုလက်နက်တစ်ခုပဲ ”

ရွှီချင်း၏ မျက်လုံးက မျှော်လင့်တောင့်တမှုဖြင့် ထွန်းလင်းတောက်ပသွားသည်။ ယင်းက အချိန်အတော်ကြာ သူစောင့်ဆိုင်းနေခဲ့သောအရာ ဖြစ်သည်။

မူလအနှစ်သာရနှင့် စစ်ပွဲအကျိုးပြုအမှတ်များက အသုံးဝင်သော်လည်း ယင်းတို့က အစားမထိုးနိုင်သောအရာများ မဟုတ်ကြပေ။ အစစ်အမှန်ဦးသျှောင်ဘွဲ့သည်ပင် သူ၏ သရုပ်အဆင့်အတန်းကိုသာ မြှင့်တင်ပေးနိုင်သည်။

အမှန်တကယ် သူအလေးအနက်ထားသည်မှာ သူ၏ တိုက်ပွဲစွမ်းအား ဖြစ်သည်။

အင်မော်တယ်အရှင်သခင်အဆင့် တာအိုလက်နက်က တိုက်ပွဲ၏ နောက်ဆုံးရလဒ်ကို ပြောင်းလဲပစ်နိုင်ပြီး သူ၏ တိုက်ပွဲစွမ်းအားကို ကြီးကြီးမားမား တိုးမြှင့်ပေးနိုင်သည်။

ရွှီချင်း၏ စိတ်အားထက်သန်မှုကို မြင်သောအခါ တပ်မှူးက ညင်သာစွာ ပြုံးလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ငွေရောင်ချည်မျှင်များက သူ၏ အင်္ကျီလက်ထဲမှ ပျံသန်းထွက်လာကြပြီး ဟင်းလင်းပြင်ပေါ်မှာ စုဝေးသွားကြသည်။

ရွှီချင်းက ခေါင်းမော့လိုက်ပြီး သူ့အရှေ့မှ ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူ၏ သူငယ်အိမ်က ကျုံ့သွားသည်။

ဟင်းလင်းပြင်ပေါ်မှ အလင်းပင်လယ်ထဲတွင် ငွေရောင်ချည်မျှင်များက တစ်စုတစ်စည်းတည်း စတင်ပေါင်းစပ်သွားကြသည်။ ထို့နောက် အလင်းအစက်အပြောက်များကြားတွင် သွေးနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ဤသည်မှာ အလင်းစက်များကြားတွင် သွေးပန်းပွင့်များက အစုလိုက်အပြုံလိုက် ပွင့်လန်းလာသည့်အလားပင်။

သွေးပန်းပွင့်များက တစ်ပွင့်နှင့်တစ်ပွင့် ပူးကပ်သွားကြသည့်အခါ အလင်းပင်လယ်က သွေးရောင်ကောင်းကင်အဖြစ် ပြောင်းလဲသွားသည်။

သွေးရောင်ကောင်းကင်ထဲတွင် ကြီးမားသော ဖိအားက ဆင်းသက်လာလေရာ လေဟာနယ်အက်ကွဲကြောင်းအများအပြားက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြသည်။ ထိုအက်ကွဲကြောင်းများက အဆမတန် ကျယ်ပြောသွားကြပြီး အတူတကွ ပေါင်းစည်းသွားကြသည့်အခါ ပုံမှန်မဟုတ်သော ဧရာမအဟရာတစ်ခုက ဖြစ်ပေါ်လာသည်။

အဟရာက အဆုံးမဲ့စွာ ဆန့်တန်းသွားပြီး ပေတစ်သန်းအထိ ကျယ်ပြောသွားသည်။

သွေးမြူခိုးက ထိုအဟရာမှတဆင့် ရေတံခွန်ပမာ ကျဆင်းလာပြီး ကြီးမားသော လှိုင်းဂယက်များကို ထုတ်လွှတ်လိုက်သည်။

ပရမ်းပတာ လှုပ်ခတ်နေသော လှိုင်းများကြားတွင် အဖြူရောင်အရိုးဆေဘာဓားက ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါနှင့်အတူ ဖြည်းညင်းစွာ ဆင်းသက်လာသည်။

ဆေဘာဓား၏ အသွင်သဏ္ဍာန်က ဇောက်ထိုးဖြစ်နေသော လခြမ်းနှင့် ဆင်တူပြီး သွေးနီရောင်အလင်းကို ထုတ်လွှတ်နေသည်။

ဆေဘာဓား၏ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော မှော်အစီအရင်များနှင့် မှော်သင်္ကေတများကို ရေထွင်းထားသည်။ တချို့က အစကတည်းက တည်ရှိနေခဲ့ဟန်ရပြီး တချို့ကိုတော့ နောက်ပိုင်းမှ ထပ်ပေါင်းထည့်ခဲ့ဟန် ရသည်။ သို့သော်လည်း ယင်းတို့အားလုံးက အတူတကွ ဒွန်တွဲရှိနေကြသည်။

ဆေဘာဓား ဆင်းသက်လာသည်နှင့် ယင်း၏ ဘေးပတ်ပတ်လည်မှ အလင်းပင်လယ်က ဝဲကတော့များအဖြစ် ပြိုကွဲသွားသည်။

ပိုပြီးထူးခြားဆန်းကြယ်သည်မှာ ဆေဘာဓား၏ သွေးနီရောင်အလင်းကြောင့် ဆုတ်ဖြဲခံလိုက်ရသော လေဟာနယ်အက်ကွဲကြောင်းများက ကွေးကောက်နေသော ကမ္မချည်မျှင်များအဖြစ် အသွင်ပြောင်းလဲသွားခြင်း ဖြစ်သည်။

ထိုကမ္မချည်မျှင်များက ဥပဒေသအမျိုးမျိုးဖြင့် ယှက်ထွေသွားကြပြီး ဆေဘာဓား၏ အမိန့်အောက်မှာ ယင်းတို့က ပြန်လည်မွေးဖွားခြင်းစက်ဝန်းကိုပင် ဖြတ်တောက်ပစ်နိုင်သော လခြမ်းများအဖြစ် အသွင်ပြောင်းလဲသွားကြဟန် ရ၏။

“ ဒီဆေဘာဓားက တာအိုကို အင်မော်တယ်အရှင်သခင်ကျန်းလူ ရရှိပြီးတဲ့နောက် သွန်းလုပ်ခဲ့တဲ့ ရတနာပဲ… အတိတ်မှာ အရှင်သခင်ကျန်းလူက တခြားအင်မော်တယ်အရှင်သခင်တွေနဲ့ အတူတူ ပူးပေါင်းပြီး အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ နောက်ဆုံးနတ်ဘုရားအရှင်သခင်ကို သတ်ဖြတ်ခဲ့တယ်… ပြီးတော့ အဲ့ဒီနတ်ဘုရားအရှင်သခင်ရဲ့ လက်သည်းကို အသုံးပြုပြီး ဒီအထွတ်အမြတ်ရတနာလက်နက်ကို ဖန်တီးခဲ့တယ် ”

“ အဲ့ဒီနတ်ဘုရားအရှင်သခင်ရဲ့ နတ်ဘုရားစွမ်းအင်အမြူတေက သတ်ဖြတ်ခြင်းကို ကိုယ်စားပြုတယ်… အဲ့ဒါကြောင့် ဒီဆေဘာဓားထဲမှာ အရမ်းအားကောင်းတဲ့ သတ်ဖြတ်ခြင်းစွမ်းအားက ကိန်းအောင်းနေတယ် ”

တပ်မှူးက ဖြည်းညင်းစွာ ပြောသည်။

သူ၏ စကားသံ ပဲ့တင်ထပ်သွားသည်နှင့် လခြမ်းကွေးဆေဘာဓားက ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး ရွှီချင်း၏ အရှေ့မှာ လွင့်မျောသွားသည်။ ဆေဘာဓားက တုန်ယင်သွားပြီး အသံလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ထိုအသံလှိုင်း ပျံ့လွင့်သွားသည့်အခိုက် ဘေးပတ်ဝန်းကျင်မှ ကြယ်အလင်းရောင်က ကပြောင်းကပြန်ဖြစ်သွားဟန် ရသည်။

ထိုဆေဘာဓားဖြင့် အသတ်ခံလိုက်ရသော မကျေမချမ်း ဝိညာဉ်အများအပြားက ဟင်းလင်းပြင်ထဲမှာ ချောက်ချားဖွယ်ကောင်းစွာ ထွက်ပေါ်လာကြသည်။

သို့သော်လည်း ထိုတစ္ဆေများသည် မည်သည့်အသံမှ မထွက်ဝံ့ကြချေ။ ယင်းအစား ၎င်းတို့က ဆေဘာဓား၏ ဘေးပတ်ပတ်လည်မှ သွေးမြူခိုးထဲသို့ ဝင်ရောက်သွားကြပြီး အနက်ရောင်အစက်များအဖြစ် ပြောင်းလဲသွားကြသည်။

ဆေဘာဓား၏ ထိပ်ဖျား ဖြတ်သန်းသွားသည့်နေရာတိုင်း လေဟာနယ်က ဖြတ်တောက်ခံလိုက်ရပြီး ဧရာမသားရဲတစ်ကောင်၏ ဝါးမျိုခံလိုက်ရသည့်အလား မည်သည့်အစအနမှမကျန်ဘဲ ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားလိမ့်မည်။

ယင်းက အင်မော်တယ်အရှင်သခင်အဆင့် တာအိုလက်နက် ဖြစ်သည်။

ယင်းကို မြင်လိုက်ရုံဖြင့်ပင် ရွှီချင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။

သူက အလိုအလျောက် လက်ဆန့်ထုတ်လိုက်ပြီး လခြမ်းကွေးဆေဘာဓားကို ဆုပ်ကိုင်လိုက်သည်။

ဆေဘာဓားကို သူဆုပ်ကိုင်လိုက်သည့်အခိုက် ကြယ်တာရာကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားမည့် သားရဲဟိန်းသံကို ကြားလိုက်ရဟန် ရသည်။ ထိုအသံက စကြာဝဠာအားလုံးကို ဖောက်ထွင်းသွားပြီး ရွှီချင်း၏ မျက်စိအရှေ့မှ လောကကို သွေးနီရောင်အဖြစ် ပြောင်းလဲသွားစေသည်။

ယင်းထံမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်အရှိန်အဝါက ရွှီချင်း၏ ဦးရေပြားကိုပင် စပ်ဖျင်းဖျင်း ခံစားရစေသည်။

တစ်ချိန်တည်းမှာ တပ်မှူး၏ အသံက ဆက်လက် ပဲ့တင်ထပ်လာသည်။

“ ဆုလာဘ်အားလုံးကို ငါမင်းကို ပေးပြီးသွားပြီ ”

“ ပြီးတော့ အခုကစပြီး နောက်လဝက်ကြာရင် ကိစ္စကြီးတစ်ခု ဖြစ်ပေါ်လာလိမ့်မယ် ”

“ အမှတ်လေးကြယ်တာရာစက်ဝန်းက နတ်ဧကရာဇ်ချီအူဇီနဲ့ ငါတို့ရဲ့ အင်မော်တယ်အရှင်သခင်ကျန်းလူက ဓားစာခံတွေ လဲလှယ်ဖို့ သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့တယ် ”

“ ဓားစာခံလဲလှယ်ဖို့အတွက် နတ်သမီးကို လိုက်ပို့ဆောင်ပေးရမယ့် တာဝန်ကိုတော့… ရွှီချင်း… ဒီတာဝန်အတွက် အင်မော်တယ်အရှင်သခင်ကျန်းလူကိုယ်တိုင် မင်းကို ရွေးချယ်ခဲ့တယ် ”

“ တည်နေရာက ဘယ်တောင်ပံစစ်ပွဲဇုန်ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ ဖြစ်လိမ့်မယ်… ဒီဓားစာခံလဲလှယ်မှုမှာ ငါတို့ရဲ့ စစ်တပ်တစ်ခုလုံးက မင်းကို အကာအကွယ်ပေးဖို့ ရှိနေကြလိမ့်မယ် ”

All Chapters