← Chapters

မုန်တိုင်းမလာခင် အိမ်မက်ဆိုးမက်ခြင်း

Vol. 113 Ch. 1734

မုန်တိုင်းမလာခင် အိမ်မက်ဆိုးမက်ခြင်း

Vol. 113 Ch. 1734

အင်မော်တယ်အရှင်သခင်ကျန်းလူနဲ့ နတ်ဧကရာဇ်ချီအူဇီက ဓားစာခံလဲလှယ်ဖို့ သဘောတူထားတယ်လား…

ယင်းက ရွှီချင်း မမျှော်လင့်ထားသော ကိစ္စဖြစ်သည်။

ထို့ပြင် အင်မော်တယ်အရှင်သခင်ကျန်းလူက သူ့အား ဓားစာခံကို လိုက်ပို့ဆောင်ပေးရန် အထူးရွေးချယ်ခဲ့သည်။

တပ်မှူး၏ စကားသံ ပဲ့တင်ထပ်သွားသည်နှင့် ရွှီချင်း၏ မျက်လုံးထဲမှာ စဉ်းစားချင့်ချိန်သော အရိပ်အယောင် ထွက်ပေါ်လာသည်။

သူ၏ ယခင်သုံးသပ်မှုအရ ထိုနတ်သမီးက အလွန်အရေးကြီးရခြင်းမှာ ၎င်းက တော်ဝင်မိသားစု၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ ထို့ပြင် ၎င်းက နတ်ဧကရာဇ်ချီအူဇီ၏ နတ်ဘုရားစွမ်းအင်အမြူတေမှ စွမ်းအားကိုလည်း သယ်ဆောင်ထားသေးသည်။

နတ်သမီးကို ဖမ်းဆီးခြင်းဖြင့် အင်မော်တယ်အရှင်သခင်ကျန်းလူက နတ်ဧကရာဇ်ချီအူဇီ၏ နတ်ဘုရားစွမ်းအင်အမြူတေကို နက်ရှိုင်းစွာ လေ့လာနိုင်လိမ့်မည်။ ယင်းက သူ့အား စစ်ပွဲမှာ ကြီးကြီးမားမား အားသာချက်ရှိစေလိမ့်မည်။

…..

သို့သော်လည်း ယခုတော့ ဓားစာခံလဲလှယ်မှုက ဖြစ်ပေါ်လာသည်။

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။

အနီရောင်ဧရာမကြယ်ဂြိုလ်ပေါ်တွင် အလင်းပင်လယ်က တအိအိလှုပ်ခတ်သွားပြီး အရာအားလုံးကို လွှမ်းခြုံသွားသည်။ တစ်ချိန်တည်းမှာ ယင်းက ရွှီချင်းရှိနေသော မီးတောက်မျှော်စင်ကို သီးခြားခွဲထုတ်ပစ်လိုက်ပြီး လွတ်လပ်သော နယ်မြေတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ထိုနယ်မြေထဲဝယ် မီးတောက်မျှော်စင်က ဒြပ်ထည်ကင်းမဲ့နေပြီး ကောင်းကင်က အနီရောင်ပြောင်းလဲနေသည်။ ရွှီချင်း၏ လက်ထဲမှာတော့ လခြမ်းကွေးဆေဘာဓား ရှိသည်။

သူက ဆေဘာဓားကို ဆုပ်ကိုင်ထားလျက် တပ်မှူး၏ စကားကို လေးနက်စွာ နားထောင်နေသည်။ အချိန်တစ်ခဏကြာ စဉ်းစားပြီးနောက် သူက တပ်မှူးကို ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ တပ်မှူး… အင်မော်တယ်အရှင်သခင်ကျန်းလူက ဘာဖြစ်လို့ နတ်ဧကရာဇ်ချီအူဇီနဲ့ ဓားစာခံလဲလှယ်ဖို့ သဘောတူလိုက်လဲဆိုတာ သိထားပါလား ”

တပ်မှူး၏ အကြည့်က ကြယ်တာရာကောင်းကင်ထံသို့ ရွှေ့ပြောင်းသွားသည်။ သူက တစ်ခဏကြာ နှုတ်ဆိတ်သွားပြီးနောက် အချိန်ကို သယ်ဆောင်ထားဟန်ရသော လေသံဖြင့် ပြောသည်။

“ ဘာလို့လဲဆိုတော့ နတ်ဧကရာဇ်ချီအူဇီက အခြေအနေအမျိုးမျိုးနဲ့ ကမ်းလှမ်းလာလို့ပဲ… အဲ့ဒီထဲက တစ်ခုက အမှတ်ငါးကြယ်တာရာစက်ဝန်းက ကျင့်ကြံသူတွေ ငြင်းဆန်ဖို့ မဖြစ်နိုင်တဲ့အရာပဲ ”

ရွှီချင်းက သေချာနားစွင့်လိုက်သည်။ မည်သည့်အခြေအနေက အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ကျင့်ကြံသူများ မငြင်းဆန်နိုင်သောအရာဖြစ်ပြီး အင်မော်တယ်အရှင်သခင်ကျန်းလူကို ဓားစာခံလဲလှယ်စေရန် တွန်းအားပေးနိုင်ခဲ့ကြောင်း သူစူးစမ်းသိချင်သည်။

“ ပထမဆုံးအနေနဲ့ နတ်ဧကရာဇ်ချီအူဇီက အမှတ်လေးကြယ်တာရာစက်ဝန်းရဲ့ ဖမ်းဆီးခံထားရတဲ့ အဆင့်နိမ့်အင်မော်တယ်ငါးပါးကို ပြန်လွှတ်ပေးလိမ့်မယ်… ပြီးတော့ သူတို့ငါးယောက်စလုံးက နတ်ဘုရားတွေရဲ့ လက်ချက်နဲ့ သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခြင်း မခံရသေးတဲ့လူတွေ ဖြစ်ကြတယ် ”

“ အဲ့ဒီအဆင့်နိမ့်အင်မော်တယ်ငါးပါးထဲမှာ တစ်ပါးက အင်မော်တယ်အရှင်သခင်ကျန်းလူရဲ့ အငယ်ဆုံးတပည့်ဖြစ်တယ်… သူက အင်မော်တယ်အရှင်သခင်ကျန်းလူရဲ့ လက်အောက်မှာ နယ်စပ်ဒေသကို နှစ်တစ်သောင်းကြာအောင် ကာကွယ်စောင့်ကြပ်ပေးခဲ့ပြီး စစ်မြေပြင်မှာ ကြီးမားတဲ့ အကျိုးဆောင်မှုတွေကို ပြုလုပ်ပေးခဲ့တယ်… သူက စစ်ပွဲအတွင်းမှာ လုပ်ကြံသတ်ဖြတ်တဲ့ တာဝန်တစ်ခုကို ထမ်းဆောင်ခဲ့ပေမဲ့ ကံမကောင်းစွာဘဲ နတ်ဘုရားတွေရဲ့ ဝိုင်းဝန်းဖမ်းဆီးတာကို ခံခဲ့ရတယ်… သူက သူ့ကို ကယ်တင်ပေးဖို့ အကူအညီတောင်းမယ့်အစား နှစ်တွေအကြာကြီး ညှဉ်းပန်းနှိပ်စက်ခံခဲ့တယ် ”

“ တခြားအင်မော်တယ်လေးပါးက သူ့လောက် ကြီးမားတဲ့ အကျိုးဆောင်မှုတွေကို မထမ်းဆောင်ခဲ့ဘူးဆိုပေမဲ့ အမှတ်ငါးကြယ်တာရာစက်ဝန်းအတွက် သူတို့တတ်စွမ်းသလောက် အကျိုးပြုပေးခဲ့ကြတယ်… အစက သူတို့အားလုံးက သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံရဖို့ ကံပါလာကြတယ်… ဒါပေမဲ့ အခု သူတို့ကို ကယ်တင်နိုင်မယ့် အခွင့်အရေးတစ်ခုက ရောက်ရှိလာပြီ ”

“ အဲ့ဒါက နတ်ဧကရာဇ်ချီအူဇီ ကမ်းလှမ်းလာတဲ့ ပထမအခြေအနေပဲ ”

“ ဒုတိယအခြေအနေကတော့… အဲ့ဒါက စောစောက ငါပြောသွားခဲ့တဲ့ အမှတ်ငါးကြယ်တာရာစက်ဝန်းက ကျင့်ကြံသူတွေ မငြင်းဆန်နိုင်တဲ့ဟာပဲ… အင်မော်တယ်အရှင်သခင်ကျန်းလူတောင်မှ သဘောတူရတယ်… ”

“ အဲ့ဒါက လွင့်မျောဘုံအစိတ်အပိုင်းတစ်ခုပဲ ”

ထိုသို့ပြောလိုက်သည့်အခါ တပ်မှူး၏ မျက်လုံးက ဝင်းလက်သွားသည်။ ထို့နောက် သူက ရွှီချင်းကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ မင်းက အင်မော်တယ်မြို့တော်ကနေ တတ်လှမ်းလာခဲ့တယ်… ဒီတော့ သမိုင်းကြောင်းဗဟုသုတတချို့ကို မင်းသိထားလောက်မှာပါ ”

“ ရှေးခေတ်ကာလတုန်းက ငါတို့ကျင့်ကြံသူတွေနဲ့ အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ ဒေသခံနတ်ဘုရားတွေကြားမှာ ကြီးမားတဲ့ မဟာစစ်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့တယ်… နှစ်ဖက်စလုံးက တစ်ဖက်ကို အမြစ်ဖြတ်သုတ်သင်ဖို့အတွက် အကြမ်းပတမ်း တိုက်ခိုက်ခဲ့ကြတယ်… စစ်ပွဲက အရမ်းပဲ ပြင်းထန်တာကြောင့် ကောင်းကင်နဲ့ မြေပြင်ကတောင် ကပြောင်းကပြန်ဖြစ်သွားခဲ့ရတယ်… နောက်ဆုံးမှာတော့ အင်မော်တယ်ဘုရင်နဲ့ နတ်ဘုရင်ကြားက အဆုံးအဖြတ်တိုက်ပွဲက အမှတ်ငါးကြယ်တာရာစက်ဝန်းကို ပြိုကွဲပျက်စီးစေခဲ့တယ် ”

“ ကြယ်တာရာကောင်းကင်က အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရပြီး လွင့်မျောဘုံအစိတ်အပိုင်းတွေ ဖြစ်လာကြတယ်… အဲ့ဒီနောက် လွင့်မျောဘုံအစိတ်အပိုင်းတွေက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ ပြန့်ကျဲသွားကြတယ် ”

“ နှစ်တွေအကြာကြီး ကုန်လွန်သွားတဲ့နောက် အင်မော်တယ်အရှင်သခင်အားလုံးက တူညီတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်ခဲ့ကြတယ်… အဲ့ဒါက လွင့်မျောဘုံအစိတ်အပိုင်းအားလုံးကို ပြန်စုဝေးပြီး အမှတ်ငါးကြယ်တာရာစက်ဝန်းကို ပြည့်စုံစေဖို့ပဲ ”

“ အဲ့ဒီတော့မှ အမှတ်ငါးကြယ်တာရာစက်ဝန်းက ပြည့်စုံသွားပြီး ကြယ်တာရာစက်ဝန်းထဲက နိယာမတွေ၊ ဥပဒေသတွေနဲ့ ကံကြမ္မာက အထွတ်အထိပ်ကို ရောက်ရှိသွားလိမ့်မယ် ”

“ နှစ်တွေအကြာကြီး ကုန်လွန်သွားတဲ့နောက် အစိတ်အပိုင်းအများစုကို ပြန်စုဝေးနိုင်ခဲ့ကြတယ်… ဒါပေမဲ့ အကြီးမားဆုံး အစိတ်အပိုင်းတစ်ခုကတော့ အမြဲတမ်း ပျောက်ဆုံးနေခဲ့တယ်… ဒါကြောင့် အမှတ်ငါးကြယ်တာရာစက်ဝန်းက ဘယ်တော့မှ မပြည့်စုံခဲ့ဘူး ”

“ နတ်ဧကရာဇ်ချီအူဇီ ကမ်းလှမ်းလာတဲ့ ဒုတိယအခြေအနေက ပျောက်ဆုံးနေတဲ့ လွင့်မျောဘုံရဲ့ နောက်ဆုံးအစိတ်အပိုင်း ဖြစ်တယ် ”

“ အဲ့ဒါကို ငါတို့ရရှိတာနဲ့ အမှတ်ငါးကြယ်တာရာစက်ဝန်းက ပြည့်စုံသွားလိမ့်မယ်… ပြီးတော့ ကြယ်တာရာစက်ဝန်းထဲက နိယာမတွေနဲ့ ဥပဒေသတွေက အထွတ်အထိပ်ကို ရောက်ရှိသွားကြလိမ့်မယ်… ကံကြမ္မာက ပေါကြွယ်ဝလာပြီး သက်ရှိအားလုံးကို အကျိုးပြုလိမ့်မယ် ”

“ ဒီလိုအခြေအနေကို ဘယ်သူက ငြင်းဆန်နိုင်မှာလဲ ”

တပ်မှူးက ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းသည်လည်း နက်ရှိုင်းစွာ စိတ်လှုပ်ရှားသွားသည်။ ထိုစဉ် အတွေးတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်နှင့် သူက ပြောသည်။

“ အဲ့ဒီအစိတ်အပိုင်းက နတ်ဧကရာဇ်ချီအူဇီရဲ့ လက်ထဲမှာ ရှိနေတာကို အင်မော်တယ်အရှင်သခင်ကျန်းလူက ကြိုသိထားတာများလား… အဲ့ဒါကြောင့် သူက နတ်သမီးကို ဖမ်းခိုင်းခဲ့တာလား ”

တပ်မှူး၏ အကြည့်က လေးနက်သွားသည်။ သို့သော်လည်း သူက ရွှီချင်း၏ မေးခွန်းကို ပြန်မဖြေပေ။ ယင်းအစား သူက လက်မြှောက်လိုက်ပြီး ငွေရောင်ကျောက်စိမ်းအပိုင်းတစ်ခုကို ထုတ်လိုက်သည်။

ထိုကျောက်စိမ်းအပိုင်း ထွက်ပေါ်လာသည်နှင့်ချက်ချင်း ယင်းက ကောင်းချီးမင်္ဂလာအလင်းတန်းတစ်ထောင်ကို ထုတ်လွှတ်လိုက်သည်။ ထို့ပြင် အလွန်ပေါကြွယ်ဝသော အင်မော်တယ်အရှိန်အဝါက ကျောက်စိမ်းအပိုင်းထဲမှာ စီးဆင်းနေသည်။

တစ်စုံတစ်ယောက်က ထိုကျောက်စိမ်းအပိုင်းကို သေချာကြည့်မည်ဆိုလျှင် ယင်းထဲမှာ လျှို့ဝှက်ဆန်းကြယ်သော ပူဖောင်းတစ်လုံးရှိနေကြောင်း ဝေဝါးစွာ မြင်နိုင်လိမ့်မည်။

ထိုပူဖောင်းကို ရွှီချင်းမြင်သွားသည့်အခိုက် သူ၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။ သူ၏ အာဏာစက်က အပြင်းအထန် လှုပ်ခါလာပြီး သူ၏ အင်မော်တယ်သန္ဓေသားလောင်းက သက်ဝင်လှုပ်ရှားလာသည်။ ဤသည်မှာ ထိုပူဖောင်းထဲတွင် အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံး၏ အထွတ်အမြတ်စိတ်ဆန္ဒက ကိန်းအောင်းနေသည့်အလားပင်။

ယင်းက အစောနက သူရရှိခဲ့သော ကံကြမ္မာကို လှုံ့ဆော်နေသည်။

“ အဲ့ဒါက… ”

ရွှီချင်းက သိမ်မွေ့နူးညံ့စွာ‌ ပြောသည်။

“ အဲ့ဒါက အမှတ်ငါးအင်မော်တယ်ဆေးလုံး ”

“ အဲ့ဒါက အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ ကံကြမ္မာနဲ့ ချိတ်ဆက်ထားတယ်… ဒါကြောင့် ဒီဆေးလုံးကို အစစ်အမှန်ဦးသျှောင်တွေပဲ သောက်သုံးနိုင်တယ်… တကယ်လို့ တခြားကျင့်ကြံသူတွေ အသုံးပြုမယ်ဆိုရင် ဒီဟာက အဆိပ်ဖြစ်လာလိမ့်မယ် ”

“ ဒီဆေးလုံးက အစစ်အမှန်ဦးသျှောင်တွေ အဆင့်နိမ့်အင်မော်တယ်အဆင့်ကို တတ်လှမ်းတဲ့အခါ အောင်မြင်နိုင်ခြေပိုများအောင်လို့ ကူညီပေးနိုင်တယ် ”

“ ဒီအင်မော်တယ်ဆေးလုံးက နတ်သမီးကို ဓားစာခံလဲလှယ်မယ့်နေရာဆီ လိုက်ပို့ပေးရမယ့် မင်းရဲ့ တာဝန်အတွက် အင်မော်တယ်အရှင်သခင်ကျန်းလူ ချီးမြှောက်ပေးတဲ့ ဆုလာဘ်ပဲ ”

ရွှီချင်းက သူ၏ အရှေ့မှ ကျောက်စိမ်းအပိုင်းကို စိုက်ကြည့်လိုက်လေရာ အသက်ရှူမြန်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ကံကြမ္မာက ယင်းကို ပဲ့တင်ပြန်နေကြောင်း သူအာရုံခံနိုင်သည်။ ထို့အတူ သူ၏ အင်မော်တယ်သန္ဓေသားလောင်းနှင့် အာဏာစက်သည်လည်း ပြင်းထန်စွာ လှုပ်ခတ်နေကြောင်း သူပြောနိုင်သည်။

ယင်းတို့အားလုံးက သူ့အား အလွန်ရှင်းလင်းစွာ နားလည်စေသည်။

ထိုဆေးလုံးက သူ့အတွက် အလွန်အသုံးဝင်သည်။

တပ်မှူး၏ အသံက ဆက်လက် ပျံ့လွင့်သွားသည်။ ဤတစ်ကြိမ်တွင် သူ၏ အသံထဲမှာ စိတ်ခံစားချက်တချို့ ပါဝင်နေသည်။

“ ရွှီချင်း… အင်မော်တယ်အရှင်သခင်ကျန်းလူက မင်းကို မြင့်မြင့် ရည်မှန်းထားတယ် ”

“ ဒီဓားစာခံလဲလှယ်မှုကို ဘယ်တောင်ပံစစ်ပွဲဇုန်ရဲ့ စစ်တပ်တွေအပြင် အင်မော်တယ်အရှင်သခင်ကျန်းလူကိုယ်တိုင်လည်း စောင့်ကြည့်နေလိမ့်မယ်… ဒါကြောင့် အန္တရာယ်သိပ်မများဘူး… တကယ်တော့ ဒီဓားစာခံလဲလှယ်တာကို ဘယ်အင်မော်တယ်မဆို ဆောင်ရွက်နိုင်တယ် ”

“ ဒါ့အပြင် ဒီတာဝန်ကို အောင်မြင်အောင် ထမ်းဆောင်နိုင်တဲ့လူက အဆင့်နိမ့်အင်မော်တယ်ငါးပါးရဲ့ ကျေးဇူးတင်မှုကို ရရှိလိမ့်မယ်… ဒုတိယကတော့ စစ်တပ်တစ်ခုလုံးက သူ့ကို သတိထားမိရတဲ့အထိ ကြီးမားတဲ့ ဂုဏ်သတင်းကျော်ကြားမှုကို ပိုင်ဆိုင်နိုင်လိမ့်မယ် ”

“ အဲ့ဒီနောက် မင်းက အရည်အချင်းပြည့်မီတယ်ဆိုရင် မင်းရဲ့ ကိုယ်ပိုင်စစ်တပ်ကို ဦးဆောင်နိုင်လိမ့်မယ် ”

တပ်မှူးက စကားဆုံးသည်နှင့် လက်မြှောက်လိုက်သည်။ ထိုအခါ လျှို့ဝှက်ဆန်းကြယ်သော ပူဖောင်းပါဝင်သည့် ကျောက်စိမ်းအပိုင်းက ရွှီချင်းထံသို့ ပျံသန်းသွားသည်။

ကျောက်စိမ်းအပိုင်းက ရွှီချင်း၏ အရှေ့မှာ လွင့်မျောသွားသည်။

ရွှီချင်းက နှုတ်ဆိတ်သွားပြီး သူ့အရှေ့မှ ကျောက်စိမ်းအပိုင်းကို ကြည့်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ အင်မော်တယ်အရှင်သခင်ရဲ့ အမိန့်ကို နာခံပါတယ် ”

တပ်မှူးက ခေါင်းညိတ်လိုက်ပြီး နောက်ထပ် မပြောတော့ပေ။ သူက အနောက်လှည့်လိုက်ပြီး ဧရာမငွေရောင်မျက်လုံးထဲသို့ ဝင်ရောက်သွားသည်။

မျက်လုံးမှိတ်သွားသည်နှင့် အလင်းပင်လယ်က ပျောက်ကွယ်သွားပြီး အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။

မီးတောက်မျှော်စင်က ဆက်လက် ရှိနေဆဲပင်။

မျှော်စင်ထဲမှ ရွှီချင်းသည်တော့ ဘာမှမဖြစ်ပျက်ခဲ့သည့်အလား ခံစားနေမိသည်။

ဧရာမမျက်လုံးက ပျောက်ကွယ်သွားသည်။

ဆုလာဘ်များနှင့် ငွေရောင်ကျောက်စိမ်းအပိုင်းသည်သာ ရွှီချင်း၏ အရှေ့တွင် ထွန်းလင်းတောက်ပနေပြီး မူလအနှစ်သာရနှင့် အလွန်ကြွယ်ဝသော အင်မော်တယ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ရွှီချင်းသည် အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီး ဤအခြေအနေကို အဖက်ဖက်မှ စဉ်းစားသုံးသပ်လိုက်သည်။

“ ဒီကိစ္စက… နာကျင်မှုနတ်ဘုရားရဲ့ ပုံရိပ်ယောင်ထဲမှာ မဖြစ်ပေါ်ခဲ့ဘူး… ”

“ ပြီးတော့ ဓားစာခံလဲလှယ်မှုက အကျိုးအကြောင်းသင့်တယ်လို့ ထင်ရတယ်… ဒါပေမဲ့… ”

ရွှီချင်းက လေးနက်စွာ တွေးတောစဉ်းစားလိုက်သည်။

ဤကိစ္စက မြင်ရသလောက် မရိုးရှင်းကြောင်း သူခံစားမိသည်။

အင်မော်တယ်အရှင်သခင်၏ ကြိုတင်စီစဉ်မှုများဖြစ်စေ သို့မဟုတ် လွင့်မျောဘုံအစိတ်အပိုင်းဖြင့် လဲလှယ်ခြင်းဖြစ်စေ သူတို့၏ ခြေလှမ်းအားလုံးက အဆင်ပြေချောမွေ့နေသည်။

ထို့ပြင် ယင်းတို့အားလုံးက အကျိုးအကြောင်းသင့်သည်။

“ အရမ်းအဆင်ချောလွန်းတယ်… မသိရင် နတ်ဧကရာဇ်ချီအူဇီက ပူးပေါင်းကူညီပေးနေသလိုပဲ ”

ထိုသို့စဉ်းစားလိုက်သည့်အခါ ရွှီချင်း၏ မျက်လုံးက မှေးကျဉ်းသွားသည်။

“ နတ်ဘုရားအရှင်သခင်တစ်ပါးအနေနဲ့ တစ်ကြိမ် ငြိမ်ခံနေတာကို ရှင်းပြပေးလို့ ရတယ်… ဒါပေမဲ့ အဲ့ဒီလို ခဏခဏဖြစ်နေရင် သာမန်မဟုတ်တော့ဘူး ”

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ အရှင်သခင်အဆင့်က သူ၏ လက်ရှိနားလည်နိုင်စွမ်းထက် ကျော်လွန်နေကြောင်း သူသိသည်။ ယခင်စစ်ပွဲအခြေအနေများကို သူပြန်စဉ်းစားလိုက်သည့်အခါ အင်မော်တယ်အရှင်သခင်က နည်းဗျူဟာတစ်ခုကို ခင်းကျင်းနေကြောင်း ထင်ရှားပေသည်။

“ ဒီတော့ နှစ်ဖက်အင်အားစုကြားက ဉာဏ်များမှုတွေရဲ့ အန္တိမရည်ရွယ်ချက်က တကယ်ပဲ ဘာလဲ ”

ရွှီချင်းသည် အချိန်အတော်ကြာ စဉ်းစားခဲ့သော်လည်း အဖြေမရခဲ့ပေ။

ထို့ကြောင့် သူက ထိုအတွေးများကို ယာယီဖိနှိပ်ထားလိုက်ပြီး စောစောက သူရရှိခဲ့သော ဆုလာဘ်များထံသို့ အာရုံပြောင်းရွှေ့လိုက်သည်။ သူက သူ၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်ပြီး အပြင်ဘက်မှ ကြယ်တာရာစက်ဝန်းနှင့် တခြားလူများကို ဆက်သွယ်လိုက်သည်။

မကြာမီ တခြားမီးတောက်မျှော်စင်များက ပွင့်သွားကြသည်။ မျှော်စင်များထဲမှာ တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေကြသော တာအိုမျိုးစေ့များသည်လည်း မျက်လုံးဖွင့်လိုက်ကြသည်။ သူတို့အများစု၏ မျက်လုံးထဲမှာ မျှော်လင့်မှုဖြင့် ပြည့်နှက်နေကြသည်။ သူတို့က မတ်တတ်ရပ်လိုက်ကြပြီး ရွှီချင်း၏ မီးတောက်မျှော်စင်ဆီသို့ မြန်မြန်သွက်သွက် လျှောက်သွားကြသည်။

မျှော်စင်ထဲသို့ ဝင်ရောက်သွားသည်နှင့် သူတို့၏ အကြည့်များက ဆုလာဘ်များပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။

အတွေ့အကြုံများသော ကြယ်တာရာစက်ဝန်းနှင့် ကျိုးကျန်းလီသည်ပင် တဒင်္ဂ မင်သက်သွားကြသည်။

“ အဲ့ဒါက တပ်မှူးလာပို့ပေးသွားတဲ့ မူလအနှစ်သာရတွေနဲ့ စစ်ပွဲအကျိုးပြုအမှတ်တွေပဲ ”

ရွှီချင်းက ဖြည်းညင်းစွာ ပြောသည်။

ခွဲဝေသည့် နည်းလမ်းကိုတော့ အစကတည်းက သူတို့သဘောတူထားပြီးသား ဖြစ်သည်။ နတ်သမီး၏ တည်နေရာကို ခြေရာခံပေးခဲ့ပြီး နတ်သမီးကို ဖမ်းဆီးရာမှာ အဓိကဆောင်ရွက်ပေးခဲ့သော ရွှီချင်းက စုစုပေါင်းဆုလာဘ်၏ (၄၀)ရာခိုင်နှုန်းကို ရရှိလိမ့်မည်။

နတ်သမီးကို ဖမ်းဆီးသည့် တိုက်ပွဲမှာ ဝင်ကူညီပေးခဲ့သော ကြယ်တာရာစက်ဝန်းက (၁၅)ရာခိုင်နှုန်း ရရှိလိမ့်မည်။

ကျန်(၄၅)ရာခိုင်နှုန်းကိုတော့ တခြားလူများက ညီတူညီမျှ ခွဲဝေကြလိမ့်မည်။

မူလအနှစ်သာရနှင့် စစ်ပွဲအကျိုးပြုအမှတ်များကို ထိုနည်းလမ်းအတိုင်း ခွဲဝေကြလိမ့်မည်။

မကြာမီ မူလအနှစ်သာရနှင့် စစ်ပွဲအကျိုးပြုအမှတ်များကို ခွဲဝေပြီးသွားသောအခါ လူတိုင်းက သူတို့၏ ဝေစုကို စိတ်လှုပ်ရှားစွာ လက်ခံလိုက်ကြသည်။

ရွှီချင်းက အကြီးမားဆုံး ဝေစုအား ရရှိခြင်းနှင့်ပတ်သက်ပြီး မည်သူမှ မကန့်ကွက်ကြချေ။ ရွှီချင်း၏ တိုက်ပွဲစွမ်းအားက သူတို့အဖွဲ့ထဲမှာ အသန်မာဆုံးဖြစ်ပြီး ဤတစ်ကြိမ်တာဝန်က ရွှီချင်းကြောင့်သာ အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။

ရွှီချင်းသည်လည်း ဤခွဲဝေမှုက မျှတသည်ဟု ခံစားမိသည်။ အကယ်၍ တခြားလူများ၏ အကူအညီသာမရှိလျှင် သူတစ်ယောက်တည်းအားဖြင့် နတ်ဘုရားအိုကြီးကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ သို့ဖြစ်လေရာ နတ်သမီးအား ဖမ်းဆီးရန်ကိုတော့ ပြောနေစရာပင် မလိုချေ။

ဝေစုခွဲပြီးနောက် ရွှီချင်းက လူတိုင်းကို အင်မော်တယ်အရှင်သခင်ကျန်းလူ သဘောတူထားသော ဓားစာခံလဲလှယ်မှုအကြောင်း ပြောပြလိုက်သည်။ တစ်ဆက်တည်းမှာ သူက သူ့ကိုယ်ပိုင်ခန့်မှန်းမှုများနှင့် သံသယများကိုလည်း ပြောသည်။

ယင်းကို ကြားသောအခါ လူတိုင်း၏ အမူအရာက ပြောင်းလဲသွားသည်။ သူတို့က ချက်ချင်း လေးနက်စွာ တွေးတောလိုက်ကြသည်။

ယင်းက သူတို့အဖွဲ့၏ ထုံးစံဖြစ်သည်။ ပြဿနာကြီးတစ်ခုဖြင့် ရင်ဆိုင်ရသည့်အခါတိုင်း သူတို့၏ ဦးနှောက်ကို အလုပ်ပေးပြီး ယင်းကို မတူညီသော အဖက်ဖက်မှ စဉ်းစားသုံးသပ်ကြလိမ့်မည်။

“ ရွှီချင်းပြောတာ အဓိပ္ပာယ်ရှိတယ်… ဒီဓားစာခံလဲလှယ်တဲ့ တာဝန်က အရမ်းအန္တရာယ်များတယ်… ငါ့အမြင်အရဆို ဘာလို့ အဲ့ဒီလိုလဲလှယ်ရတာလဲဆိုတော့ အင်မော်တယ်အရှင်သခင်ကျန်းလူက စစ်ပွဲကို နောက်ထပ် မကြီးမားစေချင်တာ ဖြစ်မယ် ”

“ ဘာပဲပြောပြော တကယ်လို့ စစ်ပွဲသာ ဒီထက် ပိုကြီးမားလာမယ်ဆိုရင် အရှင်သခင်အဆင့် တည်ရှိမှုတွေအများကြီး ဒီစစ်ပွဲထဲမှာ ပါဝင်လာကြလိမ့်မယ်… နောက်ပိုင်းကျရင် အင်မော်တယ်ဘုရင်နဲ့ နတ်ဘုရင်တောင် ဆင်းသက်လာနိုင်လောက်တယ်… ”

“ အဲ့ဒါက တကယ့် အဆုံးအဖြတ်တိုက်ပွဲ ဖြစ်လာလိမ့်မယ် ”

“ ဒီဟာက နတ်ဘုရားအရှင်သခင်နဲ့ အင်မော်တယ်အရှင်သခင်ကြားက နည်းဗျူဟာအားပြိုင်မှုပဲ… သူတို့ရဲ့ နည်းဗျူဟာက စစ်ပွဲရဲ့ အရှိန်အဟုန်ကို သက်ရောက်မှုရှိစေမယ်… ”

“ ဒါပေမဲ့ ဒီကိစ္စက နည်းနည်း ထူးဆန်းတယ်… အင်မော်တယ်အရှင်သခင်ကျန်းလူရဲ့ အန္တိမရည်ရွယ်ချက်က ဘာများလဲ ”

“ ဘာပဲဖြစ်ဖြစ် ချကွာ… ငါတို့ညီအကိုနှစ်ယောက်ကို ဘယ်သူမှ မရပ်တန့်နိုင်ဘူး ”

လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ပြောကြသည်။

ရွှီချင်းက သူတို့၏ အမြင်များကို နားထောင်ပြီးနောက် ယင်းတို့ကို သူ့ကိုယ်ပိုင်သုံးသပ်မှုဖြင့် ပေါင်းစပ်လိုက်သည်။ သူ၏ စိတ်ခံစားချက်များက ပရမ်းပတာ လှုပ်ခတ်သွားစဉ် သူက ကျိုးကျန်းလီကို ကြည့်လိုက်သည်။

အတူတူ ခရီးဆက်ခဲ့ပြီးနောက် ရွှီချင်းက ကျိုးကျန်းလီ၏ ဉာဏ်ရည်အပေါ် ကောင်းမွန်စွာ နားလည်ခဲ့သည်။

ကျိုးကျန်းလီက မျက်မှောင်ကြုတ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ သူက တစ်ခဏတုံ့ဆိုင်းသွားပြီးနောက် နူးညံ့စွာ ပြောသည်။

“ သခင်လေးနဲ့ တာအိုရောင်းရင်းတွေ… ဒီဓားစာခံလဲလှယ်တာက မီးအိမ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်မယ်လို့ မင်းတို့မထင်မိဘူးလား ”

ယင်းကို ရွှီချင်းကြားသောအခါ ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက ဖြည်းညင်းစွာ ပြောသည်။

“ အဲ့ဒီအတိုင်းသာ အမှန်ဆိုရင် ဘယ်တောင်ပံစစ်ပွဲဇုန်တစ်ခုလုံးကို အသုံးပြုတာက မီးအိမ်အတွက် မလုံလောက်သေးတဲ့ပုံပဲ… အင်အားစုနှစ်ခုစလုံး ပါဝင်ကြမယ့် ဒီဓားစာခံလဲလှယ်မှုက မီးအိမ်ကို ပိုပြီးထွန်းလင်းလာစေမယ်… ဒါဆိုရင် တကယ့်ရည်ရွယ်ချက်က ဒီစစ်မြေပြင်မှာ မဟုတ်နိုင်တော့ဘူး… ”

“ အဲ့ဒါက… အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှာ ဖြစ်လိမ့်မယ် ”

ရွှီချင်း၏ စကားက လူတိုင်း၏ နှလုံးသားကို မုန်တိုင်းထန်သွားစေသည်။

…..

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားပြီး တပ်မှူးကြေညာထားသော ဓားစာခံလဲလှယ်မည့်နေ့က တဖြည်းဖြည်း နီးကပ်လာသည်။

ဤအတောအတွင်းမှာ ရွှီချင်းနှင့် တခြားလူများက တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွားကြသည်။ သူတို့အားလုံးက နောက်လာမည့် တာဝန်အတွက် အထူးသတိထားနေကြသည်။

ရွှီချင်းသည်လည်း ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားသည်။ ဤရက်အနည်းငယ်အတွင်းမှာ သူက အင်မော်တယ်အရှင်သခင်အဆင့် တာအိုလက်နက်ဖြင့် သူ့ကိုယ်သူ နေသားကျရန် ကြိုးစားလိုက်သည်။ တစ်ချိန်တည်းမှာ သူက အနီရောင်ဧရာမကြယ်ဂြိုလ်ထံမှ မူလအနှစ်သာရကို အသုံးပြု၍ မကြာသေးခင်ကမှ အဆင့်ချိုးဖြတ်ခဲ့သော သူ၏ ကျင့်ကြံခြင်းအခြေခံကို တည်ငြိမ်စေသည်။

သူက သူ၏ တိုက်ပွဲစွမ်းအားကို အထွတ်အထိပ်အခြေအနေမှာ ထိန်းသိမ်းထားသည်။

တစ်ချိန်တည်းမှာ အပြင်ဘက်မှ လေထုက ပြောင်းလဲသွားကြောင်း သူအာရုံခံမိသွားသည်။

အနီရောင်ဧရာမကြယ်ဂြိုလ်၏ ဘေးပတ်ပတ်လည်တွင် စစ်တပ်များက ကြယ်တာရာကောင်းကင်ထဲမှာ နေ့စဉ်နှင့်အမျှ စုဝေးရောက်ရှိလာကြသည်။

တစ်နေ့ထက်တစ်နေ့ သူတို့၏ အရေအတွက်က ပိုမိုများပြားလာသည်။

လေထုက တဖြည်းဖြည်း ပိုပြီးတင်းကျပ်လာသည်။

ယင်းက ဤတစ်နေရာတည်း မဟုတ်ပေ။ ရွှီချင်းနှင့် တခြားလူများ အာရုံမခံနိုင်သော ဘယ်တောင်ပံစစ်ပွဲဇုန်မှ ရှေ့တန်းစစ်မြေပြင်တွင်လည်း အလားတူအဖြစ်အပျက်များ ဖြစ်ပေါ်နေသည်။ နတ်ဘုရားများနှင့် ကျင့်ကြံသူများသည် စစ်မြေပြင်ပေါ်မှာ မြန်ဆန်စွာ စုဝေးလိုက်ကြပြီး အလွန်အားကောင်းသော အင်အားကို ထုတ်ဖော်ပြလိုက်ကြသည်။

ထို့ကြောင့် ဘယ်တောင်ပံစစ်ပွဲဇုန်ထဲတွင် အဖြူနှင့် အနက်အင်အားစုများက ဆက်လက် တိုးပွားလာနေကြသည်။

မုန်တိုင်းက စတင်လာသည်။

နောက်ဆုံးမှာတော့ ဓားစာခံလဲလှယ်ခြင်းစတင်ရန် နှစ်နာရီသာ လိုတော့သည့်အချိန် ရှေးခေတ်ခံရာမှုတ်သံက အနီရောင်ဧရာမကြယ်ဂြိုလ်ပေါ်မှာ ပဲ့တင်ထပ်သွားသည်။

ခံရာမှုတ်သံက ကြယ်တာရာကောင်းကင်တစ်ခွင် ပျံ့လွင့်သွားပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ နားထဲသို့ ဝင်ရောက်သွားသည်။

ရွှီချင်းက မျက်လုံးဖွင့်လိုက်သည်။

သူ၏ အရှေ့တွင် အလင်းပင်လယ်က ထွန်းလင်းတောက်ပသွားသည်။ ထို့နောက် သူရင်းနှီးကျွမ်းဝင်သော ပုံရိပ်တစ်ခုက အလင်းပင်လယ်ထဲမှာ ထွက်ပေါ်လာသည်။ တစ်ဖက်လူသည် ချိပ်တံဆိပ်အလွှာအထပ်ထပ်ဖြင့် ချုပ်နှောင်ခံထားရလျက် ရွှီချင်း၏ အရှေ့သို့ ပို့လွှတ်ခံလိုက်ရသည်။

၎င်းက ကြယ်တာရာမျက်လုံးနတ်သမီးမှလွဲ၍ တခြားလူမဟုတ်ပေ။

၎င်းက ရွှီချင်းနှင့် ခွဲခွာခဲ့ပြီးနောက် ကောင်းကောင်းမွန်မွန် နေနေခဲ့ရပုံပေါ်သည်။ ယခု ၎င်းက မူလအနှစ်သာရတချို့ကို ပြန်လည်ရရှိသွားပြီး ၎င်း၏ အသားအရေက အနည်းငယ် ဝင်းလက်လာသည်။

မည်သို့ဖြစ်ပါစေ အင်မော်တယ်အရှင်သခင်ကျန်းလူ၏ အဆင့်အတန်းအရ နတ်သမီးကို သူစစ်ဆေးချင်သည်ဆိုလျှင် အကြည့်တစ်ချက်သာ လိုအပ်ပေသည်။ ၎င်းကို ညှဉ်းပန်းနှိပ်စက်ရန် မလိုချေ။

သို့ဖြစ်၍ နတ်သမီးထံမှ အမွှေးနံ့က ပိုပြီးသင်းပျံ့လာသည်။

ယင်းကို သတိထားမိသောအခါ ရွှီချင်း၏ မျက်လုံးက ဝင်းလက်သွားပြီး သူက ချက်ချင်း နှုတ်ခမ်းသပ်လိုက်သည်။

နတ်သမီးသည်တော့ ရွှီချင်းကို မြင်သွားသည့်အခါ ခန္ဓာကိုယ်တောင့်တင်းသွားပြီး အသားတဆတ်ဆတ် တုန်လာသည်။ ၎င်း၏ အသိစိတ်သည်လည်း ပရမ်းပတာ လှုပ်ခတ်သွားသည်။

ဤသည်မှာ ၎င်းက အိမ်မက်ဆိုးဖြင့် တွေ့ကြုံလိုက်ရသည့်အလားပင်။

All Chapters