အချိန်ကျပြီ
Vol. 113 Ch. 1735
အနီရောင်ဧရာမကြယ်ဂြိုလ်ပေါ်မှ မီးတောက်မျှော်စင်ထဲတွင်…
အင်မော်တယ်တစ်ပါးနှင့် နတ်ဘုရားတစ်ပါး ရှိနေကြသည်။
ကံကြမ္မာက သူတို့နှစ်ယောက်ကို ပေါင်းစည်းပေးထားသည့်အလား နောက်တစ်ကြိမ် တွေ့ဆုံသွားကြပြန်သည်။
ရွှီချင်း၏ မျက်လုံးက ဝင်းလက်သွားစဉ် နတ်သမီး၏ နှလုံးသားထဲမှာတော့ စိတ်အားငယ်မှုဖြင့် ပြည့်နှက်သွားသည်။
အစက ၎င်းတွေးထားသည်မှာ ၎င်းမုန်တီးသော ထိုလူသားက ၎င်းကို မြင်လိုက်သည့်အခါ တစ်စုံတစ်ခု ပြောလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။
ထို့ကြောင့် ၎င်းက အရင်လက်ဦးမှုယူကာ စကားပြောရန် ပြင်လိုက်သည်။
“ နင်… ”
…..
သို့သော်လည်း ၎င်း၏ စကားမဆုံးခင်မှာ ရွှီချင်းက နောက်ထပ် အချိန်မဖြုန်းတော့ဘဲ သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ဖမ်းဆုပ်သော လက်ဟန်ကို ပြုလုပ်လိုက်သည်။
မခုခံနိုင်သော အင်အား၏ ဆွဲငင်မှုကြောင့် ကြယ်တာရာမျက်လုံးနတ်သမီး၏ ခန္ဓာကိုယ်က ရွှီချင်းထံသို့ ပျံသန်းသွားသည်။
သူက ခါတိုင်းကဲ့သို့ နတ်သမီး၏ လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။
ရွှီချင်းကြောင့် လည်ပင်းညှစ်ခံလိုက်ရသည်နှင့်ချက်ချင်း နတ်သမီး၏ အတွင်းစိတ်အကြောက်တရားက ပေါ်လျှိုးလာပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ရွှီချင်းက ၎င်းထံမှ မူလအနှစ်သာရကို စတင်စုပ်ယူလိုက်သည်။
နတ်သမီးက အပြင်းအထန် တုန်ယင်သွားပြီး ၎င်း၏ ဝိညာဉ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ တစ်ချိန်တည်းမှာ မူလအနှစ်သာရစီးကြောင်းက ၎င်းထံမှ ဆက်တိုက် ပေါ်လျှိုးလာပြီး ရွှီချင်း၏ ညာလက်ထဲသို့ စီးဆင်းသွားသည်။
မူလအနှစ်သာရက ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ အင်မော်တယ်သန္ဓေသားလောင်းနှင့် သူ၏ ဝိညာဉ်ကို အာဟာရဖြည့်ပေးလိုက်သည်။
အချိန်အတော်ကြာ လွမ်းဆွတ်နေခဲ့သော အရသာက ရွှီချင်း၏ စိတ်ကို ကြည်နူးပျော်ရွှင်စေသည်။
နတ်သမီးထံမှ အရသာက ဤရက်များမှာ သူလွမ်းဆွတ်နေခဲ့သောအရာ ဖြစ်သည်။
ယခု ယင်းကို ထပ်မံ သူစားသုံးနိုင်သွားသည့်အခါ သူ၏ ကျင့်ကြံခြင်းက ပိုမိုမြန်ဆန်သွားသည်။ သူ၏ မျက်လုံးထဲမှ ငွေရောင်အလင်းသည်ပင် ပိုပြီးထွန်းလင်းလာသည်။
နတ်သမီးသည်တော့ ပြင်းထန်သော နာကျင်မှုကို ခံစားမိသွားသည်။ ၎င်း၏ ခန္ဓာကိုယ်သည်သာ နာကျင်နေခြင်းမဟုတ်ဘဲ ဝိညာဉ်သည်လည်း အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံနေရဟန် ရ၏။ လွန်ခဲ့သော ရက်အနည်းငယ်က ၎င်းပြန်တည်ဆောက်နိုင်ခဲ့သော သခင်မလေးပုံရိပ်က ဤအခိုက်အတန့်မှာ အိမ်မက်ဆိုးဖြင့် တွေ့ဆုံသွားပြီး ချက်ချင်း ပြိုကွဲသွားသည်။
ယင်းက ၎င်း၏ မျက်လုံးထဲ၌ အလွန်ပြင်းထန်သော မကျေချမ်းစိတ်ဆန္ဒကို ထွက်ပေါ်လာစေသည်။
ထိုသို့အကြည့်က ရွှီချင်းရင်းနှီးသောအရာ ဖြစ်သည်။
သူက ယင်းကို လုံးဝ လျစ်လျူရှုထားပြီး ဆက်လက် စုပ်ယူလိုက်သည်။
တစ်နာရီကြာပြီးမှသာလျှင် ရွှီချင်းက စုပ်ယူခြင်းကို ရပ်တန့်လိုက်သည်။ သူက အနည်းငယ် စိတ်ကျေနပ်သွားသည်။ ယခင်က အနည်းငယ် ပြန်ဝင်းလက်လာသော နတ်သမီး၏ အရေပြားက ယခု ထပ်မံ မွဲခြောက်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်ထဲမှ မူလအနှစ်သာရသည်လည်း ကုန်ခမ်းသွားသည်။
ယခု ၎င်း၏ အခြေအနေက အလွန်အားနည်းနေသည်။
ထိုအခြေအနေသို့ ရောက်သည့်အခါ ရွှီချင်းက နတ်သမီးကို လွှတ်ပေးလိုက်သည်။ ထိုအခါ နတ်သမီးက ကြမ်းပြင်ပေါ်သို့ အရုပ်ကျိုးပြတ်သွားသကဲ့သို့ ပြုတ်ကျသွားသည်။
နတ်သမီးက အလွန်အားနည်းနေသော်လည်း ၎င်း၏ မျက်လုံးထဲမှ အမုန်းတရားက ပိုပြီးတောက်လောင်လာသည်။ ၎င်းက ရွှီချင်းကို မြွေဟောက်မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
သို့သော်လည်း မကြာမီ ၎င်းက ခက်ခက်ခဲခဲ အသက်ရှူလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ နောက်တစ်ကြိမ် ၎င်းမျက်လုံးပြန်ဖွင့်လိုက်သည့်အခါ ၎င်း၏ မကျေချမ်းစိတ်ဆန္ဒက ပျောက်ကွယ်သွားသည်။ ထိုနေရာမှာ ခါးသီးမှုက အစားထိုးထွက်ပေါ်လာသည်။
“ နင့်ရဲ့ အင်မော်တယ်အရှင်သခင်နဲ့ ငါတွေ့ပြီးပြီ… နင်လိုချင်တာလည်း နင်ရပြီးပြီ… အခု ဓားစာခံလဲလှယ်တော့မယ်… နင်ဆန္ဒမရှိတာကို ငါနားလည်တယ် ”
“ အဲ့ဒါကြောင့် နင်က ငါ့ရဲ့ အနှစ်သာရကို စုပ်ယူခဲ့တယ်… အဲ့ဒါကို ငါမခုခံနိုင်ဘူး… ဘာပဲပြောပြော နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေက သဘာဝရန်သူတွေ… တကယ်လို့ အင်မော်တယ်တစ်ပါးက ငါတို့လက်ထဲ ရောက်လာမယ်ဆိုရင်လည်း သူက သေချာပေါက် ညှဉ်းပန်းနှိပ်စက်ခံရလိမ့်မယ် ”
“ အဲ့ဒါကို ငါနားလည်တယ်… အဲ့ဒါက ငါတို့ရဲ့ မတူညီတဲ့ ရပ်တည်မှုကြောင့်ပဲ… ငါတို့ကြားမှာ ပုဂ္ဂိုလ်ရေးရန်ငြိုးမရှိဘူး… ပြီးတော့ ငါအဖမ်းခံခဲ့ရတာက ငါ့ရဲ့ စွမ်းအား မလုံလောက်လို့ပဲ ”
နတ်သမီးက အက်ရှရှအသံဖြင့် ပြောသည်။ ၎င်း၏ လေသံထဲမှာ ကိုယ့်ကိုယ်ကိုယ် သရော်လှောင်ပြောင်မှု ပါရှိ၏။ ဤအတောအတွင်း အင်မော်တယ်အရှင်သခင်ဖြင့် ၎င်းရှိနေခဲ့စဉ်အတွင်း ကိစ္စအများအပြားကို နားလည်သွားခဲ့သည်။
ဤသည်မှာ နတ်သမီးထံမှ ထိုသို့အမူအရာကို ပထမဆုံးအကြိမ် ရွှီချင်းမြင်ဖူးခြင်း ဖြစ်သည်။
ထို့ကြောင့် သူက နတ်သမီးကို ကြည့်လိုက်သည်။
နတ်သမီးက တည်ငြိမ်စွာ ဆက်ရှိနေပြီး ၎င်း၏ ကံကြမ္မာကို လက်ခံလိုက်သော အမူအရာကို ဖော်ပြလိုက်သည်။
ရွှီချင်းက ၎င်းကို ကြည့်နေရင်း ရုတ်တရက် ပြောသည်။
“ အရင်က မင်းက သေချာပေါက် သေဆုံးတော့မယ်လို့ ထင်နေတာကြောင့် စိတ်ပျက်အားလျော့ခဲ့တယ်… အဲ့ဒါကြောင့် မင်းငါ့ကို နာကျည်းမုန်းတီးတဲ့အကြောင်း ပေါ်ပေါ်ထင်ထင် ထုတ်ပြခဲ့တယ်… အခု မင်းမှာ အသက်ရှင်နိုင်တဲ့ အခွင့်အရေးတစ်ခုရှိနေသေးကြောင်း သိလိုက်ရတော့ အဲ့ဒါကို စတင်ဖုံးကွယ်လိုက်တယ်… မင်းက နောက်ထပ် မစွန့်စားရဲတော့ဘူး… ငါဒေါသထွက်သွားပြီး မင်းကို မဆင်မခြင် သတ်ပစ်လိုက်မှာကို မင်းကြောက်နေတယ်… မင်းရဲ့ မျှော်လင့်ချက်ကို ငါအဆုံးသတ်ပစ်လိုက်မှာကို မင်းစိုးရိမ်နေတယ် ”
ရွှီချင်းက စကားပြောလိုက်သည့်အခါ နတ်သမီးက မျက်လုံးမှေးကျဉ်းလိုက်သည်။
ရွှီချင်း၏ တည်ငြိမ်သော အသံက ဆက်လက် ပျံ့လွင့်လာသည်။
“ ဓားစာခံလဲလှယ်မှုက အရေးကြီးတယ်… အဲ့ဒါကို ငါသိသလို မင်းလည်း သိတယ်… ငါမင်းကို မသတ်နိုင်ဘူး… အဲ့ဒါကြောင့် အားနည်းနေသလိုမျိုး မင်းဟန်ဆောင်နေစရာ မလိုဘူး ”
“ မင်းရဲ့ ဒီပုံစံထက်စာရင် မင်းငါ့ကို နာကျည်းမုန်းတီးနေတာကို ငါပိုပြီးသဘောကျတယ်… မင်း အဲ့ဒီကို ပြန်ရောက်တဲ့အခါ ဘာလုပ်မလဲ… အဲ့ဒါကို ငါပြောနေစရာတောင် မလိုဘူး… မင်းငါ့ကို အလွတ်မပေးဘူးဆိုတာ သေချာတယ် ”
“ ဒါပေမဲ့ မင်းရဲ့ စကားတွေက ငါ့ကို သတိပေးခဲ့တယ်… ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး သူ၏ ညာလက်ကို မြှောက်လိုက်သည်။ အန္တိမသတ္ထုစွမ်းအားက ရုတ်တရက် ထွန်းလင်းလာပြီး လေထဲတွင် ရွှေရောင်ချည်မျှင်များကို ဖန်တီးလိုက်သည်။ ထို့နောက် အန္တိမသစ်သားစွမ်းအင်က ရွှေရောင်ချည်မျှင်များကို အားဖြည့်ပေးလိုက်သည်။
ထို့နောက် အန္တိမရေ၊ အန္တိမမီးတောက်နှင့် အန္တိမမြေကြီးက ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာကြသည်။
အန္တိမဒြပ်စင်ငါးခု၏ ပေါင်းစည်းမှုအောက်မှာ ပုံရိပ်ယောင်လှောင်ချိုင့်တစ်ခုက ဖွဲ့စည်းသွားသည်။ အချိန်က ချိပ်တံဆိပ်ဖြစ်လာပြီး လေဟာနယ်က နယ်နိမိတ်ဖြစ်လာသည်။ ယင်းက လှောင်ချိုင့်ကို ပိုပြီးအံ့ဖွယ်ကောင်းစေသည်။
နောက်ဆုံးမှာတော့ ရွှီချင်း၏ အချိန်လေဟာနယ်အာဏာစက်က ဆင်းသက်လာသည်။
ယင်းက လှောင်ချိုင့်ကို ထပ်မံ သော့ခတ်လိုက်သည်။
ကျယ်လောင်သော မြည်ဟိန်းသံနှင့်အတူ လှောင်ချိုင့်က နတ်သမီးကို ဖုံးအုပ်သွားပြီး ၎င်းကို အကျဉ်းချလိုက်သည်။
ထိုသို့လုပ်ဆောင်ခဲ့သော်လည်း ရွှီချင်းက စိတ်မကျေနပ်သေးပေ။ ထို့ကြောင့် သူလက်ဝှေ့ယမ်းလိုက်သည့်အခါ ကောင်းကင်ဘုံဥပဒေသစွမ်းအားက ထွက်ပေါ်လာပြီး လှောင်ချိုင့်ကို ပုံရိပ်ယောင်မှ ဒြပ်ထည်ရှိသွားစေသည်။
နတ်သမီး၏ အမူအရာက ပျက်ယွင်းသွားစဉ် ရွှီချင်းက ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ပြီး သူ၏ နဖူးတည့်တည့်ပေါ်သို့ လက်ညှိုးညွှန်လိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ်သန္ဓေသားလောင်းက အပြင်မှာ ထွက်ပေါ်လာပြီး အလွန်ကျယ်ပြောသော အင်မော်တယ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ အင်မော်တယ်သန္ဓေသားလောင်းထဲတွင် မိုးသောက်အင်မော်တယ်နန်းတော်က ဆင်းသက်လာသည်။
အင်မော်တယ်နန်းတော်က လှောင်ချိုင့်ကို လွှမ်းခြုံလိုက်သည်။
ဝုန်းခနဲ မြည်သံက ပဲ့တင်ထပ်သွားစဉ် နတ်သမီး၏ အမူအရာက အကြီးအကျယ် ပျက်ယွင်းသွားသည်။
သို့သော်လည်း ယင်းက အဆုံးမသတ်သေးပေ။
လှောင်ချိုင်ထဲတွင် သူ၏ အဌမမြောက်အန္တိမတာအို အချိန်လေဟာနယ်နှင့် နဝမမြောက်အန္တိမတာအို မျဉ်းပြိုင်က ရုတ်တရက် ထွက်ပေါ်လာသည်။
အာဏာစက်နှစ်ခု၏ အစွမ်းအာနိသင်အောက်မှာ မတူညီသော အချိန်လေဟာနယ်များက ထွက်ပေါ်လာကြပြီး နတ်ဘုရားနှိမ်နင်းခြင်းသံကြိုးများအဖြစ် အသွင်ပြောင်းလဲသွားကြသည်။ ထိုသံကြိုးများက ဟင်းလင်းပြင်ထဲမှ ပျံသန်းထွက်လာကြပြီး နတ်သမီးဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။
၎င်းက နာကျင်စွာ အော်ဟစ်လိုက်သည်။ သို့သော်လည်း မတူညီသော အချိန်လေဟာနယ်များထဲမှ ပျံသန်းထွက်လာကြသော သံကြိုးဒါဇင်ခန့်က နတ်သမီး၏ ကျောရိုးကို ဖောက်ထွင်းသွားကြပြီး ၎င်းကို လေပေါ်သို့ မြှောက်တင်လိုက်သည်။
ကြယ်တာရာမျက်လုံးနတ်သမီးက ရုန်းကန်လိုက်သည်။ သို့သော်လည်း ၎င်းရုန်းကန်သည့်အခါတိုင်း သံကြိုးများပေါ်မှ မှော်သင်္ကေတများက လင်းလက်သွားသည်။
ယင်းက နတ်သမီး၏ ဟန်ဆောင်မျက်နှာဖုံးကို ကွာကျသွားစေသည်။ ဤအခိုက်အတန့်မှာ နတ်သမီးထံမှ နာကျည်းမုန်းတီးမှုက အသူရာချောက်နက်တစ်ခုကိုပင် ပြည့်လျှံသွားစေရန် လုံလောက်ပေသည်။
“ ရွှီချင်း… ငါနင့်ကို သေချာပေါက် သတ်မယ်… နင်ပဲ မဟုတ်ဘူး… နင်ရဲ့ မိသားစုဝင်အားလုံး၊ နင်ရဲ့ မိတ်ဆွေအားလုံးကို ငါသတ်ပစ်မယ်… သူတို့အားလုံးက နင့်ကြောင့် အသေဆိုးနဲ့ သေဆုံးရမယ် ”
ရွှီချင်းက မထူးမခြားနား အမူအရာဖြင့် ရှိနေသည်။ သူက ဒေါသထွက်နေသော နတ်သမီးကို ကြည့်နေရင်း ၎င်း၏ ခန္ဓာကိုယ်ထဲမှ မူလအနှစ်သာရကို စစ်ဆေးကြည့်လိုက်သည်။
မကြာမီ အစောနက ကုန်ခမ်းသွားခဲ့သော မူလအနှစ်သာရက ဤလှုံ့ဆော်မှုအောက်မှာ အမှန်တကယ် ပြန်ထွက်ပေါ်လာသည်။
ရွှီချင်းက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး မူလအနှစ်သာရကို ထပ်မံ စုပ်ယူလိုက်သည်။
ယင်းက နတ်သမီးကို သဘောပေါက်သွားစေသည်။ အစောနက ရွှီချင်း၏ လုပ်ဆောင်မှုအားလုံးက ၎င်းအား မူလအနှစ်သာရကို ပိုပြီးထုတ်လွှတ်စေရန်အလို့ငှာ တမင်လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ယင်းက ၎င်း၏ မှတ်ဉာဏ်များထဲမှာ နစ်မြုပ်နေခဲ့သော ရွှီချင်း၏ ရက်စက်ကြမ်းကြုတ်ပုံကို ပြန်အမှတ်ရသွားစေသည်။
ထို့ကြောင့် ၎င်းက စူးရှစွာ အော်ဟစ်လိုက်သည်။
“ နင်က အိမ်မက်ဆိုး… နင်က အင်မော်တယ်မဟုတ်ဘူး… နင်က မိစ္ဆာ… ”
“ ငါတကယ်ပဲ သိချင်မိတယ်… မင်းရဲ့ ကိုယ်ထဲမှာ အဆုံးမဲ့တဲ့ မူလအနှစ်သာရတွေ ရှိနေရတဲ့ အကြောင်းအရင်းက ဘာလဲ… ဘာလို့ မူလအနှစ်သာရက မကုန်ခမ်းနိုင်ရတာလဲ ”
နတ်သမီးထံမှ မူလအနှစ်သာရကို နောက်တစ်ကြိမ် ကုန်ခမ်းအောင် စုပ်ယူပြီးနောက် ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
သူ၏ လက်ထိပ်ဖျားက နတ်သမီး၏ နီမြန်းနေသော လည်ပင်းကို ပွတ်သပ်သွားသည်။ ထို့နောက် စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ နတ်ဘုရားစိတ်အာရုံအမျှင်တန်းတစ်ခုက သူ၏ လက်ချောင်းမှတဆင့် စိမ့်ထွက်လာပြီး နတ်သမီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
နတ်ဘုရားစိတ်အာရုံက ၎င်း၏ အသွေးအသား၊ အရိုးများ၊ ဝိညာဉ်နှင့် ၎င်း၏ ဝိညာဉ်အတွင်းထဲမှာ ပုန်းကွယ်နေသော နတ်ဘုရားအမြူတေထဲထိ လည့်ပတ်သွားသည်။
ရွှီချင်းက အတိတ်မှာ ထိုသို့ကြိုးစားကြည့်ခဲ့ဖူးသည်။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သောကြောင့် မအောင်မြင်ခဲ့ပေ။
ယခု ၎င်း၏ ကျင့်ကြံခြင်းအဆင့်က မြင့်တတ်သွားပြီ ဖြစ်သည်။ ထို့ပြင် အရေးကြီးမှာ နတ်သမီးသည် အင်မော်တယ်အရှင်သခင်၏ စစ်ဆေးခံထားရပြီးပြီ ဖြစ်သည်။ သို့ဖြစ်၍ အင်မော်တယ်အရှင်သခင်၏ စူးစမ်းလေ့လာမှုတွင် သဲလွန်စတချို့ ကျန်ရစ်ခဲ့နိုင်ကြောင်း ရွှီချင်း ခံစားမိသည်။
ထို့ကြောင့် သူက နောက်တစ်ကြိမ် ကြိုးစားကြည့်ချင်သည်။ ထိုသဲလွန်စများကို သူရှာတွေ့နိုင်ပြီး နတ်သမီး၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်မည်လော သိချင်မိသည်။
ဤတစ်ကြိမ်တွင် အများကြီး ပိုအဆင်ပြေချောမွေ့ကြောင်း သူခံစားမိသည်။ မကြာမီ သူ၏ နတ်ဘုရားစိတ်အာရုံက နတ်သမီး၏ ဝိညာဉ်ထဲသို့ ဝင်ရောက်သွားပြီး ထိုနေရာမှ အကြွင်းအကျန်များကို မြင်တွေ့သွားသည်။
ယခင်က ထိုဧရိယာကို သူမထိုးဖောက်နိုင်ခဲ့ပေ။
သို့သော်လည်း ယခု ဤနေရာက ဇကာပေါက်ဖြစ်နေသည်။
ထို့ကြောင့် ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက မည်သည့်အတားအဆီးမှမရှိဘဲ အရှေ့သို့ ဆက်လက် တိုးဝင်သွားသည်။
ယင်းက အနက်ပိုင်းထဲသို့ မြန်ဆန်စွာ ဝင်ရောက်သွားသည်။ မကြာမီ ထိုနေရာတွင် အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားမှာ တည်ရှိနေသော သလင်းကျောက်တစ်ခုကို ဝေဝေဝါးဝါး သူမြင်တွေ့သွားသည်။
ယင်းက ကံကြမ္မာမှ ဖွဲ့စည်းသွားသော သလင်းကျောက်နှင့် ဆင်တူသော်လည်း ကွာခြားပေသည်။
ယင်းက လျှို့ဝှက်ဆန်းကြယ်ဟန် ထင်ရသော်လည်း အက်ကွဲရာများဖြင့် ပြည့်နှက်နေသည်။
ယင်းကို ကြည့်ရသည်မှာ သလင်းကျောက်က အချိန်မရွေး ပြိုကွဲပျက်စီးသွားတော့မည့်အလားပင်။ ရွှီချင်းက သလင်းကျောက်ကို အာရုံခံမိသွားသည့်အခိုက် အမှတ်လေးကြယ်တာရာစက်ဝန်းတစ်ခုလုံးကို မြင်တွေ့သွားသည့်အလား ခံစားမိသွားသည်။
အလွန်ကျယ်ပြောသော အရှိန်အဝါနှင့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ထွက်ပေါ်လာသည်။
ယင်းက တစ်ချက်ကြည့်ရုံမျှသာ ဖြစ်သော်လည်း ရွှီချင်း၏ အသိစိတ်ကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။ သို့သော်လည်း တဒင်္ဂ တုံ့ဆိုင်းနေပြီးနောက် သူက စိတ်ဓာတ်ပြတ်သားစွာ ဆောင်ရွက်လိုက်သည်။ သူ၏ နတ်ဘုရားစိတ်အာရုံက သလင်းကျောက်ထဲသို့ အကြမ်းပတမ်း ထိုးဖောက်ဝင်ရောက်သွားသည်။
သလင်းကျောက်က ရုတ်တရက် အပြင်းအထန် တုန်ယင်သွားပြီး ဖော်မပြနိုင်သော အင်အားက သလင်းကျောက်ထဲမှ ပေါက်ကွဲထွက်လာသည်။ ဤသည်မှာ ယင်းက အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အလားပင်။
ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက ချက်ချင်း ပြိုကွဲပျက်စီးသွားပြီး နတ်သမီး၏ လည်ပင်းပေါ်မှ သူ၏ လက်ချောင်းများက အနောက်သို့ အကြမ်းပတမ်း တွန်းထုတ်ခံလိုက်ရသည်။
တစ်ချိန်တည်းမှာ နတ်သမီးက ခွန်အားအသစ်ကို ရရှိသွားဟန် ရသည်။ ၎င်းက ရုတ်တရက် ခေါင်းမော့လိုက်သည်။ ၎င်း၏ သူငယ်အိမ်များက ကြယ်အလင်းရောင်ဖြင့် လောင်ကျွမ်းနေသော ဝဲကတော့များအဖြစ် ပြောင်းလဲသွားသည်။
“ နင်ကများ ခမည်းတော် ငါ့အပေါ် ချီးမြှောက်ထားတဲ့ နတ်ဘုရားအခွင့်အာဏာကို ခိုးရဲတယ် ”
ထိုအသံက မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်သွားသည်။ ယင်းက နတ်သမီး၏ မူလအသံမဟုတ်ပေ။ ယင်းက မရေမတွက်နိုင်သော အသံများကို ပေါင်းစည်းထားသော နတ်ဘုရားအသံ ဖြစ်သည်။
နတ်ဘုရားအသံ ပဲ့တင်ထပ်သွားသည့်အခါ ရွှေရောင်မိုးကြိုးသွားကိုးစင်းက ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ရုတ်တရက် ဆင်းသက်လာကြသည်။ ယင်းတို့က ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။ သို့သော်လည်း မိုးကြိုးသွားများက ရွှီချင်းပေါ်သို့ ပစ်ချတော့မည့်အချိန် ရှေးဟောင်းစိတ်ဆန္ဒတစ်ခုက နတ်သမီး၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး မိုးကြိုးသွားများကို ဖျက်ဆီးပစ်လိုက်သည်။
ထို့နောက် နတ်သမီးက အသက်ရှင်ရုံတစ်မည် ပြိုလဲကျသွားသည်။
နတ်သမီး၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော ရှေးဟောင်းစိတ်ဆန္ဒကို ရွှီချင်းက ချက်ချင်း မှတ်မိသွားသည်။ ယင်းက အဆင့်နိမ့်အင်မော်တယ်ထက် သာလွန်သော အင်မော်တယ်အရှိန်အဝါကို သယ်ဆောင်ထားသည်။
“ အဲ့ဒါက နတ်သမီးရဲ့ ကိုယ်ထဲမှာ အင်မော်တယ်အရှင်သခင်ချန်ထားခဲ့တဲ့ ချိပ်တံဆိပ်ပဲ ”
ရွှီချင်းက နက်နဲစွာ တွေးတောလိုက်ပြီး သူ၏ လက်ညှိုးထိပ်ကို ငုံ့ကြည့်လိုက်သည်။
သူ၏ လက်ညှိုးထိပ်ပေါ်တွင် အနက်ရောင်အစက်တစ်စက်က ပျောက်ကွယ်သွားနေသည်။
အကယ်၍ တစ်စုံတစ်ယောက်က ထိုအနက်ရောင်အစက်ကို အဆပေါင်းများစွာ အကျယ်ချဲ့ကြည့်မည်ဆိုလျှင် မဟူရာရွှေအစီအရင်များက ယင်းထဲမှာ အလွန်သိပ်သည်းစွာ တည်ရှိနေကြောင်း မြင်နိုင်လိမ့်မည်။
ဤသည်မှာ အနက်ရောင်အစက်ထဲမှ မရေမတွက်နိုင်သော ကြယ်ဂြိုလ်များက အမြစ်ဖြတ်ဖျက်ဆီးခံလိုက်ရပြီး ပြန်လည်မွေးဖွားနေသည့်အလားပင်။
အနက်ရောင်အစက်ကို ကြည့်နေရင်း ရွှီချင်း၏ မျက်လုံးက စူးစမ်းလိုသော အရိပ်အမြွက်ဖြင့် ဝင်းလက်သွားသည်။
“ ဒီတော့… အဲ့ဒါက နတ်သမီးရဲ့ ကိုယ်ထဲက အဆုံးမဲ့မူလအနှစ်သာရရဲ့ လျှို့ဝှက်ချက်ပေါ့ ”
ထိုစဉ် ကြယ်ဂြိုလ်၏ အပြင်ဘက်၌…
ဓားစာခံလဲလှယ်မည့်အချိန် ကျရောက်လာသည့်အခါ တပ်မှူး၏ အသံက ကျင့်ကြံသူအားလုံး၏ အသိစိတ်ထဲသို့ ပဲ့တင်ထပ်သွားသည်။
“ အချိန်ကျပြီ… စစ်တပ်အားလုံး အရှေ့ကို ချီတတ်ကြမယ် ”
ထိုအသံ ပဲ့တင်ထပ်သွားသည့်အခါ အနီရောင်ဧရာမကြယ်ဂြိုလ်က စကြာဝဠာတစ်ခုလုံး တုန်လှုပ်သွားစေမည့် မြည်သံကို ထုတ်လွှတ်လိုက်သည်။
ကြယ်ဂြိုလ်က စတင်ရွေ့လျားသွားသည်။
ကြယ်ဂြိုလ်၏ ဘေးပတ်ပတ်လည်တွင် စစ်တပ်ထောင်သောင်းချီက ညီညာစီတန်းစွာ အရှေ့သို့ ချီတတ်သွားကြသည်။
ထိုမြင်ကွင်းက အလွန်ကျယ်ပြောပြီး ယင်း၏ အရှိန်အဟုန်က ကမ္ဘာတုန်လှုပ်သွားစေရန် လုံလောက်သည်။
ကြယ်တာရာကောင်းကင်က လှိုင်းထသွားပြီး စကြာဝဠာက တုန်ယင်သွားသည်။ ကြယ်အဖွဲ့အစည်းများက ပရမ်းပတာ ဖြစ်သွားကြသည်။
ကြယ်စင်စုအဆင့် တာဝေးတည်နေရာပြောင်းရွှေ့ခြင်းအစီအရင်က ဤအခိုက်အတန့်မှာ စွမ်းအားအပြည့် စတင်လှည့်ပတ်လာသည်။
တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်၏ ဦးတည်ရာက ဓားစာခံလဲလှယ်မည့် အမှတ်လေးနှင့် အမှတ်ငါးကြယ်တာရာစက်ဝန်းကြားမှ ဘယ်တောင်ပံစစ်ပွဲဇုန်၏ ရှေ့တန်းစစ်မြေပြင် ဖြစ်သည်။ တည်နေရာက အက်ကွဲနေသော ကြယ်ဂြိုလ်များနှင့် ပျက်စီးနေသော ဥက္ကာပျံများတည်ရှိသည့် ဧရာမမြေကွက်လပ်တစ်ခု ဖြစ်သည်။
ထိုနေရာတွင် ကြယ်ဂြိုလ်များ၏ ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသော ဖုန်မှုန့်များက အမြဲတမ်း လွင့်မျောနေသည်။
ထို့ပြင် အဆုံးမဲ့စွာ ကျယ်ပြောသော ထိုဒေသကြီးထဲမှာ အဖြူနှင့် အနက်အင်အားစုများက ပရမ်းပတာ လှုပ်ခတ်နေကြသည်။ အနက်ရောင်အင်အားစုထဲတွင် မရေမတွက်နိုင်သော နတ်ဘုရားများနှင့် အလွန်သိပ်သည်းသော ဒြပ်နှောအစုအဝေးကြီးကို မြင်ရလိမ့်မည်။
မရေမတွက်နိုင်သော နတ်ဘုရားအခွင့်အာဏာများက ဤနေရာမှာ စုဝေးနေကြလေရာ ကြယ်တာရာကောင်းကင်သည်ပင် ယင်းထံမှ ဖိအားကို မတောင့်ခံနိုင်ပေ။ ထို့ကြောင့် အောက်ဘက်မှ ကြယ်တာရာကောင်းကင်ထဲမှာ အက်ကွဲရာများ ထွက်ပေါ်နေသည်။
အဖြူရောင်အင်အားစုထဲတွင် စစ်တပ်များက စုဝေးနေကြပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် အင်မော်တယ်အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူစစ်သည်တော်များက မျက်နှာတည်ကြည်နေကြပြီး အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်နေကြသည်။
ဤနေရာမှာ ဘယ်တောင်ပံစစ်ပွဲဇုန်၏ ရှေ့တန်းစစ်မြေပြင်မှ စစ်တပ်များသာ ရှိနေကြခြင်း မဟုတ်ပေ။ ညာတောင်ပံစစ်ပွဲဇုန်နှင့် အလယ်ပိုင်းစစ်ပွဲဇုန်ထဲမှ စစ်တပ်များသည်လည်း စုဝေးရှိနေကြသည်။
အင်မော်တယ်အရှင်သခင်ကျန်းလူ၏ တပည့်ကြီး အသံတိတ်တာအို အင်မော်တယ်ဦးသျှောင်နှင့် ပြန်ရှင်သန်လာသော ဝိညာဉ်ကျောက်တုံးအင်မော်တယ်သခင်လည်း သူတို့ထဲမှာ ရှိကြသည်။
အင်အားစုနှစ်ခု၏ ကောင်းကင်ပေါ်တွင် အဖြူနှင့်အနက်က အပြန်အလှန် တွန်းကန်နေစဉ် လျှပ်စီးက ဆက်တိုက် လင်းလက်နေပြီး မိုးခြိမ်းသံက မရပ်မစဲ မြည်ဟိန်းနေသည်။
အဖြူနှင့် အနက်ထဲတွင် ဧရာမပုံရိပ်နှစ်ခုက မထင်မရှား ထွက်ပေါ်နေကြသည်။ သူတို့ထံမှ ထုတ်လွှတ်နေသော ဖိအားက ပြိုင်ဘက်ကင်းလေရာ အရာအားလုံးကို ချေမှုန်းပစ်နိုင်ဟန် ရသည်။
နှစ်ဖက်စလုံးက အသံတိတ် တိုက်ခိုက်နေကြစဉ် ကျင့်ကြံသူများဘက်မှ ကြယ်တာရာကောင်းကင်က ရုတ်တရက် ပရမ်းပတာ လှိုင်းထသွားသည်။ အနီရောင်ဧရာမကြယ်ဂြိုလ်နှင့် စစ်တပ်ထောင်သောင်းချီက ကြယ်စင်စုအဆင့် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ဖြင့် ရောက်ရှိလာကြသည်။
ကြယ်ဂြိုလ်ထွက်ပေါ်လာသည့်အခိုက် ယင်းက မရေမတွက်နိုင်သော အင်မော်တယ်များနှင့် နတ်ဘုရားများ၏ အာရုံစိုက်မှုကို ရရှိသွားသည်။
တစ်ချိန်တည်းမှာ အနီရောင်ကြယ်ဂြိုလ်ပေါ်မှ မီးတောက်မျှော်စင်ထဲတွင် တင်ပျဉ်ခွေထိုင်နေသော ရွှီချင်းက လေးနက်သော အသံတစ်သံကို ကြားလိုက်ရသည်။
“ ရွှီချင်း… နတ်သမီးကို ဓားစာခံလဲလှယ်မယ့်နေရာဆီ ပို့ဆောင်မယ် ”
ထိုအသံကို ကြားသောအခါ ရွှီချင်းက တည်ငြိမ်စွာ မတ်တတ်ရပ်လိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ အာဏာစက်မှ ဖွဲ့စည်းသွားသော သံကြိုးများကို ဖမ်းဆုပ်လိုက်သည်။
သူက နတ်ဘုရားလှောင်ချိုင့်ကို တရွတ်တိုက်ဆွဲသွားလျက် မီးတောက်မျှော်စင်၏ အပြင်သို့ လျှောက်သွားသည်။