← Chapters

ချက်ကျလက်ကျ တိုက်ခိုက်ခြင်း

Vol. 6 Ch. 597

ချက်ကျလက်ကျ တိုက်ခိုက်ခြင်း

Vol. 6 Ch. 597

မည်မျှအံ့ဩတုန်လှုပ်ဖွယ်ကောင်းလိုက်ပါသနည်း။

လူအားလုံး၏ပါးစပ်ပေါက်များပိတ်သွားရန်အတွက် အချိန်တစ်ခဏသာ ယူခဲ့ရသည်။ လူအချို့က ပိုင်ဟောက်အား ဟာသလုပ်ခဲ့ကြပြီး အခြားသူများက ပြက်ရယ်ပြုကာလှောင်ပြောင်ခဲ့ကြသည်။ အချို့က ပျင်းရိငြီးငွေ့စွာကြည့်နေခဲ့ကြပြီး အချို့က စိတ်လှုပ်ရှားဖွယ်ရာပမာ ခံစားနေခဲ့ကြသည်။ သို့သော် ထိုအချိန်မှာပင် လူတိုင်း အံ့အားသင့်မှုကြောင့် ရုပ်တုများအလား မလှုပ်မယှက်ဖြစ်သွားကြသည်။

အချိန်ကြာလာသည်နှင့်အမျှ ပြန်လည်အသိဝင်လာကြပြီး လူအားလုံးထံမှ အသက်ပြင်းပြင်းရှူသံများကိုကြားရနိုင်သည်။ အံ့အားသင့်ပြီး မယုံကြည်နိုင်သည့်မျက်နှာအမူအယာများကို နေရာတိုင်း တွေ့မြင်ရနိုင်သည်။ အမှတ်ငါးမိန်းမပျိုငယ်နှင့် ပိုင်လဲ့တို့မှာ သိသိသာသာ အံ့အားသင့်နေကြပြီး ပိုင်ရှောင်ချန်းအား မယုံကြည်နိုင်ခြင်းများစွာဖြင့် စိုက်ကြည့်နေကြလေသည်။

ထိုတိတ်ဆိတ်ငြိမ်နေမှုမှာ အချိန်အနည်းငယ်သာ ကြာသွားခဲ့ပြီး မျိုးနွယ်စုတစ်ခုလုံး အကြီးအကျယ် မငြိမ်မသက်ဖြစ်သွားလေသည်။ လူတိုင်းမတ်တတ်ရပ်လိုက်ကြကာ ပိုင်ရှောင်ချန်းအား အံ့သြတကြီး စိုက်ကြည့်နေကြပြီး ခံစားချက်များမှာလည်း ရှုပ်ထွေးနေကြလေသည်။ လေးစားအားကျစွာ ကြည့်နေကြသည့် လူများလည်း ရှိလေသည်။

" အဲဒီအဖြေက၊ တခြားအဖြေတွေအားလုံးထက်ကို သာလွန်တာပဲ"

" ဘုရားရေ၊ သူကတကယ် ပိုင်ဟောက်လား။ အသုံးမကျပြီး ပျော့ညံ့တဲ့ ပိုင်ဟောက်လေ။ အဲဒါလေးက ကိုယ်ပိုင်ကမ္ဘာတစ်ခုဖြစ်လာလိမ့်မယ်တဲ့။ တောင်တန်းတွေ မြစ်ချောင်းတွေကို လွှမ်းမိုးခြယ်လှယ်နိုင်တဲ့ လူမျိုး၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

" ကမ္ဘာတစ်ခု၊ ကမ္ဘာတစ်ခုလုံး အဲဒါပဲဖြစ်ရမယ်။ အဲဒါက အဖြေမှန်ပဲနေမှာ "

" ဘယ် ဘယ်လိုလုပ် ဖြစ်နိုင်မှာတုံး "

ပိုင်ရှောင်ချန်းက လူတိုင်း၏အာရုံစိုက်လာမှုကို ခံယူရင်း ထိုနေရာတွင်သာ ရပ်နေလေသည်။ သူသည် ကိုယ်ခန္ဓာတောင့်တင်းမှုပိုင်းတွင် အံ့သြဖွယ်မရှိသော်လည်း သူ၏ ကိုယ်ဟန်အမူအရာမှာ ပေါ့ပါးကာ အခြားသူများထက်ပင် သာလွန်နေသေးသည်။ ထိုအချိန်တွင် မည်သူမျှပိုင်ချီအား ကြည့်မနေပေ။ ပိုင်ရှောင်ချန်း၏စကားလုံးများက သူ့အား မှေးမှိန်သွားစေပြီး သူ့အပေါ်ချီးကျူးမှုအပေါင်းအား လုယူသွားလေသည်။ အစတည်းပ လူတိုင်း၏ချီးကျူးထောပနာပြုမှုများသည် ပိုင်ရှောင်ချန်းနှင့်သာသက်ဆိုင်နေသကဲ့သို့ သူက လုံးဝတောက်ပထင်ပေါ်နေသည်။

ပိုင်ချီ၏မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေလျက် ခွန်းတုံ့ပြန်လိုသော်လည်း သူပြောနိုင်သည့်အရာမရှိကြောင်း မကြာမီပင် သဘောပေါက်သွားလေသည်။ ယခုအဖြေအားကြားလိုက်ပြီး မည်သည့်အကြောင်းရင်းမှန်းမသိ ၎င်းအဖြေက မှန်ကန်နေကြောင်း သူသိနေသည်။

သူတစ်ဦးတည်းသာ ထိုသို့သဘောပေါက်သည်မဟုတ်။ မျိုးနွယ်စုအကြီးအကဲများမှာ သိသိသာသာပင် လှုပ်လှုပ်ရှားရှားဖြစ်နေကြပြီး ပိုင်ရှောင်ချန်းအား တအံ့တသြဖြင့် ကြည့်နေကြသည်။ သူတို့ထဲမှအချို့မှာ အံ့သြလွန်း၍ မတ်တတ်ပင်ထရပ်လိုက်ကြသည်။

တရားစီရင်ရေးရာခန်းမ၏ မဟာအကြီးအကဲမှာ တုန်ရီနေပြီး သူ၏နှုတ်ခမ်းများမှာ ထိတ်လန့်အံ့သြမှုကြောင့် တဆတ်ဆတ်တုန်ယင်နေသည်။ သူ၏မျက်ဝန်းထဲတွင် မျှော်လင့်ချက်အရောင်လေးတောက်ပသွားပြီး အသက်ရှူပင်မမှန်ချင်တော့ပေ။ သူ၏ကျင့်ကြံခြင်းအခြေခံပင်လျှင် မတည်မငြိမ်ဖြစ်သွားရလေသည်။

သူ၏မျက်နှာကိုကြည့်၍ ယခုလေးတွင်ပင် သူ ဉာဏ်အလင်းရသွားပြီး အရာအားလုံးကိုရှင်းရှင်းလင်းလင်း သဘောပေါက်သွားသည်ဟု ပြောနိုင်ပေသည်။ မကြာမီ သူ၏မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့်နီမြန်းလာလေသည်။

သခင်မချိုင်နှင့် မျိုးနွယ်စုခေါင်းဆောင်မှာ ထိချက်အပြင်းဆုံးဖြစ်လေသည်။ မျိုးနွယ်စုခေါင်းဆောင်မှာ မည်သို့တွေးရမည်ကိုပင် မသိတော့ချေ။ သို့သော် ပိုင်ဟောက်က ဂုဏ်အရှိန်အဝါကြီးမားစွာ တောက်ပနေသည်ကို တွေ့မြင်ရခြင်းကသူ့အား အနည်းငယ်မျှသောဝမ်းမြောက်ကျေနပ်မှုကိုပင် မဖြစ်စေခဲ့ပေ။ ထို့အစား သူ့ရင်ထဲ ဒေါသမီးများ ဆူဝေလာသည်။ သူ၏အမြင်တွင် ပိုင်ဟောက်မှာ သွေးသားမတော်စပ်သည့်သားတစ်ဦးထက်မပိုပေ။ ၎င်းကြောင့် သတ်ဖြတ်လိုစိတ်များ မြင့်တက်လာလေသည်။

ပိုင်ဟောက်က ထူးချွန်လှကြောင်း သက်သေပြလာလေလေ မျိုးနွယ်စုခေါင်းဆောင်မှာ သူ၏မျက်နှာအား ဖျတ်ရိုက်နေသကဲ့သို့ ပို၍ ခံစားမိလေလေဖြစ်နေသည်။ သူကပိုင်ရှောင်ချန်းအားလှမ်းကြည့်နေစဥ် သူ၏မျက်ဝန်းထဲရှိ ဒေါသမီးလျှံများကို အထင်အရှား ေတွ့မြင်နိုင်သည်။ သို့သော်လည်း သူကအလျင်အမြန်ပင် ဖုံးကွယ်လိုက်သည်။ သူက မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ဖြစ်သည်မဟုတ်ပါလော။

မျိုးနွယ်စုခေါင်းဆောင်မှာ သူ၏အမျက်ဒေါသကို ထိန်းချုပ်နိုင်သော်လည်း သခင်မချိုင်မှာ ထိုသို့လုပ်နိုင်စွမ်းမရှိချေ။ ပိုင်ရှောင်ချန်း၏ ရိုးရှင်းသောအဖြေတစ်ခုက အခြေအနေတစ်ခုလုံးအား ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေပြီး ပိုင်ချီအပေါ် ချီးကျူးသံအားလုံးကိုပါ ပျောက်ကွယ်သွားစေခဲ့သည်။ သူမက ပိုင်ချီ၏ဖြူဖတ်ဖြူရော်မျက်နှာအား မြင်လိုက်ရသောအခါ သူမ၏နှလုံးသားမှာ နာကျင်သွားရပြီး ပိုင်ဟောက်အပေါ် မုန်းတီးခြင်းမှာ ပို၍များပြားလာလေသည်။

" ပေါက်ပန်းလေးဆယ် ဗရုတ်သုတ်ခတွေ "

သူမက အော်ဟစ်လိုက်သည်။

" ပိုင်ဟောက် ခွေးမသား၊ အရိုင်းအစိုင်းကောင်၊ မင်းရဲ့သောက်ပါးစပ်ကိုပိတ်ထား။ လာကြစမ်း၊ ဒီမျိုးမစစ်သားကို ခေါ်ပြီးခန္ဓာကော ဝိညာဥ်ကိုပါ သတ်ပစ်လိုက်ကြ"

သခင်မချိုင်ကား စိတ်လွတ်နေပုံပင်။ ထိုနေရာရှိ မျိုးနွယ်စုအစောင့်အများစုမှာ သူမ၏အမိန့်ကို လိုက်နာသင့်၊မသင့် သို့လောသို့လောဖြစ်နေကြသည်။ သို့သော် အချို့က အံကိုကြိတ်ကာ ပိုင်ရှောင်ချန်းဆီသို့ ချဥ်းကပ်လာလေသည်။

သို့သော် ပိုင်ရှောင်ချန်းက သခင်မချိုင်ဆီသို့လှည့်ကာ ပြောလိုက်သည်။

" ဒီနေရာမှာ ရိုင်းစိုင်းနေတာက ခင်ဗျားပဲ"

" ဒါက ပိုင်မျိုးနွယ်စုရဲ့ အခမ်းအနားပွဲပါ။ ပြီးတော့ ကျွန်တော်က ပိုင်မျိုးနွယ်စုဝင်တစ်ယောက်။ မဟာအကြီးအကဲမေးတဲ့မေးခွန်းလေးတစ်ခုကို ကျွန်တော်က ဒီအတိုင်းဖြေလိုက်တာလေ။ ခင်ဗျားကသာ အတင့်ရဲပြီး အခမ်းအနားကို ဖျက်လိုဖျက်စီးလုပ်တာ။ ခင်ဗျား ထပ်ပြီး ရိုင်းနိုင်ဦးမလား ကြည့်ရသေးတာပေါ့ "

" မျိုးနွယ်စုခေါင်းဆောင်ကြီး၊ ဒီမိန်းမမှာ ပိုင်မျိုးနွယ်စုသွေးတစ်စက်မှမပါဘူး။ အသက်ညှာဆုံးစဥ်းစားရင်တော့ သခင်မချိုင်က သွေးနှော မျိုးနွယ်စုဝင်အဖြစ် ယူဆနိုင်ပါတယ်။ ဒါပေမဲ့ သူမက မျိုးနွယ်စုဝင်အားလုံးနဲ့ ကျွန်တော်တို့ရဲ့ ဘိုးဘေးဝိညာဥ်တွေ ရှေ့မှောက်မှာ အတင့်ရဲပြီး အရူးတစ်ယောက်လိုပြုမူနေတယ်။ ကျွန်တော်တို့ရဲ့မျိုးနွယ်စုအခမ်းအနားကို မလေးမစားပြုမူနေတဲ့အတွက် ကျွန်တော်က သခင်မချိုင်ကို မျိုးနွယ်စုစည်းမျဉ်းစည်းကမ်းတွေအရ ဖြစ်နိုင်တဲ့အတိုင်းအတာတစ်ခုအထိ ချက်ချင်းအပြစ်ပေးဖို့ ခေါင်းဆောင်ကို တောင်းဆိုပါတယ်။ ခေါင်းဆောင်ကြီးအနေနဲ့ သခင်မချိုင်ကို သေဒဏ်ပေးသင့်ပါတယ် "

ပိုင်ရှောင်ချန်း၏ ရက်စက်သောစကားလုံးများဖြင့် တန်ပြန်ပြောဆိုမှုက ခိုင်လုံပြီး အကျိုးအကြောင်းသင့်ကာ နည်းလမ်းတကျရှိလှသည်။ ထိုနေရာရှိ လူတိုင်းက သူ၏စကားလုံးများထဲတွင် အမှားတစ်ခုမှရှာမတွေ့ပေ။

ပိုင်ချီ နှင့် သခင်မချိုင် တို့အား မနှစ်သက်မလိုလားကြသည့် သွေးနှောမျိုးနွယ်စုဝင်များက တောက်ပသောမျက်ဝန်းများဖြင့် ပိုင်ဟောက်ကိုပထမဆုံးအကြိမ် တွေ့မြင်ရသကဲ့သို့ ရုတ်တရက်လှည့်ကြည့်လာကြလေသည်။

ပိုင်လဲ့၏မျက်ဝန်းထဲတွင် စူးစမ်းလိုသည့်အရောင်များတောက်ပသွားပြီး ထိုနေရာသို့သွားကာ ချက်ချင်းပင် သူ့ကိုယ်သူမိတ်ဆက်ချင်စိတ်ပေါက်သွားတော့သည်။ မမငါးဆိုသူမှာလည်း တအံ့တသြဖြစ်လျက် ပိုင်လဲ့ကဲ့သို့ အလားတူအမူအယာဖြစ်နေသည်။

မျိုးနွယ်စုအကြီးအကဲများထဲမှ အချို့သည်ပင် သူ့အား စူးရှတောက်ပနေသောမျက်ဝန်းများဖြင့် ငေးကြည့်နေကြသည်။

ပိုင်ရှောင်ချန်း၏စကားလုံးများကြောင့် ပိုင်ချီ၏မျက်နှာထက်တွင် သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပလာလေသည်။ ဒေါသကြောင့် ရင်ဘတ်မှာ နှိမ့်လိုက်၊မြင့်လိုက်ဖြစ်လျက် သူကအော်ပြောလိုက်သည်။

" မင်းမှာ ဂါရဝတရားမရှိပါလား။ ကိုယ့်အထက်လူကြီးကို စော်ကားဝံ့နေတယ်။ မင်း..."

သူပင် စကားမဆုံးလိုက်။ ပိုင်ရှောင်ချန်းက လှည့်ကာ ပိတ်ဟောက်ပစ်လိုက်သည်။

" မင်းပါးစပ်ပိတ်နေ"

" ကျုပ်ဆီမှာ ပိုင်မျိုးနွယ်စုသွေးတွေ စီးဆင်းနေပြီး အဲဒါကပဲ တခြားသူတွေလို မျိုးနွယ်စုဝင်တစ်ယောက်ဖြစ်နေတာပေါ့။ ကျုပ်က ဘိုးဘေးတွေကို ပူဇော်ဖို့ ဒီကိုရောက်နေတာပါ။ ပြီးတော့ မဟာအကြီးအကဲရဲ့ မေးခွန်းကို ဖြေတာလေးပဲလုပ်တာ။ ဂါရဝတရားကင်းမဲ့ပြီး အထက်လူကြီးကို စော်ကားဝံ့တယ်လို့ မင်းပြောတယ်နော်။ ဟုတ်တာပေါ့ ကျုပ်က အတင့်ရဲနေတာလေ။ ဒါက ကျုပ်ရဲ့ဘိုးဘေးတွေ ဖြစ်စေချင်နေတဲ့အရာပဲ။ ကိုယ့်မျိုးနွယ်စုအတွက် ရပ်တည်ရမဲ့ ပွင့်လင်းတဲ့ သတ္တိရှိမှုပဲပေါ့ "

" အထက်လူကြီးကို ကျုပ်က စော်ကားတယ်ပေါ့ ဟုတ်စ။ မျိုးနွယ်စုရဲ့ စည်းကမ်းကိုးချက်ထဲမှာ ဘိုးဘေးတွေကို ပူဇော်တဲ့အခါ သွေးနှောမျိုးဆက်အမျိုးမျိုးက မျိုးနွယ်စုဝင်အားလုံးကို သူတို့ရဲ့အဆင့်အတန်းအရ ခွဲခြားထားရတယ်။ ပြီးတော့ အခမ်းအနားပွဲအတွင်းမှာဆိုရင် ဘယ်သူက အထက်လူကြီးလဲ။ ဘိုးဘေးတွေလေ။ ပိုင်ချီ၊ ဒီမိန်းမကြီးက ပိုင်မျိုးနွယ်စုရဲ့ ဘိုးဘေးတွေလို့ မင်းမပြောလိုက်နဲ့နော်။ မင်းမမေ့ပါနဲ့ သခင်မချိုင်ရဲ့ မျိုးရိုးနာမည်က ပိုင်မဟုတ်ဘူး။ ချိုင်ကွ "

" အဲဒါကြောင့် ကျုပ်အမြင်မှာ အထက်လူကြီးတွေကို စော်ကားနေတဲ့သူက မင်းပဲ၊ ပိုင်ချီ "

ပိုင်ရှောင်ချန်း၏ စကားလုံးများက ပိုင်ချီအားဓားဖြင့်ထိုးနေသည့်အလားခံစားရစေပြီး သူက စိတ်ရှုပ်သွားရကာ နောက်သို့ပင် ဒယိမ်းဒယိုင်ဆုတ်လိုက်ရလေသည်။ သူက ပြန်၍ခံပြောလိုသော်လည်း မည်သို့ပြောရမည်ကိုမသိပေ။ ထို့အပြင် သူ၏ပါးစပ်အတွင်းမှ သွေးတစ်ပွက်ပင် အန်ထွက်လာလေသည်။

" ပိုင်ဟောက်၊ မင်း "

အဖြစ်အပျက်အားလုံးကို လူတိုင်းက တုန်လှုပ်အံ့သြစွာဖြင့် တိတ်ဆိတ်စွာကြည့်နေကြစဥ် ပိုင်ရှောင်ချန်းက တင်းမာနေသောမျက်နှာပိုင်ရှင် မျိုးနွယ်စုခေါင်းဆောင်ရှိရာဘက်သို့ လှည့်ကာ လက်ကိုယှက်၍ ဦးညွတ်လိုက်သည်။

" ခေါင်းဆောင်ကြီးခင်ဗျာ၊ ပထမဆုံးအနေနဲ့ ဘိုးဘေးတွေအတွက် ပူဇော်ပွဲကို ဒီအမျိုးသမီးကအနှောင့်အယှက်ပေးတဲ့အတွက် အပြစ်ပေးဖို့ တောင်းဆိုလိုပါတယ်။ ကျွန်တော်တို့ဘိုးဘေးတွေရဲ့ သာယာအေးချမ်းနေမှုကို အနှောင့်အယှက်ပေးတဲ့အတွက် သခင်မချိုင်က ခန္ဓာကော စိတ်ဝိညာဉ်ပါ အဖျက်စီးခံရထိုက်ပါတယ်။ ဒုတိယတစ်ခုအနေနဲ့ ပိုင်ချီရဲ့ တာဝန်မဲ့တဲ့လုပ်ရပ်အတွက် ကျွန်တော်တို့ဘိုးဘေးတွေက ဘယ်သူဆိုတာ ရောထွေးသွားစေခဲ့လို့ သူ့ကိုအပြစ်ပေးဖို့ တောင်းဆိုပါတယ်။ သူက သူရဲ့မျိုးရိုးနာမည်က ပိုင်ဆိုတာက မေ့နေတယ်ဆိုတာ ရှင်းနေတာပဲ။ အဲဒါက လုံးဝသစ္စာမဲ့တဲ့လုပ်ရပ်ကြီးပါ။ တာဝန်မဲ့၊ သစ္စာမဲ့၊ ပြီးတော့ အရိုအသေမဲ့တဲ့ သူ့လိုလူမျိုးတွေက ပိုင်မျိုးနွယ်စုဝင်ဖြစ်ဖို့မထိုက်တန်ဘူး "

ပိုင်ရှောင်ချန်း၏မိုးခြိမ်းသံအလားစကားလုံးများက မျိုးနွယ်စုဝင်များအားလုံးကို သိသိသာသာတုန်လှုပ်သွားစေသည်။ သူ၏ရန်သူကို မျိုးနွယ်စုစည်းမျဉ်းများအတိုင်း သတ်ဖြတ်ရန် တောင်းဆိုခြင်းအားဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည့်နည်းလမ်းက မည်သူမျှမကြံစည်ခဲ့ဖူးသော အရာဖြစ်နေသည်။ မည်သူမျှမတုန့်ပြန်နိုင်ကြပဲ မြောက်များစွာသောမျိုးနွယ်စုဝင်များမှာ မစဉ်းစားနိုင်အောင်ပင် အလွန်အမင်း အံ့အားသင့်နေကြသည်။ သူတို့အများစုအတွက် ထိုဖြစ်ရပ်က သူတို့၏ကမ္ဘာတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်အောင်လှန်လိုက်သလိုပင်။

အခြားမျိုးနွယ်စုများ၏ကိုယ်စားလှယ်များမှာ အလွန်တုန်လှုပ်နေကြသည်။ အထူးသဖြင့် အလွန်အမင်းမကျေမနပ်ဖြစ်နေသည်မှာ ချိုင်မျိုးနွယ်စုဖြစ်ပြီး ပိုင်ရှောင်ချန်းအား စူးစိုက်ကြည့်နေကြသည်။ ပိုင်ရှောင်ချန်း၏ရည်ရွယ်ချက်မှာသိသာလှပြီး လျှို့ဝှက်ကြံစည်ပြီးတိုက်ခိုက်လိုက်ခြင်းမဟုတ်ဘဲ ပွင့်ပွင့်လင်းလင်းတိုက်ခိုက်လိုက်ခြင်းသာ ဖြစ်သည်။ မျိုးနွယ်စုအတွင်းရှိ သွေးနှောမျိုးဆက်များအားလုံးအတွက် ထိုဖြစ်ရပ်က အခွင့်အလမ်းတစ်ရပ်ဖြစ်လာပြီး အခြားမျိုးနွယ်စုမှကိုယ်စားလှယ်များ၊ သရဲကြီးမြို့တော်မှ တမန်တော်များမှာ အလေးအနက်ဖြစ်ကုန်ကြတော့သည်။

မျိုးနွယ်စုအကြီးအကဲများမှာ အကြည့်ချင်းဖလှယ်နေကြသည်။ ပိုင်မျိုးနွယ်စု၏ အတွင်းရေးများမှာ ယခင်ကတည်းက ပြိုလဲနေခဲ့ပြီး ယခုသွေးနှောမျိုးဆက်များအတွက် ရွှေရောင်အခွင့်အလမ်းတစ်ခု ရုတ်တရက်ပေါ်ပေါက်လာသည်။

လူတိုင်းက အခြေအနေအရပ်ရပ်အား တွေးတောနေကြစဥ် သခင်မချိုင်က ပိုင်ချီသွေးအန်လိုက်သည်ကိုမြင်သွားကာ စိတ်မထိန်းနိုင်တော့ချေ။

" နင်သေချင်နေပြီလား ခွေးကောင်ရဲ့။ ဟေ့လူတွေ၊ သူ့ကိုချက်ချင်းသတ်လိုက်ကြလေ"

ဒေါသတကြီးဖြင့် သခင်မချိုင်က ပိုင်ရှောင်ချန်းအား တိုက်ခိုက်တော့မည့်အလား လေထဲသို့ပင်ပျံလိုက်လေသည်။ သူမက ခုန်ပျံလိုက်စဥ် မျိုးနွယ်စုအကြီးအကဲများ၏ မျက်ဝန်းများမှာ တောက်ပသွားကြပြီး ခုန်ကာ စတင်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။ သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင်က သူ၏အရှေ့မှစားပွဲအား ရုတ်တရက် ရိုက်ချလိုက်လေသည်။

ဝုန်းခနဲ မြည်ဟည်းသကြီး ပဲ့တင်ထပ်၍ထွက်လာပြီး စားပွဲခုံမှာ ပေါက်ကွဲသွားကာ ပြာမှုန့်အဖြစ်ပြောင်းသွားလေသည်။

" မင်းပါးစပ်ပိတ်ထားတော့ "

သူက ဟိန်းဟောက်လိုက်သည်။ သူ၏အင်္ကျီလက်ကိုဝေ့ယမ်းလိုက်ရာ သခင်မချိုင်မှာ ကျွမ်းထိုးမှောက်ခုံလှိမ့်သွားကာ သွေးများအန်ထွက်သွားလေသည်။

" သူ့ကိုအချုပ်ခန်းထဲထည့်ထား"

သူက အံကိုကြိတ်လျက် ဆက်ပြောလိုက်သည်။ ချက်ချင်းပင် မျိုးနွယ်စုအစောင့်များက အလျင်အမြန်အရှေ့တက်လာကြကာ သခင်မချိုင်အား ဆွဲထုတ်သွားလေသည်။

မျိုးနွယ်စုခေါင်းဆောင်က ပိုင်ရှောင်ချန်းအား စိုက်ကြည့်နေစဥ် သူ၏မျက်ဝန်းထဲမှ သတ်ဖြတ်လိုစိတ်များကို ဖုံးကွယ်မထားနိုင်တော့ပေ။

" အဆင်ပြေသွားပြီလား"

ပိုင်ရှောင်ချန်းက သခင်မချိုင်အား ဆွဲထုတ်သွားသည်ကို တစ်ချက်ငဲ့ကြည့်လိုက်ပြီးနောက် မျိုးနွယ်စုခေါင်းဆောင်အား စိန်းစိန်းဝါးဝါးကြည့်လိုက်လေသည်။ ရှင်းလင်းစွာပင် သူက ပြန်လည်နောက်ဆုတ်လိုစိတ်မရှိပဲ လက်ကိုယှက်ကာ ပြောလိုက်သည်။

" ပိုင်ချီလည်း သူ့ရဲ့တာဝန်မဲ့မှု၊ သစ္စာမဲ့မှုနဲ့ အရိုအသေမဲ့တဲ့ အပြုအမူတွေအတွက် အပြစ်ပေးခံရသင့်ပါတယ်"

" တော်သင့်ပြီ "

မျိုးနွယ်စုခေါင်းဆောင်က အော်လိုက်သည်။ ဤသည်မှာ သူ၏မျိုးနွယ်စုခေါင်းဆောင်ဖြစ်ချိန်အတွင်း ပထမဆုံးအကြိမ်ကြုံတွေ့ရခြင်းဖြစ်သည်။ အတင်းအကြပ်ခိုင်းစေခံရသည်ဟူသော ခံစားချက်က သူ့အားဒေါသထွက်စေပြီး ပိုင်ဟောက်အား ယခင်ကထက် ပို၍ပင် သတ်ပစ်ချင်သွားသည်။ အမှန်မှာ သူက သွေးနှောမျိုးဆက်များကို ကြောက်၍သာမဟုတ်လျှင် ထိုနေရာတွင်ပင် ပိုင်ဟောက်အား သူ သတ်ပစ်လိုက်မည်ပင်။

" တကယ်လို့ မင်းသူ့ကိုသေစေချင်ရင် ဘိုးဘွားပိုင်နယ်မြေမှာ သူ့ကိုကိုယ်တိုင်သတ်လိုက်လေ"

ပိုင်ရှောင်ချန်းက မည်သို့မျှပြန်မပြောသော်လည်း စိတ်ထဲတွင် အေးစက်စက်ရယ်မောလိုက်သည်။

ပိုင်ချီက ပိုင်ရှောင်ချန်းအား ဒေါသတကြီးစိုက်ကြည့်လိုက်သော်လည်း သိသာစွာပင် နောက်ထပ်စကားများပြော၍ သူ့အားရန်မစရဲတော့ပေ။ သူ၏မိခင်အား အပြစ်ပေးရန်ဆွဲခေါ်သွားကြပြီး ဖခင်ဖြစ်သူမှာလည်း ဒေါသထွက်နေသည်။ သူလုပ်နိုင်သည်မှာ အံကိုတင်းတင်းကြိတ်၍ ဘိုးဘွားပိုင်နယ်မြေတွင် ပိုင်ဟောက်အား သတ်ရန်ကျိန်ဆိုလိုက်ခြင်းသာ ဖြစ်သည်။

သိသာစွာပင် ဘိုးဘေးပူဇော်သည့်အခမ်အနားအား ဆက်လုပ်၍မဖြစ်တော့ပေ။

" အခမ်းအနားပြီးဆုံးသွားပြီ"

မျိုးနွယ်စုခေါင်းဆောင်က အင်္ကျီကိုဝေ့ယမ်း၍ ပြောလိုက်လေသည်။

သို့သော်လည်း ထိုအချိန်တွင် မျှော်လင့်ချက်ရောင်ခြည်များဖြင့် တလက်လက်တောက်ပနေသောမျက်ဝန်းပိုင်ရှင် တရားစီရင်ရေးရာခန်းမ၏မဟာအကြီးအကဲက ရုတ်တရက် ပိုင်ရှောင်ချန်းအား ကြည့်လိုက်ကာ ပြောလိုက်သည်။

" ခဏလောက်နေပါဦး ပိုင်ဟောက်။ မင်းဆက်ပြီး ရှင်းပြပါဦး။ အကြိမ်သုံးဆယ်မြောက် စိတ်စွမ်းအင်အဆင့်မြှင့်တင်လိုက်ရင် ကမ္ဘာတစ်ခုဖြစ်လာမယ်ဆိုတဲ့ စိတ်ကူးကို ဘယ်ကရတာလဲ"

သူ၏ မျက်နှာအမူအယာမှာ ဟန်ဆောင်ခြင်းကင်းမဲ့လျက် သူ၏စကားလုံးများမှာလည်း နွေးထွေးကာ စိတ်ငြိမ်စေသည်။ ကြည့်ရသည်မှာ သူက ပိုင်ဟောက်နှင့် မျိုးနွယ်စုခေါင်းဆောင်အကြား အခြေအနေတင်းမာနေမှုအား စိတ်ထဲထားပုံမရချေ။

အမှန်မှာ တရားစီရင်ရေးရာခန်းမ၏ မဟာအကြီးအကဲတစ်ယောက်အတွက် ပြဿနာဖြစ်စေနိုင်သည့် မျိုးနွယ်စုအတွင်းမှ တစ်မျိုးတည်းသောသူမှာ အမှန်တရားခန်းမဆောင်၏မဟာအကြီးအကဲသာဖြစ်သည်။ မျိုးနွယ်စုခေါင်းဆောင်ကိုမူ သူက လုံးဝဂရုစိုက်မနေချေ။

မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာအမူအယာမှာ မြင်မကောင်းရှုမကောင်းအောင်ပင် အရုပ်ဆိုးနေလေပြီ။ ယနေ့တွင်ဖြစ်ပျက်ခဲ့သည်များကို သူ ဘယ်သောအခါမှမေ့ရတော့မည်မဟုတ်ပေ။ သို့သော်လည်း သူက တရားစီရင်ရေးရာခန်းမ၏ မဟာအကြီးအကဲအား ဒေါသတကြီးဖြင့် ကြည့်ကာ ထိုနေရာတွင်သာ ဆက်ထိုင်နေလိုက်လေသည်။ သူက အံကိုကြိတ်၍ ပိုင်ဟောက်အား စိုက်ကြည့်နေသည့်ပုံစံအရ ပိုင်ဟောက်အပေါ် မည်သို့သဘောထားသည်ကို လူတိုင်းသိနိုင်လေသည်။

All Chapters